ဒါရိုက်တာပြည့်ဇော်ဖြိုးနှင့် တွေ့ဆုံခြင်း

ဒါရိုက်တာပြည့်ဇော်ဖြိုးနှင့် တွေ့ဆုံခြင်း
Published 3 January 2018

‘ကျွန်တော်အခုချိန်မှာ လေ့လာထားသမျှ၊ အစွမ်းရှိသမျှ ကြိုးစားအားထုတ်ပြီး ဖန်တီးသွားပါမယ်’

လူငယ်တို့၏ ဖန်တီးမှုအသစ်များအား လက်ခံကြိုဆိုလာသည့်အချိန်တွင် အနုပညာဖန်တီးမှုလမ်းကြောင်းပေါ်၌လည်း လူငယ်အနုပညာရှင်များ၏ ဖန်တီးမှုအသစ်များမှာ အသက်ဝင်လာခဲ့သည်။ 7 Sense Production နှင့် အကယ်ဒမီသရုပ်ဆောင် နေတိုးက စာချုပ်ချုပ်ဆိုထားပြီးနောက် စိတ်ကြိုက်အနုပညာ ဖန်တီးမှုများပြုလုပ်ရန် စီစဉ်ထားရာတွင် ပထမဆုံးဇာတ်ကားအဖြစ် မဟူရာရုပ်ရှင်ရုံဇာတ်ကားအား ဖေဖော်ဝါရီလအတွင်း ဖန်တီးတော့မည်ဖြစ်သည်။ လူငယ်ဒါရိုက်တာ ပြည့်ဇော်ဖြိုး၏ ပထမဆုံးရုပ်ရှင်ဇာတ်ကားအဖြစ် ဖန်တီးမည်ဖြစ်ပြီး ဘောလိဝုဒ်မှမင်းသမီးနှင့် အကယ်ဒမီနေတိုးတို့ တွဲဖက်ပါဝင်မည့် ဝိညာဉ်ဇာတ်ကားတစ်ကားဖြစ်သည်။ မှတ်တမ်းရုပ်ရှင် ဒါရိုက်တာတစ်ဦးအဖြစ် ဆုများရရှိထားကာ နိုင်ငံတကာရုပ်ရှင်ပွဲတော်များသို့ တက်ရောက်ခွင့်ရရှိထားသူ လူငယ်ဒါရိုက်တာပြည့်ဇော်ဖြိုး၏ ပထမဆုံး feature ဇာတ်ကားအဖြစ် တွေ့မြင်ရမည့်ဇာတ်ကားလည်းဖြစ်သည်။ ဒါရိုက်တာပြည့်ဇော်ဖြိုးနှင့်တွေ့ဆုံ၍ ပထမဆုံးဇာတ်ကားအတွက် ပြင်ဆင်ထားမှုများ၊ မှတ်တမ်းရုပ်ရှင်နှင့် feature film တို့၏ခြားနားချက်အပေါ် လက်ခံထားမှုများအပါအဝင် သိလိုသည်များအား မေးမြန်းဖြစ်ခဲ့ပါသည်။

