အငြိမ်းစား ဝန်ထမ်းများ (တပ်မတော်သား အပါအဝင်) ၏ ပင်စင်လစာကို နောက်ဆုံး တိုးမြှင့်ခွင့်ပြုခဲ့သည့် ဝန်ထမ်းလစာနှုန်းဖြင့် ပြင်ဆင်တွက်ချက်ပြီး တိုးမြှင့်ပေးရန်ကိစ္စ အစိုးရအဖွဲ့က နိုင်ငံ့ဘဏ္ဍာရန်ပုံငွေ အခြေအနေပေါ် မူတည်၍ သုံးသပ်ဆောင်ရွက်မည်ဟု စီမံကိန်းနှင့်ဘဏ္ဍာရေး ဒုတိယဝန်ကြီး ပြောကြား

အငြိမ်းစား ဝန်ထမ်းများ (တပ်မတော်သား အပါအဝင်) ၏ ပင်စင်လစာကို နောက်ဆုံး တိုးမြှင့်ခွင့်ပြုခဲ့သည့် ဝန်ထမ်းလစာနှုန်းဖြင့် ပြင်ဆင်တွက်ချက်ပြီး တိုးမြှင့်ပေးရန်ကိစ္စ အစိုးရအဖွဲ့က နိုင်ငံ့ဘဏ္ဍာရန်ပုံငွေ အခြေအနေပေါ် မူတည်၍ သုံးသပ်ဆောင်ရွက်မည်ဟု စီမံကိန်းနှင့်ဘဏ္ဍာရေး ဒုတိယဝန်ကြီး ပြောကြား
Published 3 August 2017

အငြိမ်းစားဝန်ထမ်းများ (တပ်မတော်သား အပါအဝင်)၏ ပင်စင်လစာကို နောက်ဆုံး တိုးမြှင့်ခွင့်ပြုခဲ့သည့် ဝန်ထမ်းလစာနှုန်းဖြင့် ပြင်ဆင်တွက်ချက်ပြီး တိုးမြှင့်ပေးရန်ကိစ္စအား ပြည်ထောင်စု အစိုးရအဖွဲ့က နိုင်ငံ့ဘဏ္ဍာ ရန်ပုံငွေ အခြေအနေပေါ် မူတည်၍ သုံးသပ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

နေပြည်တော်တွင် သြဂုတ် ၃ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ မင်းလှမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသန်းအောင်စိုး၏ “အရပ်ဘက် ဝန်ထမ်းအငြိမ်းစားနှင့် တပ်မတော် အငြိမ်းစားများအတွက် အငြိမ်းစား ပင်စင်လစာကို ၂၀၁၅ ခုနှစ် ဧပြီ ၁ ရက်တွင် နောက်ဆုံး တိုးမြှင့်ခွင့်ပြုခဲ့သော ဝန်ထမ်းလစာနှုန်းဖြင့် ပြင်ဆင် တွက်ချက်၍ တိုးမြှင့်ပေးနိုင်ခြင်း ရှိ၊ မရှိ နှင့် တစ်လုံးတည်း ပင်စင်လဲလှယ်ခြင်းများကိုလည်း တိုးမြှင့်ခံစားခွင့်ပြုနိုင်ခြင်း ရှိ၊ မရှိ” မေးခွန်းကို ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ဖြေကြားရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

၂၀၁၅ ခုနှစ် နိုင်ငံ့ဝန်ထမ်းများ၏ လစာနှုန်းထားများ တိုးမြှင့်ခဲ့စဉ်က ယခင် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ၁၀.၄.၂၀၁၅ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၁၀၅၆/၂၀၁၅ ဖြင့် ပင်စင်ခံစား နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများ (တပ်မတော်အငြိမ်းစားများ အပါအဝင်) အား လက်ရှိ ပင်စင်လစာအပြင် ထပ်မံတိုးမြှင့် သတ်မှတ်သည့်လစာ ကျပ် ၄၅၀၀၀ ပေါ်တွင် တည်ဆဲ ပင်စင်နည်းဥပဒေနှင့်အညီ တွက်ချက်ပြီး တိုးမြှင့်ပင်စင် လစာအဖြစ် ၂၀၁၅ ခုနှစ် ဧပြီလမှစ၍ ခံစားခွင့် ပြုခဲ့ကြောင်း၊ ထိုသို့ အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီး နောက်ပိုင်းတွင် တာဝန်ထမ်းဆောင်ဆဲ အရပ်ဘက် ဝန်ထမ်းများနှင့် တပ်မတော်သားများ အငြိမ်းစားယူပါက အငြိမ်းစား ပင်စင်လစာကို ၂၀၁၅ ခုနှစ် ဧပြီ ၁ ရက်တွင် နောက်ဆုံး တိုးမြှင့်ခွင့်ပြုခဲ့သော ဝန်ထမ်းလစာ နှုန်းထားများဖြင့် လည်းကောင်း၊ ထိုအချိန်မတိုင်မီက ပင်စင်ခံစားနေသည့် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား ၎င်းတို့ ခံစားနေသည့် ပင်စင်လစာအပြင် ထပ်မံ တိုးမြှင့်သတ်မှတ်သည့် လစာ ကျပ် ၄၅၀၀၀ အပေါ်တွင် မူတည်၍ လည်းကောင်း တည်ဆဲပင်စင် နည်းဥပဒေနှင့်အညီ ခံစားခွင့်ပြုခဲ့ကြောင်း ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

