Galaxy Star Myanmar 2017 Winner ဆုရှင် နေမင်းအိမ်နှင့် တွေ့ဆုံခြင်း

Galaxy Star Myanmar 2017 Winner ဆုရှင် နေမင်းအိမ်နှင့် တွေ့ဆုံခြင်း
Published 6 September 2017

“ပြိုင်ပွဲပြီးသွားပေမယ့် နေမင်းအိမ်ဆိုတဲ့ နာမည်နဲ့ ကမ္ဘာ့အဆင့်ကို လျှောက်လှမ်းဖို့ဆိုတာ အတွေ့အကြုံကောင်းတွေ လိုပါသေးတယ်။ အဲဒီအတွက်လည်း အဆင်သင့်ဖြစ်နေပါပြီ”

 

ဆုကြေးငွေအမြင့်ဆုံး ပေးအပ်ခဲ့သည့် Galaxy Star Myanmar 2017သီချင်းဆိုပြိုင်ပွဲတွင် ကိုရီးယား Training Camp ကာလမှစတင်ကာ ပရိသတ် စတင်သတိထားမိစေခဲ့သူမှာ အသံအားကောင်းသည့်ပြိုင်ပွဲဝင် နေမင်းအိမ်ပင်ဖြစ်သည်။ K Pop ထိပ်တန်းအနုပညာရှင်များနှင့် Trainer များကပင် ချီးကျူးစကားများ ပြောကြားခဲ့ရသည့် ပြိုင်ပွဲဝင်နေမင်းအိမ်မှာ Top 10 Finalist များတွင် တစ်ဦးအဖြစ် Live ထုတ်လွှင့်ယှဉ်ပြိုင်မှုများတွင်လည်း ပရိသတ် အခိုင်အမာရရှိခဲ့သည်။ Galaxy Star Winner ဆုရှင် နေမင်းအိမ်နှင့်တွေ့ဆုံ၍ ပြိုင်ပွဲကာလအတွေ့အကြုံများ၊ ရှေ့ဆက်လုပ်ဆောင်သွားမည့် အနုပညာခရီးစဉ်များအကြောင်းအား မေးမြန်းဖြစ်ခဲ့ပါသည်။

 

မေး - Galaxy Star ကိုမပြိုင်ခင်မှာ သူငယ်ချင်းတွေနဲ့စုပြီး Rock Band တစ်ခုလုပ်ခဲ့ဖူးတယ်လို့ သိရတယ်လေ။ အဲဒီအတွေ့အကြုံကနေစပြီး ပြောပြပေးပါလား။

ဖြေ - Galaxy Star မပြိုင်ခင်မှာ ကျွန်တော်သီချင်းတွေဆိုဖို့ စပြီးပြင်ဆင်ခဲ့တာက ၂၀၁၁ အကုန် ၂၀၁၂ လောက်မှာပါ။ ကျွန်တော်တို့တက္ကသိုလ်က သူငယ်ချင်းတွေစုပြီး Band တစ်ခု ထောင်ဖြစ်ပါတယ်။ ရော့ခ်သီချင်းတွေဆိုဖြစ်သလို သီချင်းအေးလေးတွေလည်း ဆိုဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အတွက် လမ်းကြောင်းတစ်ခု၊ Supporting တစ်ခုရှိမှပဲ ဒီလမ်းကြောင်းကို ဆက်ပြီးလျှောက်လှမ်းနိုင်မှာဖြစ်တဲ့အတွက် သီချင်းဆိုပြိုင်ပွဲတွေ စပြီးပြိုင်ဖြစ်ခဲ့တယ်။ အဲဒီကနေကြာလာတဲ့အခါ သူငယ်ချင်းတွေကလည်း ကိုယ်ပိုင်အလုပ်တွေနဲ့ဖြစ်လာတော့ Band လေးကို ဆက်မလုပ်ဖြစ်တော့ဘဲ ဂီတလမ်းကြောင်းမှာ ကျွန်တော်တစ်ယောက်ပဲ ဆက်ပြီးလျှောက်လှမ်းဖြစ်ခဲ့တာပါ။

 

မေး - Galaxy Star ကို ပြိုင်မယ်ဆိုတဲ့အခါ ဒီပြိုင်ပွဲက အခွင့်အရေးတွေလည်းများတော့ ဘယ်လိုတွေအဓိက ပြင်ဆင်ခဲ့လဲ။

