မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးကျော်သူနှင့် တွေ့ဆုံခြင်း

မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးကျော်သူနှင့် တွေ့ဆုံခြင်း
Published 22 January 2018

ရခိုင်ပြည်နယ်တွင် ပဋိပက္ခများဖြစ်ပွားပြီးနောက် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိရာ ပြည်တွင်းစားသုံးမှုအပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဈေးကွက်သို့တင်ပို့နိုင်မည့် ချင်း (ဂျင်း)သီးနှံများကို ရခိုင်ဒေသအတွင်း ပြည်နယ်အစိုးရနှင့် ဒေသခံအများ ပိုင်ကုမ္ပဏီများပူးပေါင်းကာ စီးပွားဖြစ်စိုက်ပျိုးမည် ဖြစ်သည်။ မြန်မာနိုင်ငံ၌ ချင်းကို ရှမ်းပြည်နယ်တောင်ပိုင်းတွင်သာ အဓိကစိုက်ပျိုးလျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့လျက်ရှိကာ တင်ပို့မှုမှာ နှစ်စဉ်ဒေါ်လာ သုံးသန်း ဝန်းကျင်အထိ ရရှိနေသည်။ ရခိုင်ပြည်နယ်အတွင်း၌ ချင်းကို စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်နိုင်ပါက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တိုက်ရိုက်တင်ပို့နိုင်သော အခွင့်အလမ်းများရှိနေသည့်အပြင် သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်ကျဆင်းသွားသည့်အတွက် စီးပွားရေးပိုမိုတွက်ခြေကိုက်နိုင်မည်ဟု သိရသည်။ ယင်းသို့သော အခြေအနေများကြောင့် ရခိုင်ပြည်နယ်တွင် ချင်းစိုက်ပျိုးရန်စီစဉ်နေမှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းမှအတွင်းရေးမှူး ဦးကျော်သူနှင့် ဆက်သွယ်မေးမြန်းထားသည်များကို ပြန်လည်ဖော်ပြအပ်ပါသည်

‘ချင်းက သုံးနှစ်တစ်ခါလောက်ကို အိန္ဒိယဘက်က ဝင်ဆွဲတတ်တယ်။ တမူးနယ်စပ်ဘက်ကပေါ့။ အဲဒီလိုဝင်ဆွဲတဲ့နှစ်ဆိုရင် ဈေးက ပိုတက်တယ်ပေါ့’

■ မေး - ချင်းကို ရခိုင်ပြည်နယ်မှာ စိုက်ပျိုးဖို့ စတင်ဆောင်ရွက်ဖြစ်ပုံကစပြီး ပြောပြပေးပါ။

■ ဖြေ - ရခိုင်ပြည်နယ်မှာ ပြဿနာတွေ ဖြစ်ပြီးတဲ့နောက် ပြန်လည်ထူထောင်ရေး လုပ်တဲ့အခါမှာ အစိုးရကလည်းလုပ်တာရှိသလို ကျွန်တော်တို့ ပုဂ္ဂလိကကဏ္ဍကလည်း  ဝင်ပါပြီးတော့ ရခိုင်ဒေသဖွံ့ဖြိုးရေးရော ရခိုင်မှာ ရှိတဲ့သူတွေပြန်ပြီး စားဝတ်နေရေးအတွက် ဘယ်လိုလုပ်လို့ရှိရင် ဒီမှာကြာကြာနေနိုင် မလဲဆိုတဲ့ဟာတွေ ဝိုင်းစဉ်းစားပြီးတော့မှ လုပ်ကြတဲ့အချိန်မှာ UMFCCI ၊ ညီနောင်အသင်းတွေ အကုန်လုံးသွားပြီး လုပ်ကြတယ်။ ကျွန်တော်တို့ကတော့ သစ်သီးဝလံ အသင်းဆိုတော့ သစ်သီးဝလံနဲ့ဆိုင်တဲ့ကဏ္ဍကို ကျွန်တော်တို့က စဉ်းစားပေးရတာပေါ့။ စဉ်းစားတဲ့အခါကျတော့ ကျွန်တော်တို့ကြည့် လိုက်တဲ့အခါချင်းက မြန်မာတစ်ပြည်လုံးက ထွက်တဲ့ချင်းရဲ့ ၈၀ ရာခိုင်နှုန်းက ဘင်္ဂလားဒေ့ရှ်ကို ရောင်းနေတာကိုး။  ဘင်္ဂလားဒေ့ရှ်ကို ရောင်းနေတာဆိုတော့ ရခိုင်မှာက ချင်းကို စီးပွားဖြစ်စိုက်နေတာ မရှိဘူး။ အနည်းအကျဉ်းပဲရှိတယ်။ သူက ရှမ်းပြည်နယ်က ချင်းကို ဝယ်ပြီးတော့ ဘင်္ဂလားဒေ့ရှ်ကိုပို့တယ်။ ပို့တဲ့အခါ အကယ်၍သာ ရခိုင်မှာ စိုက်နိုင်မယ်ဆိုရင် ဈေးက ဒီဈေးပဲရဦးတော့  Transpotation စရိတ်သက်သာသွားမယ်ဆိုရင် သူတို့အမြတ်ပိုကျန်မယ်။ အဲဒါလေးကို စဉ်းစားမိပြီးတော့ ချင်းကို စပြီးလုပ်ဖို့ ပြောတာပါ။

