မြန်မာအမျိုးသားလေကြောင်းလိုင်း၏ CEO ဦးသန်းထွန်းနှင့် တွေ့ဆုံခြင်း

မြန်မာအမျိုးသားလေကြောင်းလိုင်း၏ CEO ဦးသန်းထွန်းနှင့် တွေ့ဆုံခြင်း
Published 27 August 2018

လေယာဉ်ငှားရမ်းခ၊ ဝယ်ငှားစနစ်အရ လစဉ်ပေးဆပ်ရငွေဟာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၃ သန်းခန့် ရှိတဲ့အတွက် နှစ်စဉ် မြန်မာကျပ် ၇၀ ဘီလျံကျော်ပေးဆပ်နေရတာ ဖြစ်ပါတယ်။ တကယ်လို့သာ နိုင်ငံတော်က လေယာဉ်တချို့ကို ဝယ်ပေးခဲ့မယ်ဆိုရင်. . .

 

မြန်မာနိုင်ငံ၏တစ်ခုတည်းသော နိုင်ငံပိုင်လေကြောင်းလိုင်းဖြစ်သည့် “မြန်မာအမျိုးသားလေကြောင်းလိုင်း” ကို ၁၉၄၈ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် “Union of Burma Airways” အမည်ဖြင့် စတင်တည်ထောင်ခဲ့ရာ ယခုနှစ်တွင်  နှစ် (၇၀) ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ မြန်မာအမျိုးသားလေကြောင်းသည်  အာရှပစိဖိတ်ဒေသတွင်  ဖိလစ်ပိုင်လေကြောင်းနှင့် Cathay Pacific လေကြောင်းလိုင်းတို့နောက် တတိယမြောက် သက်တမ်းအရင့်ဆုံး လေကြောင်းလိုင်းတစ်ခုလည်း  ဖြစ်ကြောင်းသိရသည်။ ၂၀၁၅ ခုနှစ် သြဂုတ်လမှစ၍ နိုင်ငံတကာသို့ စတင်ပြေးဆွဲခဲ့ရာ ယခုလတွင် သုံးနှစ်တိုင်ခဲ့ပြီဖြစ်ပါတယ်။ မြန်မာအမျိုးသားလေကြောင်းအဖြစ် ကုမ္ပဏီအသွင် ပြောင်းလဲဆောင်ရွက်ခဲ့ရာ ဝန်ထမ်းများ၏ အတွေးအခေါ်မှအစ နိုင်ငံတကာအဆင့်မီ လေကြောင်းလိုင်းအဖြစ် အဆင့်မြှင့်တင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရာမှာ ၂၀၁၅ ခုနှစ်မှာ နိုင်ငံတော်သမ္မတ၏ “စီးပွားရေးဆိုင်ရာ နိုင်ငံ့စွမ်းဆောင်ရည်ဆု” ရရှိခဲ့ပါသည်။ မြန်မာအမျိုးသားလေကြောင်း၏ နိုင်ငံတော်ဘဏ္ဍာ ပြင်ပစီးပွားရေးအဖြစ် ရပ်တည်ဆောင်ရွက်ရာတွင် ကြုံတွေ့ရ၊ ကျော်လွှားခဲ့ရသည့်အခက်အခဲများကို မြန်မာအမျိုးသားလေကြောင်းလိုင်း၏ စီအီးအိုဖြစ်သူဦးသန်းထွန်းနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

 

မေး     -         နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ်ကနေ နိုင်ငံတော်ဘဏ္ဍာပြင်ပ စီးပွားရေးလုပ်ငန်းတစ်ခု အဖြစ် အသွင်ကူးပြောင်းဆောင်ရွက်ခဲ့ပုံကို အရင်ဆုံး ပြောပြပေးပါ ။

