လက်ရှိဘဏ္ဍာနှစ် အခွန်ရငွေကို မူလခန့်မှန်းခြေ ကျပ် ၆၄၈၁ ဘီလျံကျော်မှ ကျပ် ၇၅၄၆ ဘီလျံကျော်အထိ တိုးမြှင့်ခန့်မှန်းခဲ့ပြီး ပြည်တွင်းထွက်ကုန်နှင့် ပြည်သူပြည်သားများ သုံးစွဲသည့်အပေါ် ကောက်ခံသည့် အခွန်အကောက်မှ ကျပ် ၉၆၉ ဘီလျံခန့် တိုးမြှင့်ရရှိရန် ပြင်ဆင်မျှော်မှန်း

လက်ရှိဘဏ္ဍာနှစ် အခွန်ရငွေကို မူလခန့်မှန်းခြေ ကျပ် ၆၄၈၁ ဘီလျံကျော်မှ ကျပ် ၇၅၄၆ ဘီလျံကျော်အထိ တိုးမြှင့်ခန့်မှန်းခဲ့ပြီး ပြည်တွင်းထွက်ကုန်နှင့် ပြည်သူပြည်သားများ သုံးစွဲသည့်အပေါ် ကောက်ခံသည့် အခွန်အကောက်မှ ကျပ် ၉၆၉ ဘီလျံခန့် တိုးမြှင့်ရရှိရန် ပြင်ဆင်မျှော်မှန်း
Published 26 December 2017

လက်ရှိဘဏ္ဍာနှစ် အခွန်အကောက်ရငွေကို မူလခန့်မှန်းခြေ ကျပ် ၆၄၈၁ ဘီလျံကျော်မှ ကျပ် ၇၅၄၆ ဘီလျံကျော်အထိရရှိရန် တိုးမြှင့်ခန့်မှန်းခဲ့ပြီး အဓိကတိုးမြှင့်ရရှိရန် ခန့်မှန်းခဲ့သည်မှာ ပြည်တွင်းထွက်ကုန်နှင့် ပြည်သူပြည်သားများ သုံးစွဲမှုအပေါ် ကောက်ခံသည့် အခွန်အကောက်မှ ကျပ် ၉၆၉ ဘီလျံခန့်တိုးမြှင့်ရရှိရန် ပြင်ဆင်မျှော်မှန်းခဲ့ကြောင်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အမျိုးသားနှစ်ပတ်လည် စီမံကိန်းအစီရင်ခံစာအရ သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် အခွန်ရငွေကို မူလခန့်မှန်းခြေမှ ကျပ် ၁၀၆၅ ဘီလျံကျော်တိုးမြှင့်ရရှိရန် ခန့်မှန်းခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် လက်ရှိကောက်ခံနေသည့် အဓိကအခွန်ရရှိမှု လမ်းကြောင်းလေးခုဖြစ်သော ပြည်တွင်းထွက်ကုန်နှင့် ပြည်သူပြည်သားများသုံးစွဲမှုအပေါ် ကောက်ခံသည့် အခွန်အကောက်၊ ဝင်ငွေနှင့် ပိုင်ဆိုင်မှုအပေါ် ကောက်ခံသည့်အခွန်အကောက်၊ အကောက်ခွန်နှင့် နိုင်ငံပိုင်သယံဇာတများ ထုတ်ယူသုံးစွဲမှုအပေါ် ကောက်ခံသည့် အခွန်အကောက် စသည့်အခွန်အကောက်လေးမျိုးမှ ပြည်တွင်းထွက်ကုန်နှင့် ပြည်သူပြည်သားများ သုံးစွဲမှုအပေါ် ကောက်ခံသည့်အခွန်အကောက်မှ အများဆုံးတိုးမြှင့်ရရှိရန် ပြင်ဆင်ခန့်မှန်းခဲ့ခြင်းဖြစ်သည်။

