စစ်အေးခေတ်က ရုရှားနှင့် ရရှိထားသော နျူကလီးယားလက်နက် သဘောတူညီချက်တစ်ခုမှနေ၍ အမေရိကန် နုတ်ထွက်ရန် စီစဉ်နေသည့်အကြောင်းကို သမ္မတ ဒေါ်နယ်ထရန့်က အောက်တိုဘာ ၂၀ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။ ယင်းလုပ်ရပ်သည် ကမ္ဘာပေါ်တွင် တစ်ခုတည်းသော စူပါ ပါ၀ါနိုင်ငံဖြစ်လာစေရန် အမေရိကန်၏ နောက်ဆုံးအားထုတ်ကြိုးပမ်းမှုဖြစ်သည်ဟု ရုရှားက ဝေဖန်ခဲ့သည်။
INF ဟုသိကြသည့် တာလတ်ပစ်နျူကလီးယား စစ်အင်အားဆိုင်ရာ သဘောတူညီချက်အား ၁၉၈၇ ခုနှစ်က သမ္မတရော်နယ်ရေဂင်နှင့် မီခေးဂေါ်ဘားချက်တို့က လက်မှတ်ရေးထိုးခဲ့ကြသည်။ ဆယ်စုနှစ်သုံးခု ကြာမြင့်နေပြီဖြစ်သည့် အဆိုပါသဘောတူညီချက်ကို ရုရှားက ချိုးဖောက်လာခဲ့သည်မှာ ကာလရှည်ကြာရှိပြီဟု ထရန့်က ပြောကြားခဲ့သည်။
“ဒီသဘောတူညီချက်ကို လေးစားပြီး သဘောတူညီချက်ထဲကအတိုင်း နေနေတာ ကျွန်တော်တို့ပဲ ရှိပါတယ်။ ဒါပေမဲ့ ရုရှားကတော့ ဒီသဘောတူညီချက်ကို လေးစားလိုက်နာမှု မရှိပါဘူး။ ဒါကြောင့် ကျွန်တော်တို့လည်း သဘောတူညီချက်ကို အဆုံးသတ်ပြီး နုတ်ထွက်ပါတော့မယ်” ဟု ထရန့်က နီဗားဒါးပြည်နယ်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ “ရုရှားဟာ သဘောတူညီချက်ကို ချိုးဖောက်နေတာ နှစ်ပေါင်းများစွာရှိနေပြီ။ ဒါကို သမ္မတအိုဘားမားက ဘာကြောင့်များ ညှိနှိုင်းတာ ဒါမှမဟုတ် နုတ်ထွက်တာမျိုးမလုပ်ခဲ့တာလဲဆိုတာ ကျွန်တော်မသိဘူး။ ကျွန်တော်တို့ကတော့ ကျွန်တော်တို့ လုပ်ခွင့်မရတဲ့အချိန်မှာ သူတို့ကို နျူကလီးယားသဘောတူညီချက်ကို ချိုးဖောက်ခွင့်ပေးပြီး လက်နက်တွေလုပ်နေတာမျိုးကို ခွင့်ပြုပေးတော့မှာ မဟုတ်ပါဘူး” ဟု ထရန့်က ဖြည့်စွက်ပြောကြားခဲ့သည်။
ထရန့်၏ အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘိုတန်မှာ လာမည့်သီတင်းပတ်တွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ရော့ဗ် နှင့် ရုရှား၌ သွားရောက်တွေ့ဆုံတော့မည့် အချိန်တွင် ယခုကဲ့သို့ပြောကြားချက်ထွက် ပေါ်လာခဲ့သည်။ ထရန့်နှင့် ရုရှားသမ္မတဗလာ ဒီမာပူတင်တို့သည်လည်း ယခုနှစ်အတွင်းမှာပင် ဒုတိယမြောက်ထိပ်သီးအစည်းအဝေးတစ်ခု ကျင်းပဖြစ်မည်ဟု မျှော်လင့်နေကြသည်။