ဖြေ      -         နိုင်ငံပိုင် စီးပွားရေးအဖွဲ့အစည်းတွေကို မိမိခြေထောက်ပေါ် မိမိရပ်တည်နိုင်ရေးအစီအမံရဲ့ Autonomous ကာလအဖြစ် ၂၀၁၂-၂၀၁၃ ခုနှစ်မှာ နိုင်ငံတော်က ဘတ်ဂျက်ကို အပြည့်မပေးတော့ဘဲ ၂၂ ရာခိုင်နှုန်း သာချပေးခဲ့ပါတယ်။ ၂၀၁၃-၂၀၁၄ ခုနှစ် မှာတော့ လုံးဝချမပေးတော့ဘဲ ဘတ်ဂျက် ပြင်ပအဖွဲ့အစည်းအဖြစ် စတင်ဆောင်ရွက်ခဲ့ပါတယ် ။ လေကြောင်းလိုင်းအမည်ကိုလည်း မြန်မာအမျိုးသားလေကြောင်းအဖြစ် မှတ်ပုံတင်ပြီး လေကြောင်းစီးပွားရေးလုပ်ငန်းလုပ်ကိုင်ခွင့်ကို MIC ခွင့်ပြုချက်လျှောက်ထား ရယူကာ စတင်ဆောင်ရွက်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာ မြန်မာအမျိုးသား လေကြောင်း ဥပဒေ၊ နည်းဥပဒေတွေရေးဆွဲပြဋ္ဌာန်းပြီး နိုင်ငံတကာဖွဲ့စည်းပုံအတိုင်း Board အဖွဲ့နဲ့ ဖွဲ့စည်းဆောင်ရွက်ခဲ့ပါတယ် ။

 

မေး     -         ကုမ္ပဏီအသွင်ကူးပြောင်းပြီးနောက်ပိုင်းမှာ မြန်မာအမျိုးသားလေကြောင်းလိုင်းရဲ့ရပ်တည်ရမှု အခြေအနေကိုပြောပြပေးပါ။

ဖြေ      -                  ၂၀၁၂-၂၀၁၃ ခုနှစ်မှာ နိုင်ငံတော် ပိုင်စီးပွားရေးအဖွဲ့အစည်းများအား မိမိခြေ ထောက်ပေါ် မိမိရပ်တည်နိုင်ရေး အစီအမံအရ အသွင်ကူးပြောင်းခြင်းကို အဆင့် (၄)ဆင့်ဖြင့် ပြောင်းလဲဆောင်ရွက်ခဲ့ရာမှာ မြန်မာအမျိုးသားလေကြောင်းက တတိယအဆင့် ဖြစ်တဲ့ Corporatization အဆင့်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ မြန်မာအမျိုးသားလေကြောင်းအနေနဲ့ အရင်က “မြန်မာ့လေကြောင်း” အမည်နဲ့ နိုင်ငံတော်ဘတ်ဂျက်အောက်မှာ ဆောင်ရွက်ခဲ့စဉ်က နိုင်ငံတော် မှတစ်နှစ်လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ ၁၄ သန်းခန့် ပံ့ပိုးပေးခဲ့ရပါတယ်။ ၂၀၁၃-၂၀၁၄ ခုနှစ်မှာ နိုင်ငံတော်ဘဏ္ဍာ ပြင်ပစီးပွား ရေးလုပ်ငန်းတစ်ခုအဖြစ် ကုမ္ပဏီအသွင်ဖွဲ့စည်းပြီး “မြန်မာအမျိုးသားလေကြောင်း” ဆိုတဲ့အမည်သစ်နဲ့ ပြည်တွင်း၊ ပြည်ပပြေးဆွဲနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါတယ်။ မြန်မာအမျိုးသားလေကြောင်းအနေနဲ့ နိုင်ငံတော်ဘတ်ဂျက်ပြင်ပကနေ ကုမ္ပဏီအသွင် ကူးပြောင်းဆောင်ရွက်ခဲ့ရာမှာ အရေးကြီးဆုံးနဲ့ ဦးစားပေးအဖြစ် ဝန်ထမ်းတွေရဲ့ Mind Set ကိုပြောင်းလဲရေးဆောင်ရွက်ခဲ့ရပါတယ်။ အရင်ဆောင်ရွက်ခဲ့တဲ့ Manual စနစ်ကနေ IT စနစ်ကိုပြောင်းလဲခဲ့ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ နိုင်ငံ့ဝန်ထမ်းတွေဖြစ်ပေမဲ့လည်း အချိန်တိုအတွင်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။  တစ်ပြိုင်တည်းမှာပဲ သက်တမ်းရင့် လေယာဉ်တွေနေရာမှာ GECAS ခေါ်တဲ့ အမေရိကန် GE ကုမ္ပဏီရဲ့ လေယာဉ်ငှားရမ်းရေး ကုမ္ပဏီခွဲကနေ ဘိုးရင်းလေယာဉ် ၁၀ စင်းကို လာ ရောက်ငှားရမ်းမြှုပ်နှံခဲ့ပါတယ်။ အခုအနေအထားမှာတော့ တစ်ပိုင်တစ်နိုင် လေးစင်း ငှားရမ်းထားပြီး ပြည်ပ ငါးမြို့နဲ့ ပြည်တွင်း ၂၈ မြို့ကို ပြေးဆွဲနေပါတယ်။ တစ်ချိန်တည်းမှာ Air Bus ရဲ့ ATR ကုမ္ပဏီကလည်း  ATR -72-600 လေယာဉ်ခြောက်စင်းကို ဝယ်ငှားစနစ်နဲ့ ကမ်းလှမ်းခဲ့ပြီး ရန်ကုန်လေဆိပ်မှာ ATR အကြီးစား အလုပ်ရုံတည်ထောင်ဖို့ ပံ့ပိုးကူညီပေးခဲ့ပါတယ်။

