အနုပညာရှင် ဒိန်းပိုပိုဒေါင်နှင့် တွေ့ဆုံခြင်း

အနုပညာရှင် ဒိန်းပိုပိုဒေါင်နှင့် တွေ့ဆုံခြင်း
Published 2 February 2018

Photo - Myat Noe Oo Facebook

ဗေဒင်လာမေးဖူးသူ အမျိုးသမီးများ၏ အရှက်သိက္ခာထိပါးအောင်၊ ကာယိအိန္ဒြေပျက်စီးအောင် လက်ရောက်မှုကျုးလွန်တာကြောင့် စမ်းချောင်းမြို့မရဲစခန်းတွင် “မိန်းကလေးတစ်ဦး၏ ကာယိအိန္ဒြေပျက်စီးစေရန် လက်ရောက်ကျူးလွန်မှု (ပ) ၄၄/ ၂၀၁၈၊ ပုဒ်မ ၃၅၄”  ဖြင့် ကိုးထပ်ကြီးဘုရားဝင်းအတွင်း ဖွင့်လှစ်ထားတဲ့ အောင်ချစ်ပို ဗေဒင်ဟောခန်းမှ ဗေဒင်ဆရာ အောင်ချစ်ပိုမှာ လက်ရှိတွင် အမှုဖွင့်ခံထားရကြောင်း သိရသည်။ အမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ဗေဒင်ဆရာအောင်ချစ်ပိုထံတွင် ဗေဒင်မေးမြန်းဖူးသူဖြစ်ဖူးခဲ့ပြီး ဗေဒင်ဆရာအောင်ချစ်ပိုက မိန်းကလေးတစ်ဦး၏ ကာယိအိန္ဒြေပျက်စီးစေရန် လက်ရောက်ကျူးလွန်မှုဖြစ်စဉ် ကြုံတွေ့ခံရခဲ့သည့် အနုပညာရှင် ဒိန်းပိုပိုဒေါင်နှင့် ဖြစ်စဉ်အပေါ် တွေ့ဆုံမေးမြန်းခဲ့ပါသည်။ ဒိန်းပိုပိုဒေါင်မှာ  Myat Noe Oo အကောင့်အမည်ဖြင့် Facebook သုံးစွဲသူဖြစ်ပြီးတော့ ကိုးထပ်ကြီးဘုရားဝင်းအတွင်းက ဗေဒင်ဆရာ အောင်ချစ်ပိုအကြောင်း ရေးခဲ့တဲ့ပို့စ်မှာ ဗေဒင်ဆရာအောင်ချစ်ပိုကို “နှာဘူး၊ တဏှာရူး” ဆိုတဲ့ အသုံးအနှုန်းမျိုးနဲ့ ကိုယ်တွေ့ဖြစ်စဉ် ပြန်လည်ရေးသားခဲ့တာကြောင့် လူသိများတဲ့ Comment ပိုင်ရှင်လည်း ဖြစ်သည်။ ၎င်းနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များမှ အချို့အား ကောက်နုတ်ဖော်ပြအပ်ပါသည်။

ဆရာကို ထိခိုက်မှာစိုးလို့ တပည့်ဘက်ကနေ ဝင်နာပေးတာတွေရှိတယ်။ ဘယ်သူ့ကိုမှ ပြောတာတော့ မဟုတ်ပါဘူး။

ညီမ အခုပြောတဲ့စကားတွေကလည်း မှန်ကန်တယ်ဆိုတာကို ၁၀၀ ရာခိုင်နှုန်း ထောက်ခံတယ်’

 

■ မေး - ဗေဒင်ဆရာအောင်ချစ်ပိုရဲ့ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ကိစ္စနဲ့ပတ်သက်ပြီး Comment ဝင်ရေးဖြစ်တဲ့အကြောင်းကို အရင်ဆုံးသိချင်ပါတယ်။