■ မေး - ပြည်နယ်နဲ့တိုင်းမှာ ချင်းကို အဓိကစိုက်ပျိုးတဲ့ ဒေသတွေက ဘယ်ဒေသမှာ စိုက်ပါသလဲ။

■ ဖြေ - မြန်မာတစ်ပြည်လုံးက စိုက်တယ်။ ဒါပေမဲ့ စီးပွားဖြစ်စိုက်တာကတော့ ရှမ်းပြည်နယ်ပေါ့။ ရှမ်းပြည်နယ်က ဟဲဟိုး၊ ပင်းတယမှာလည်း စိုက်တယ်။ ရှမ်းပြည်နယ် တောင်ပိုင်းပေါ့နော်။ ရှမ်းပြည်နယ်တောင်ပိုင်းတစ်ကြောက တော်တော်များများ စိုက်ပါတယ်။

■ မေး - ရခိုင်ပြည်နယ်မှာ ချင်းစိုက်ပျိုးထုတ်လုပ်မှုက အဆင်ပြေလာမယ်ဆိုရင် လက်ရှိအနေအထားထက် ဘယ်လောက်အထိ အကျိုးဖြစ်ထွန်းလာနိုင်မလဲ။

■ ဖြေ - ချင်းက အချိန် ခြောက်လ၊ ရှစ်လ အဲဒီလောက်ပဲယူတယ်။ နောက်ပြီး သိပ်ပြီးတော့ လုပ်ရကိုင်ရတာ ကရိကထမများဘူး။ ပြီးတော့ သူက ချင်းစိမ်းပဲ ရောင်းသေးတာ။ နောက်တစ်ချက်က ချင်းအမှုန့်တို့ Processing လည်း လုပ်လို့ရတဲ့ အနေအထားလည်း ရှိနေတယ်။ ရှိတော့ သူတို့သာ တကယ်စိုက်လို့ တကယ်ဖြစ်လာရင် ချင်းစိမ်းရောင်းတာက တစ်ပိုင်း။ ကျန်တဲ့ Processing လုပ်လိုက်ရင် ကျွန်တော်တို့ ဘင်္ဂလားဒေ့ရှ်တင်မဟုတ်ဘူး။ အီးယူတို့၊ အမေရိကန်တို့ဘက်ပါ သွားလို့ရတယ်။ လက်ရှိဆိုရင် ဒီနှစ်မှာ အမေရိကန်ကို ကွန်တိန်နာနှစ်လုံးလောက် စမ်းပို့နေတယ်။ ဒါက ရှမ်းပြည်နယ်က ဟဲဟိုး ချင်းပေါ့ ။ နယ်သာလန်ကိုလည်း အခုနမူနာတွေ ပို့နေတာရှိတယ်။ ချင်းခြောက်တို့လည်း ထွက်နေတာတွေရှိတယ်။ အခွင့်အလမ်းတွေ အများကြီးရှိတယ်။ တကယ်တမ်းလုပ်နိုင်မယ်ဆိုရင် Processing မှာ ကျွန်တော်တို့ အများကြီးလုပ်လို့ရတယ်။ ဘင်္ဂလားဒေ့ရှ်ကလည်း ချင်းစိမ်းကိုချည်း အကုန်ပြန်သုံးတာ မဟုတ်ဘူးဗျ။ တစ်ပိုင်းကလည်း အိန္ဒိယဘက်ကို ပြန်ရောင်းတာရှိတယ်။ တစ်ပိုင်းက လည်း သူတို့ဆီမှာ Processing စက်ရုံတွေရှိတယ်။ ချင်းမှုန့်လုပ်တာတို့၊ ချင်းခြောက်လုပ်တာတို့ ရှိတဲ့အခါကျတော့ ကျွန်တော်တို့က  Raw ကိုမရောင်းဘဲ  ကိုယ့်ဆီမှာပါတကယ် တမ်းဖြစ်ထွန်းမယ်ဆိုရင် ပြန်ပြီးတော့ Processing စက်ရုံတွေထောင်ပြီးတော့ လုပ်လို့ရတယ်။

