Kaew Korravee နှင့် တွေ့ဆုံခြင်း

Kaew Korravee နှင့် တွေ့ဆုံခြင်း
Published 17 January 2018

'ကျွန်မကိုချစ်တဲ့၊ အားပေးတဲ့ ပရိသတ်တွေအနေနဲ့  Emily ဆိုတဲ့ ဇာတ်ရုပ်ကိုလည်းချစ်ကြမယ်၊ အားပေးကြမယ်လို့ ယုံကြည်ပါတယ်'

 

ထိုင်း-မြန်မာပူးပေါင်းရိုက်ကူးခဲ့ပြီး မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးနှင့် ထိုင်းအမျိုးသမီးငယ်လေးတစ်ဦးတို့ကြားမှ ချစ်ခြင်းမေတ္တာအား ပုံဖော်ထားသည့် 'ဘယ်လိုအချစ်မျိုးလဲ' ရုပ်ရှင်ဇာတ်ကားမှ ထိုင်းမင်းသမီး Kaew Korravee မှာ မြန်မာပရိသတ်များ၏ ချစ် ခင်မှုကိုရရှိထားသူတစ်ဦးဖြစ်သည်။ ယခုရုံတင်ပြသတော့မည့် ဥပါယ်တံမျဉ်ဇာတ်ကားတွင်လည်း ကျရာဇာတ်ရုပ်တွင် ပီပြင်စွာပုံဖော်ခဲ့သည့် ထိုင်းမင်းသမီး Korravee  နှင့်တွေ့ဆုံ ဖြစ်သည့်အခိုက်  ရှေ့ဆက်လုပ်ဆောင်သွားမည့် အနုပညာ လုပ်ငန်းအကြောင်းအရာများကိုမေးမြန်းဖြစ်ခဲ့ပါသည်။

 

မေး - ဒီနေ့ ဥပါယ်တံမျဉ်ဇာတ်ကားရဲ့ World Premiere Red Carpet Show ကို တက်လာတဲ့ ခံစားချက်ကို အရင်သိချင်ပါတယ်။

ဖြေ - အရမ်း စိတ်လှုပ်ရှားနေပါတယ်။ ဒီဇာတ်ကား ရိုက်ကူးပြီးကတည်းက ရုံတင်ပြသနိုင်မယ့်အချိန်ကို စောင့်မျှော်နေခဲ့တာ အခု တကယ်လက်တွေ့ ပြသနိုင်တော့မယ့် အချိန်အထိပါပဲ။ ဒီနေ့ Red Carpet Show ကို တက်ရောက်ခွင့်ရတာ အရမ်းလည်းပျော်သလို အရမ်းလည်း စိတ်လှုပ်ရှားပါတယ်။ မြန်မာပရိသတ်တွေ၊ မြန်မာအနုပညာရှင်တွေ နဲ့ ဒုတိယအကြိမ် ပေါင်းစည်းခွင့်ဖြစ်တဲ့အတွက်လည်း ပိုပြီးစိတ်လှုပ်ရှားမိတာပါ။ အားလုံးလည်း ကျွန်မနဲ့ထပ်တူ စိတ်လှုပ်ရှားကြမယ်လို့ ယုံကြည်ပါတယ်။

 

မေး - ရှေ့မှာလည်း မြန်မာဇာတ်ကားတွေမှာ ပါဝင်ခဲ့ဖူးတယ်ဆိုတော့ အခုဒီဇာတ်ကားနဲ့ အရင် ပါဝင်ခဲ့တဲ့ ဇာတ်ကားတွေရဲ့ ကွာခြားချက်ဆိုရင်ရော။