■ ဖြေ - ဒီကိစ္စကို မေ့လည်းမေ့နေပြီ။ ဟိုနေ့ကမှ အစ်မတစ်ယောက်က ဗေဒင်ဆရာနဲ့ပတ်သက်ပြီး တင်ထားတာတွေ့တော့ ဝင်ကြည့်တာမှာ အောက်ကလည်း မိန်းကလေးအများစုက အတွင်းကျကျ သူတို့ခံရတာတွေကို ရေးကြတာကိုတွေ့တယ်။ ညီမက အရမ်း မခံမရပ်နိုင် ဖြစ်ခဲ့တယ်။ အဲဒီလူရဲ့အကောင့်ကို Screen Shot ရိုက်ပြီးတင်ထားတော့ ဝင်ကြည့်တာ မဟုတ်သလိုလိုနဲ့ မိန်းကလေးတွေကို တရားစွဲမယ်ဆိုပြီး ရေးထားတာတွေ့တော့ တော်တော်ဒေါသထွက်သွားတယ်။ ပထမရက်က အကောင့်ကို Deactivate လုပ်တယ်။ နောက်တော့ ပြန်ပေါ်လာတယ်။ အမှုဖွင့်ပါတယ်။ အသရေဖျက်မှုနဲ့ဆိုတော့ အဲဒီအောက်မှာ ညီမ လွန်ခဲ့တဲ့ခြောက်နှစ်က ဖြစ်ခဲ့တာတွေကိုဝင်ပြီး Comment ရေးမိခဲ့တာပါ။

■ မေး - လွန်ခဲ့တဲ့ခြောက်နှစ်က အဲဒီဗေဒင်ဆရာကို သွားမေးခဲ့တဲ့အချိန်မှာ ဗေဒင်ဆရာက ဘယ်လိုတွေ ပြုမူခဲ့သလဲ။

■ ဖြေ - ညီမရှက်တော့ရှက်ပေမယ့် ဘယ်လိုဖြစ်ခဲ့တာလဲဆိုတာကို အနည်းအကျဉ်းလောက် ပြောပြပါမယ်။ လွန်ခဲ့တဲ့ခြောက်နှစ်လောက်က ကိုးထပ်ကြီးဘုရားမှာ ဗေဒင်သွားမေးပါတယ်။ အဲဒီနာမည်နဲ့ ဖွင့်ထားတာပါပဲ။ ညီမ အသက် ၁၅၊ ၁၆အရွယ် ၁၀ တန်းကျူရှင်ကအပြန် ပထမဆုံးအကြိမ်အဖြစ် ဗေဒင်ဝင်မေး ဖြစ်တာပါ။ သူငယ်ချင်းတစ်ယောက်လည်း ပါပါတယ်။ ပါလာတဲ့သူငယ်ချင်းကို ဗေဒင်ဆရာက အပြင်မှာ ထွက်ထိုင်ခိုင်းတယ်။ အဓိက,က စာမေးပွဲပြီးပြီဆိုတော့ ပညာရေးအကြောင်းမေးပါတယ်။ သူငယ်ချင်းက အပြင်မှာစောင့်နေချိန်မှာ  ဗေဒင်ဆရာက ညီမကို စာမေးပွဲနဲ့ပတ်သက်တာတို့၊ အချစ်ရေးနဲ့ ပတ်သက်တာတို့ အောင်မြင်ချင်ရင် အဆောင်နေနဲ့ ပေးမယ်။ လူနှစ်ယောက်ပုံပူးထားတဲ့ ရွှေရုပ်တုလေးကို ဆောင်ထားရမယ်။ ရိုးရိုးမဟုတ်ဘဲ ရင်ဘတ်ကြားထဲ ထည့်ရမယ်တဲ့။ ကိုယ့်ကိုယ်ကိုယ် ထည့်မယ်ဆိုတော့ မရဘူး။ သူထည့်ပေးမှ စွမ်းမှာဆိုပြီး ပြောပါတယ်။ ကလေးသာသာဆိုတော့ တွေ့ကရာဗေဒင် လျှောက်ယုံပြီး မေးမိခဲ့တယ်။ ပြီးတော့ အဲဒီရွှေရုပ်တုကို ထည့်ပေးတယ်။ ပြီးတော့ အဲဒီနေရာကို ဆီမန်းနဲ့ လိမ်းရမယ်။ မလိမ်းရင် စာမေးပွဲကျတာတွေ ဘယ်နေရာမှ မအောင်မြင်ဘူးဆိုပြီး ပြောပြန်တယ်။သမီးက ဦးလေးမွေးရင် မြေးအရွယ်လောက်ပဲရှိတယ်။ ဘာမှ ကြောက်စရာရှက်စရာမလိုဘူးလို့လည်း အယုံသွင်းတယ်။ အဲဒီတုန်းက ငြင်းဆန်လိုက်ရင် အရှေ့ကထားထားတဲ့ အဆောင်အချွန် အတက်တွေနဲ့ထိုးတာတို့ သတ်တာတို့လုပ်မှာစိုးလို့ ကြောက်ပြီး အလိမ်းခံရတယ်။ အဲဒီထက်ဆိုးတာတွေကိုတော့ ပြောမထွက်တော့ဘူး။ တကယ်တန်းညီမကို တရားလာစွဲရင် အဲဒါတွေကိုပါ ထုတ်ပြောမှာပါ။