■ မေး - မဟူရာရုပ်ရှင်ရုံဇာတ်ကားကို ဒါရိုက်တာအဖြစ် ရိုက်ကူးဖို့က ဘယ်လိုလက်ခံဖြစ်သွားတာလဲ။
ဖြေ - ကျွန်တော့်ရဲ့ အနုပညာလှုပ်ရှားမှုက ပထမဆုံးတော့ ဆရာမင်းထင်ကိုကိုကြီးတို့ဖွင့်တဲ့ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်သင်တန်းကျောင်းကို တက်ခွင့်ရခဲ့တယ်။ အဲဒီသင်တန်းမှာ မှတ်တမ်းရုပ်ရှင်ဖန်တီးမှုနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကို လေ့လာသင်ယူခွင့်ရခဲ့တယ်။ လက်တွေ့လည်း ဖန်တီးခွင့်ရတယ်။ အဲဒီကနေမှ မှတ်တမ်းရုပ်ရှင် ဖန်တီးမှုလမ်းကြောင်းပေါ်ကို ရောက်သွားတယ်ပေါ့နော်။ ကျွန်တော်က ဒီလောကထဲစရောက်ကတည်းကလည်း မှတ်တမ်းရုပ်ရှင်ရယ်၊ feature ရယ်ဆိုပြီး ခွဲခြားချင်တာမျိုးမရှိဘူး။ ဒါကြောင့်လည်း အဲဒီအချိန်မှာပဲ အမ်တီဗွီတချို့စရိုက်ဖြစ်တယ်။ အဲဒီကနေမှ ကိုမင်းသွေးရဲ့ အမ်တီဗွီကိုရိုက်ပေးဖြစ်တယ်။ ခင်သွားတယ်ပေါ့နော်။ အဲဒီနောက် ကိုမင်းသွေးနဲ့ အိမ်လိုက်လည်ရင်းက ကိုနေတိုးနဲ့ဆုံတယ်။ ကိုနေတိုးနဲ့ စကားပြောဖြစ်တဲ့အခါ ကိုနေတိုးကလည်း အနုပညာဖန်တီးမှုအပိုင်းကို ပုံစံတစ်မျိုးခွဲထွက်ချင်တယ်။ သူ့မှာစိတ်ကူးထားတာတွေရှိတယ်။ ကျွန်တော်ကလည်း ကျွန်တော်ဖန်တီးဖို့ စိတ်ကူးထားတဲ့ဇာတ်လမ်းတွေ အများကြီးရှိတယ်။ အဲဒီလိုတွေ ပြောဖြစ်ကြရင်းကနေ အခုဒီဇာတ်ကားရိုက်ဖို့ထိ ဖြစ်လာတာပါ။

■ မေး - ဇာတ်လမ်းတွေ အများကြီးရှိတဲ့အထဲက မဟူရာရုပ်ရှင်ရုံဇာတ်လမ်းကို ဖန်တီးဖို့ရွေးချယ်ဖြစ်တာကရော။
ဖြေ - ကိုနေတိုးနဲ့ ကျွန်တော်စကားပြောဖြစ်တဲ့အခါ ဒီ ၂၀၁၈ မှာရိုက်ဖို့ပေါ့လေ။ စဉ်းစားကြတုန်းက ပထမဇာတ်လမ်းတစ်ခုရှိသေးတယ်။ အဲဒီဇာတ်လမ်းက ပြင်ဆင်ချိန်ကိုပဲ တော်တော်လေးယူရမယ်။ ဇာတ်လမ်းရိုက်ကူးရမယ့်နေရာတွေကိုက မြို့ကြီးတွေအများကြီးကို လှည့်ပြီးရိုက်ကူးရမယ့် ဇာတ်လမ်းမျိုးပေါ့။ အဲဒီဇာတ်အတွက် ပြင်ဆင်နေရင်းကပဲ အချိန်တော်တော်လေးယူမယ်လို့ စဉ်းစားမိရင်းက အခုရိုက်မယ့် မဟူရာရုပ်ရှင်ရုံဇာတ်လမ်းကို စဉ်းစားမိတာ။ ကျွန်တော်တို့ ရုပ်ရှင်ရုံထဲမှာ ဇာတ်ကားကြည့်ရင်းနဲ့ သရဲခြောက်ခံရတယ်ဆိုတဲ့အဖြစ်မျိုးက ထူးခြားတယ်ပေါ့နော်။ အဲဒီကနေပဲဒီဇာတ်လမ်းအတွက် ကျွန်တော်စဉ်းစားတာကို ပြောပြတဲ့အခါ ကိုနေတိုးကသဘောကျပြီး ရိုက်မယ်လို့ ဆုံးဖြတ်ဖြစ်ကြတာပါ။

■ မေး - မင်းသမီးက ဘောလိဝုဒ်ကမင်းသမီးကို သုံးဖြစ်တာကရော။
ဖြေ - အဲဒါကတော့ ဇာတ်လမ်းသဘောအရကို နိုင်ငံခြားမင်းသမီးတစ်ယောက်သုံးရမယ့် အနေအထားရှိတယ်။ ဒါကိုဘယ်မင်းသမီးသုံးမလဲဆိုပြီး စဉ်းစားကြတာပေါ့။ အခုရွေးချယ်ထားတဲ့မင်းသမီးက ဘောလိဝုဒ်ကမော်ဒယ်လ်ပေါ့။ အမ်တီဗွီတွေလည်း ရိုက်ဖူးတယ်။ ကျွန်တော်ဘောလိဝုဒ်မှာ အလုပ်သွားလုပ်ဖြစ်တုန်းကလည်း ခင်ခဲ့တဲ့သူပါ။ တကယ်တမ်းဆိုရင် သူတို့ရဲ့အနုပညာကြေးတွေက မြင့်ပါတယ်။ ကျွန်တော်က ဒီဇာတ်ကားက ကျွန်တော့်ရဲ့ပထမဆုံး feature ဇာတ်လမ်းဖြစ်တယ်။ ကူညီပေးပါလို့ပြောတဲ့အခါ သူကလည်း ကူညီမယ်ဆိုပြီး ဝမ်းသာအားရပဲပြန်ပြောတာနဲ့ သူ့ကိုရွေးဖြစ်သွားတာပါ။

