Snare အဖွဲ့မှ တေးသံရှင်နေဝင်းနှင့် တွေ့ဆုံခြင်း

Snare အဖွဲ့မှ တေးသံရှင်နေဝင်းနှင့် တွေ့ဆုံခြင်း
Published 13 February 2018

Snare အဖွဲ့မှ တေးသံရှင်နေဝင်းနှင့် တွေ့ဆုံခြင်း

‘၃၉ ဗိုက်ပူ’ ၊ ‘Danger’ စသည့်တေးသီချင်းများဖြင့် ပရိသတ်အခိုင်အမာရရှိသွားပြီးနောက် အောင်မြင်သည့် ဟစ်ဟော့ပ်တေးသီချင်းများစွာအား ဖန်တီးခဲ့သည့် Snare အဖွဲ့သည် ဖေဖော်ဝါရီ ၁၂ ရက်တွင် တတိယမြောက်အယ်လ်ဘမ် ‘ပူးတွဲချန်ပီယံ’ အား ဖြန့်ချိခဲ့ပြီး ဖြစ်သည်။ မတူကွဲပြားသည့် ဂီတဖန်တီးမှုများ၊ စာသားအကြောင်းအရာများအား ဖန်တီးထည့်သွင်းထားသည်။ အဖွဲ့တစ်ခုအဖြစ် ခိုင်ခိုင်မာမာလက်တွဲထားဆဲဖြစ်ကာ မတ်လလယ်တွင်လည်း Snare One Band Show ကို မန္တလေးမြို့၌ ကျင်းပရန် စီစဉ်ထားပြန်သည်။ Snare အဖွဲ့ဝင်တစ်ဦးဖြစ်သည့် တေးသံရှင်နေဝင်းနှင့် တွေ့ဆုံဖြစ်သည့်အခိုက် ပူးတွဲချန်ပီယံ တေးအယ်လ်ဘမ်သစ်အကြောင်း၊ One band show အကြောင်းနှင့် အဖွဲ့တစ်ဖွဲ့အဖြစ်အချိန်ကြာမြင့်စွာ ရပ်တည်ထားနိုင်သည့် အကြောင်းအရာများအား မေးမြန်းဖြစ်ခဲ့ပါသည်။

 

■ မေး -Snare အဖွဲ့ရဲ့ ပူးတွဲချန်ပီယံအခွေကို ပြင်ဆင်ခဲ့ရတဲ့အပိုင်းလေးတွေ အရင်ဆုံးသိချင်ပါတယ်။

■ ဖြေ - ကျွန်တော်တို့ Snare ရဲ့တတိယမြောက် အယ်လ်ဘမ်ပါ။ ပြင်ဆင်ချိန်က နှစ်နှစ်လောက်ရှိပါပြီ။ အခွေသစ်မထွက်ဖြစ်တာ ငါးနှစ်လောက်ကြာပြီးမှ ထွက်ဖြစ်တဲ့အခွေပေါ့။ ဘကြီးဖြိုးနဲ့ ဦးနေဝင်းအခွေထွက်ပြီး နောက်တစ်ရက်မှာ ရန်ကုန်မှာ Snare One Band Show လုပ်ဖြစ်ခဲ့တယ်။ အဲဒီပွဲကို Live Show ခွေထုတ်ဖို့ အရင်ပြင်ဆင်ခဲ့တာပေါ့။ Live Show ခွေထုတ်မယ်ဆိုတော့လည်း သီချင်းဟောင်းတွေပဲဖြစ်နေမှာစိုးတော့ ဒီအခွေပဲအရင် ထုတ်ဖြစ်သွားတာပါ။

■ မေး - ဒီအခွေမှာ သီချင်းရေးသား ဖန်တီးမှုအပိုင်းမှာရော ဘယ်လိုပြောင်းလဲမှုတွေရှိလဲ။

■ ဖြေ - ဒီအခွေမှာ အရင်ထွက်တဲ့ခွေနဲ့ နှစ်တော်တော်လေးခြားသွားပြီဆိုတော့ ရေးဖြစ်တဲ့စာသားတွေ၊ အယူအဆတွေ၊ အတွေး အခေါ်တွေ၊ ဆိုဖြစ်တဲ့ Flow တွေ၊ Music ဖန်တီးမှုတွေ နည်းနည်းပြောင်းသွားတယ်။ Idea ကတော့ မျိုးစုံပဲပေါ့။ အလွမ်းအဆွေး၊ အပျော်တွေလည်းပါတယ်။ Party Life တွေပါတယ်။ သူငယ်ချင်း၊ ပိုက်ဆံစသဖြင့် အကြောင်းအရာစုံတယ်။ တစ်ခွေလုံးက ကျွန်တော်တို့ပဲရေးတာပါ။ Featuring တွေက သူတို့ဆိုမယ့်အပိုဒ်ကို သူတို့ရေးပါတယ်။

