နန်းမြတ်ဖြိုးသင်းနှင့် တွေ့ဆုံခြင်း

နန်းမြတ်ဖြိုးသင်းနှင့် တွေ့ဆုံခြင်း
Published 27 September 2017

'နန်းမြတ်က အချစ်ရေးနဲ့ပတ်သက်ပြီး သိုသိုသိပ်သိပ် နေရတာကို သဘောကျတယ်။ အခု မင်္ဂလာအစီအစဉ်ကျမှပဲ အသိပေးဖြစ်တာပါ'

ဆရာဝန် အနုပညာရှင်များထဲမှတစ်ဦးဖြစ်ပြီး ချစ်ခင်ဖွယ် အပြုံးချိုချိုလေးများ ပိုင်ဆိုင်ထားသူ သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းမှာ နိုဝင်ဘာလ အတွင်းတွင် လက်ထပ်မင်္ဂလာပွဲ ဆင်နွဲှတော့မည်ဖြစ်သည်။ အနုပညာ သက်တမ်းတစ်လျှောက်တွင် အချစ်ရေး သတင်းစကားများ ကြားသိရခြင်း မရှိသည့် အနုပညာရှင်တစ်ဦး ဖြစ်သည့်အတွက် ဝါကျွတ်ကာလတွင် ပြုလုပ်မည့် မင်္ဂလာပွဲ သတင်းအပေါ် ပရိသတ်များ အံ့အားသင့်စရာ ဖြစ်စေခဲ့သည်။ ကိုးနှစ်ကြာ တည်ဆောက်ခဲ့သည့် အချစ်ရေးနှင့်အတူ တစ်ဦးအပေါ် တစ်ဦး နားလည်မှုအပြည့်ဖြင့် လက်တွဲရန် ဆုံးဖြတ်ထားသည်ဟု မိမိ၏ မင်္ဂလာသတင်းစကားအား ဖွင့်ဟပြောကြားလာခဲ့သည့် သရုပ်ဆောင်နန်းမြတ်ဖြိုးသင်းနှင့် တွေ့ဆုံ၍ မင်္ဂလာပွဲကျင်းပရန် စီစဉ်ထားမှုများ၊ ဘဝလက်တွဲဖော်နှင့် ပတ်သက်သည့် အမှတ်တရများ၊ ရှေ့ဆက်လုပ်ဆောင်သွားမည့် အနုပညာလုပ်ငန်းများအကြောင်းကို မေးမြန်းဖြစ်ခဲ့ပါသည်။

 

မေး - နိုဝင်ဘာလမှာ လက်ထပ်တော့မယ် ဆိုတော့ ပရိသတ်တွေစိတ်ဝင်စားနေတဲ့ မင်္ဂလာ အစီအစဉ်အကြောင်းလေး အရင်ဆုံးပြောပြပေးပါဦး။

ဖြေ - နန်းမြတ်ရဲ့မင်္ဂလာ အစီအစဉ်ကို သုံးပွဲလုပ်မယ်လို့ စီစဉ်ထားပါတယ်။ လက်မှတ်ထိုးပွဲကတော့ နေရာရွေးချယ်နေတုန်းပါပဲ။ လူငယ်တွေအချင်းချင်း ပျော်ပျော်ပါးပါးနဲ့ ပါဝင်နိုင်မယ့် အစီအစဉ်မျိုးလေးဖြစ်အောင် စီစဉ်နေပါတယ်။ နိုဝင်ဘာလအစပိုင်းလောက် ဖြစ်မှာပါ။ စုလျားရစ်ပတ် မင်္ဂလာပွဲကိုတော့ ဆီဒိုးနားဟိုတယ်မှာ နိုဝင်ဘာ ၂၆ ရက်မှာလုပ်ဖို့ စီစဉ်ထားတယ်။ မင်္ဂလာညစာစားပွဲကတော့ အင်းလျားလိတ်ဟိုတယ်မှာ လုပ်ဖြစ်ဖို့ များပါတယ်။

 

မေး - မင်္ဂလာအစီအစဉ်ကို ရုတ်တရက်ကြားလိုက်ရတော့ ပရိသတ်တွေက အံ့သြကြတယ်နော်။ အချစ်ရေးအကြောင်းလည်း သိပ်မကြားရဘူး ဆိုတော့လေ။