■ မေး - အခုဒီဇာတ်ကားက ပထမဆုံးဇာတ်ကားဖြစ်တဲ့အတွက် ဘယ်လိုစိန်ခေါ်မှုတွေ ရှိမယ်လို့ရောထင်လဲ။
ဖြေ - အခုရိုက်မယ့် မဟူရာရုပ်ရှင်ရုံဇာတ်ကားက horror အမျိုးအစားဖြစ်နေတော့ ကျွန်တော့်ပင်ကိုယ်အကြိုက်ဆိုရင် ဒရာမာကိုရိုက်ချင်တာ။ ကျွန်တော်လေ့လာခဲ့တာကလည်း ဒရာမာဇာတ်ကားတွေများတယ်။ ညီအစ်ကိုနှစ်ယောက်ကြားက သံယောဇဉ်၊ ဆရာနဲ့တပည့်ကြားက သံယောဇဉ်ဆိုတာမျိုးတွေကို ရိုက်ချင်ခဲ့တာ။ သရဲကားဆိုတာ ကိုယ်တိုင်ဖန်တီးရမယ်ဆိုတဲ့အခါ ကျွန်တော့်အတွက် ဘာသာရပ်အသစ်တစ်ခုဖြစ်နေတာ။ အဲဒီအတွက် ကိုယ့်လက်တစ်ကမ်းမှာရှိတဲ့ အင်တာနက်ကနေ လေ့လာတယ်။ online course တွေ၊ horror ဇာတ်ညွှန်းနဲ့ပတ်သက်တဲ့ workshop တွေတက်ဖြစ်နေပါတယ်။ ဒါရိုက်တာဆိုတာ ဇာတ်လမ်းအမျိုးအစားစုံကို ရိုက်တတ်ရမယ်ဆိုပေမဲ့ ဟာသကိုအားသန်တဲ့သူ၊ သရဲကားတွေကို ပိုကောင်းအောင်ရိုက်တတ်တဲ့သူ စသဖြင့်ရှိမှာပဲလေ။ ဒီဇာတ်ကိုရေးဖို့အတွက် စာတွေအများကြီးဖတ်ပြီးမှ ဖန်တီးရပါတယ်။ ဇာတ်လမ်း frame လေးတွေချဖြစ်တယ်။ ကျွန်တော်လုပ်နိုင်တဲ့ အကောင်းဆုံးဆိုတဲ့စွမ်းအားနဲ့ လုပ်ထားတာပါ။ ကျွန်တော့်အတွက် ပထမဆုံးဇာတ်ကားဖြစ်သလို အရင်ကလုပ်မယ်လို့ စိတ်မကူးခဲ့ဖူးတဲ့ ဇာတ်လမ်းပုံစံလည်းဖြစ်တာကြောင့် ပထမဆုံးတွေများပါတယ်။

■ မေး - သရဲကားဖြစ်တဲ့အတွက် Sound Effect တွေ၊ မိတ်ကပ် Effect တွေအပိုင်းရော ဘယ်လိုစဉ်းစားထားလဲ။
ဖြေ - အဲဒါတွေအတွက်လည်း ကျွန်တော်တို့အားလုံးကြိုပြီး တိုင်ပင်ညှိနှိုင်းနေပါတယ်။ ပြည်တွင်းက ဝါရင့်တွေကိုလည်း ပါဝင်စေမှာဖြစ်သလို ပြည်ပကပညာရှင်တွေကိုလည်း ခေါ်ယူသွားဖို့ရှိတယ်။ နောက်တစ်ခုက ဒီဇာတ်ကားကစိတ်ကို ခြောက်မယ့်ဇာတ်ကားမျိုးပေါ့နော်။ အဲဒီအတွက် ဘယ်လိုအရာတွေအသုံးပြုပြီး ခြောက်ခြားအောင် ဖန်တီးမလဲဆိုတာတွေ တိုင်ပင်ညှိနှိုင်းနေပါတယ်။

