လူမင်းနှင့် တွေ့ဆုံခြင်း

လူမင်းနှင့် တွေ့ဆုံခြင်း
Published 22 April 2018

အနုပညာလောကမှာ အောင်မြင်တဲ့ အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်နေသူတွေထဲမှာ အကယ်ဒမီလူမင်းလည်း အပါအဝင်ဖြစ်ပါတယ်။ သရုပ်ဆောင်တစ်ဦးအနေနဲ့ အောင်မြင်မှုတွေရရှိထားတဲ့ လူမင်းက ဒါရိုက်တာတစ်ဦးအဖြစ်လည်း အနုပညာဖန်တီးမှုတွေကို လုပ်ဆောင်တတ်သူတစ်ဦးပါ။ ဧပြီ ၁၇ ရက် (မြန်မာနှစ်ဆန်းတစ်ရက်နေ့) ကစပြီး မြန်မာနိုင်ငံတစ်ဝန်းက ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသထားတဲ့ ‘Reflection’ ရောင်ပြန်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားက မြန်မာရုပ်ရှင်လောကအတွက် ထူးခြားတဲ့ဇာတ်ကားတစ်ကားဖြစ်နေပြီး အဲဒီကားကိုဖန်တီးပုံဖော်ထားတဲ့ ဒါရိုက်တာလည်းဖြစ်တဲ့ လူမင်းနဲ့ တွေ့ဆုံခိုက် လတ်တလော အနုပညာလှုပ်ရှားမှုတွေနဲ့ Reflection ဇာတ်ကားနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကို မေးမြန်းဖြစ်ခဲ့ပါတယ် . . .

■ မေး - လက်ရှိမှာ ပရိသတ်တွေရဲ့ အားပေးမှုရရှိနေတဲ့ Reflection (ရောင်ပြန်) ဇာတ်ကားကို လက်ခံရိုက်ကူးဖြစ်ခဲ့တဲ့ အကြောင်းလေးကို သိပါရစေ။
ဖြေ - တီတီ(ပြေတီဦး)နဲ့ အူဝဲ(အိန္ဒြာကျော်ဇင်)တို့ရဲ့ သုဒြာထုတ်လုပ်ရေးအတွက် အူဝဲကိုယ်တိုင်က ဒီဇာတ်ကားလေးကို သူ့စိတ်ကူးရှိတာလေးကို ရိုက်ချင်တယ်ဆိုပြီး ကမ်းလှမ်းလာခဲ့တာပါ။ ဒီဇာတ်လမ်းကို ဖတ်ကြည့်တဲ့အခါ ဒီဇာတ်က ဇာတ်လမ်းအသားပေးမဟုတ်ပဲ တင်ဆက်မှုကို ဦးစားပေးတဲ့ ဇာတ်လမ်းမျိုးဖြစ်နေတယ်။ ဒါကြောင့် တင်ဆက်မှုပိုင်းအတွက် လိုအပ်တာတွေကိုပြောတယ်။ အဲဒါတွေ ရအောင်လုပ်ပေးနိုင်ရင် ဒီဇာတ်ကားကို ရိုက်မယ်ဆိုတဲ့အခါ သူတို့ဘက်ကလည်း အားလုံးကို ပြည့်စုံအောင် ဖြည့်ဆည်းပေးမယ်ဆိုတဲ့အတွက် လက်ခံရိုက်ကူးဖြစ်ခဲ့တာပါ။

■ မေး - Reflection ဇာတ်ကားက အမျိုးသမီးဇာတ်ဆောင်တွေချည်းပါတဲ့ အက်ရှင်နဲ့ဖက်ရှင် ဦးစားပေး ဇာတ်လမ်းမျိုးဖြစ်တဲ့အတွက် အစ်ကို့အနေနဲ့ ရိုက်ကူးမှုပိုင်းမှာ ဘယ်လိုစိန်ခေါ်မှုတွေ အခက်အခဲတွေရှိခဲ့လဲ။
ဖြေ - ဘယ်လိုဇာတ်ကားမျိုးပဲဖြစ်ပါစေ။ အစ်ကို့အတွက်တော့ အမြဲတမ်းစိန်ခေါ်မှုတွေ ရှိပါတယ်။ ဒီဇာတ်ကားအတွက် လိုအပ်တာတွေကို ထုတ်လုပ်သူတွေနဲ့ တိုင်ပင်တောင်းဆိုတယ်။ သူတို့ဘက်ကလည်း ဖြည့်ဆည်းပေးတဲ့အတွက် တကယ်ရိုက်တဲ့အခါမှာ အခက်အခဲဆိုတာတော့ သိပ်မရှိပါဘူး။ ဒါပေမဲ့ အက်ရှင်ဇာတ်ကားဖြစ်ပြီး ပါဝင်ကြတဲ့ မင်းသမီးတွေက အက်ရှင်ကို သိပ်ပြီး ပိုင်ပိုင်နိုင်နိုင် မရိုက်ဖူးကြတဲ့ အချောအလှတွေဖြစ်ပေမယ့် တိုက်ခိုက်တဲ့နေရာတွေမှာ အတတ်နိုင်ဆုံး လူစားမထိုးဘဲ သူတို့အတွက်လည်း အဆင်ပြေမယ့် ပုံစံမျိုးဖြစ်အောင် သေချာစဉ်းစားရတယ်။ ဒီကြားထဲမှာ သူတို့ဘက်ကလည်း ဖက်ရှင်ပိုင်းကို တစ်စက်ကလေးမှာ လျှော့မပေးနိုင်ကြဘူးဆိုတော့ ကိုယ့်ဘက်က တိုက်ခိုက်ရေးပိုင်းတွေမှာ သေချာလေးအဆင်ပြေအောင် စဉ်းစားပြင်ဆင်ရတာတော့ရှိပါတယ်။ ဒါပေမဲ့ သူတို့တွေဘက်ကလည်း ခက်ခက်ခဲခဲနဲ့ အပင်ပန်းခံပြီး သေချာကြိုးစားထားကြပါတယ်။