ဖြေ - ပြင်ဆင်မှုအနေနဲ့က တောက်လျှောက်သီချင်းတွေဆိုခဲ့တဲ့ အတွေ့အကြုံရယ်၊ သီချင်းဆိုပြိုင်ပွဲတွေမှာ ပြိုင်ခဲ့တဲ့အတွေ့အကြုံတွေရယ် စုခဲ့ပါတယ်။ ပြိုင်ပွဲတိုင်းတော့ နိုင်ခဲ့တာ မဟုတ်ပါဘူး။ ပြိုင်ပွဲတွေမှာကြုံခဲ့ရတဲ့ အားနည်းချက်၊ အားသာချက်တွေ၊ သင်ခန်းစာတွေကို သေချာမှတ်သားပြီးတော့မှ ဒီပြိုင်ပွဲကို ဝင်ပြိုင်ဖြစ်ခဲ့တာပါ။

 

မေး - ဒီပြိုင်ပွဲမှာ အဆင့်ဆင့်ရွေးချယ်မှုတွေ ပါဝင်တော့ ဘယ်လို အခက်အခဲတွေကြုံရတာမျိုး ရှိလဲ။

ဖြေ- ကျွန်တော့်အတွက် စိန်ခေါ်မှုဆိုရင်တော့ အင်္ဂလိပ်သီချင်းတွေပါ။ တခြားကျွန်တော်ပြိုင်ခဲ့ဖူးတဲ့ သီချင်းဆိုပြိုင်ပွဲတွေမှာဆိုရင် အင်္ဂလိပ်သီချင်းတွေနဲ့ပြိုင်ရတာ ရှားတယ်။ ပြိုင်ရမယ်ဆိုရင်တောင် တစ်ပွဲတစ်ပုဒ်ပေါ့နော်။ ဒီပြိုင်ပွဲမှာကတော့ စကြေညာကတည်းကလည်း World Star တစ်ယောက်ဖြစ်ဖို့ဆိုတော့ အဓိကစိန်ခေါ်မှုအနေနဲ့ အဲဒါကိုပြင်ဆင်ရတယ်။ တခြားလိုအပ်တဲ့ ပါဖောမန့်စ်ပိုင်းတွေကိုလည်း လေ့လာခဲ့ပါတယ်။

 

မေး - ကိုရီးယား Camp ကာလမှာ ကိုရီးယားက အနုပညာရှင်တွေက အနီးကပ် Training ပေးတယ်။ အကဲဖြတ်ပေးကြတဲ့အခါ နေမင်းအိမ်အတွက် ကောင်းမွန်တဲ့ Comment တွေ အများကြီး ရတယ်နော်။ အဲဒါတွေက ကိုယ့်ရဲ့စိတ်အတွက် ဘယ်လောက် ခွန်အားဖြစ်စေခဲ့လဲ။

ဖြေ - ကိုရီးယား Camp ကိုသွားတဲ့အချိန်မှာ ကျွန်တော်တို့ညီအစ်ကိုမောင်နှမတွေအားလုံးက စည်းကမ်းတကျနဲ့နေကြရတယ်။ ပြီးတော့ လေ့ကျင့်ချိန်တွေကလည်း အတိအကျပဲ။ သင်ကြားပေးတဲ့ဆရာမတွေကလည်း K Pop က Trainer ကောင်းတွေနဲ့ သင်ကြားခွင့်ရတယ်။ သူတို့ရဲ့သင်ကြားပြသမှုကြောင့်ရယ်၊ ကျွန်တော်တို့ဘက်ကလည်း စည်းကမ်းနဲ့အညီ လိုက်နာခဲ့မှုကြောင့်လို့ထင်ပါတယ်။

 

မေး - ကိုရီးယား Camp ကာလရဲ့ နောက်ဆုံးပြိုင်ပွဲမှာ 2 NE 1 က Mizzy ကရော၊ တေးရေးဆရာကပါ နေမင်းအိမ်ကို အရမ်းချီးကျူးကြတယ်နော်။ အဲဒီအတွက် ဘယ်လိုခံစားခဲ့ရလဲ။

