တေးသံရှင် G - Fatt နှင့် တွေ့ဆုံခြင်း

တေးသံရှင် G - Fatt နှင့် တွေ့ဆုံခြင်း
Published 4 March 2018

ဂီတကိုဝါသနာကြီးလွန်းကာ မိမိဝါသနာပါရာ ဂီတခရီးလမ်းပေါ် လျှောက်လှမ်းနိုင်ရန် အခက်အခဲများကြားမှ ကြိုးစားလျှောက်လှမ်းခဲ့သူတစ်ဦးမှာ လူငယ်တေးသံရှင် G - Fatt  ဖြစ်သည်။ ‘၈ ရက် ၈ လ ၈ နာရီ’ ၊ ‘ပြည်ပသို့ပေးစာ’ သီချင်းများမှစတင်ကာ ပရိသတ်အခိုင်အမာရရှိခဲ့သူ တေးသံရှင် G - Fatt  သည် ‘ဂျင်’ ပထမဆုံး တစ်ကိုယ်တော်စီးရီးဖြင့်လည်း ပရိသတ်အခိုင်အမာ ရရှိခဲ့သူဖြစ်သည်။ တေးသံရှင် G - Fatt ၏ ဒုတိယမြောက် တစ်ကိုယ်တော်တေးစီးရီး ‘120/B ’ ကို မတ် ၂ ရက်တွင်စတင်ဖြန့်ချိခဲ့ပြီး ပရိသတ်များနှင့်တွေ့ဆုံပွဲအား Junction City တွင် ပြုလုပ်ခဲ့ရာ၌လည်း ပရိသတ်အပြည့်အလျှံ အားပေးခဲ့ကြပြန်သည်။ ဝါသနာပါရာဂီတခရီးကို ခိုင်မာသောခြေလှမ်းများဖြင့် လျှောက်လှမ်းလျက်ရှိသည့် တေးသံရှင် G - Fatt ၏ အသစ်ထွက်ရှိလာသည့် 120/B တေးစီးရီးအတွင်း ပြောင်းလဲထားသည့် ဂီတဖန်တီးမှုများ၊ ဘဝဖြတ်သန်းမှုကိုပြန်လည် ပုံဖော်ထားသည့် မြတ်သူပြောတဲ့ G - Fatt အကြောင်းသီချင်း၊ မှတ်တမ်းပုံဖော်မှုများဖြင့် ပရိသတ်များအားတင်ဆက်မည့် G - Fatt သီချင်းမှတ် တမ်းဗီဒီယိုစသည့် အကြောင်းအရာများအား တေးသံရှင် G - Fatt နှင့်တွေ့ဆုံမေးမြန်း ဖြစ်ခဲ့ပါသည်။

 

■ မေး - အခုထွက်လာတဲ့ 120/ B အခွေက ဂျင်အခွေနဲ့ဆိုရင် ဘယ်လိုတွေဖန်တီးမှု ကွာခြားသွားမလဲ။

■ ဖြေ- 120 / B ကကျတော့ ဂျင်အခွေနဲ့ဆိုရင် အကြောင်းအရာပိုင်းတွေ၊ စာသားပိုင်းတွေ၊ Music style တွေပြောင်းသွားပါတယ်။ ထူးထူးခြားခြားအနေနဲ့ အခွေထဲကနောက်ဆုံး သီချင်းလေးကတော့ ကျွန်တော်ဆိုနေကျ ဟစ်ဟော့ပ်စတိုင်လ်မျိုးမဟုတ်ဘဲ တခြားပုံ စံသစ်တစ်ခုအနေနဲ့ ဖန်တီးထားပါတယ်။ ကိုယ်လုပ်ချင်ရာ လုပ်ထားတဲ့ပုံစံလေးပေါ့။ အခွေထဲမှာ ထည့်မထည့်စဉ်းစားရင်းနဲ့ကြိုက်တာကြောင့် ထည့်ဖြစ်ပါတယ်။ အဲဒီတစ်ပုဒ်ကတော့ music style ကွဲပြားတယ်။ ကျန်တာကတော့ လုပ်နေကျပုံစံတွေပါပဲ။

■ မေး - ဘဝအကြောင်းတွေကို သီချင်းအဖြစ် ဖန်တီးတတ်တဲ့ G - Fatt အနေနဲ့ဒီအခွေမှာရော ဘယ်လိုအကြောင်းအရာတွေပါလဲ။

