မကူးစက်နိုင်သော ရောဂါများ ဖြစ်စေနိုင်သည့် အဓိက အကြောင်းအရာများကို ပိုမိုထိရောက်စွာ ကာကွယ်ထိန်းချုပ် လျှော့ချနိုင်ရန် သီးသန့်စီမံချက်တစ်ခု ဖွဲ့စည်းလုပ်ဆောင်မည်

မကူးစက်နိုင်သော ရောဂါများ ဖြစ်စေနိုင်သည့် အဓိက အကြောင်းအရာများကို ပိုမိုထိရောက်စွာ ကာကွယ်ထိန်းချုပ် လျှော့ချနိုင်ရန် သီးသန့်စီမံချက်တစ်ခု ဖွဲ့စည်းလုပ်ဆောင်မည်
အထွေထွေရောဂါကု ဆေးရုံကြီးတွင် တက်ရောက် ဆေးကုသနေသူများအား တွေ့ရစဉ် (ဓာတ်ပုံ-အိသဥ္ဇာကျော်)
အထွေထွေရောဂါကု ဆေးရုံကြီးတွင် တက်ရောက် ဆေးကုသနေသူများအား တွေ့ရစဉ် (ဓာတ်ပုံ-အိသဥ္ဇာကျော်)
Published 20 October 2018
အိသဥ္ဇာကျော်

မကူးစက်နိုင်သော ရောဂါများ ဖြစ်စေနိုင်သည့် အဓိက အကြောင်းအရာများကို ပိုမိုထိရောက်စွာ ကာကွယ်ထိန်းချုပ် လျှော့ချနိုင်ရန် သီးသန့်စီမံချက်တစ်ခု ဖွဲ့စည်းလုပ်ဆောင်မည် ဖြစ်ကြောင်း အောက်တိုဘာ ၁၉ ရက်က နေပြည်တော်၌ ပြုလုပ်ခဲ့သည့် ‘မကူးစက်နိုင်သော ရောဂါများဆိုင်ရာ စီမံချက် မန်နေဂျာများနှင့် ညှိနှိုင်းအစည်းအဝေး’ ပွဲတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားသည်။

ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲမှု၊ အရက်အလွန်အကျွံ သောက်သုံးမှု၊ အဆီ၊ အငန်နှင့် အချို လွန်ကဲစွာ စားသုံးမှု၊ ဘေးအန္တရာယ် ရှိသော ဆိုးဆေးနှင့် ဓာတုပစ္စည်းများပါဝင် သော စားသောက်ကုန်များစားသုံးမှု၊ ကိုယ်  လက်လှုပ်ရှားနည်းပါးသော ဘဝနေထိုင်မှု ပုံစံ စသည့် မကူးစက်နိုင်သော ရောဂါများ ကိုဖြစ်စေနိုင်သည့် အဓိကအကြောင်းအရာ များကို ပိုမိုထိရောက်စွာ ကာကွယ်ထိန်းချုပ် လျှော့ချနိုင်ရေးအတွက် သီးသန့်စီမံချက် တစ်ခု ဖွဲ့စည်းတည်ထောင်လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။

ဝန်ကြီးဌာနအနေဖြင့် မကူးစက်နိုင် သော ရောဂါများနှင့်သက်ဆိုင်သည့် ကမ္ဘာ့ ကျန်းမာရေးညီလာခံများမှ သဘောတူညီ ဆုံးဖြတ်ချက်များ၊ အရှေ့တောင်အာရှ ကျန်း မာရေးဝန်ကြီးများ အစည်းအဝေးများမှ ကြေ ညာချက်များ  စသည်တို့တွင်ပါဝင်သည့် အကြောင်းအရာ အချက်အလက်များမှ လုပ်ငန်းများကိုလေ့လာ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းနှင့် လက်ရှိ မြန် မာနိုင်ငံအပါအဝင် မဟာမဲခေါင်ဒေသတွင်း ရှိ နိုင်ငံများတွင် မကူးစက်တတ်သော ရောဂါ များ ဖြစ်ပွားနှုန်း မြင့်တက်လျက်ရှိခြင်းကြောင့် ရောဂါတိုက်ဖျက်ရေး လုပ်ငန်းများနှင့် သုတေသနလုပ်ငန်းများကို ပူးပေါင်းလုပ်ဆောင် လျက်ရှိကြောင်း သိရသည်။