■ မေး - အဲဒီအချိန်တုန်းက ဒီအဖြစ်အပျက်အကြောင်းကို ဘယ်သူတွေကို ပြောဖြစ်သေးလဲ။

■ ဖြေ - အဲဒီတုန်းက တူတူသွားမေးတဲ့ သူငယ်ချင်းကို ပြောပြခဲ့ပါတယ်။ သူငယ်ချင်းရဲ့ အဒေါ်က ဗေဒင်ဆရာမဆိုတော့ ဗေဒင်ထဲမှာ အဲဒီလိုတွေရှိလားဆိုပြီး ဖုန်းဆက်မေးကြည့်မှ မရှိဘူးဆိုတာ သိရတာပါ။ အဲဒီသူငယ်ချင်းတစ်ယောက်တည်းကိုပဲ ပြောပြခဲ့တာပါ။ အဲဒီတုန်းက တိုင်ရမယ်မှန်းလည်း နားမလည်ခဲ့ပါဘူး။ အမေကိုလည်း အရမ်းကြောက်ရတော့ မပြောဖြစ်ဘူး။ မိသားစုဝင်တွေလည်း မသိပါဘူး။ အဲဒီလို လူတွေကို ထိထိရောက်ရောက် အရေးယူစေချင်တယ်။ အမှုရင်ဆိုင်ရရင်လည်း ဖြစ်ကြောင်းကုန်စင်အကုန်ပြောပြီး ဒီလူကို နောက်မလုပ်ရဲလောက်အောင် ပြင်းပြင်းထန်ထန် ပြစ်ဒဏ်ပေးစေချင်ပါတယ်။

■ မေး -  လွန်ခဲ့တဲ့ ခြောက်နှစ်ကဖြစ်ခဲ့တာဆိုတော့ လူမှားတာရော ဖြစ်နိုင်မလား။

■ ဖြေ - လွန်ခဲ့တဲ့ ခြောက်နှစ်ကဖြစ်ခဲ့တာဆိုပေမယ့် လူမှားတာ လုံးဝမဖြစ်နိုင်ပါဘူး။ ညီမနဲ့ အတူတူသွားတဲ့ သူငယ်ချင်းကလည်း မှတ်မိနေပါတယ်။ ညီမကို အရင်မေးတယ်။သူလည်း မေးတယ်။ အဲဒါကြောင့် သူလည်း မှတ်မိနေတယ်။

■ မေး - ဖြိုးေ၀၀င်း အကောင့်ပိုင်ရှင် တရားစွဲခံရတာနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လိုမြင်လဲ။