 

မေး     -         မြန်မာ အမျိုးသားလေကြောင်းလိုင်း အနေနဲ့ လေယာဉ်အသစ်တွေ ဝယ်ယူတဲ့နေရာမှာ အားနည်းချက်တွေ ရှိနေတယ်ဆိုတဲ့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရဲ့ အကြံပြုချက်အချို့နဲ့ ပတ်သက်ပြီး ဘာများပြောချင်ပါသလဲ။

ဖြေ      -         ပြည်ထောင်စုစာရင်းစစ်ချုပ်ရဲ့ အကြံပြုချက်ဖြစ်တဲ့ လေယာဉ်ဝယ်ယူရေးမှာ အားနည်းချက် ရှိနေတယ်ဆိုတဲ့အချက်ကို ရှင်းပြချင်ပါတယ်။ အရင်တုန်းက အမေရိကန်ရဲ့ စီးပွားရေး အရေးယူပိတ်ဆို့မှုကြောင့် အိမ်နီးချင်းနိုင်ငံ အစိုးရချေးငွေနဲ့ ခရီးသွား ပြည်သူတွေအတွက် MA-60 လေယာဉ်သုံးစင်းကို F-27 လေယာဉ်တွေနေရာမှာ အစားထိုးဖို့ ဝယ်ယူခဲ့တာဖြစ်ပါတယ်။ မြန်မာအမျိုး သားလေကြောင်းအနေနဲ့ ရှာဖွေရရှိတဲ့ဝင်ငွေရယ်၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်က ချေးငွေ ရယ်ပေါင်းပြီး ဒီလေယာဉ်သုံးစင်းအတွက် တိုးရင်းပေါင်း အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၅၈ သန်းကိုလည်း ပြန်ပေးဆပ်ခဲ့ပါတယ်။ ကျန်ငွေတွေကို နိုင်ငံတော်က ဆက်လက်တာဝန်ယူပေးခဲ့လို့ ကျေးဇူးလည်းတင်ရပါတယ်။ နိုင်ငံရပ်ခြားမှာ ဘဏ်စာရင်းတွေ ဖွင့်ရတာကတော့ ပြည်ပနိုင်ငံတွေကို ပျံသန်းဆင်းသက်တဲ့အခါ ဘဏ်စာရင်းဖွင့်ပြီးမှသာ ပျံသန်းဆင်းသက်ခွင့်ပြုတာကြောင့်ရယ်၊ တစ်ကမ္ဘာလုံးကို လက်မှတ်အရောင်းကိုယ်စားလှယ်တွေခန့်ပြီး လက်မှတ်ရောင်းချတာမို့ လက်မှတ်ဖိုးငွေတွေ၊ လေယာဉ်နိုင်ငံဖြတ်ကျော်ပံျသန်းခ၊ Landing Parking Charges , Ground handling Charges တွေ ပေးချေဖို့ ICH ( IATA Clearing House) Member လျှောက်ထားရယူပြီး Electronic Banking နဲ့ ပေးချေရတာမို့ ဖြစ်ပါတယ်။ နိုင်ငံ ၄၀ လောက်ရဲ့ ငွေကြေးနဲ့ လက်မှတ်ရောင်းချတာမို့ On Line ကနေ Credit Card နဲ့ ဝယ်တာမို့ မဖြစ်မနေ ဘဏ်စာရင်းဖွင့်လှစ်ရတာ ဖြစ်ပါတယ်။ အဲဒီနိုင်ငံမှာ ကုမ္ပဏီထောင်တာ၊ ဘဏ်စာရင်းဖွင့်တာတွေ လုပ်ပြီးမှ ပျံသန်းခွင့်ရဖို့ ဆက်လက်လုပ်ဆောင်ရတာမို့ဖြစ်ပါတယ်။ နောက်တစ်ချက်အနေနဲ့ မြန်မာအမျိုးသားလေကြောင်းလိုင်းရဲ့ ပုံသေပိုင်ပစ္စည်း တန်ဖိုးဟာ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ ၉၈ ဒသမ ၅၉ ဘီလျံကျပ်သာရှိတာကနေ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ လူသားအရင်းအမြစ်မပါ ၁၇၁ ဒသမ ၅၃ ဘီလျံအထိရှိလာတာမို့ နိုင်ငံတော်အနေနဲ့ ကျပ်ငွေ ၇၃ ဘီလျံအထိ တိုးမြှင့် ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ လစဉ် လေယာဉ်ငှားရမ်းခ၊ ဝယ်ငှားစနစ်အရ လစဉ်ပေးဆပ်ရငွေဟာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၃ သန်းခန့် ရှိတဲ့အတွက် နှစ်စဉ် မြန်မာကျပ် ၇၀ ဘီလျံ ကျော်ပေးဆပ်နေရတာ ဖြစ်ပါတယ်။ တကယ် လို့သာ နိုင်ငံတော်က လေယာဉ်တချို့ကို ဝယ်ပေးခဲ့မယ်ဆိုရင် လေကြောင်းဝင်ငွေကနေ နိုင်ငံတော်ဘတ်ဂျက်ကို ဖြည့်ဆည်းပေးနိုင်မှာတောင် ဖြစ်ပါတယ်။