■ မေး - Reflection ဇာတ်ကားနဲ့ပတ်သက်ပြီး ဖန်တီးသူတစ်ယောက်အနေနဲ့ ဘယ်လိုအရာတွေကို စိုးရိမ်ခဲ့သလဲ။
ဖြေ - ဒီဇာတ်ကားက ကိုယ့်ရဲ့သရုပ်ဆောင်မှုမပါဘဲ ဒါရိုက်တာအနေနဲ့ ထုတ်လုပ်ရေးဘက်က ပံ့ပိုးမှုကောင်းတွေနဲ့ သွားနေကျမဟုတ်တဲ့ လမ်းကြောင်းတစ်ခုကို ကိုယ့်ရဲ့ရှိပြီးသား အောင်မြင်မှု နာမည်နဲ့အရှိန်အဝါကိုတော့ ရင်းပြီး ရိုက်ကူးခဲ့တဲ့ဇာတ်ကားပါ။ ကိုယ့်အနေနဲ့ရော ထုတ်လုပ်သူတွေနဲ့ ပါဝင်ကြတဲ့ အနုပညာရှင်တွေအားလုံးက ပရိသတ်အတွက် စေတနာတစ်ခုကို အရင်းခံပြီး အကောင်းဆုံး ကြိုးစားခဲ့ကြတဲ့ဇာတ်ကားပါ။ အဲဒီအတွက် ဇာတ်ကားနဲ့ပတ်သက်ပြီး စိုးရိမ်စိတ် လုံးဝမရှိပဲ ကိုယ့်ဘက်က ရာနှုန်းပြည့်နီးပါး စိတ်ကျေနပ်မှုရှိပေမဲ့ ပရိသတ်တွေအတွက်တော့ ကြည့်နေကျမဟုတ်ဘဲ ကွဲနေမယ့် ဇာတ်ကားတစ်ကားဖြစ်တာကြောင့် ရုံတင်တဲ့အခါမှာတော့ ကြိုက်မှကြိုက်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်ရှိခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီစိုးရိမ်မှုတွေက နှစ်ဆန်း ၁ ရက်နေ့ ရုံတင်တဲ့အချိန်မှာ တစ်ခဲနက်အားပေးကြတဲ့ ပရိသတ်တွေကြောင့် ပြေပျောက်ခဲ့ရပါပြီ။

■ မေး - လက်ရှိမှာ အစ်ကိုလုပ်ဖြစ်နေတဲ့ အနုပညာလှုပ်ရှားမှုတွေကိုလည်း သိပါရစေ။
ဖြေ - လက်ရှိမှာ ကိုဇော် (အရုဏ်ဦး) နဲ့ ဇာတ်ကားရိုက်ကူးနေပါတယ်။ အဲဒီဇာတ်ကားကို သြင်္ကန်တွင်းမှာပဲ ရန်ကုန်မှာရော မန္တလေးမှာပါ သွားရောက်ရိုက်ကူးခဲ့ပါတယ်။ လက်ရှိမှာ ပြင်ဦးလွင်မှာ ရိုက်နေပြီး ကလောဘက်ကို ဆက်သွားဖို့ရှိပါတယ်။ ဒီဇာတ်ကားပြီးရင်လည်း နောက်ထပ်ရုပ်ရှင် ဇာတ်ကားတစ်ကား ဆက်ရိုက်သွားဖို့ရှိပါတယ်။ နောက်ပြီး အကိုအတွက် မှတ်မှတ်ရရဖြစ်စေတဲ့ ရုပ်ရှင်ကားကြီးတွေဖြစ်တဲ့ ‘နို့ဘီလူး’၊ ‘ပန်းဒေါင်း’ စတဲ့ဇာတ်ကားတွေကိုလည်း ဒီနှစ်ပိုင်းထဲမှာပဲ ရုံတင်ဖို့ရှိပါတယ်။

■ မေး - သုဒြာထုတ်လုပ်ရေးနဲ့လက်တွဲပြီး ဆက်လုပ်မယ့် အနုပညာလှုပ်ရှားမှုတွေရှိရင်လည်း သိချင်ပါတယ်။
ဖြေ - သုဒြာထုတ်လုပ်ရေးအတွက် နောက်ထပ်ဇာတ်ကားတစ်ကား ရိုက်ကူးပေးဖို့ရှိပါတယ်။ အဲဒီဇာတ်ကားကတော့ အချစ်နဲ့ ဒရမ်မာဇာတ်လမ်းပါ။ ပြေတီဦးနဲ့ ရွှေမှုန်ရတီတို့ အဓိကပါဝင်သရုပ်ဆောင်မှာပါ။ အဲဒီဇာတ်ကားကို အောက်တိုဘာလလောက်မှာ ရိုက်ကူးဖို့ စီစဉ်ထားပါတယ်။

■ မေး - Reflection ဇာတ်ကားကို အားပေးတဲ့ပရိသတ်တွေကို ပြောချင်တဲ့စကားရှိရင်။
ဖြေ - အားပေးကြတဲ့ ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ပါတယ်။

Most Read

Most Recent