ငလျင်-ဆူနာမီဖြစ်ပွားခဲ့သော အင်ဒိုနီးရှားတွင် ပြင်းအား ၆ အဆင့်ရှိ ငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ပြီး လူသုံးဦးသေဆုံး

ငလျင်-ဆူနာမီဖြစ်ပွားခဲ့သော အင်ဒိုနီးရှားတွင် ပြင်းအား ၆ အဆင့်ရှိ ငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ပြီး လူသုံးဦးသေဆုံး
အောက်တိုဘာ ၁၁ ရက်တွင် ဘာလီ၌ နှစ်စဉ်ပြုလုပ်နေကြ IMF နှင့် ကမ္ဘာ့ဘဏ် ဆွေးနွေးပွဲတွင် အင်ဒိုနီးရှားသမ္မတ ဝီဒိုဒို (လယ်)ကို တွေ့ရစဉ် (Photo: AFP)
အောက်တိုဘာ ၁၁ ရက်တွင် ဘာလီ၌ နှစ်စဉ်ပြုလုပ်နေကြ IMF နှင့် ကမ္ဘာ့ဘဏ် ဆွေးနွေးပွဲတွင် အင်ဒိုနီးရှားသမ္မတ ဝီဒိုဒို (လယ်)ကို တွေ့ရစဉ် (Photo: AFP)
Published 11 October 2018
Ref: AFP

လူ ၂၀၀၀ ကျော် သေဆုံးခဲ့သည့် အင်ဒိုနီးရှား ငလျင်-ဆူနာမီဖြစ်ပွားပြီး သီတင်းပတ် နှစ်ပတ်အကြာတွင် အင်ဒိုနီးရှားရှိ ဘာလီနှင့် ဂျာဗားကျွန်းတို့၌ ပြင်းအား ၆ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ပြီး လူသုံးဦး သေဆုံးသွားကြောင်း သိရသည်။ အောက်တိုဘာ ၁၁ ရက် ညသန်းခေါင်ကျော်အချိန်တွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ဒေသခံပြည်သူများမှာလည်း လန့်နိုးကုန်ကြကာ အိမ်အပြင်ဘက်သို့ အလျင်အမြန် ပြေးထွက်ခဲ့ကြသည်။

ထို့ပြင် ဘာလီကျွန်းတွင် သီတင်းတစ်ပတ်ကြာ ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF နှင့် ကမ္ဘာ့ဘဏ်မှ တာဝန်ရှိသူများ၏ ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ရန်အတွက် ဘာလီတွင် ရောက်ရှိနေကြသော ကိုယ်စားလှယ်အချို့မှာ ငလျင်လှုပ်ခတ်စဉ်အတွင်း ၎င်းတို့တည်းခိုရာ ဟိုတယ်အဆောက်အဦးများမှာ တုန်ခါနေသောကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရသည်ဟု ဆိုသည်။

“စက္ကန့် ၃၀ ကြာတဲ့ထိ ငလျင်လှုပ်နေတာကို ကျွန်မသိပါတယ်။ လန့်လည်းလန့်ပါတယ်။ ပထမတော့ ဟိုတယ်ခန်းထဲက မထွက်ဘူး လုပ်ထားတာပဲ။ ဒါပေမဲ့ အဆောက်အဦး ကနေထွက်ခွာဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ်” ဟု ထိပ်သီးဆွေးနွေးပွဲ တက်ရောက်မည့် အင်ဒိုနီးရှား ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ကတ်သရီးနာဆူဒီယိုနိုက အေအက်ပီသို့ ပြောကြားခဲ့သည်။

အင်ဒိုနီးရှားဗဟိုဘဏ်၏ IMF- ကမ္ဘာ့ဘဏ်အဖွဲ့ခေါင်းဆောင် ပီတာဂျက်ကော့ဘ်ကမူ ဆွေးနွေးပွဲသို့ တက်ရောက်မည့် ဘာလီရှိ နူဆာဒူအာခရိုင်မှ ကိုယ်စားလှယ်များအား ငလျင်လှုပ်ခတ်မှု အခြေအနေကို အလျင်အမြန် အကြောင်းကြားထားခဲ့ကြောင်း ပြောကြားခဲ့သည်။ ဘာလီတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှု ကြီးကြီးမားမား မရှိခဲ့သလို ထိပ်သီးဆွေးနွေးပွဲများကျင်းပရန် စီစဉ်ထားခြင်းကိုလည်း အနှောင့်အယှက် မဖြစ်စေခဲ့ကြောင်း IMF ၏ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။

ထိပ်သီးဆွေးနွေးပွဲကျင်းပရာ အဆောက်အဦးအား ငလျင်ဒဏ်များအား ကြ့ံကြ့ံခံနိုင်စေရန် ဒီဇိုင်းထွင် တည်ဆောက်ထားခြင်းဖြစ်ပြီး ဆွေးနွေးပွဲကျင်းပစဉ်အတွင်း ငလျင်လှုပ်ခတ်ပါကလည်း အဆောက်အဦးအတွင်း၌သာနေကြရန် ဆွေးနွေးပွဲတက်ရောက်သူများကို ပြောကြားထားကြောင်း သိရသည်။ သို့သော်ဆူနာမီအန္တရာယ်ရှိပါက ကိုယ်စားလှယ်များအား ဘေးလွတ်ရာ အဆောက်အဦးသို့ ရွှေ့ပြောင်းပေးမည်ဖြစ်သည်။

ငလျင်ဒဏ်ကြောင့် ဘာလီတွင် ပျက်စီးဆုံးရှုံးမှုများနှင့် ထိခိုက်ဒဏ်ရာရသည့်သတင်းများကို မကြားရသေးကြောင်း၊ အောက်တိုဘာ ၁၁ ရက် ထိပ်သီးဆွေးနွေးပွဲမှာလည်း အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့ကြောင်းနှင့် ဆူနာမီ သတိပေးချက် ထုတ်ပြန်မှုလည်း မရှိကြောင်း အင်ဒိုနီးရှား၏ ဘူမိရူပဗေဒအေဂျင်စီခေါင်းဆောင် ဒဝီကိုရီတာက ဆိုသည်။

အရှေ့ဂျာဗားကျွန်းရှိ ဆုမီနိခရိုင်တွင်မူ ငလျင်လှုပ်ခတ်မှုအတွင်း အဆောက်အဦးများ ပြိုကျခြင်းကြောင့် အိပ်ပျော်နေသော လူသုံးဦးသေဆုံးသွားခဲ့ပြီး ဒေသခံပြည်သူများသည် နေအိမ်များထဲမှ ထွက်ပြေးခဲ့ကြောင်း သိရသည်။ ငလျင်၏ဗဟိုချက်မှာ ဘာလီပင်လယ်မှ ကီလိုမီတာ ၄၀ (၂၅ မိုင်) ဝန်းကျင်၊ ဂျာဗားကျွန်းအရှေ့ဘက်စွန်းတွင် လှုပ်ခတ်ခဲ့ကြောင်း အမေရိကန်ဘူမိဗေဒလေ့လာရေး အဖွဲ့က ထုတ်ပြန်ထားသည်။                  

Most Read

Most Recent