■ ဖြေ - ဟိုနေ့ကလည်း မီဒီယာသမားတစ်ယောက် ကိုဖြိုးေ၀၀င်းဆိုတဲ့ အစ်ကိုတစ်ယောက်ကို တရားစွဲထားတယ်။ ဒီအစ်ကိုက မိန်းကလေးတွေဘက်ကနေ စာနာလို့ ပြည်သူ့ရဲတွေကို အရေးယူပေးပါလို့ ပြောတာပါ။ ဗေဒင်ဆရာက အဲဒီလိုပြောရမလားဆိုပြီး စမ်းချောင်းရဲစခန်းမှာ အမှုသွားဖွင့်ထားတယ်။ ညီမတို့ကို အဲဒီလိုအမှုဖွင့်ရင်လည်း ညီမတို့က ငြိမ်ခံနေမှာမဟုတ်ဘဲ ခံရတဲ့အမျိုးသမီးတွေဘက်ကနေ ညီမကိုယ်တိုင်ဦးဆောင်ပြီး ကိုယ်တိုင်သက်သေအဖြစ် မားမားမတ်မတ်နဲ့ ရပ်တည်ပေးမှာပါ။

■ မေး - အခု ညီမလိုပဲ ဗေဒင်ဆရာနဲ့ပတ်သက်ပြီးခံခဲ့ ရတဲ့အမျိုးသမီးတွေနဲ့ ညီမကရော ခုချိန်မှာ အဆက်အသွယ်ရှိလား။

■ ဖြေ - စမ်းချောင်းမှာ ကိုဖြိုးေ၀၀င်းကို အမှုဖွင့်ထားတယ်ကြားတော့ မူရင်းပို့စ်တင်တဲ့ အစ်မတစ်ယောက်က ညီမကို အကူအညီလာတောင်းတယ်။ အစ်မတို့က မျက်မြင်ကိုယ် တွေ့သက်သေမရှိတဲ့အတွက် ညီမက လူလည်းသိတယ်ဆိုတော့ ကူညီပေးပါဆိုပြီး အကူအညီတောင်းတယ်။ ညီမကလည်း ပွဲတွေနဲ့ မအားဘူးဖြစ်နေတယ်။ အားရင်ရှေ့ကနေ ရပ်တည်ပေးဖို့ အစီအစဉ်ရှိပါတယ်။ ခံရတဲ့ မိန်းကလေး ခြောက်ယောက်က ဂေါပကကို သွားတိုင်တယ်။ ဂေါပကက မိန်းကလေးတွေကို တကယ်အကူအညီပေးတဲ့အဖွဲ့နဲ့ ဆက်သွယ်ပြီးလုပ်ပါ။ သက်သေတစ်ယောက်လည်း လိုတယ်ဆိုတော့ ညီမကို အကူအညီတောင်းပါတယ်။ အဲဒီဗေဒင်ဆရာဘက်က လွန်ကဲလာရင် မိန်းကလေးတွေဘက်က ရပ်တည်သွားမှာပါ။