■ မေး - ရခိုင်မှာ ဆရာတို့ စမ်းသပ်စိုက်ပျိုးတဲ့ အနေအထားကရော ဘယ်လိုချင်းအမျိုးအစားနဲ့ စိုက်ပျိုးဖြစ်ထွန်းနိုင်တဲ့ လေ့လာတွေ့ရှိချက်တွေကိုလည်း ပြောပြပေးပါ။

■ ဖြေ - အကြမ်းဖျင်းပြောရရင်တော့ ဖြစ်တယ်။ သူတို့လည်း လက်ရှိစိုက်နေတာတွေ ရှိတယ်။ စီးပွားဖြစ်သာ မစိုက်တာ နည်းနည်းပါးပါးတော့ စိုက်တယ်။ ကျွန်တော်တို့ သွားကြည့်သလောက်ဆိုရင် အကြမ်းဖျင်းက အဆင်ပြေတယ်။ ချင်းစိုက်ပျိုးဖြစ်ထွန်းမယ့်  အနေအထားရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ မြေကြီးကို Soil Test လုပ်ထားတယ်။ အဲဒါတော့ အဖြေမရသေးဘူးပေါ့။ အဖြေရရင် ဒီထက်ပိုပြီး ပြောနိုင်တာပေါ့။ ဒါပေမဲ့ ယေဘုယျအားဖြင့်တော့ ချင်းက စိုက်လို့ဖြစ်တယ်။

■ မေး - ကနဦးအနေနဲ့ ဘယ်လောက် စိုက်ပျိုးသွားဖို့ ရှိလဲ။

■ ဖြေ - ဒီနှစ်မှာ ကျွန်တော်တို့ ပိဿာချိန် ၆၀၀၀ ကို နေရာတွေခွဲပြီးတော့ စမ်းစိုက်မယ်။

■ မေး - ပိဿာချိန် ၆၀၀၀ က ဧက ဘယ်လောက် စိုက်ပျိုးမှာလဲ။

■ ဖြေ - ခန့်မှန်းခြေအားဖြင့် ၁၀ ဧက ကျော်ကျော်ပေါ့။ ကျွန်တော်တို့ တစ်ဧကကို ချင်းပိဿာချိန်က ၅၀၀ ကနေ ၇၀၀ အထိ စိုက်တဲ့ စနစ်အပေါ် မူတည်ပြီးတော့ ဝင်တာကိုး။ ၅၀၀ နဲ့တွက်မယ်ဆိုရင် ၁၀ ဧကနည်းနည်း ကျော်မယ်။ ၇၀၀ ဆိုရင်တော့ ၁၀ ဧက နည်းနည်းလျော့မယ်ပေါ့။ ပျမ်းမျှ ၁၀ ဧက ဝန်းကျင် စိုက်မယ်။