ဖြေ - ဒီဇာတ်ကားက မြန်မာအနုပညာရှင်တွေနဲ့ ပူးပေါင်းအလုပ်လုပ်ဖြစ်တာ သုံးကားမြောက် ဇာတ်ကားပါ။ ပထမဇာတ်ကားက ဘယ်လိုအချစ်မျိုးလဲဆိုတဲ့ ဇာတ်ကားပါ။ ရိုမန့်စ်ဇာတ်ကားအမျိုးအစားပါ။ ဒုတိယဇာတ်ကားကတော့ 67 Plaza ဆိုတဲ့ ဇာတ်ကားပါ။ အဲဒီဇာတ်ကားကတော့ ဝိညာဉ်ဇာတ်ကားဖြစ်ပါတယ်။ အခုဒီဇာတ်ကားကတော့ ဇာတ်အိမ် အလှည့်အပြောင်းတွေနဲ့ ဖန်တီးထားတဲ့ဇာတ်ကားပါ။ ဇာတ်လမ်းပုံစံတွေ တစ်ကားနဲ့တစ်ကားက မတူတဲ့အခါကျတော့ ပါဝင်ခွင့်ရတဲ့ ခံစားချက်ချင်းလည်း မတူပါဘူး။ တူညီတာတစ်ခုကတော့ မြန်မာအနုပညာရှင်တွေက နွေးထွေးကြတယ်။ ကူညီကြတယ်။ ပျော်စရာကောင်းပါတယ်။ မြန်မာပရိသတ်တွေလည်း အခုဒီဇာတ်ကားလေးကို အားပေးကြဖို့ မျှော်လင့်ပါတယ်။

 

မေး - ဒီဇာတ်ကားထဲမှာ သရုပ်ဆောင်ရတဲ့ Emily ဆိုတဲ့ ဇာတ်ရုပ်ကိုရော ဘယ်လိုမြင်လဲ။

ဖြေ - ဒီဇာတ်ကားထဲက Emily ဆိုတဲ့ ကောင်မလေးက သူ့ဘဝရဲ့အိပ်မက်တွေ ဖြစ်လာဖို့ ဘာမဆိုလုပ်ရဲတဲ့ ဇာတ်ရုပ်လို့ပြောလို့ရပါတယ်။ ခပ်ဆိုးဆိုးကောင်မလေးလို့လည်း ပြောလို့ရပါတယ်။ သူလိုချင်တာတွေရဖို့ ဖြစ်တဲ့နည်းလမ်းက နေကြိုးစားရင်းနဲ့ နောက်ဆုံး ဒုက္ခရောက်သွားတဲ့ ကောင်မလေးပေါ့။

 

မေး -  ဒီဇာတ်ကားထဲက Love Scene နဲ့ပတ်သက်လို့ရော ရိုက်ကူးချိန်မှာ အခက်အခဲရှိခဲ့လား။

ဖြေ - ဒီဇာတ်ဝင်ခန်းနဲ့ပတ်သက်လို့ အားလုံးကလည်းမေးကြတယ်။ ဒါက ကျွန်မအတွက်တော့ ဒုတိယမြောက် Love Scene ရိုက်ကူးမှုပေါ့။ ဒါပေမဲ့ ဒီဇာတ်ကားမှာရိုက်ကူးရတာက နည်းနည်းပိုပြီး Serious ဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့အဓိကကျတဲ့ ဇာတ်ဝင်ခန်းတစ်ခန်းဖြစ်နေတာကြောင့်လည်း ပါမယ်။ ဒါကြောင့် တကယ်နမ်းရတာ နည်းနည်းပါတယ်။ ပြီးတော့ Love Scene ကို နည်းနည်း သေချာလေးရိုက်ပြတာ ပါတယ်ပေါ့နော်။ အဓိကတော့ ဇာတ်လမ်းရဲ့ အရေးပါတဲ့ဇာတ်ဝင်ခန်းဖြစ်လို့ပါ။ ကျွန်မ အခုလိုသရုပ်ဆောင်ထားရတဲ့ အပေါ် ပရိသတ်ရဲ့တုံ့ပြန်မှုကိုလည်း စိတ်လှုပ်ရှားပါတယ်။

 

မေး - ဒီဇာတ်ကားထဲက Emily ဆိုတဲ့ဇာတ်ရုပ်က Bad Girl ဆိုတော့ အဲဒီအတွက် ပရိသတ်တွေမုန်းမှာကို စိုးရိမ်တာမျိုးရှိလား။