■ မေး - ဗေဒင်ဆရာဘက်က ရပ်တည်ပေးတဲ့သူတွေအတွက်ရော ဘာပြောချင်တာရှိပါသလဲ။

■ ဖြေ - ဗေဒင်ဆရာဘက်က ထောက်ခံတဲ့သူတွေကိုလည်း ပြောချင်တာက ညီမက တကယ်ဟုတ်လို့ ရေးတာပါ။ မဟုတ်ဘဲ တခြားမိန်းက လေးတွေကလည်း ရေးစရာအကြောင်း မရှိပါဘူး။ သူ့ရဲ့ဆရာကို ထိခိုက်တာမဟုတ်ဘဲ သူ့ကိုပဲပြောတာပါ။ တပည့်တွေအကုန်လုံးက ဒီဆရာတစ်ယောက်တည်းဆိုတော့ ဒီဆရာနာမည်ပျက်မှာစိုးလို့ ဒီတပည့်ဘက်ကနေ အကာအကွယ်ပေးနေသလို ဖြစ်နေတယ်။ ညီမတစ်ခုပဲ ပြောချင်ပါတယ်။ ဟုတ်လို့ပေါ်လာတာပဲရှိတယ်။ မဟုတ်ဘဲ ဘယ်မိန်းကလေးကမှ ကိုယ့်သိက္ခာ၊ ကိုယ့်မိသားစုသိက္ခာ အကျခံပြီး မဟုတ်ဘဲနဲ့တော့ မရေးပါဘူး။ နောက်တစ်ခုက တပည့်မကောင်း ဆရာခေါင်းဆိုသလို ဆရာတစ်ယောက်မှာ တပည့်အယောက်တစ်ရာရှိပေမယ့် အကုန်လုံး ကောင်းတဲ့တပည့်တွေ မဖြစ်နိုင်ဘူး။ တချို့က ဆရာကို ထိခိုက်မှာစိုးလို့ တပည့်ဘက်ကနေ ဝင်နာပေးတာတွေရှိတယ်။ ဘယ်သူကိုမှ ပြောတာတော့ မဟုတ်ပါဘူး။ ညီမ အခုပြောတဲ့စကားတွေကလည်း မှန်ကန်တယ်ဆိုတာကို ၁၀၀ ရာခိုင်နှုန်း ထောက်ခံတယ်။ ညီမလည်း အဖေ့ဂုဏ်သိက္ခာရော၊ ကိုယ့်ဂုဏ်သိက္ခာရောပါရှိတဲ့အတွက် မဟုတ်ဘဲ မပြောပါဘူး။ ညီမကိုယ်တိုင်ကလည်း ခံခဲ့ရတဲ့သူဖြစ်တဲ့အတွက် မိန်းကလေးတွေ ဘက်ကနေ နာလို့ဝင်ပြောတာ ဖြစ်ပါတယ်။ သူတို့ဘက်က ဒါကိုမဟုတ်ပါဘူးလို့တောင် ပြန်ပြီးတရားစွဲထားတယ်ဆိုတော့ သူခိုးကလူပြန်ဟစ်သလိုတောင် ဖြစ်နေပါတယ်။

■ မေး - ဗေဒင်ဆရာ အောင်ချစ်ပိုဘက်ကနေ စာနယ်ဇင်းရှင်းလင်းပွ ဲလုပ်တယ်ဆိုတဲ့အပေါ်မှာရော ဘယ်လိုမြင်ပါသလဲ။

■ ဖြေ - ဘယ်သူခိုးကမှ ခိုးတယ်ဝန်ခံပြီး ရှင်းမှာမဟုတ်ပါဘူး။ ဦးနှောက်ပါတဲ့သူတွေကိုတော့ သူ့စကားတွေကို မယုံစေချင်ဘူး။ ခံရတဲ့မိန်းကလေးတွေဘက်ကနေ စဉ်းစားပြီး ချင့်ချိန်ယုံစေချင်ပါတယ်။

■ မေး - ဗေဒင်ဆရာအောင်ချစ်ပိုကိုရော ဘာပြောချင်ပါသလဲ။

■ ဖြေ - နောက်ဆုံးတစ်ခုအနေနဲ့ ပြောချင်တာက ထောင်ထမင်းထောင်ဟင်းမစားရခင်မှာ အမြန်ဆုံး ကိုယ်ဖြစ်တာ၊ လုပ်ဖူးတာကို ဝန်ခံလိုက်ပါ။ ဘာမှထပ်ပြီး တိမ်းရှောင်မနေပါနဲ့။ ညီမအခုပြောတဲ့ အင်တာဗျူးကိုတွေ့လို့ သူတရားစွဲမယ်ဆိုလည်း လုံးဝမကြောက်ပါဘူး။ ဘာလို့ဆိုတော့ အမှန်တရားကို ဖုံးကွယ်လို့ မရပါဘူး။ သူ့ကိုလည်း ထိထိရောက်ရောက် အရေးယူပေးပါလို့ ပြည်သူ့ရဲနဲ့တကွ တာဝန်ရှိသူအားလုံးကို တောင်းဆိုချင်ပါတယ်။

Most Read

Most Recent