■ ဖြေ - အစုံပဲပါပါတယ်။ အချစ်အကြောင်းတော့ နည်းသွားတယ်။ နှစ်ပုဒ်သုံးပုဒ်လောက်ပဲ အချစ်အကြောင်းပါတယ်။ ဒီအခွေလုပ်နေတဲ့ကာလမှာ အသည်းကွဲတဲ့ဖီလင်တွေ ဘာတွေလည်း မရှိတဲ့အခါကျတော့ ဂျင်အခွေထဲက ဒီနေ့လိုသီချင်းမျိုးကို ထပ်ဖန်တီးဖို့ အရမ်းခက်ပါတယ်။ အဲဒီထဲမှာ ဇာတ်ကောင်တစ်ခုခုကို အရမ်းစိတ်ဆိုးစိတ်နာတဲ့ mood တစ်ခုခုကို အတင်းဝင်ခံစားကြည့်ပြီး ဖန်တီးထားတာ တစ်ပုဒ်တော့ပါတယ်။ သီချင်းထဲက အတိုင်းဖြစ်နေတာနဲ့တော့ ဘာမှတော့ မဆိုင်ဘူး။ တစ်ဖက်သတ်စိတ်နာနေတဲ့ လူငယ်တစ်ယောက်ရဲ့ ခံစားချက်ကို ဇွတ်ဝင်ခံစားထားတဲ့ နာရတဲ့ကဗျာဆိုတဲ့သီချင်းပါတယ်။ အကယ်၍ လက်ထပ်ကြတဲ့အခါဆိုတဲ့ အချစ်သီချင်းနဲ့မမဆိုတဲ့ သီချင်းလေးပါတယ်။ အကယ်၍လက်ထပ်ကြတဲ့အခါကတော့ ကိုယ့်ရဲ့အနာဂတ်လေးကို စိတ်ကူးယဉ်ပြီး ရေးထားတာလေးပါ။ အချစ်သီချင်းသုံးပုဒ်ပါ ပါတယ်။ ကျွန်တော်က သီချင်းတွေကို လက်တွေ့ဆန်ဆန်ရေးတတ်တော့ ပရိသတ်တွေကိုကြိုပြီး ရှင်းပြချင်ပါတယ်။ နာရတဲ့ကဗျာ သီချင်းကအပြင်က အကြောင်းမဟုတ်ပါဘူး။ ဝင်ခံစားကြည့်ပြီးရေးဖြစ်တာပါ။

■ မေး - 120/B ဆိုတဲ့ နာမည်ကို ပေးဖြစ်တာကရော။

■ ဖြေ - အဲဒီနာမည်နဲ့သီချင်းက မပါပါဘူး။ 120 / B ဆိုတာက ရှစ်တန်းနှစ်လောက်က ရောင်းလိုက်ရတဲ့ အိမ်နံပါတ်နဲ့ခြံလေးပါ။ ဒီအိမ်လေးကို ချစ်လို့ ဒီနာမည်နဲ့အခွေထုတ် ဖြစ်တာပါ။ ဒီအိမ်ထဲကကလေးလေးက အခုထွက်လာပြီးတော့ ပရိသတ်တွေကို သီချင်းတွေ ဆိုပြနေတယ်ဆိုတဲ့ အရာမျိုးလေးလုပ်ထားတာပါ။ 120/ B က သီချင်းတော့ရှိတယ်။ ဒီအခွေထဲမှာ မထည့်ထားတာပါ။ documentary ဆန်ဆန်လေးရိုက်ပြီး ထည့်ချင်တာကြောင့် မထည့်ထားတာပါ။

■ မေး - 120 / B သီချင်းကို documentary ရိုက် မယ်ဆိုတော့ ဘယ်လိုဖန်တီးသွားမှာလဲ။

■ ဖြေ - ကျွန်တော်ငယ်စဉ်ကတည်းက ဖြတ်သန်းခဲ့တဲ့နေ့ရက်တွေ၊ အိမ်ကိုရောင်းလိုက်ရတဲ့ နေ့ရက်တွေအကြောင်းကို ရေးသားခံစားပြီး ပုံဖော်သွားမှာပါ။

■ မေး - ဒီအိမ်နဲ့ပတ်သက်တဲ့ အမှတ်တရတွေ အများကြီးရှိခဲ့မှာပေါ့။

■ ဖြေ - ငယ်ငယ်ကတည်းကလည်း နေခဲ့တာဆိုတော့ သံယောဇဉ်ရှိတာပေါ့။ ကိုယ်သိတတ်တဲ့အချိန်မှာ ဒီအိမ်မှာ မနေရတော့ဘူးဆိုတော့ စိတ်မကောင်းဖြစ်ရတယ်။ တစ်ချိန်မှာသာ အခွင့်အရေးရှိခဲ့မယ်ဆိုရင် ဒီအိမ်လေးမှာ ပြန်နေချင်ပါတယ်။

■ မေး - ချစ်သူနန်းဆုရတီစိုးနဲ့ပတ်သက်လို့ သီးခြားရေးဖြစ်တဲ့ သီချင်းရောဒီအခွေမှာပါလား။