 

မေး     -         လက်ရှိမှာပျံသန်းနေတဲ့ မြန်မာအမျိုးသားလေကြောင်းလိုင်းရဲ့ ပြည်တွင်းပြည်ပခရီးစဉ်တွေနဲ့ တိုးချဲ့ပျံသန်းမယ့် ခရီးစဉ်တွေရှိရင်လည်း ပြောပြပေးပါ။

ဖြေ      -         မြန်မာအမျိုးသားလေကြောင်းအနေနဲ့ ပြည်တွင်း ၂၈ မြို့ ၊ ပြည်ပနိုင်ငံအနေနဲ့ ဟောင်ကောင်၊ စင်ကာပူ၊ ဘန်ကောက်၊ ချင်းမိုင်၊ ဖူးခက်၊ ဗုဒ္ဓဂယာအပြင် နိုင်ငံတော်က ခရီးသွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဗီဇာဖြေလျှော့မှုတွေကြောင့် တရုတ်ခရီးသွား ကုမ္ပဏီများနဲ့ ချိတ်ဆက်ပြီး တရုတ်နိုင်ငံချန်ဒူးမြို့ကို တိုးချဲ့ပျံသန်းပြေးဆွဲဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။

 

မေး     -         မြန်မာအမျိုးသားလေကြောင်းလိုင်း အနေ နဲ့ နိုင်ငံတကာကို ထိုးဖောက်ဖို့ ကြိုးစားတဲ့နေရာမှာ ကြုံတွေ့ရတဲ့အခက်အခဲတွေက ဘာများဖြစ်မလဲရှင်။