ဘိုတန်သည် လုံခြုံရေးကောင်စီအတွင်းရေးမှူး နီကိုလိုင်ပတ်ထရီရှက်ဗ်၊ ပူတင်၏ လက်ထောက် ယူရီယူရှာကို့ဗ်တို့နှင့်လည်း တွေ့ဆုံရန်စီစဉ်ထားသည့်အပြင် သမ္မတ ပူတင်နှင့်လည်း တွေ့ဆုံဖွယ်ရှိသည်။
အမေရိကန်သည် ရုရှား၏ 9M729 ဒုံးကျည်များ တပ်ဖြန့်ထားခြင်းနှင့် ပတ်သက်၍ မကျေမနပ်ဖြစ်နေကာ ထိုဒုံးကျည်များသည် မိုင်ပေါင်း ၃၁၀ (ကီလိုမီတာ ၅၀၀) အထိ ရောက်အောင်သွားနိုင်ပြီး INF သဘော တူညီချက်ကို ချိုးဖောက်နေခြင်းဖြစ်ကြောင်း ပြောနေသည်။ INF သဘောတူညီချက်သည် မိုင် ၃၁၀ မှ ၃၄၀၀ အထိ သွားနိုင်သော ဒုံးကျည်များကို ပိတ်ပင်ထားသည်။ စစ်အေးခေတ်အတွင်းက ရုရှားသည် အနောက်နိုင်ငံများမှ မြို့တော်များကိုပစ်မှတ်ထားပြီး နျူကလီးယားထိပ်ဖူးတပ်ဆင်ထားသော တာလတ်ပစ်ပဲ့ထိန်းဒုံးကျည် SS- 20 တို့ကို တပ်ဖြန့်ထားခဲ့ခြင်း ဖြစ်သည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းရင်းမြစ်တစ်ဦးက အမေရိကန်၏ အဓိက အကြောင်းရင်းသည် တစ်ခုတည်းသော ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်လာစေရန်ဖြစ်သည်ဟု ရုရှားအစိုးရပိုင် သတင်းအေဂျင်စီ RIA Novosti သို့ ပြောကြားခဲ့သည်။ အမေရိကန်၏ ယခုလုပ်ရပ်သည် ကမ္ဘာ့မဟာဗျူဟာ တည်ငြိမ်ရေးစနစ်တစ်ခုလုံးကို ထိခိုက်စေသည့် အားပြင်းသော ဒုတိယမြောက်ထိုးနှက်ချက် ဖြစ်သည်ဟု ရုရှားဆီးနိတ်အမတ် အလက်ဇီပွတ်ရှ်ကိုဗ်ကTwitter ၌ ရေးသားခဲ့သည်။ ပထမထိုးနှက်ချက်မှာ ၂၀၀၁ ခုနှစ်က ပဲ့ထိန်းဒုံးကျည်ဆန့်ကျင်ရေး သဘောတူညီချက်မှာ အမေရိကန် နုတ်ထွက်သွားခြင်း ဖြစ်သည်ဟု ဆိုသည်။
INF မှ အမေရိကန်ကို နုတ်ထွက်စေရန် ဘိုတန်သည် ထရန့်ကို တွန်းအားများ ပေးနေသည့်အပြင် ၂၀၂၁ ခုနှစ်တွင် သက်တမ်းကုန်ဆုံးမည့် မဟာဗျူဟာဒုံးကျည်များဆိုင်ရာ New Start သဘောတူညီချက်အား သက်တမ်းထပ်တိုးရန် မည်သည့်ဆွေးနွေးမှုများ မလုပ်ဆောင်စေရန်လည်း ဟန့်တားမှုများ ပြုလုပ်နေသည်ဟု The Guardian သတင်းစာတွင် ဖော်ပြခဲ့သည်။
INF မှ အမေရိကန်၏ နုတ်ထွက်မှုသည် တရုတ်ကိုလည်း ရည်ရွယ်ပုံရသည်။ သဘောတူညီချက်တွင် ပါဝင်လက်မှတ်ရေးထိုးထားသည့် နိုင်ငံမဟုတ်သော တရုတ်သည်တာ လတ်ပစ်နျူကလီးယားလက်နက်များကို အကန့်အသတ်မရှိ ထုတ်လုပ်နိုင်မည် ဖြစ်သည်။ Ref ; AFP