ဖြေ - အဲဒီနေ့ရက်တွေမှာ ကျွန်တော်တို့မြန်မာနိုင်ငံက သွားတဲ့သူတွေအကုန်လုံး ကောင်းမွန်တဲ့ Comment  တွေကြားခဲ့ရပါတယ်။ ကျွန်တော်နဲ့ပတ်သက်ပြီး ကိုရီးယားဒိုင်နှစ်ဦးလုံးရဲ့ ကောင်းမွန်တဲ့သုံးသပ်ချက်တွေ ရခဲ့တာကိုလည်း အတိုင်းမသိ ဝမ်းမြောက်မိပါတယ်။ ကိုယ့် ကိုယ်ကိုယ်ကျေနပ်မိတာ တစ်ခုကတော့ K Pop Trainer  တွေ စိတ်တိုင်းကျလေ့ကျင့်နိုင်ခဲ့သလို ဒိုင်တွေအကုန်လုံးရဲ့ရင်ထဲရောက်အောင် ဖျော်ဖြေနိုင်ခဲ့တယ်လို့လည်းထင်တယ်။ အဲဒီအတွက်တော့ ကျေနပ်မိပါတယ်။

 

မေး -  Top 10 Finalist ထဲမှာ ယှဉ်ပြိုင်တဲ့အခါ ပရိသတ်တွေက အားပေးမှု အရမ်းများလာတယ်နော်။

ဖြေ - ဟုတ်ပါတယ်။ ကိုရီးယား Camp က ပြန်လာခဲ့ပြီးနောက်ပိုင်းမှာ ကျွန်တော့်ကို ပြည်တွင်းပြည်ပက အားပေးတဲ့ပရိသတ်တွေ အရမ်းများလာတယ်။ ကျွန်တော့်ကိုလည်း အများကြီး ပံ့ပိုးပေးခဲ့တဲ့သူတွေရှိပါတယ်။ သူတို့ပေးတဲ့စိတ်ခွန်အားနဲ့ ပွဲစဉ်တိုင်းမှာ အကောင်းဆုံးဖျော် ဖြေနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ သူတို့ရဲ့အားပေးမှုတွေက အရမ်းကိုအဓိကကျခဲ့ပါတယ်။

 

မေး - ဆုကြေညာတဲ့အချိန်မှာ အရမ်းအံ့အားသင့်သွားတာ တွေ့ရတယ်နော်။ အဲဒီအချိန်မှာ ခံစားရတာကိုလည်း ပြောပြပါဦး။

ဖြေ - နောက်ဆုံးအဆင့်ပြိုင်ပွဲနေ့က စိတ်လှုပ်ရှားနေခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ်လည်း သိသလို ပရိသတ်တွေလည်း သိမယ်လို့ထင်ပါတယ်။ ဘာလို့လဲဆိုတော့ အနိုင်ရဖို့၊ မရဖို့ထက် ဖျော်ဖြေလိုက်တဲ့ သီချင်းနှစ်ပုဒ်လုံးကို ပရိသတ်ကောင်းကောင်း နားထောင်ခွင့်မရမှာ စိုးရိမ်ပါတယ်။ အဲဒီနေ့က အားနည်းချက်နည်းနည်းလည်း ရှိခဲ့တယ်။ ဒီအတွက် စိတ်မကောင်းတော်တော်ဖြစ်ရပါတယ်။ အဲလိုအချိန်မှာ ဆုကြေညာလိုက်တော့ ကိုယ့်နာမည်ကိုကြေညာခံလိုက်ရတော့ ဝမ်းသာမိသလို ကျွန်တော်နဲ့ပြိုင်တဲ့ Key အတွက် စိတ်မကောင်းဖြစ်မိတယ်။ သူလည်း အရမ်းကောင်းခဲ့တယ်လေ။ စိတ်လှုပ်ရှားနေတာသိနေရက်နဲ့ ကျွန်တော့်ဘက်က အပြည့်အ၀ ရပ်တည်ခဲ့တဲ့ပရိသတ်အားလုံးကိုလည်း ဂါရဝပြုခဲ့ပါတယ်။ ဒါကြောင့်လည်း ရင်ထဲကလာတဲ့ ခံစားချက်ကို မဖုံးကွယ်ဘဲနဲ့ စင်ပေါ်မှာ ပရိသတ်အားလုံးကို ကန်တော့ခဲ့တာပါ။