ဖြေ - ဒီဇာတ်ကားက ကျွန်မအတွက် အခုလို Bad Girl ဇာတ်ရုပ်မျိုး ပထမဆုံး သရုပ်ဆောင်ခွင့်ရတာပါ။ ဒါပေမဲ့ Emily ဆိုတဲ့ဇာတ်ရုပ်ကို ကျွန်မအရမ်း သဘောကျပါတယ်။ ဒါကြောင့် အခွင့်အရေးသာရမယ်ဆိုရင် အခုလို Bad Girl ဇာတ်ရုပ်မျိုး၊ အခုထက် Serious  ဖြစ်တဲ့ Bad Girl ဇာတ်ရုပ်မျိုးရိုက်ခွင့်ရချင်ပါတယ်။ အဓိကတော့ အခုလိုထူးခြားတဲ့ ဇာတ်ရုပ်မျိုးမှာသရုပ်ဆောင်ချင်တာပါ။

 

မေး -  ဒီဇာတ်ကားရဲ့ရလဒ်ကို ဘယ်လိုမျှော်လင့်ထားလဲ။

ဖြေ - ဒီဇာတ်ကားကို ပရိသတ်တွေဘယ်လို တုံ့ပြန်မလဲဆိုတာတော့ သေချာ မပြောတတ်ပါဘူး။ ဒါပေမဲ့ ဒီဇာတ်ကားကို ဖန်တီးထားကြတဲ့သူတွေ အားလုံးက အပြည့်အ၀ အာရုံစိုက်ပြီး ဖန်တီးထားတာဖြစ်တဲ့အတွက် ကြည့်ရတဲ့သူတွေအတွက်တော့ စိတ်ပျက်စရာ မဖြစ်စေဘူးဆိုတာတော့ သေချာပါတယ်။

 

မေး -  မြန်မာအနုပညာရှင်တွေနဲ့ နောက်ထပ်ပူးပေါင်းပြီး အနုပညာလုပ်ငန်းတွေ လုပ်ဖို့ရှိမလား။

ဖြေ - ရှိပါတယ်။ အဲဒီအတွက် စကားပြောနေကြပါတယ်။ နောက်ထပ် အနုပညာဖန်တီးမှုတွေ လုပ်ဆောင်ဖို့ ညှိနှိုင်းနေကြပါတယ်။ လုပ်ဖြစ်မှာပါ။

 

မေး - ဇာတ်ကားလာကြည့်ကြမယ့် ပရိသတ်တွေအတွက် ပြောချင်တဲ့ စကားလက်ဆောင်များ ရှိမလား။

ဖြေ - ဒီနေ့ကျွန်မကိုယ်တိုင်လည်း ဒီဇာတ်ကားကိုကြည့်ခွင့်ရတဲ့အတွက် အရမ်းစိတ်လှုပ်ရှားပါတယ်။ ပရိသတ်တွေ ဘယ်လိုတုံ့ပြန်မလဲဆိုတာလည်း အရမ်းသိချင်တယ်။ ဒါကြောင့် ဒီဇာတ်ကားလေး ရုံတင်တဲ့အခါ ကြည့်ပြီး မှတ်ချက်ပြုပေးပါလို့ ပြောချင်ပါတယ်။ ကျွန်မကိုချစ်တဲ့၊ အားပေးတဲ့ပရိသတ်တွေ အနေနဲ့ Emily ဆိုတဲ့ ဇာတ်ရုပ်ကိုလည်းချစ်ကြမယ်၊ အားပေးကြမယ်လို့ ယုံကြည်ပါတယ်။

 

မေး -  မြန်မာနိုင်ငံမှာ ဘယ်နှရက်လောက်နေဖို့ စီစဉ်ထားပါသလဲ။

ဖြေ - အခုတစ်ခေါက်တော့ မြန်မာနိုင်ငံမှာတစ်ပတ်လောက်နေဖို့ စီစဉ်ထားပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်။

 

Most Read

Most Recent