ဖြေ      -         နိုင်ငံတကာကို ထိုးဖောက်ဖို့အဓိက ရင်ဆိုင်ရတဲ့ အခက်အခဲကတော့ မိမိလိုချင် တဲ့ဆင်းသက်ချိန် Slot Time ရရှိရေးဖြစ်ပါတယ်။ နိုင်ငံတကာ ဈေးကွက်ကိုစရိတ်နည်း လေကြောင်းလိုင်းတွေနဲ့ရော Premium လေကြောင်းလိုင်းတွေနဲ့ပါ နှစ်မျိုးစလုံးရဲ့ကြားကနေ ထိုးဖောက်ဖို့ ကြိုးစားရတာ ဖြစ်ပါတယ်။

 

မေး     -         လက်ရှိပျံသန်းနေတဲ့ ပြည်တွင်းလေကြောင်းလိုင်းတွေထဲမှာ လေယာဉ်အစင်းရေအများဆုံးနဲ့ ခရီးသည်ရရှိမှု အများဆုံးဖြစ်နေတဲ့ မြန်မာအမျိုးသားလေကြောင်းလိုင်းအနေနဲ့ နိုင်ငံတကာဈေးကွက်ကို ထိုးဖောက်နိုင်ဖို့၊ ဈေးကွက်မှာဦးဆောင်နိုင်ဖို့ ပြင်ဆင်မှုတွေဟာ အခြားပြည်တွင်းလေကြောင်းလိုင်းတွေနဲ့ ယှဉ်ပြိုင်မှုကို ပိုပြီးပြင်းထန်စေမယ်လို့ ယူဆပါသလား။

ဖြေ      -         မြန်မာ အမျိုးသားလေကြောင်းဟာ ၂၀၁၅ ခုနှစ်မှာခရီးသည်ငါးသိန်း၊ ၂၀၁၆ ခုနှစ်မှာခရီးသည်တစ်သန်း၊ ၂၀၁၇ ခုနှစ်မှာ ခရီးသည် ၁ ဒသမ ၅ သန်းရရှိခဲ့ပြီးတော့ အခု ၂၀၁၈ မှာ နှစ်သန်းရမယ်လို့ မျှော်မှန်းထားပါတယ်။ CAPA အဖွဲ့အစည်းရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ဆင်းသက်တဲ့ နိုင်ငံတကာက လေကြောင်းလိုင်း ၂၈ လိုင်းမှာ မြန်မာအမျိုးသားလေကြောင်းရဲ့ ခရီးသည်ရရှိမှု Seat Capacity ဟာ တတိယအများဆုံး ရရှိတဲ့အနေအထားဖြစ်ပါတယ်။ မြန်မာ အမျိုးသားလေကြောင်းလိုင်းဟာ IOSA Certificate ရရှိရေး ကြိုးပမ်းမှုကြောင့် အာမခံငွေ အများကြီးသက်သာတဲ့ အကျိုးကျေးဇူးရရှိသလို နိုင်ငံတကာလေကြောင်းလိုင်းကြီးတွေနဲ့ Interline , Code Share ချိတ်ဆက်ပျံသန်းဖို့  အကျိုးကျေးဇူးတွေရလာမှာလည်း ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း  ATR လေယာဉ်ပြင်အလုပ်ရုံအတွက် EASA approved ATR MRO လက်မှတ်ကို လာမယ့် စက်တင်ဘာလကုန်မှာ ရတော့မှာဖြစ်လို့ အခြားဝင်ငွေများလည်း တိုးတက်ရရှိလာမှာ ဖြစ်ပါတယ်။ မြန်မာအမျိုးသားလေကြောင်း အနေနဲ့ကတော့ အခြား ပြည်တွင်းက ဘယ်လေကြောင်းကိုမှ ပြိုင်ဆိုင်မှုမရှိပါဘူး။ မိမိကိုယ်ပဲ မိမိယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။ အခြား ပြည်တွင်း လေကြောင်းလိုင်းတွေကို ညီနောင်လေကြောင်းလိုင်းများအဖြစ် သဘောထားပါတယ်။ တတ်နိုင်သမျှ ကူညီမှုတွေ ဆောင်ရွက်ပေးခဲ့သလို နောင်ကိုလည်း ကူညီပေးသွားဖို့ အသင့်ဖြစ်ပါတယ်။

Most Read

Most Recent