ဖြေ - နန်းမြတ်က အချစ်ရေးနဲ့ပတ်သက်ပြီး သိုသိုသိပ်သိပ်နေရတာကို သဘောကျတယ်။ အခု မင်္ဂလာအစီအစဉ်ကျမှပဲ အသိပေးဖြစ်တာပါ။ ဘဝမှာလည်း ဖြစ်နိုင်ရင်က တစ်ယောက်ကနေ နောက်တစ်ယောက်ပြောင်းတာမျိုး မဖြစ်ချင်ဘူး။ ဒါကြောင့် တတ်နိုင်သလောက် အချစ်ရေးနဲ့ ပတ်သက်ပြီးတော့ သိုသိုသိပ်သိပ်နေဖြစ်တာ များတယ်။ မင်္ဂလာအစီအစဉ်ကတော့ သူတို့ဘက်ကစီစဉ်ချင်တာ ကြာပါပြီ။ နန်းမြတ်ကတော့ ထုံးစံအတိုင်းပဲ ချီတုံချတုံ ဖြစ်နေတာလေ။ ဒါပေမဲ့ တကယ်တမ်းကျတော့ ဒီလိုအစီအစဉ်မျိုးလေး လုပ်ရမယ့်အချိန် တစ်ခုလည်း ရောက်လာပြီလို့ထင်တယ်။ ဒါကြောင့်ပဲ မင်္ဂလာပွဲကို စီစဉ်ဖြစ်သွားတာပါ။ ပရိသတ်တွေကို အခုမှအသိပေးတဲ့အတွက်လည်း စိတ်မဆိုးကြစေချင်ပါဘူး။ နန်းမြတ်က မိသားစုဘဝလေး ထူထောင်တော့မယ် ဆိုပေမယ့် အိမ်ထောင်သည်ဘဝမှာလည်း ပရိသတ်ဘက်ကသာ အခွင့်အရေးပေးမယ်ဆိုရင် အနုပညာအလုပ်တွေကို ကြိုးစားသွားမှာ ဖြစ်ပါတယ်။

 

မေး - ချစ်သူနဲ့ ပတ်သက်လို့လည်း ပြောပြပါဦး။

ဖြေ - သူနဲ့က လွန်ခဲ့တဲ့ကိုးနှစ်လောက်ကတည်းက တွေ့ခဲ့တာပါ။ အချိန် လေးငါးနှစ်လောက် လေ့လာခဲ့ပြီးမှ လက်ခံဖြစ်ခဲ့တာပေါ့။ အဓိက,ကတော့ နန်းမြတ် အနုပညာ အလုပ်တွေ မလုပ်ခင် နန်းမြတ်မှာ အောင်မြင်မှုဆိုတာတွေ မရှိခင်ကတည်းက နန်းမြတ်ကို ချစ်ခဲ့တဲ့သူ ဖြစ်တာကြောင့် နန်းမြတ် ပိုပြီးသဘောကျမိပါတယ်။ သူက တိုင်းရင်းသား တစ်ယောက်ပါ။ အနုပညာလောကထဲက မဟုတ်ပါဘူး။ စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူ တစ်ယောက်ပါပဲ။ နန်းမြတ်ရဲ့အနုပညာအလုပ်တွေအပေါ်မှာတော့ နားလည်မှုအပြည့် ရှိပါတယ်။

 

မေး - အချိန်တွေအကြာကြီး တည်ဆောက်ခဲ့တဲ့ Relationship တစ်ခုအနေနဲ့ ဘယ်လိုတည်ဆောက်ခဲ့ရလဲ။

ဖြေ - အဓိက,ကတော့ နားလည်မှုပါပဲ။ နန်းမြတ်ရဲ့အနုပညာအလုပ်တွေကို သူက နားလည်ပေးသလို သူ့အလုပ်တွေမှာလည်း နန်းမြတ် နားလည်သလောက်တော့ အကြံဉာဏ်ပေးတာတွေ လုပ်ဖြစ်တယ်။ တစ်ယောက် အခက်အခဲ ရှိနေချိန်မှာ တစ်ယောက်က ပံ့ပိုးပေးဖြစ်ပါတယ်။ အဲဒီလို အပေးအယူ နားလည်မှုမျိုးနဲ့ပဲ ဒီ Relationship လေးကို တည်ဆောက်ယူခဲ့တာပါ။ အဲဒီအတွက် နန်းမြတ်လည်း စိတ်ချမ်းသာပါတယ်။

 

မေး - မင်္ဂလာပွဲ ပြီးသွားရင်ရော အနုပညာအလုပ်တွေ ဆက်လုပ်ဖြစ်မှာလား။

ဖြေ - ဟုတ်။ နန်းမြတ် အရင်ကတည်းကလည်း အိမ်ထောင်ရှင်အနုပညာရှင် စီနီယာတွေကို အရမ်းအားကျမိပါတယ်။ သူတို့က မိသားစုဘဝမှာ အောင်မြင်အောင် တည်ဆောက်သလို အနုပညာအလုပ်တွေကိုလည်း အောင်မြင်အောင် ဆက်ပြီးကြိုးစားနိုင်ကြတယ်။ နန်းမြတ်လည်း ပရိသတ်တွေကသာ အခွင့်အရေးပေးမယ်ဆိုရင် အိမ်ထောင်ရှင်ဘဝနဲ့လည်း အနုပညာ အလုပ်တွေကို ဆက်ပြီး ကြိုးစားသွားချင်ပါတယ်။ နန်းမြတ်ရဲ့ချစ်သူကလည်း နန်းမြတ်အလုပ်ပေါ်မှာ အပြည့်အ၀ နားလည်ပေးထားပါတယ်။

