ကိုင်ကြီးကျေးရွာသား ၈ ဦး သတ်ဖြတ်ခံခဲ့ရခြင်းနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့အား ဘင်္ဂါလီရွာသားများ ဝိုင်းဝန်ရန်ပြုတိုက်ခိုက်မှု ဖြစ်ခဲ့ပြီးနောက် ရသေ့တောင်မြို့နယ်အတွင်း ရခိုင်ကျေးရွာ သုံးရွာမှ ဒေသခံများ စိုးရိမ်မှုမြင့်တက်ပြီး ရွာလုံးကျွတ် ပြောင်းရွှေ့

ကိုင်ကြီးကျေးရွာသား ၈ ဦး သတ်ဖြတ်ခံခဲ့ရခြင်းနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့အား ဘင်္ဂါလီရွာသားများ ဝိုင်းဝန်ရန်ပြုတိုက်ခိုက်မှု ဖြစ်ခဲ့ပြီးနောက် ရသေ့တောင်မြို့နယ်အတွင်း ရခိုင်ကျေးရွာ သုံးရွာမှ ဒေသခံများ စိုးရိမ်မှုမြင့်တက်ပြီး ရွာလုံးကျွတ် ပြောင်းရွှေ့
Published 4 August 2017

ကိုင်ကြီးကျေးရွာသား ရှစ်ဦး သတ်ဖြတ်ခံခဲ့ရခြင်းနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့အား ဘင်္ဂါလီရွာသားများ ဝိုင်းဝန်ရန်ပြု တိုက်ခိုက်မှု ဖြစ်ခဲ့ပြီးနောက် မေယုတောင်တွင် ခရု ရှာရင်း ပျောက်ဆုံးခဲ့သူနေထိုင်ရာ ချွတ်ပြင်ကျေးရွာ အပါအဝင် ရသေ့တောင်မြို့နယ်အတွင်း ရခိုင်ကျေးရွာ သုံးရွာမှ ဒေသခံများ စိုးရိမ်မှု မြင့်တက်ပြီး ရွာလုံးကျွတ် ပြောင်းရွှေ့မှုများ ဖြစ်ပေါ်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

သြဂုတ်လ ၃ ရက်နေ့က မောင်တောမြို့နယ် တောင်ပိုင်းကိုင်ကြီးကျေးရွာမှ မြိုတိုင်းရင်းသား အမျိုးသား အမျိုးသမီး စုစုပေါင်း ရှစ်ဦးအား ဘင်္ဂါလီ အကြမ်းဖက်သမားများက သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး
ဓါးခုတ်ဒဏ်ရာ သေနတ်ဒဏ်ရာများဖြင့် သေဆုံးသူ အလောင်း ၆ လောင်းအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေတွေ့ရှိခဲ့ပြီး အမျိုးသမီး နှစ်ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။

ထို့နောက် သြဂုတ်လ ၄ ရက်နေ့ နံနက်ပိုင်းက ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာအနီးရှိ အောက်နန်းရာ ဘင်္ဂါလီကျေးရွာသို့ သွားရောက်ကာ RSO အကြမ်းဖက်သမားများအား သွားရောက်ဖမ်းဆီးသည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့အား ကျေးရွာသားများက ဝိုင်းဝန်းရန်ပြု တိုက်ခိုက်ရန်နှင့် တရားခံအား လုယူရန် ကြိုးစားမှု ဖြစ်ပွားခဲ့သဖြင့် အနီးရှိ ရခိုင်ကျေးရွာမှ ဒေသခံများ စိုးရိမ်မှု မြင့်တက်လာသဖြင့် ယခုကဲ့သို့
နယ်ရပ်စွန့်ခွာ ရွှေ့ပြောင်းမှုများ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။

ရွာလုံးကျွတ်ပြောင်းရွှေ့သည့် ကျေးရွာများမှာ ချွတ်ပြင် ကျေးရွာ၊ ပြင်ရှည်ကျေးရွာနှင့် ပိတောက်မြိုင်ကျေးရွာမှ ကျေးရွာသားများသည် လုံခြုံရေးစခန်းရှိသော စေတီပြင်ကျေးရွာသို့ ပြောင်းရွှေ့လာခြင်းဖြစ်ကြောင်း
ရသေ့တောင်မြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ကပြောသည်။