■ မေး - ဇာတ်ကားမရိုက်ခင် သရုပ်ဆောင်တွေနဲ့အကြို ညှိနှိုင်းတာမျိုးတွေ ဘယ်တော့လောက်စလုပ်ဖြစ်မလဲ။
ဖြေ - ကင်မရာမန်းက ကျွန်တော်တို့ပြည်တွင်းက တစ်ယောက်ရယ်၊ ပြည်ပကတစ်ယောက်ရယ် တွဲဖက်ရိုက်ကူးဖို့ စီစဉ်ထားပါတယ်။ အဲဒီအတွက်လည်း ဇန်နဝါရီလအတွင်းမှာပဲ ပြည်ပက ကင်မရာမန်းကို ကြိုလာခိုင်းထားပြီး နှစ်ယောက်လုံးဇာတ်ကားအတွက် ဘယ်လိုဖန်တီးမလဲဆိုတာ အကြိုဆွေးနွေးခိုင်းမယ်။ on scene ပေါ်မရောက်ခင် ကြိုက်သလောက် ငြင်းခုန်လို့ရတယ်။ တကယ်ရိုက်တဲ့အချိန်မှာတော့ ဇာတ်ကားကောင်းဖို့အတွက်ပဲ ဖန်တီးမယ်။ အဲဒီအချိန်မှာတော့ ငြင်းဖို့အချိန်မရှိတော့ဘူးပေါ့။ အဲဒီလိုစဉ်းစားထားတယ်။ မင်းသမီးကလည်း ဇန်နဝါရီလထဲမှာပဲ ကြိုလာမှာပါ။ ဇာတ်လမ်းနဲ့ပတ်သက်ပြီး အသေးစိတ်အချက်တွေရှင်းပြမယ်။ ကြိုညှိနှိုင်းမယ်။ ကိုနေတိုးနဲ့နှစ်ယောက် အပြန်အလှန်သိချင်တာတွေ၊ ညှိနှိုင်းရမှာတွေရှိတယ်။ သူကလည်း အချိန်ပေးပြီးလာမယ်လို့ ပြောထားပါတယ်။ ဖေဖော်ဝါရီမှာ ရိုက်မယ်ဆိုတော့ မရိုက်ခင် အကြိုညှိနှိုင်းပြင်ဆင်ကြမှာပါ။

■ မေး - နောက်ပိုင်းရော feature film ပိုင်းကိုပဲ ပိုပြီးသွားဖြစ်မလား။ မှတ်တမ်းရုပ်ရှင်ရော ဖန်တီးဖြစ်မလား။
ဖြေ - ကျွန်တော်က ခေါင်းစဉ်တစ်ခုတည်းမျိုး သတ်မှတ်ထားတာမရှိပါဘူး။ အနုပညာဖန်တီးမှုဖြစ်တဲ့အတွက် feature film လည်းဖန်တီးမှာဖြစ်သလို မှတ်တမ်းဇာတ်ကားလည်း ရိုက်ဖို့ရှိရင်ရိုက်ဦးမှာပဲ။ အမ်တီဗွီလည်း ရိုက်ဖြစ်မှာပဲ။ အနုပညာဖန်တီးမှုကို ဘယ်လိုပုံစံဖြစ်ဖြစ် ရိုက်ဖြစ်မှာပါ။

■ မေး - မဟူရာရုပ်ရှင်ရုံကို စိတ်ဝင်စားစောင့်ကြည့်မယ့် ပရိသတ်တွေကို ပြောချင်တဲ့စကားလက်ဆောင်များ ရှိမလား။
ဖြေ - ကျွန်တော့်ကိုယုံကြည်စွာနဲ့ ဖန်တီးခွင့်ပေးတဲ့ ကိုနေတိုး၊ ကိုဝေမင်းမောင်တို့ကို ကျေးဇူးအများကြီးတင်ပါတယ်။ ဒီဇာတ်ကားကို စောင့်ကြည့်အားပေးမယ့် ပရိသတ်တွေကိုလည်း ကျွန်တော်အခုချိန်မှာ လေ့လာထားသမျှ၊ အစွမ်းရှိသမျှ ကြိုးစားအားထုတ်ပြီး ဖန်တီးသွားပါမယ်။

Most Read

Most Recent