■ မေး - အဲဒါနဲ့ပတ်သက်ပြီး ဒေသခံတွေရဲ့ ပူးပေါင်းပါဝင်မှုကိုလည်း ပြောပြပေးပါ။

■ ဖြေ - လောလောဆယ် ကျွန်တော်တို့  ဒေသခံတွေကို မစည်းရုံးသေးဘူး။ မစည်းရုံးသေးဘူးဆိုတာက ကျွန်တော်တို့ UMFCCI ပါတယ်။ ရခိုင်ကုန်သည်အသင်းပါတယ်။ ပြီးတော့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဝန်ကြီးတွေပါတယ်။ ဝန်ကြီးဆိုတာ စီမံ/ ဘဏ္ဍာဝန်ကြီးပါတယ်။ စိုက်ပျိုးရေးဝန်ကြီးပါတယ်။ ပြီးတော့ ရခိုင်အများပိုင် ကုမ္ပဏီတွေပေါ့။ ကျောက်တော်၊ စစ်တွေ ၊ ပုဏ္ဏားကျွန်းမှာရှိတဲ့ အများပိုင်ကုမ္ပဏီတို့ အဲဒါတွေက စီးပွားရေး လုပ်ငန်းရှင်တွေကစပြီး စမ်းမှာပေါ့။ အကယ်၍ အမှားအယွင်း ဖြစ်သွားရင်လည်း ခံနိုင်ရည်ရှိတဲ့ လူမျိုးပေါ့။ ကျွန်တော်တို့စပြီး စမ်းကြည့်လို့ အောင်မြင်ပြီဆိုမှ ကျွန်တော်တို့က ဒါကို ချပြမှာပေါ့နော်။ အဲတော့မှ လုပ်ချင်တဲ့သူအကုန်လုံး လုပ်လို့ရအောင် စီစဉ်ပေးမှာ။ အခုလောလောဆယ် စလုပ်တာကတော့ UMFCCI နဲ့ ချင်းပိဿာချိန်တစ်ထောင်ပေါ့။ ရခိုင်ကုန်သည်စက်မှုအသင်းအနေနဲ့ ချင်းမျိုးပိဿာချိန် ၁၀၀၀ ကျွန်တော်တို့ကို ထောက်ပံ့တာရှိတယ်။ ၄၀၀၀ကိုတော့ ရခိုင်ဘက်က ဝယ်တာပေါ့နော်။ ဝယ်ပြီးတော့ ကျွန်တော်တို့ စပြီး စမ်းရမှာပေါ့နော်။

■ မေး - ပြည်ပဈေးကွက်အနေနဲ့ဆိုရင် လက်ရှိမှာ ဘင်္ဂလားဒေ့ရှ်ဆိုပေမယ့် နောက်ထပ်အလားအလာ ကောင်းတဲ့ဈေးကွက်က  အီးယူနဲ့အမေရိကန်တို့ပေါ့။

■ ဖြေ - နယ်သာလန်ကို နမူနာပို့ထားပြီ။ အီးယူကတော့ ပို့လို့ရတယ်။ ပို့နေတဲ့သူတွေ ရှိတယ်။ ပမာဏမများတာပဲ ရှိတယ်။  အမေရိကန်ကိုလည်း ဒီနှစ် ကွန်တိန်နာ နှစ်လုံး စမ်းပြီးပို့နေတယ်။ အဆင်ပြေတယ်ဆိုရင်တော့  နောက်ထပ် များလာနိုင်ခြေရှိတယ်။

■ မေး - ချင်းစိုက်ပျိုးမယ်ဆိုရင် တစ်ဧက ကုန်ကျစရိတ်က ပျမ်းမျှဘယ်လောက်ရှိမလဲ။

■ ဖြေ - ပျမ်းမျှအားဖြင့် ကျွန်တော်တို့  လုပ်အားကိုပါ အပြင်က ငှားရမယ်ဆိုရင် ၁၅ သိန်း ပတ်ချာလည်လို့ တွက်ထားတယ်။

■ မေး - အထွက်နှုန်းက ပုံမှန်အတိုင်း ပြန်ထွက်မယ်ဆိုရင် အကျိုးအမြတ်က ဘယ်လောက်ရှိလာနိုင်မလဲ။