 

မေး - မြန်မာဆိုတဲ့ ကိုယ်စားပြုအဆိုတော်တစ်ယောက်အနေနဲ့ နိုင်ငံတကာကိုသွားဖို့  အခွင့်အရေးပါတယ်ဆိုတော့ ပြိုင်ပွဲပြီးသွားပေမယ့် ပိုပြီးတာဝန်ကြီးလာမလား။

ဖြေ - ပြိုင်ပွဲပြီးသွားပေမယ့် နေမင်းအိမ်ဆိုတဲ့ နာမည်နဲ့ ကမ္ဘာ့အဆင့်ကို လျှောက်လှမ်းဖို့ဆိုတာ အတွေ့အကြုံကောင်းတွေ လိုပါသေးတယ်။ အဲဒီအတွက်လည်း အဆင်သင့်ဖြစ်နေပါပြီ။ ကြိုးစားပြီးပြင်ဆင်ရမှာတွေ အများကြီးရှိပါသေးတယ်။ ကြိုးစားပြင်ဆင်ဖို့အတွက်လည်း အဆင်သင့်ဖြစ်နေပါပြီ။ နိုင်ငံတကာ အလယ်မှာ မြန်မာက ဂုဏ်ယူရတဲ့လူ တစ်ယောက်ဖြစ်အောင် အကောင်းဆုံး ဆက်ပြီးကြိုးစားသွားမှာပါ။

 

မေး - မောင်လေးလိုပဲ ဂီတကိုဝါသနာပါတဲ့လူငယ်တွေအတွက် လက်ဆင့်ကမ်းချင်တဲ့ Message မျိုးရော ရှိလား။

ဖြေ - ကျွန်တော့်လိုပဲ ဂီတကိုဝါသနာပါတဲ့မောင်နှမတွေ၊ သူငယ်ချင်းတွေကိုပြောလိုတာက စိတ်ဓာတ်မကျပါနဲ့။ ကြိုးစားနေတဲ့အချိန်မှာ အခက်အခဲဆိုတာ အချိုးအကွေ့တိုင်းမှာရှိပါတယ်။ ရှုံးနိမ့်မှုကြုံခဲ့ရင်လည်း ဒါကဘဝမှာ အဆုံးသတ်သွားတာ မဟုတ်ပါဘူး။ အဲဒီအတွက် ပိုပြင်ဆင်ပြီး ထနိုင်အောင်ကြိုးစားရမယ်။ စိတ်ခွန်အားဖြစ်စေမယ့် စာများများဖတ်ရမယ်။ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့လည်း ဘုရားတရား လုပ်သင့်တယ်။ ကျန်းမာရေးလည်း လိုက်စားစေချင်ပါတယ်။ ဘဝမှာ လမ်းကြောင်းတစ်ခုပေါ် လျှောက်လှမ်းတော့မယ်ဆိုရင် စိတ်ဓာတ်မကျဘဲ  ပတ်ဝန်းကျင် ပြောစကားတွေအားလုံးကို မျက်ကွယ်ပြုပြီး ဆက်ကြိုးစားပါလို့။

 

မေး - ပရိသတ်တွေကို ပြောချင်တာများရှိဦးမလား။

ဖြေ - Galaxy Star ညီအစ်ကို မောင်နှမတွေအားလုံး ပရိသတ်တွေအတွက် မကြာခင်မှာ ဖျော်ဖြေရေးပွဲတွေ လာပါတော့မယ်။ အဲဒီကျရင်လည်း အားပေးကြပါဦးလို့။ ဆက်ကြိုးစားသွားမယ့် ဂီတလမ်းကြောင်းအတွက်လည်း ပရိသတ်အားပေးရကျိုးနပ်အောင် ကြိုးစားနေပါတယ်။ ပရိသတ်ရင်ထဲရောက်မယ့် ဂီတအနု ပညာတွေဖန်တီးဖို့ကြိုးစားရင်းနဲ့ ပရိသတ်အားလုံးကို ကန်တော့ပြီး ဂါရဝပြုလိုက်ပါတယ်။

 

 

Most Read

Most Recent