ဇွဲပြည့်နှင့် တွေ့ဆုံခြင်း

ဇွဲပြည့်နှင့် တွေ့ဆုံခြင်း
Published 8 April 2018

ဂီတအနုပညာရပ်ဝန်းမှာ ‘အပြည်ပြည်ဆိုင်ရာ အသည်းကွဲသောနေ့’ တေးစီးရီးနဲ့အတူ ပရိသတ်တွေရဲ့အားပေးမှုရရှိခဲ့တဲ့ အဆိုတော်ဇွဲပြည့်တစ်ယောက် သူ့ရဲ့ဒုတိယမြောက် တစ်ကိုယ်တော်စီးရီးဖြစ်တဲ့ ‘ခိုလှုံရာ’ တေးစီးရီးနဲ့လည်း နေရာတစ်ခုကို ရရှိထားခဲ့ပြီဖြစ်ပါတယ်။ ဂီတမှာသာမက သရုပ်ဆောင်တစ်ဦးအဖြစ်ပါ ပရိသတ်တွေက သူ့ကိုမြင်တွေ့လာရပြီဖြစ်ပါတယ်။ ‘မကြီးစန်းနဲ့ ချစ်သူများ ဗီဒီယိုဇာတ်ကားမှာ ဧည့်သည်သရုပ်ဆာင်အဖြစ် ပါဝင်ထားသလို ‘အပြည်ပြည်ဆိုင်ရာ အသည်းကွဲသောနေ့’ ဗီဒီယိုဇာတ်ကားမှာ ခေါင်းဆောင်မင်းသားအနေနဲ့ ရိုက်ကူးခဲ့သူပါ။ ‘ပန်းနှစ်ပွင့်စီချင်း’ ရုပ်သံဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင်ထားတဲ့ ဇွဲပြည့်ရဲ့ ပထမဆုံးရုပ်ရှင် ‘သရဲဆိုတာ ချို(ဂျို)နဲ့လားဟေ့’ ကို ဧပြီ ၆ ရက်ကစလို့ မြန်မာနိုင်ငံတစ်ဝန်းမှာ ရုံတင်ပြသနေပြီး တတိယမြောက် တစ်ကိုယ်တော်စီးရီးသစ်ကိုလည်း ပြင်ဆင်နေတဲ့ဇွဲပြည့်နဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ် . . .

■ မေး - ‘သရဲဆိုတာ ချို(ဂျို)နဲ့လားဟေ့’ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ဖြစ်ခဲ့တဲ့တာကို အရင်သိပါရစေ။
ဖြေ - ‘သရဲဆိုတာ ချို(ဂျို)နဲ့လားဟေ့’ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ဖို့ကို အန်တီအိအိခိုင်က ကိုဟဲလေးကနေတစ်ဆင့် ဆက်သွယ်ကမ်းလှမ်းခဲ့တာပါ။ အဲဒီလို ကမ်းလှမ်းလာတဲ့အခါ ကိုဟဲလေးကိုယ်တိုင်က ကျွန်တော့်ကို သရုပ်ဆောင် အလုပ်တွေပါလုပ်ဖို့ အားပေးတိုက်တွန်းခဲ့တယ်။ အဲဒီအတွက်လည်း ကိုဟဲလေးကို ကျေးဇူးအများကြီးတင်ပါတယ်။ ဒီဇာတ်ကားက ကျွန်တော့်ရဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးဖြစ်သလို သရုပ်ဆောင်အနုပညာအလုပ်ကို ပထမဆုံးအကြိမ် စလုပ်ဖြစ်ခဲ့တာလည်းဖြစ်ပါတယ်။