■ ဖြေ - ပျမ်းမျှဆိုရင် ကျွန်တော်တို့က ပြန်ဝင်တဲ့ ပိုက်ဆံက ၄၅၊ ၅၀ ပေါ့။ ကျွန်တော်တို့ မှန်းထားတယ်။ ဒါကတော့ အနိမ့်အနေနဲ့ မှန်းထားတယ်။ ပိုရင်သာ ပိုနိုင်တယ်။ ဘာလို့လဲဆိုရင် ချင်းက ပိုပြီးလည်း ထွက်နိုင်တာကိုး။ တစ်ပိဿာပျမ်းမျှရှိရင် ၁၀ ပိဿာထွက်မယ်။ ၁၀ ပိဿာလောက် မမှန်းဘူးပေါ့။ ငါးဆ၊ ခြောက်ဆလောက်ပေါ့ အဲဒါနဲ့မှန်းပြီး တွက်ချက်ထားတာဖြစ်ပါတယ်။

■ မေး - အခုဘင်္ဂလားဒေ့ရှ်ကို တင်ပို့နေတာကရော တစ်တန်ကို ဈေးနှုန်းဘယ်လောက်ရှိလဲ။

■ ဖြေ - ဒီက ပိဿာချိန်နဲ့ ထွက်နေတာဆိုတော့ ပိဿာချိန်နဲ့ပဲပြောမယ်။ ပုံမှန်အားဖြင့်တော့ အများဆုံး ဒေါ်လာသုံးသန်းကနေ  သန်း ၃၀ အထိ ဝင်တယ်ပေါ့ဗျာ။ တစ်နှစ်ကို  သုံးသန်းပေါ့။ အဲဒီလောက်ရတယ်။ ဒါပေမဲ့ ပြဿနာက အခုက ချင်းက စပေါ်နေပြီပေါ့။  စပေါ် တဲ့အချိန်မှာ ရှမ်းပြည်နယ်ရဲ့သဘာဝပေါ့။ နည်းနည်းညံ့တဲ့ဟာတွေ အရင်ထုတ်ရောင်း တယ်။ ထုတ်ရောင်းတော့ ဒီနှစ်ဆိုရင် အဲဒီ ကောင်တွေက ကျပ် ၃၀၀၊ ၃၅၀ အဲဒီလောက်  ပေါက်တယ်။ အခု ဒီဇင်ဘာ၊ ဇန်နဝါရီဆိုရင် ဒီထက်ပိုကောင်းတာတွေ ရောင်းတယ်။ ပို ကောင်းတဲ့ဟာတွေ ရောင်း တဲ့အခါကျတော့ ကျပ် ၄၅၀၊ ၅၀၀ လောက်ရှိတာပေါ့။ ဒါက တစ်ပိဿာဈေးနှုန်းပေါ့။ သြဂုတ်လလောက် ဆိုရင် ဈေးကအမြင့်ဆုံးဖြစ်သွားတယ်။ ပုံမှန် အားဖြင့် ဘင်္ဂလားဒေ့ရှ် ကိုပို့တဲ့အခါ တစ်ပိဿာအပေါ်မှာ ပြန်ရတဲ့ ဈေးကတော့ ၁၂၀၀ ဖြစ်သွားတယ်။ ဒါပေမဲ့ သြဂုတ်လလောက် ရောက်သွားရင် ကျွန်တော်တို့က ဝယ်လို့မကိုက်တော့ဘူး။   ၂၀၀၀ ကျော်၊ တစ်ခါတလေ ၃၀၀၀ လောက်အထိ ဖြစ်သွားတယ်။ အဲဒီမှာလည်း  ချင်းက သုံးနှစ် တစ်ခါလောက်ကို အိန္ဒိယဘက်က ဝင်ဆွဲတတ်တယ်။ တမူးနယ်စပ်ဘက်ကပေါ့။ အဲဒီလိုဝင်ဆွဲတဲ့နှစ်ဆိုရင် ဈေးက ပိုတက်တယ်ပေါ့။ မဆွဲတဲ့နှစ်ဆိုရင်တော့  ဈေးက ပုံမှန်ဈေးနဲ့ပဲ သွားတယ်။

■ မေး - ချင်းကို မြန်မာပြည်မှာ ဘယ်အချိန်မှာ စတင်စိုက်ပျိုးတာက အကောင်းဆုံးဖြစ်ပြီး ဘယ်အချိန်မှာ ထုတ်လုပ်ရင်အကောင်းဆုံးလဲ။

