မြောက်ဥက္ကလာပ အဝိုင်းမှတ်တိုင်အနီးတွင် YBS ၁၀ ယာဉ်တစ်စီး ဝိုင်ယာရှော့ခ်ဖြစ်ရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွား

မြောက်ဥက္ကလာပ အဝိုင်းမှတ်တိုင်အနီးတွင် YBS ၁၀ ယာဉ်တစ်စီး ဝိုင်ယာရှော့ခ်ဖြစ်ရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွား
Published 30 September 2017

မီးလောင်ခဲ့သော YBS ၁၀ ယာဉ်အား ငြှိမ်းသတ်နေစဉ် (ဓာတ်ပုံ-မျိုးထက်ပိုင်)

မြောက်ဥက္ကလာပအဝိုင်း မှတ်တိုင်အနီးတွင် YBS ၁၀ ယာဉ်တစ်စီး အင်ဂျင်ပူပြီး ဝိုင်ယာရှော့ခ်ဖြစ်ရာမှ မီးလောင်ကျွမ်းမှု စက်တင်ဘာ ၂၉ ရက် နံနက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုင်းရင်းသားကျေးရွာမှ ဒဂုံတက္ကသိုလ်သို့ ပြေးဆွဲနေသည့် YBS ၁၀ ယာဉ်လိုင်းမှ ယာဉ်တစ်စီးသည် စက်တင်ဘာ ၂၉ ရက် နံနက် ၈ နာရီ မိနစ် ၂၀ ခန့်တွင် ကမ္ဘာအေးဘုရားဘက်မှ မြောက်ဥက္ကလာအဝိုင်းဘက်သို့ မောင်းနှင်လာစဉ် အဝိုင်းမှတ်တိုင်အနီးအရောက်၌ ယာဉ်နောက်ပိုင်းမှာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“၈ နာရီ ကိုးမိနစ်မှာ အဲဒီကားက ပွိုင့်မိပြီး ရပ်ထားတဲ့အချိန်မှာ မီးထလောင်တယ်။ ခရီးသည်တွေ အကုန်ဆင်းလာတာ မြင်လိုက်တယ်။ ထိခိုက်ဒဏ်ရာရတာတော့ ဘာမှမရှိဘူး။ ဦးတို့ကို ရေတွေဘာတွေလာပြီး အကူအညီတောင်းလို့ ရေချိုးခန်းထဲက ရေတစ်ပုံးနဲ့ သောက်ရေသန့်နှစ်ဘူး လောင်းလိုက်တော့ မီးလေးနည်းနည်း ငြိမ်းသွားတယ်။ ပြီးတော့ မီးသတ်ကလာတယ်။ ထပ်လောင်းတယ်။ အကုန်အေးဆေးဖြစ်သွားတယ်။ မီးလောင်ချိန် ငါးမိနစ်ကျော်လောက် ကြာသွားတယ်။ ခရီးသည်တွေလည်း အကုန်လွတ်တယ်။ ဒရိုင်ဘာနဲ့ စပယ်ယာလည်း လွတ်တယ်” ဟု မီးလောင်မှုဖြစ်ပွားစဉ် မီးငြိမ်းသတ်ခဲ့သူ ဦးဝင်းညွန့်က ပြောကြားသည်။

အဆိုပါ မီးလောင်ကျွမ်းမှုသည် အင်ဂျင်ခန်းအတွင်း အပူလွန်ကဲနေသည့် အင်ဂျင်နှင့် ဝိုင်ယာကြိုးများ ထိတွေ့ရာမှ ဝိုင်ယာကြိုးများ အရည်ပျော်ပြီး လောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြောက်ဥက္ကလာပမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မီးလောင်ကျွမ်းမှုအား မြောက်ဥက္ကလာပမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ်နှစ်စီး သန္ဓေတပ်ဖွဲ့ဝင် ၁၀ ဦးနှင့် အရန်တပ်ဖွဲ့ဝင် ငါးဦးတို့ဖြင့် ငြှိမ်းသတ်ခဲ့ရပြီး ယာဉ်နောက်ပိုင်းမှာ မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုမှ YBS ၁၀ ယာဉ်မောင်းဖြစ်သူ ဦးမောင်မောင်သင်း (၆၄ နှစ်) အား မြောက်ဥက္ကလာပမြို့မရဲစခန်းက (ပ) ၁၀၇၃ /၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် ဆောင်ရွက်နေကြောင်း သိရသည်။

Most Read

Most Recent