■ မေး- ကိုယ့်အတွက် ပထမဆုံးဇာတ်ကားအဖြစ် ကမ်းလှမ်းခံရတာက ရုပ်ရှင်ဇာတ်ကားကြီးဖြစ်နေတော့ ဘယ်လိုခံစားခဲ့ရလဲ။
ဖြေ - အဲဒီလိုကမ်းလှမ်းခံရကတည်းက အရမ်းကိုပျော်နေခဲ့မိတယ်။ နောက်ပြီး ရင်လည်းခုန်တယ်။ ကျွန်တော်ဒီဇာတ်ကားကို လက်ခံရိုက်ကူးပါ့မယ်လို့ ဒါရိုက်တာကို ဆက်သွယ်ကတိပေးပြီးတဲ့ အချိန်ကစလို့ ၁၀ ရက် ၁၅ ရက်လောက်က ကျွန်တော့်မှာ ညဆိုလည်း ကောင်းကောင်းအိပ်မပျော်ဘူး။ နေ့ဘက်ဆိုလည်း ဒီဇာတ်ကားရိုက်ဖို့အတွက်ကိုပဲ စိတ်ကရောက်နေတယ်။ ကိုယ့်အနေနဲ့ ဒီသရုပ်ဆောင်အလုပ်ကို လုပ်မှလုပ်နိုင်ပါ့မလား၊ တကယ်ရောဖြစ်နိုင်ပါ့မလား ကိုယ့်ကိုကိုယ် အကြိမ်ကြိမ်မေးပြီး စဉ်းစားနေခဲ့မိတယ်။ အဲဒီအချိန်တုန်းက ကိုယ်က ကင်မရာကြောက်နေသေးတယ်။ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့လည်း အတွေ့အကြုံကမရှိသေးဘူး။ ပြီးတော့ ကိုယ့်ရဲ့ပထမဆုံးဇာတ်ကားမှာ အတူတွဲဖက်သရုပ်ဆောင်မယ့် သူတွေကလည်း ကိုရန်လေး (ရန်အောင်) တို့ မမို့(မို့မို့မြင့်အောင်) တို့ဖြစ်နေတဲ့အခါ ပိုပြီးတော့လန့်သွားတယ်။ အဆင်ပြေပါ့မလားဆိုတာကလည်း အရမ်းစိုးရိမ်ခဲ့တယ်။

■ မေး - ဇွဲပြည့်အတွက် ‘သရဲဆိုတာ ချို(ဂျို)နဲ့လားဟေ့’ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးဖို့အတွက် ဘယ်လိုတွေပြင်ဆင်ခဲ့ရလဲ။ ရိုက်ကူးစဉ်မှာရော ဘယ်လိုအခက်အခဲတွေကြုံခဲ့ရလဲ။
ဖြေ - ဒီဇာတ်ကားမရိုက်ခင်တည်းက ကျွန်တော်နဲ့ ယမင်းမေဦးတို့နှစ်ယောက်ကို အန်တီအိအိခိုင်ကခေါ်ပြီး ဇာတ်ဝင်ခန်းတွေအတွက် စကားပြောတွေ၊ သရုပ်ဆောင်တွေကို လေ့ကျင့်ပေးတယ်။ ဇာတ်ကားကိုနယ်မှာ သွားရိုက်တာဆိုတော့ အပြင်မှာရိုက်ကူးရတဲ့ ဇာတ်ဝင်ခန်းတွေမှာ လူတွေက ဝိုင်းအုံကြည့်နေပြီး ကိုယ်ကလည်း ကင်မရာကိုကြောက်နေတဲ့အခါမျိုးတွေက အရမ်းအခက်အခဲဖြစ်ခဲ့ပါတယ်။ နောက်ပြီး ကျွန်တော်က စကားနည်းနည်းထစ်တတ်တဲ့အခါကျတော့ အခက်အခဲလေးတွေလည်းရှိခဲ့တယ်။ ရိုက်ပြီး အက်ရှင်စဆိုတာနဲ့ ကိုယ့်ဘက်က အမှားစလုပ်မိပြီပဲ။ ဒါပေမဲ့ ကိုယ့်ဘက်က အလုပ်အပေါ်မှာ စိတ်သေချာနှစ်ပြီး အာရုံထားကြိုးစားတယ်။ ဒါရိုက်တာကရော ပါဝင်ကြတဲ့အနုပညာရှင်တွေ အားလုံးကလည်း ကျွန်တော်တို့တွေအပေါ်မှာ သေချာနားလည်မှုပေးပြီး သင်ပြပြောပြပေးကြတယ်။ အဲဒီအတွက် ကိုယ့်ဘက်က အခက်အခဲဆိုတာတွေကို ဖြတ်ကျော်နိုင်ခဲ့ပါတယ်။