■ မေး -Featuring တွေကရော ဘယ်သူတွေပါလဲ။

■ ဖြေ -Featuring တွေက စိုင်းစိုင်း၊ G – Fatt ၊ ဘန်နီဖြိုး၊ အမရာဖုန်း၊ မိုးမိုး၊ မိစန္ဒီ၊ အောင်သူ၊ G – Family ပါပါတယ်။

■ မေး -Title ကို ပူးတွဲချန်ပီယံလို့ ပေးဖြစ်တာကရော။

■ ဖြေ - မြန်မာနိုင်ငံက အဖွဲ့တွေထဲမှာ သက်တမ်းအရှည်ဆုံးထဲမှာ ပါတယ်။ တောက်လျှောက်လည်း အကွဲအပြဲမရှိဘဲ ဒီနေ့အထိ ယုံယုံကြည်ကြည်နဲ့ သူငယ်ချင်းနှစ်ယောက်စလုံး လက်တွဲလာတဲ့အတွက် ကိုယ့်ဘာသာ ပူးတွဲချန်ပီယံဆိုပြီး ပေးဖြစ်တာပါ။

■ မေး - ဖြတ်သန်းလာတဲ့ ဂီတခရီးလမ်းတစ်လျှောက် ကြုံခဲ့ရတဲ့စိန်ခေါ်မှုတွေ၊ အတွေ့အကြုံတွေကိုရော ဒီအခွေမှာသီချင်းအနေနဲ့ ထည့်ဖြစ်တာမျိုးရှိလား။

■ ဖြေ - ထူးထူးခြားခြားတော့ မရှိပါဘူး။ သူများကိုပုတ်ခတ်ပြီး စောင်းမြောင်းပြောဆိုတာမျိုးလည်းမပါဘူး။ ငါးနှစ်ကြာသွားတဲ့ အချိန်အတွင်းမှာ အတွေ့အကြုံတွေ၊ အလေ့အထတွေ ပြောင်းသွားတယ်။ အဲဒီအပြောင်းအလဲတွေပေါ် မူတည်ပြီး ဖန်တီးထားတာပါ။

■ မေး - အယ်လ်ဘမ်ထွက်တဲ့နေ့မှာ ပရိသတ်တွေနဲ့ တွေ့ဆုံဖြစ်ခဲ့တာကိုလည်း ပြောပြပါဦး။

■ ဖြေ - ကျွန်တော်တို့ ဖေဖော်ဝါရီ ၁၂ ရက်မှာ Junction Square Outdoor Area မှာ အခွေဝယ်တဲ့သူတွေကို အမှတ်တရ လက်မှတ်ထိုးပေးဖြစ်တယ်။ ဓာတ်ပုံရိုက်တဲ့ အစီအစဉ်တွေ လုပ်တယ်။ ပြီးတော့ ဖျော်ဖြေရေးတွေ လုပ်ဖြစ်ပါတယ်။

■ မေး - Snare One Band Show လုပ်ဖို့ အစီအစဉ် ရှိတယ်ဆို။

■ ဖြေ - ရန်ကုန်မှာကတော့ သြင်္ကန်ပြီးမှပဲ လုပ်ဖြစ်ပါမယ်။ ၁၀ တန်းစာမေးပွဲအပြီးမှာတော့ မန္တလေးမှာလုပ်ဖို့ စီစဉ်ထားပါတယ်။ အကြမ်းဖျင်းတော့ မတ် ၁၈  ရက်လို့မှန်းထားတယ်။ အခွေသစ်လည်း ထွက်ပြီးပြီဆိုတော့ အခွေသစ်ထဲက သီချင်းတွေလည်းဖျော်ဖြေမယ်။ သီချင်းဟောင်းတွေနဲ့လည်း ဖျော်ဖြေဖို့စိတ်ကူးထားတယ်။

■ မေး - One Band Show မလုပ်ဖြစ်တာနည်း နည်းကြာသွားပြီဆိုတော့ ဘယ်လိုတွေ ပြောင်းလဲပြင်ဆင်သွားမလဲ။

■ ဖြေ - ကျွန်တော်တို့ သီချင်းတွေကတော့ ရပြီးသားပါပဲ။ လာကြည့်တဲ့ ပရိသတ်တွေကျေနပ်ပြီး ပျော်ရွှင်ဖို့ကိုပဲ စဉ်းစားပါတယ်။ မလုပ်ဖြစ်တာ အချိန်နည်းနည်းဟသွားတယ်ဆိုတော့ ရင်တော့ခုန်တာပေါ့။

■ မေး - ပထမတစ်ကြိမ်လုပ်ခဲ့တုန်းကလည်း သူငယ်ချင်းတွေအများကြီးက လာပြီးဖျော်ဖြေပေးကြတယ်ဆိုတော့ အခုပွဲမှာရော အဲဒီလိုမျိုးတွေပါနိုင်လား။

■ ဖြေ - ဟုတ် ပါပါမယ်။ Frenzo Artist တွေ အကုန်ပါမယ်။ ကျွန်တော်တို့နဲ့ တွဲဆိုထားတဲ့ သူငယ်ချင်းတွေ၊ အနုပညာညီအစ်ကိုမောင်နှမတွေ အကုန်လုံးပါပါမယ်။