လက်ရှိ ပြင်ဆင်ခန့်မှန်းမှုများအရ ပြည်တွင်းထွက်ကုန်နှင့် ပြည်သူပြည်သားများ သုံးစွဲမှုအပေါ်ကောက်ခံသည့် အခွန်အကောက်တွင် မူလ ကျပ် ၂၇၁၂ ဘီလျံကျော်မှ ကျပ် ၃၆၈၁ ဘီလျံကျော်၊ ဝင်ငွေနှင့် ပိုင်ဆိုင်မှုအပေါ်ကောက်ခံသည့် အခွန်အကောက်အပေါ် မူလ ကျပ် ၂၃၈၂ ဘီလျံကျော်မှ ကျပ် ၂၃၅၆ ဘီလျံကျော်၊ အကောက်ခွန်တွင် ယခင်အတိုင်း ကျပ် ၄၉၀ ဘီလျံနှင့် နိုင်ငံပိုင်သယံဇာတများ ထုတ်ယူသုံးစွဲမှုအပေါ် ကောက်ခံသည့် အခွန်အကောက်အပေါ် မူလ ကျပ် ၈၉၆ ဘီလျံကျော်မှ ကျပ် ၁၀၁၈ ဘီလျံကျော်သို့ တိုးမြှင့်ခန့်မှန်းခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် အခွန်ရငွေမှာ ကျပ် ၇၁၂၂ ဘီလျံဖြင့် ဘဏ္ဍာနှစ်ခြောက်နှစ်အတွင်း အများဆုံးရရှိခဲ့သော်လည်း အခွန်ရငွေနှင့် ဂျီဒီပီအချိုးတွင်ကျဆင်းခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီမှ သိရသည်။

မြန်မာနိုင်ငံ၏ အခွန်ရရှိမှုသည် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ကျပ် ၁၆၉၃ ဘီလျံဖြင့် အခွန်ရရှိမှုအနည်းဆုံးဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ ၇၁၂၂ ဘီလျံဖြင့် အများဆုံးဖြစ်ခဲ့သည်။ နှစ်အလိုက် ဂျီဒီပီတွင် အခွန်ပါဝင်မှုအချိုးမှာ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၁၀ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှစတင်ကျဆင်းခဲ့ကာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဂျီဒီပီ၌ အခွန်ပါဝင်မှုအချိုးမှာ ၈ ဒသမ ၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း သိရသည်။

လက်ရှိအစိုးရ၏၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အခွန်ရရှိမှုတိုးတက်လာခြင်းမှာ အထူးကုန်စည်ခွန်နှင့် ဖုန်းခွန်များကြောင့်ဖြစ်ပြီး အထူးကုန်စည်ခွန်မှာ ကျပ် ၉၉၄ ဘီလျံနှင့် ဆက်သွယ်ရေးဝန်ဆောင်မှုအခွန်မှာ ကျပ် ဘီလျံ ၅၃၀ အထိရရှိခဲ့ကြောင်း သိရသည်။

ဘဏ္ဍာနှစ်အလိုက် ပြည်ထောင်စု၏ရငွေတွင်လည်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ ကျပ် ၁၇ ထရီလျံခန့်ဖြင့် အများဆုံးရရှိထားပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကျပ် ၁၆ ဒသမ ၂ ထရီလျံ၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကျပ် ၁၆ ဒသမ ၅ ထရီလျံအထိရရှိခဲ့ကာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ ကျပ်ဘီလျံ ၆၀၀၀ ကျော်ဖြင့် အနည်းဆုံးဖြစ်ခဲ့သည်။

အခွန်ရငွေတွင် တိုးမြှင့်ရရှိနေပြီး ဘတ်ဂျက်လိုငွေများပြားနေသဖြင့် အခွန်နှင့် ဂျီဒီပီအချိုး ပုံမှန်ကျဆင်းနေသော်လည်း ဝန်ကြီးဌာနများက တောင်းခံထားသည့် ဘတ်ဂျက်များမှ စီမံကိန်းများကို တောင်းခံထားသည့်အတိုင်း သုံးစွဲနိုင်မှုမရှိသဖြင့် ဝေဖန်ခံရမှုများရှိနေသည်။

Most Read

Most Recent