BPI စက်ရုံက ထုတ်လုပ်သော ဆေးဝါးအသစ်များ၏ ဖော်မြူလာများနှင့် အာနိသင် အောင်မြင်မှု ရှိ မရှိ ဆေးဝါးတက္ကသိုလ်များ၊ ဆေးတက္ကသိုလ်များ၊ ဆေးသုတေသန ဌာနများနှင့် ပူးပေါင်း၍ စမ်းသပ်လျက်ရှိကြောင်း မြန်မာ့ဆေးဝါးလုပ်ငန်းမှ သိရသည်။
လက်ရှိ ဆေးဝါးစက်ရုံ (အင်းစိန်) က ထုတ်လုပ်သော ဆီးချိုဝေဒနာရှင်များအတွက် ‘Metformin Tablet’ ၏ အရည်အသွေးနှင့် ပတ်သက်၍ ဆေးဝါးတက္ကသိုလ် (ရန်ကုန်) တွင် စမ်းသပ်ပြီး ဖြစ်ကြောင်းနှင့် လက်ရှိဆေးဝါး တက္ကသိုလ် (ရန်ကုန်)၊ ဆေးတက္ကသိုလ်(ရန်ကုန်) တို့နှင့် ပူးပေါင်း၍ ဆောင်ရွက်ဆဲ သုတေသန လုပ်ငန်းများလည်း ရှိကြောင်း သိရသည်။
၂၀၁၇-၂၀၁၈ ခုနှစ်အတွင်း BPI က ထုတ်လုပ်သော ဆေးဝါးများ ကျပ် ၃၆ ဒသမ ၉၄၂ ဘီလျံဖိုးရောင်းချခဲ့ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အများဆုံး ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
BPI ကထုတ်လုပ်သော ဆေးဝါးများကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ကျပ်၂၆ ဒသမ ၈၁၇ ဘီလျံအထိ အများဆုံးဝယ်ယူခဲ့ပြီး ကာကွယ်ရေး ဝန်ကြီးဌာနက ကျပ် ၂ ဒသမ ၄၀၇ ဘီလျံ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ကျပ် ၀ ဒသမ ၁၈၀ ဘီလျံနှင့် ပုဂ္ဂလိက ဆေးရုံများနှင့် အရောင်းကိုယ်စားလှယ်များက ကျပ် ၇ ဒသမ ၅၃၈ ဘီလျံအထိ ဝယ်ယူခဲ့ကြောင်း သိရသည်။
ဆေးဝါးစက်ရုံ(အင်းစိန်)တွင် ပြည်တွင်း၌ ထုတ်လုပ်နိုင်ခြင်း မရှိသည့် ဆေးဝါးအမည်သစ်များကို တိုးချဲ့ထုတ်လုပ်လျက်ရှိပြီး အမေရိကန်နှင့် စပိန်နိုင်ငံတို့မှ ကျော်ကြားသည့် ဆေးထုတ်လုပ်ရေး ကုမ္ပဏီများဖြင့် အကျိုးတူပူးပေါင်း၍ ဆေးထုတ်လုပ်ရေး လိုင်းသစ်များ ထပ်မံတိုးချဲ့ လုပ်ဆောင်ရန် စီစဉ်နေကြောင်း သိရသည်။
ယခုအခါ ဆေးဝါးစက်ရုံ (အင်းစိန်) တွင် ကင်ဆာရောဂါ ကုသဆေး (Oncology)၊ ဗိုင်းရပ်စ် သတ်ဆေး (Anti Viral) နှင့် ရောဂါကာကွယ်ဆေး (Vaccine) ဆေးဝါးများကို အမေရိကန်နှင့် စပိန်နိုင်ငံတို့မှ ကျော်ကြားသည့် ဆေးထုတ်လုပ်ရေး ကုမ္ပဏီများဖြင့် အကျိုးတူ ပူးပေါင်း၍ ဆေးထုတ်လုပ်ရေးလိုင်းသစ်များ ထပ်မံတိုးချဲ့ လုပ်ဆောင်ရန် စီစဉ်နေကြောင်း၊ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ဆေးဝါးအမည်သစ် ၂၁ မျိုး ထုတ်လုပ်ခဲ့ပြီး လက်ရှိ နှလုံး၊ ကျောက်ကပ်၊ အစာအိမ်ရောဂါ ကုသဆေး အပါအဝင် ဆေးဝါး အမည်သစ်များကို FDA အတည်ပြုချက်ရရှိရန် လျှောက်ထားလျက်ရှိကြောင်း သိရသည်။
မြန်မာ့ဆေးဝါးလုပ်ငန်း အနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အတွင်း ဆေးဝါးအမည်သစ် ၂၄ မျိုးနှင့် ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ဆေးဝါးအမည်သစ် ၂၁ မျိုးကို တီထွင်စမ်းသပ် ထုတ်လုပ်ခဲ့ရာ ဆေးဝါး ၁၇ မျိုးသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန FDA ၏ ခွင့်ပြုချက်ရရှိပြီးဖြစ်၍ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချလျက်ရှိကြောင်း၊ အဆိုပါ ဆေးဝါး ၁၇ မျိုးအနက် အိပ်ချ်အိုင်ဗွီ ရောဂါဝေဒနာရှင်များအတွက် ကုသဆေးဖြစ်သည့် Tenofovir (300 mg) ဆေး၊ ဗက်တီးရီးယား ပိုးသတ်ဆေးများဖြစ်သည့် Cefalexin Capsule နှင့် Flocomox Capsule၊ ကင်ဆာ ဝေဒနာရှင်များအတွက် နာကျင်မှု သက်သာစေသော (Pain Killer) တစ်မျိုး ဖြစ်သည့် Tramadol ကို ထုတ်လုပ်ဖြန့်ဖြူး ရောင်းချလျက် ရှိကြောင်းနှင့် အာရုံကြောနှင့် ကိုယ်ခံစွမ်းအား တိုးမြင့်စေသော ဆေးဖြစ်သည့် Neurovit Injection၊ နှလုံးရောဂါနှင့် ကျောက်ကပ်ရောဂါ ကုသဆေးဖြစ်သည့် Dopamine Injection၊ သွေးတွင်း အဆီကျဆေး Rosuvastatin Caplet၊ အစာအိမ်ရောဂါ ကုသဆေး Ranitidine Tablet၊ လက်သန့်ဆေးရည် Hand Sanitize၊ ဆေးငါးမျိုးကို FDA အတည်ပြုချက် ရရှိရေး လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ဆေးပြား၊ ဆေးတောင့်အမျိုးမျိုး၊ ဆေးဆီ၊ ဆေးရည်အမျိုးမျိုး၊ ထိုးဆေးနှင့် သွေးကြောသွင်း ဆေးရည်အမျိုးမျိုးအပြင် မြွေဆိပ်ဖြေဆေး စသည့် ဆေးဝါးထုတ်ကုန် အမျိုးပေါင်း ၁၉၇ မျိုး ထုတ်လုပ်နေကြောင်းနှင့် အင်းစိန်ဆေးဝါးစက်ရုံမှာ အင်းစိန်မြို့နယ် ကြို့ကုန်းအနောက်ရပ်ကွက်တွင် တည်ရှိပြီး ၁၉၅၈ ခုနှစ် ဧပြီ ၂၃ ရက်က စတင်ဖွင့်လှစ်ခဲ့ရာ ၁၉၆၅ ခုနှစ်မှစ၍ မြွေဆိပ်ဖြေဆေးများကို ထုတ်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။