 

မေး - အနုပညာ အလုပ်တွေဆက်လုပ်မယ်ဆိုတော့ အချိန်တွေကို သေချာခွဲဝေဖို့တော့ လိုအပ်မှာပေါ့။

ဖြေ - ဟုတ်။ အရင်ကတည်းကလည်း နန်းမြတ်က အနုပညာအလုပ်တွေ လုပ်တဲ့အခါ ကိုယ်ပိုင်အချိန်ဆိုတာလေး အမြဲတမ်း ချန်ထား တတ်တယ်။ အဓိက,ကတော့ အလုပ်တွေကြိုးစားလုပ်ကိုင်သလို မိသားစုအတွက် အချိန်၊ သူငယ်ချင်းတွေအတွက် အချိန်၊ ကိုယ်ပိုင် အချိန်ဆိုတာတွေလည်း လိုအပ်တယ်လေ။ အခု နန်းမြတ်ရဲ့ ကိုယ်ပိုင်မိသားစု ဘဝလေး တည်ဆောက်တော့မယ်ဆိုရင်လည်း အဲဒီလိုပဲ အချိန်တွေ သေချာလေးခွဲခြားပြီး နေထိုင်သွားမှာပါ။ ပျော်စရာကောင်းတဲ့ မိသားစုဘဝမျိုးလည်း ဖြစ်ချင်တယ်။ အောင် မြင်တဲ့အိမ်ထောင်ရှင်မတစ်ယောက်လည်း ဖြစ်ချင်ပါတယ်။

 

မေး - လက်ရှိအနုပညာလှုပ်ရှားမှုလေးတွေလည်း ပြောပြပါဦး။

ဖြေ - လတ်တလောက နန်းမြတ်ဇာတ်ကား ရိုက်ကူးနေပါတယ်။ 'ပျိုတောသူ ကိုယ့်မယား' ဆိုတဲ့ ဇာတ်ကားလေးပါ။ ဒီဇာတ်ကားလေးပြီးရင်လည်း ဇာတ်ကားရိုက်ဖို့ လက်ခံထားတာတွေ ရှိပါသေးတယ်။ နန်းမြတ် သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေလည်း ရုံတင်ပြသဖို့တွေ ရှိတဲ့အတွက် ပရိသတ်တွေလည်း အားပေးကြပါဦးလို့ ပြောချင်ပါတယ်။

 

မေး - နန်းမြတ်ရဲ့အနုပညာဖြတ်သန်းမှုတွေကို ပြန်လှည့်ကြည့်မယ်ဆိုရင်ရော ကျေနပ်စရာဖြစ်ရဲ့လား။

ဖြေ - နန်းမြတ် အတိုင်းအတာတစ်ခုထိတော့ ကျေနပ်ပါတယ်။ နန်းမြတ်ရဲ့ အနုပညာလမ်းတစ်လျှောက်မှာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှု၊ အသိအမှတ်ပြုမှုတွေ ရခဲ့တယ်။ နန်းမြတ်အတွက်တော့ ခွန်အားတွေပါပဲ။ နန်းမြတ် အခုထက်ပိုပြီးတော့လည်း ကြိုးစားခွင့်တွေ ရချင်ပါသေးတယ်။

 

မေး - ပရိသတ်တွေကိုပြောချင်တဲ့ စကားလက်ဆောင်ရှိရင် ပြောပေးပါဦး။

ဖြေ - နန်းမြတ်ရဲ့မင်္ဂလာကိစ္စနဲ့ပတ်သက်ပြီး အခုမှ အသိပေးရတဲ့အတွက် ပရိသတ်များကို စိတ်မဆိုးစေချင်ပါဘူး။ အချစ်လည်း မလျော့ကြပါနဲ့လို့ပြောချင်ပါတယ်။ နန်းမြတ်ကလည်း ပရိသတ်တွေ အားလုံးကို အရမ်းချစ်ပါတယ်။ ပရိသတ်တွေအတွက် နန်းမြတ် အမြဲတမ်း ဆက်ပြီးကြိုးစားမှာပါ။ နန်းမြတ်ကို အရင်လိုပဲ ဆက်ချစ်ပေးကြပါဦးလို့ ပြောချင်ပါတယ်။

Most Read

Most Recent