■ ဖြေ - ချင်းက မေလမှာစိုက်ပြီးတော့ အပင်ကျသွားပြီးတော့ တူးတာကတော့ နိုဝင်ဘာ၊ ဒီဇင်ဘာပေါ့။ တချို့ကလည်း ကျွန်တော်တို့ဆီမှာ ပြဿနာက တူးပြီးသွားရင် အအေးခန်း စက်ရုံတွေမရှိဘူး။ မရှိတော့ ခြောက်သွားမှာ စိုးလို့။ ရှမ်းပြည်နယ်သဘာဝပေါ့ ရှမ်းပြည်နယ်က အေးလည်းအေးတော့ သူတို့လိုချင်တဲ့ အချိန်ကျမှ ဖော်ပြီးရောင်းတယ်။ ချင်းကတော့ နိုဝင်ဘာ၊ ဒီဇင်ဘာဆိုရင်ရပြီ။ ဒါပေမဲ့ တချို့တွေက  မရောင်းသေးဘူး၊ ဈေးကောင်းအောင် စောင့်တယ်။ အမှန်တကယ်ဆိုရင်တော့ တူးပြီးအအေးခန်းထဲ ထားလို့ရတယ်။ ဒါပေမဲ့ မထားနိုင်တော့ ချင်းကိုမြေကြီးထဲပဲ ဒီအတိုင်းထားတာပေါ့ဗျာ။ ဖော်ရောင်းတာကတော့ ဇန်နဝါရီ၊ ဖေဖော်ဝါရီပေါ့။ ဒါပေမဲ့ တချို့တွေလည်းမဖော်ဘဲ သြဂုတ်လလောက် အထိထားတာရှိတယ်။ တကယ်တမ်းတော့ လည်း အအေးခန်းတွေနဲ့ ထားနိုင်ရင်တော့ ပိုပြီးအဆင်ပြေတာပေါ့။

■ မေး - ဒါနဲ့ပတ်သက်ပြီး တောင်သူတွေကိုပဲဖြစ်ဖြစ် နောက်ထပ်လုပ်ကိုင်ချင်တဲ့ လုပ်ငန်းရှင်တွေပဲဖြစ်ဖြစ်  ဘယ်လိုမျိုးအကြံဉာဏ်တွေ ပေးချင်ပါသလဲ။

■ ဖြေ - ချင်းကတော့ နှစ်ရှည်ပင်တွေ စိုက်တဲ့အခါ ကြားသီးနှံအနေနဲ့ စိုက်ရတယ်။ စိုက်ရတာလွယ်တယ်ဗျာ။ နောက်ဆုံး ပေါင်တွေနဲ့ မစိုက်လည်းရတယ်ဗျာ။ အိတ်တွေနဲ့ထည့်ပြီး စိုက်တဲ့နည်းတွေလည်းရှိတယ်။ တောင်းတွေ၊ ခြင်းတွေထဲကို မြေကြီးထည့်ပြီး ချင်းစိုက်လည်း ရတယ်ဗျာ။ နှစ်ရှည်ပင်တွေကြားထဲမှာ ကြားသီးနှံအနေနဲ့ စိုက်လို့ရတော့ အပိုဝင်ငွေလေးတစ်ခု ရတာပေါ့ဗျာ။ ဒီထက်ပိုပြီး စီးပွားဖြစ်လုပ်မယ်ဆိုရင်တော့ စီးပွားဖြစ်နိုင်တဲ့ အနေအထားကိုး။ တစ်ခုကတော့ ကျွန်တော်အကြံပေးချင်တာက ပေါ်ပြူလာဖြစ်တာနဲ့ ရမ်းပြီး လုပ်တာမျိုးကတော့ မကောင်းဘူးပေါ့။ ကိုယ့်ဟာနဲ့ကိုယ် တစ်ဧက ဒါမှမဟုတ် ပိဿာချိန်၁၀၀ လောက်ဖြစ်ဖြစ် စမ်းပြီးစိုက်ကြည့်ပြီးတော့ အဆင်ပြေရင် ဆက်လုပ်စေချင်ပါတယ်။

အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

Most Read

Most Recent