ထိုသို့ တိုးမြှင့် ခံစားခွင့်ပြုခဲ့သည့်အတွက် နိုင်ငံတော်အနေဖြင့် လစာ စရိတ်အပေါ်တွင် ကျပ် ၇၄၅ ဒသမ ၇၄၇ ဘီလျံခန့်၊ ပင်စင်နှင့် ဆုကြေးအပေါ်တွင် ကျပ်ဘီလျံ ၁၇၀ ခန့် တိုးမြှင့်ကျခံ သုံးစွဲခဲ့ရကြောင်း၊ လစာ တိုးမြှင့်သည့် နှုန်းအတိုင်း ပင်စင်ကို တိုးမြှင့်ပေးပါက ကျပ် ၂၃၁ ဘီလျံခန့် တိုးမြှင့် သုံးစွဲရမည်ဖြစ်၍ ထိုစဉ်က နိုင်ငံတော်၏ ဘဏ္ဍာရေးအခြေအနေအရ လစာတိုးမြှင့်သည့်နှုန်းအတိုင်း ပေးနိုင်ခဲ့ခြင်း မရှိကြောင်း ဦးမောင်မောင်ဝင်းက ရှင်းပြ သည်။

နိုင်ငံတော်အနေဖြင့် တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းများ၏ လစာနှုန်းထားများအား အခါအားလျော်စွာ တိုးမြှင့် သတ်မှတ်ပေးနိုင်ရေးအတွက် မျက်ခြည်မပြတ် သုံးသပ် ဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုသို့ တိုးမြှင့်ပေးတိုင်း တွင်လည်း အငြိမ်းစား ဝန်ထမ်းများအတွက် ထည့်သွင်းစဉ်းစား သုံးသပ်ဆောင်ရွက်မည် ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

“အငြိမ်းစား ဝန်ထမ်းများ (တပ်မတော်သား အပါအဝင်) ၏ ပင်စင်လစာကို ၁-၄-၂၀၁၅ ရက်တွင် နောက်ဆုံး တိုးမြှင့်ခွင့်ပြုခဲ့သော ဝန်ထမ်းလစာနှုန်းဖြင့် ပြင်ဆင် တွက်ချက်၍ တိုးမြှင့်ပေးရန်ကိစ္စနှင့် စပ်လျဉ်းပြီး ပြည်ထောင်စု အစိုးရအဖွဲ့က နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေ အခြေအနေအပေါ် မူတည်၍ သုံးသပ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ထို့ပြင် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြည်ထောင်စုအစိုးရအဖွဲ့သည် နိုင်ငံတော်တွင် ဘဏ္ဍာရေး အခြေအနေကောင်းများ ရရှိလာရန် ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ပြီး အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာကို နောက်ဆုံး တိုးမြှင့်ခွင့်ပြုခဲ့သော ဝန်ထမ်းလစာနှုန်းဖြင့် ပြင်ဆင် တွက်ချက်၍ တိုးမြှင့်ပေးရန်ကိစ္စကို လည်းကောင်း၊ တစ်လုံးတည်း ပင်စင်လဲလှယ်ခြင်းများကို တိုးမြှင့်ခံစားခွင့် ပြုနိုင်ရန်ကိစ္စကို လည်းကောင်း၊ အငြိမ်းစား
ဝန်ထမ်းအင်အား အခြေအနေ၊ လစဉ်ကျခံ သုံးစွဲလျက်ရှိသည့် လစာစရိတ်၊ ပင်စင်စရိတ်များ အခြေအနေ၊ ငွေကြေးဖောင်းပွမှု အခြေအနေ၊ နိုင်ငံတော်၏ ဘဏ္ဍာငွေအရနှင့် အသုံးအခြေအနေတို့အပေါ် မူတည်၍ အစိုးရအဖွဲ့က သုံးသပ် ဆောင်ရွက်မည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။

Most Read

Most Recent