မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် အသုံးပြုရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နှစ်နှစ်လျှင်တစ်ကြိမ် ရန်ပုံငွေများထောက်ပံ့လျက်ရှိပြီး ထိုသို့ ထောက်ပံ့မှုရရှိရန် မြန်မာဘက်မှလည်း နှစ်စဉ် ဒေါ်လာ ၄၀၀၀၀ ခန့် ထည့်ဝင်ရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍအတွက် အစိုးရနှစ်နှစ်တာ ကာလအတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အပါအဝင် အခြားကုလသမဂ္ဂနှင့် ပြည်ပလူမှုအဖွဲ့အစည်းကြီးများမှ ဒေါ်လာ သန်း ၄၀၀ ခန့် ရရှိခဲ့ကြောင်း၊ WHO, UNICEF,UNFPA,Global Fund, 3 MDG, Gavi, ADB အဖွဲ့အစည်းများထံမှ အစိုးရ နှစ်နှစ်တာကာလအတွင်း ဒေါ်လာ သန်း ၄၀၀ ခန့်ရရှိခဲ့ပြီး နိုင်ငံခြားတက္ကသိုလ်များနှင့် သုတေသနဆိုင်ရာ အဖွဲ့အစည်းပေါင်း ၁၂၈ ဖွဲ့ထံမှလည်း ကျွမ်းကျင်မှုပိုင်းဆိုင်ရာ အကူအညီအထောက်အပံ့များ ရရှိခဲ့ကြောင်း နှင့် အပြည်ပြည်ဆိုင်ရာ အစိုးရအဖွဲ့အစည်းမဟုတ်သည့် အဖွဲ့ ၆၇ ဖွဲ့ဖြင့်လည်း ကျန်းမာရေးဆိုင်ရာများ ပူးပေါင်းလုပ်ဆောင်ရန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အိပ်ချ်အိုင်ဗွီ၊ တီဘီ၊ ငှက်ဖျားရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် (၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့် နှစ်အထိ) ကမ္ဘာ့ရန်ပုံငွေအဖွဲ့က UNOPS မှတစ်ဆင့် ဒေါ်လာ ၂၄၇ ဒသမ ၈၉ သန်း နှင့် Save the Children အဖွဲ့မှတစ်ဆင့် ဒေါ်လာ ၉၀ ဒသမ ၈၅ သန်း ထောက်ပံ့မည် ဖြစ်ကြောင်းနှင့် ရန်ပုံငွေထောက်ပံ့မှုနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ GFATM ၏ Principal Recipients များဖြစ်သော UNOPS နှင့် Save the Children အဖွဲ့တို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲကို ဧပြီ ၉ ရက်က နေပြည်တော်၌ ပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံအတွက် ကမ္ဘာ့ရန်ပုံငွေအဖွဲ့ က ၂၀၁၈ ခုနှစ်မှ၂၀၂၀ ပြည့်နှစ်အထိ အိပ်ချ်အိုင်ဗွီ၊ တီဘီ၊ ငှက်ဖျားရောဂါတိုက်ဖျက်ရေး လုပ်ငန်းများအတွက် ရန်ပုံငွေများ ဆက်လက် ထောက်ပံ့ပေးရာတွင် တီဘီရောဂါတိုက်ဖျက်ရေးအတွက် ဒေါ်လာ ၉၄ ဒသမ ၀၄ သန်း၊ အိပ်ချ်အိုင်ဗွီရောဂါ တိုက်ဖျက်ရေးအတွက် ဒေါ်လာ ၁၂၉ ဒသမ ၉၆ သန်းနှင့် ငှက်ဖျားရောဂါ ကင်းဝေးရေးအတွက် ဒေါ်လာ ၉၇ ဒသမ ၄၄ သန်း စုစုပေါင်း ဒေါ်လာ ၃၂၁ ဒသမ ၄၄ သန်း ဆက်လက်ထောက်ပံ့မည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံတွင် ၂၀၁၈၊ ၂၀၁၉ ခုနှစ်အတွင်း တိုးချဲ့လုပ်ဆောင်မည့် ကာကွယ်ဆေးထိုးလုပ်ငန်းများနှင့် အအေးလမ်းကြောင်းဆိုင်ရာ ပစ္စည်းကိရိယာများ တပ်ဆင်ဆောင်ရွက်မည့် အစီအစဉ်အတွက် GAVI အဖွဲ့က ဒေါ်လာ သန်း ၆၀ ထောက်ပံ့မည်ဖြစ်သည်။
ယူနီဆက်ဖ်အနေဖြင့်လည်း မြန်မာနိုင်ငံတွင် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ အာဟာရ စသည့်ကဏ္ဍများအတွက် ငါးနှစ်တာစီမံကိန်း အသစ် (၂၀၁၈-၂၀၂၂) ကို စတင်လုပ်ဆောင်မည်ဖြစ်ကြောင်း၊ ယူနီဆက်ဖ်၏ ငါးနှစ်တာ စီမံကိန်းအသစ်သည် ယူနီဆက်ဖ်၏ ကမ္ဘာလုံးဆိုင်ရာမဟာဗျူဟာ၂၀၁၈-၂၀၂၁ နှင့် ကိုက်ညီမှုရှိရမည့်အပြင် အစိုးရ၏ဦးစားပေးလုပ်ငန်းများကို ထင်ဟပ်စေရမည့် ဆက်စပ် ရလဒ်ခြောက်ခုရရှိစေရန် အကောင်အထည် ဖော်မည်ဖြစ်ကြောင်း၊ ပထဝီနေရာအနေအထား ဦးစားပေးမှုသည် စီမံကိန်းတွင်ပါဝင်သည့် လုပ်ငန်းများနှင့် ဖွံ့ဖြိုးမှုတိုင်းတာညွှန်း ကိန်းများ တိုးတက်မှုအပေါ်တွင် ပြောင်းလဲနိုင်ကြောင်းနှင့် စီမံကိန်း၏ ပါဝင်လုပ်ငန်းများသည် ပဋိပက္ခဒဏ်ခံစားရသည့် ကလေးငယ်များ၊ နေရပ်စွန့်ခွာနှင့် အခြားသော လူသားချင်း စာနာထောက်ထားမှုအခြေအနေများ ဖြစ်ပေါ်နေသည့် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်များအတွက် ရည်မှန်းထားကြောင်း သိရသည်။