“ဒီကနေ့ နံနက်ပိုင်းက အောက်နန်းရာမှာ RSO တွေ ရောက်နေလို့ နယ်ခြားစောင့်ရဲက သွားဖမ်းရာမှာ တစ်ရွာလုံးက ဝိုင်းဝန်းလာကြလို့ သေနတ်ပစ်ဖောက် လူစုခွဲခဲ့ရတာ ဖြစ်ခဲ့တယ်။ ဒါကြောင့် ဒေသခံ ရခိုင်ကျေးရွာသားတွေက စိုးရိမ်မှု အထူးမြင့်တာလာတာကြောင့် အခုဆိုရင် ရသေ့တောင်မြို့နယ်ထဲက ချွတ်ပြင်ကျေးရွာ၊ ပြင်ရှည်ကျေးရွာနဲ့ ပိတောက်မြိုင်ကျေးရွာတို့က စုစုပေါင်း အိမ်ထောင်စု တစ်ရာနီးပါးခန့်ဟာ
စေတီကျေးရွာကို ပြောင်းရွှေ့လာနေကြပြီး တစ်ခြားကျေးရွာသားတွေကလည်း ဆွေမျိုးတွေရှိတဲ့ လုံခြုံတဲ့နေရာတွေကို ပြောင်းနေကြတာတွေ့ရတယ်။ နောက်ပြီး ဘူးသီးတောင်မြို့နယ်ထဲက ဆိုရင် ပေါက်တော၊ အတွင်းပြင်ဘက်က ဒေသခံတွေကလည်း ရစိုးချောင်းဘက်ကို ပြောင်းနေတယ်လို့ သိရတယ်။ အားလုံး နီးစပ်ရာ ဆွေမျိုးတွေရှိတဲ့ နေရာကို စတင်ပြောင်းနေကြတာ ဖြစ်ပါတယ်။ ဒါဟာ လုံခြုံရေး စိတ်မချရလို့၊ ပြည်သူတွေကို ကာကွယ်ပေးနိုင်တဲ့ လုံခြုံရေး မရှိလို့ ပြည်သူတွေ ဘေးလွတ်ရာကို ပြောင်းရွှေ့နေကြတာ ဖြစ်ပါတယ်။ ပြည်နယ်အစိုးရရဲ့ လုံခြုံရေး စီမံခန့်ခွဲမှုဟာ ညံ့ဖျင်းတဲ့အတွက် ဒီလိုဖြစ်လာရတာလည်း ဖြစ်ပါတယ်” ဟု ရသေ့တောင်မြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်က ပြောသည်။

တစ်ချို့ကျေးရွာများတွင် အမျိုးသမီး၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများကို ရွှေ့ပြောင်းမှု ရှိသော်လည်း အမျိုးသားများမှာ ကျေးရွာကို ကိုယ်တိုင် ကင်းစောင့်နေကြရကြောင်းလည်း သိရသည်။

“ကျေးရွာတွေမှာ ကိုယ့်ဟာကိုယ် ကင်းစောင့်နေကြတယ်။ ရွာသားတွေကလည်း စိတ်မလုံခြုံကြတော့ ဘင်္ဂါလီရွာနဲ့ နီးတဲ့ရွာက လူတွေ ပြောင်းနေကြပြီ။ ရသေ့တောင်နဲ့ မယူကမ်း အရှေ့ဘက်ကမ်းက ရွာတွေကို ပြောင်းကြတယ်။ ကျောင်းတွေမှာ ဆရာ ဆရာမတွေ ရောက်ပေမယ့် ကလေးတွေ ကျောင်းမသွားကြတော့ဘူး။ လူတွေက တော်တော်ကို စိုးရိမ်နေကြတယ်” ဟု နေဘီဆိပ်ကျေးရွာသား ကိုမောင်အေးက ပြောသည်။

ရသေ့တောင်မြို့နယ် မယူကမ်း စေတီပြင်တိုက်နယ် ချွတ်ပြင်ကျေးရွာသား ဦးသန်းဌေးသည် မေယုတောင်အနီး ခရုကောက်သွားရာမှ ပျောက်ဆုံးနေသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကျေးရွာသားများ ပါဝင်သော
ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၃၀ ရက် နံနက်ပိုင်းမှ စတင်၍ မေယုတောင်ကြော ပတ်ဝန်းကျင်တစ်ဝိုက် လိုက်လံရှာဖွေခဲ့ရာ မွန်းလွဲပိုင်းတွင် အစွန်းရောက် အကြမ်းဖက်သမားများ ခိုအောင်းနေထိုင်ရန် ဆောက်လုပ်ထားသည့် မသင်္ကာဖွယ် တဲများ တွေ့ရှိခဲ့ပြီး တဲဆောက်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် လူအသုံးအဆောင် ပစ္စည်းများကို တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီမှ သတင်းထုတ်ပြန်ခဲ့သည်။

ရသေ့တောင်မြို့နယ် ချွတ်ပြင်ကျေးရွာနေ ဦးသန်းဌေး ၃၇ နှစ်သည် ဇူလိုင်လ ၂၇ ရက်နေ့ ကတည်းက ပျောက်ဆုံးသွားခြင်းဖြစ်ပြီး ယနေ့အထိ ရှာဖွေတွေ့ရှိခြင်း မရှိသေးကြောင်း သိရသည်။

Writer: သားရွှေဦး (ကစ္ဆပ)

Most Read

Most Recent