■ ဖြေ - အကယ်၍ လက်ထပ်ကြတဲ့အခါတို့ မမတို့ သီချင်းတွေကတော့ သူနဲ့ပတ်သက်ပြီး စိတ်ကူးပြီး ရေးဖြစ်ခဲ့တာပါ။ နာရတဲ့ကဗျာကတော့ ကျွန်တော်တို့နဲ့မဆိုင်ပါဘူး။ ဒီအတိုင်း ဖန်တီးပြီးရေးလိုက်ရတဲ့ သီချင်းပေါ့။ ဒါပေမဲ့ အဲဒီသီချင်းလေးကို ကျွန်တော်တကယ် အားရပါတယ်။ ပရိသတ်တွေလည်း ကြိုက်မယ်လို့ထင်ပါတယ်။

■ မေး - မြတ်သူပြောတဲ့ G - Fatt အကြောင်း သီချင်းကရော ဘယ်လိုဖန်တီးဖြစ်ခဲ့တာလဲ။

■ ဖြေ - ကျွန်တော့်ဘဝအကြောင်းကို ဓူဝံကြယ်မှာ တစ်ခါရေးဖူးတယ်။ အဲဒါကတော့ မိသားစုဆန်တယ်။ အခုမြတ်သူကပြောတဲ့ G - Fatt  အကြောင်းကတော့ ရက်ပ်ပါပိုဆန်တယ်။ ကျွန်တော်အမြဲတမ်း သူငယ်ချင်းတွေနဲ့ စကားပြောဖြစ်ရင် အရင်မြတ်သူနဲ့မတူတော့ဘူး ဆိုပြီးပြောကြတယ်။ အဲဒါကြောင့် သူငယ်ချင်းတွေကို သိစေချင်တာတွေရော၊ ကျွန်တော် G - Fatt  ဆိုပြီးဖြစ်လာဖို့ ဘယ်သူတွေက ပံ့ပိုးပေးခဲ့တယ်ဆိုတာကို ပရိသတ်တွေကို သိစေချင်တာကြောင့် ရေးဖြစ်တာပါ။

■ မေး - အခက်အခဲတွေ၊ အတိုက်အခိုက်တွေအများကြီး ကြုံခဲ့ရတယ်ဆိုတော့ အခုအချိန်မှာရော တိုက်ခိုက်ခဲ့သူတွေကို တစ်ခုခုပြန်ပြောချင်တာမျိုးရှိလား။

■ ဖြေ - အသံမကောင်းတဲ့သူကို သီချင်းမဆိုနဲ့ လို့တော့ပြောကြမှာပဲလေ။ ကျွန်တော့်ကိုလည်း တွေ့တဲ့သူတိုင်းက သီချင်းပဲရေးစား၊ အဆိုတော်မလုပ်နဲ့လို့ အမြဲပြောကြတယ်။ အခုလည်း အောင်မြင်နေတာလားဆိုတော့ အဲဒီလိုလည်းမဟုတ်ပါဘူး။ ကိုယ်ဆိုနေတဲ့ သီချင်းလေးကို ပရိသတ်တွေကြိုက်တယ်ဆိုတဲ့ အဆင့်ပဲရှိပါသေးတယ်။ ကျွန်တော်အများကြီး တည်ဆောက်ရပါဦးမယ်။ ပေဖြစ်တုန်းကခံခဲ့ရသမျှကို တူဖြစ်တဲ့အချိန်မှာ လက်စားချေဖို့ ဘယ်တော့မှမတွေးပါဘူး။

■ မေး - ပထမခွေထွက်တုန်းက ခံစားချက်နဲ့ အခုဒုတိယ ခွေထွက်တဲ့ခံစားချက်က ဘာကွာခြားလဲ။

■ ဖြေ - ပထမခွေထွက်တုန်းက ကြောက်တယ်။ အခုလည်း မကြောက်ဘူးလားဆိုတော့ ပိုတောင်ကြောက်နေသေးတယ်။ ဒါပေမယ့် ကျွန်တော့်တစ်ယောက်တည်း ခံစားချက်အရ ပြောရရင် 120/B ကို ပိုအားရတယ်။ မြတ်သူအနေနဲ့ပြောရရင် ဂျင်အခွေက G - Fatt ထက် 120 /B က G - Fatt ကိုပိုကြိုက်တယ်။

■ မေး - Frenzo အနေနဲ့ဖျော်ဖြေပွဲတွေ ရှိဦးမလား။

■ ဖြေ - Frenzo အနေနဲ့က သြင်္ကန်ရန်ကုန်မှာ ရှိပါမယ်။

Most Read

Most Recent