■ မေး - အနုပညာအလုပ်တွေကို စပြီးလုပ်ခဲ့တုန်းကရော ဇွဲပြည့်အနေနဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ဖို့ဆိုတဲ့ စိတ်ကူးရည်ရွယ်ချက်တွေရှိခဲ့လား။
ဖြေ - ကျွန်တော့်ကိုယ်ကျွန်တော် သရုပ်ဆောင်တစ်ဦးဖြစ်လိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။ ကျွန်တော့်ရည်ရွယ်ခဲ့တာက ပရိသတ်တွေအတွက် စင်ပေါ်မှာ သီချင်းတွေအများကြီး သီဆိုဖျော်ဖြေနိုင်တဲ့ အဆိုတော်တစ်ယောက်။ ပရိသတ်တွေချစ်ခင်တဲ့ အဆိုတော်တစ်ယောက်ဖြစ်ဖို့ကိုပဲ ကျွန်တော့်ရည်ရွယ်ခဲ့တာပါ။ သရုပ်ဆောင်အလုပ်ဆိုတာကတော့ ကျွန်တော့်အတွက် နောက်ထပ်ရရှိလာတဲ့ အနုပညာလမ်းကြောင်းတစ်ခု အနုပညာအလုပ်တွေ လုပ်ကိုင်ဖို့အတွက် နောက်ထပ်အခွင့်အရေးတစ်ခု ဖြစ်လာခဲ့တာပါ။

■ မေး - ဂီတနဲ့ပတ်သက်ပြီး လုပ်ဖြစ်နေတဲ့ အနုပညာလှုပ်ရှားမှုတွေကိုလည်း သိပါရစေ။
ဖြေ - ကျွန်တော့်ရဲ့ တတိယမြောက် တစ်ကိုယ်တော်တေးစီးရီးသစ်ကို အသံသွင်းယူမှုတွေ လုပ်နေပါတယ်။ လောလောဆယ်တော့ သီချင်းကိုးပုဒ်လောက် အသံသွင်းပြီးပါပြီ သီချင်းတွေနောက်ထပ်ဆက်ပြီး အသံသွင်းတာတွေ လုပ်ပြီးတော့မှပဲ သီချင်းတွေ ပြန်ရွေးပြီးထည့်ဖို့ စီစဉ်ထားပါတယ်။ တတိယမြောက် တစ်ကိုယ်တော်တေးစီးရီးမှာတော့ လူငယ်ဆန်တဲ့သီချင်းလေးတွေ သီချင်းအမြူးလေးတွေကို ပိုပြီးထည့်ဖို့စီစဉ်ထားပါတယ်။ ဂီတအမျိုးအစားကတော့ ကျွန်တော်ဆိုနေကျ ပေါ့ပ်သီချင်းတွေအပြင် ဒီဂျေနဲ့ အီလက်ထရိုပုံစံလေးတွေနဲ့ R&B ပုံစံလေးတွေထည့်ထားတယ်။ သီချင်းမြူးမြူးလေးတွေ လူငယ်ဆန်တဲ့ သီချင်းစာသားလေးတွေကို ပိုပြီးရွေးချယ်ဖို့ စီစဉ်နေတာပါ။ ခုချိန်မှာတော့ ကျွန်တော့်အနေနဲ့ ဂီတအလုပ်တွေကိုပိုပြီး ဦးစားပေးလုပ်ဖြစ်နေပါတယ်။

■ မေး - ‘သရဲဆိုတာ ချို(ဂျို)နဲ့လားဟေ့’ ရုပ်ရှင်ကိုလာကြည့်မယ့် ပရိသတ်တွေအတွက် ပြောချင်တာရှိရင်။
ဖြေ - ဒီဇာတ်ကားလေးက လူငယ်ပရိသတ်တွေအတွက် အဓိကရည်ရွယ်တယ်လို့ ထင်ပါတယ်။ သရဲဇာတ်ကားဆိုပေမယ့်လည်း တကယ်မှာတော့ ချစ်စရာကောင်းတဲ့ ဇာတ်လမ်းပုံစံလေးဖြစ်အောင် တင်ဆက်ထားတဲ့ ဇာတ်ကားဖြစ်သလို ဒီဇာတ်ကားလေးကြည့်ပြီးရင်လည်း ရင်ထဲမှာ တစ်ခုခုတော့ကျန်နေမယ်လို့ ထင်ပါတယ်။ လာပြီး ကြည့်ရှုအားပေးဖို့ ဖိတ်ခေါ်ပါတယ်။

■ မေး - ဇွဲပြည့်ရဲ့ သြင်္ကန်အစီအစဉ်နဲ့ ပရိသတ်တွေအတွက် နှစ်သစ်ဆုတောင်းစကားလေး။
ဖြေ - ဒီနှစ်သြင်္ကန်မှာ ကျွန်တော်ထားဝယ်မှာရှိမှာပါ။ ပရိသတ်တွေနှစ်သစ်မှာ အန္တရာယ်ကင်းကင်းနဲ့ ပျော်ရွှင်ကြပါစေလို့ ဆုတောင်းပေးပါ။

Most Read

Most Recent