ရောဂါဖြစ်ပွားနှုန်းများ မြင့်တက်လာမှုနှင့်အတူ နောက်ဆက်တွဲအနေဖြင့် လူမှုရေး၊ စီးပွားရေးထိခိုက်မှုများလည်း ဖြစ်ပေါ်လျက်ရှိပြီး မြန်မာနိုင်ငံ၌ ရောဂါဖြစ်ပွား သေဆုံးမှု၏ ထက်ဝက်ကျော်မှာ မကူးစက်နိုင် သောရောဂါများ (ဆီးချို၊ သွေးချို၊ သွေးတိုး၊ ကင်ဆာ၊ သက်ကြီးရွယ်အိုစသည်) ကြောင့် ဖြစ်နေသည့်အတွက် ယင်းရောဂါများနှင့် ပတ်သက်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ကျေးရွာအရောက် လုပ်ဆောင်နေကြောင်း သိရသည်။

မကူးစက်နိုင်သော ရောဂါများနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မကူးစက်နိုင်သောရောဂါများ ကာကွယ်နှိမ်နင်းရေးဌာနခွဲ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် Help Age International တို့ပူးပေါင်း၍ ‘မကူးစက်နိုင်သောရောဂါများ ကာကွယ်ကုသရေးဆိုင်ရာ အမျိုးသား မဟာဗျူဟာ စီမံကိန်း (၂၀၁၇-၂၀၂၁)’ ကို ရေးဆွဲလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ခဲ့သော အစီရင်ခံစာအရ မြန်မာနိုင်ငံ၌ ရောဂါ ဖြစ်ပွားသေဆုံးမှု၏  ရာခိုင်နှုန်း ၆၀ ခန့်သည် မကူးစက်နိုင်သောရောဂါများကြောင့်ဖြစ်နေ သည့်အတွက် မြန်မာနိုင်ငံတွင် ကူးစက်ရောဂါ များ ကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းများ ကိုသာမက မကူးစက်နိုင်သောရောဂါများ ကာကွယ်ကုသရေး လုပ်ငန်းများကိုပါ ပိုမိုတိုးမြှင့် လုပ်ဆောင်ရန် လိုအပ်နေကြောင်း၊ စီမံကိန်းရေးဆွဲရာတွင် သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီး၏ ပူးပေါင်းပါဝင်မှုဖြင့် ၂၀၂၅ ခုနှစ် အတွက် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ချမှတ်ပေးထားသည့် မကူးစက်နိုင်သော ရောဂါများဆိုင်ရာ Target များပြည့်မီရေးအတွက်   အထောက်အကူ ဖြစ်စေမည့် လုပ်ငန်းများ ဖော်ထုတ်ရေးဆွဲ သွားမည်ဖြစ်ကြောင်းနှင့် ယင်းစီမံကိန်းအား အမျိုးသားကျန်းမာရေး စီမံကိန်း (၂၀၁၇ -၂၀၂၁) တွင်လည်း ပေါင်းစပ်ထည့်သွင်း လုပ်ဆောင်မည်ဖြစ်ကြောင်း သိရ သည်။

လက်ရှိ မြန်မာနိုင်ငံလူဦးရေ၏ ၁၀ ဒသမ ၅ ရာခိုင်နှုန်း (၂ ဒသမ ၅ သန်း) သည် ဆီးချို၊ သွေးချို ဖြစ်ပွားမှုရှိနေပြီး ဆီးချိုသွေးချို ဖြစ်ပွားနိုင်ခြေရှိသူ အကြိုလူနာ ဦးရေမှာ ၁၉ ဒသမ ၇ ရာခိုင်နှုန်း (ငါးသန်း) ရှိနေကြောင်း၊ သွေးတိုးရောဂါရှိသူ ၂၆ ဒသမ ၄ ရာခိုင်နှုန်း (၆ ဒသမ ၃ သန်း)၊ သွေးထဲတွင် အဆီဓာတ် များနေသူ ၃၆ ဒသမ ၇ ရာခိုင်နှုန်း (၈ ဒသမ ၈ သန်း)၊ ဝသူ ၅ ဒသမ ၅ ရာခိုင် နှုန်း (၁ ဒသမ ၃ သန်း)၊ အဝလွန်သူ ၂၂ ဒသမ ၄ ရာခိုင်နှုန်း (၅ ဒသမ ၃ သန်း)၊ ဆေးလိပ်သောက်သူ ၂၆ ဒသမ ၁ ရာခိုင်နှုန်း (၆ ဒသမ ၂ သန်း)၊  ကွမ်း စားသူ ၄၃ ဒသမ ၂ ရာခိုင်နှုန်း (၁၀ ဒသမ ၃ သန်း)၊ အရက်သောက်သူ  ၁၉ ဒသမ ၈ ရာခိုင် နှုန်း (၄ ဒသမ ၇ သန်း) နှင့် အရက်အလွန် အကျွံသောက်သူ ၁၀ ဒသမ ၃ ရာခိုင်နှုန်း (၂ ဒသမ ၄ သန်း) ရှိကြောင်း သိရသည်။

 

Most Read

Most Recent