■ မေး - Frenzo Tour အနေနဲ့ နောက်ထပ်ဖျော် ဖြေရေးတွေ ရှိမလား။

■ ဖြေ - သြင်္ကန်မှာလည်း ဆိုဖို့စီစဉ်ထားတယ်။ သြင်္ကန်မတိုင်ခင်တောင်ကြီးမှာ Frenzo အုပ်စုအနေနဲ့ ရှိုးဆိုဖို့ရှိပါမယ်။ နောက်ထပ်ပွဲတွေလည်း ရှိဦးမှာပါ။

■ မေး -Snare အဖွဲ့အနေနဲ့ အခုလိုခိုင်ခိုင်မာမာ လက်တွဲနိုင်တဲ့အကြောင်းရင်း ဆိုရင်ရောဘာဖြစ်မလဲ။

■ ဖြေ - ကျွန်တော်တို့က စီးပွားရေးအရအဖွဲ့ ဖွဲ့ထားတာလည်းမဟုတ်သလို မင်းမိုက်တယ်၊ ငါမိုက်တယ်ဆိုပြီး ဖွဲ့ထားတာလည်း မဟုတ်ဘူး။ ငယ်ငယ်ကတည်းက သီချင်းအတူဆိုလာတဲ့ သူငယ်ချင်းတွေ။ အဲဒါကြောင့်လည်း အခုချိန်ထိလက်တွဲဖြစ်တာပါ။ သူငယ်ချင်းဖြစ်တဲ့အတွက် တစ်ယောက်အကြောင်းလည်းတစ်ယောက် ခရေစေ့တွင်းကျ အကုန်သိနေတာပါ။ ထွေထွေထူးထူး လက်တွဲထားတယ်လို့တော့ မရှိဘူး။ သူငယ်ချင်းတွေဆိုတော့ တစ်ယောက်ကိုတစ်ယောက်က နားလည်ပြီးသားပဲလေ။

■ မေး - တစ်ယောက်တည်း အခွေထွက်ဖို့ စီစဉ်နေတာကရော။

■ ဖြေ - အဲဒါက လိုပါသေးတယ်။ Snare အနေနဲ့ အခွေထွက်မယ်။ ပြီးရင် ကျွန်တော်တို့ဖျော်  ဖြေရေးတွေ လုပ်မယ်ပေါ့နော်။ တစ်ယောက် တည်းထွက်မယ်ဆိုတာက ကိုယ့်တစ်ယောက်တည်းနဲ့ ပရိသတ်တွေကြားက အမှတ်တရအနေနဲ့ သေချာအချိန်ယူပြီး လုပ်မှာပါ။ နေဝင်းတစ်ယောက်တည်းအနေနဲ့ပေါ့။ ဖြိုးလေးလည်း တစ်ယောက်တည်း အမှတ်တရအနေနဲ့ လုပ်ဖို့ရှိတယ်။ Snare အနေနဲ့ကတော့ အနုပညာအလုပ်တွေ အဓိကလုပ်နေမှာပါ။ တစ်ယောက်တည်းအနေနဲ့ အယ်လ်ဘမ်ကတော့ အချိန်ရရင်ရသလို လုပ်ဖြစ်တယ်။ ဒါပေမဲ့ အချိန်ယူရဦးမှာပါ။ အဓိကတော့ ပရိသတ်တွေနဲ့ အမှတ်တရတစ်ခုအဖြစ် လုပ်ချင်တာပါ။

■ မေး - ဇာတ်ကားရိုက်ဖို့စီစဉ်ပြီးခါမှ မရိုက်ဖြစ်ခဲ့ဘူးဆိုတော့ အခွင့်အရေးရခဲ့မယ်ဆိုရင် ထပ်ရိုက်ချင်လား။

■ ဖြေ - အဲဒီတုန်းက ကျွန်တော်ဆေးရုံတက်လိုက်ရလို့ မရိုက်ဖြစ်လိုက်ဘူး။ ကျွန်တော် လုပ်ကြည့်ချင်တဲ့စိတ်တော့ ရှိပါတယ်။ ကျွန်တော် စိတ်ကျေနပ်စရာဖြစ်မယ့် ဇာတ်လမ်းမျိုးဆိုရင်တော့ လုပ်ဖြစ်မှာပါ။ အများကြီးတော့လည်း မလုပ်ချင်ဘူး။

■ မေး - ဒီအခွေလေးနဲ့ပတ်သက်လို့ ပရိသတ်ကိုပြောချင်တဲ့ စကားလက်ဆောင်များရှိမလား။

■ ဖြေ - ကျွန်တော်တို့အခွေကို မြည်းစမ်းကြည့်ပါ။ ပြောပါ။ ဝေဖန်ပါ။ ကျွန်တော်တို့လက်ခံပါတယ်။ ပရိသတ်အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်။

Most Read

Most Recent