MLM စနစ်ကြောင့် နစ်နာခဲ့ရသူတွေအတွက် ဘာလုပ်ပေးမလဲ

MLM စနစ်ကြောင့် နစ်နာခဲ့ရသူတွေအတွက် ဘာလုပ်ပေးမလဲ
Published 23 September 2018

MLM စနစ် ဖွဲ့စည်းတည်ဆောက်ထားပုံ အဆင့်ဆင့်ကို တွေ့ရစဉ်

စက်တင်ဘာ ၁၈ ရက်မှာတော့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက အမိန့်စာတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ အမိန့်စာကတော့ MLM စနစ်နဲ့ လုပ်ကိုင်ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကို အရေးယူမယ်ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။

ဆင့်ပွားဈေးကွက် ဖြန့်ချိရေးလုပ်ငန်း (MLM) လုပ်ကိုင် ဆောင်ရွက်နေတာကို တွေ့ရှိရင် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅ နဲ့ အရေးယူခံရမှာဖြစ်ကြောင်း စားသုံးသူရေးရာ ဦးစီးဌာနက သတိပေး ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီအမိန့်ကြော်ငြာစာ ထုတ်ပြန်တဲ့နေ့ကစပြီး အာဏာသက်ရောက်မှာ ဖြစ်တယ်လို့ ထုတ်ပြန်စာမှာ ဆက်လက်ဖော်ပြ ထားပါတယ်။

MLM စနစ်ကြောင့် နစ်နာခဲ့ရတဲ့သူတွေက စားသုံးသူရေးရာ ဦးစီးဌာနကို လာရောက်တိုင်ကြားမှုတွေ အရင်က ရှိခဲ့ပေမယ့် အရေးယူနိုင်ခြင်း မရှိခဲ့ဘူးလို့ စားသုံးသူရေးရာ ဦးစီးဌာန (ရန်ကုန်တိုင်း) မှ ဒုတိယညွှန်ကြားရေးမှူး ဦးဇေယျာဆွေက ပြောပါတယ်။

အခုလို အမိန့်ထုတ်ပြန်လိုက်တဲ့ အတွက်ကြောင့် ဒီလုပ်ငန်းနဲ့ ပတ်သက်ပြီး နစ်နာခဲ့ရတဲ့သူတွေ အနေနဲ့ လာရောက်တိုင်ကြားမယ်ဆိုရင် အရေးယူလို့ရပြီလို့ ဦးဇေယျာဆွေက ပြောပါတယ်။

“အခုလို အမိန့်ကြော်ငြာစာ ထုတ်ပြန်လာပြီ။ ကျွန်တော်တို့ စားသုံးသူရေးရာ ဦးစီးဌာနကိုလည်း ဆောင်ရွက်ဖို့ တာဝန်ပေးလာပြီဆိုတော့ လာတိုင်ကြားရင် အရေးယူ ဆောင်ရွက်ဖို့လုပ်မယ်” လို့ ဦးဇေယျာဆွေက ပြောပါတယ်။

ထုတ်ပြန်လိုက်တဲ့ အမိန့်အရ လုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်မယ်ဆိုရင် ထောင်ဒဏ် ခြောက်လကနေ သုံးနှစ်အထိ ချမှတ်နိုင်သလို ဒဏ်ငွေအဖြစ် ကျပ်ငါးသိန်း ပေးဆောင်ရမှာပဲ ဖြစ်ပါတယ်။

အဲဒီလို အမိန့်ထုတ်ပြီးတဲ့ နောက်ပိုင်းမှာတော့ နစ်နာတဲ့သူတွေ အနေနဲ့ လာရောက် တိုင်ကြားတာတွေ မရှိသေးဘူးလို့ စားသုံးသူရေးရာ ဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ဌာနအနေနဲ့က စားသုံးသူတွေ နစ်နာနေသလားဆိုတဲ့ အပေါ်မှာ မူတည်ပြီးတော့ တိုင်ကြားချက်တွေကို ဆောင်ရွက်မှာပါ။ အခုထိတော့ လာရောက် တိုင်ကြားတာတွေ စာပို့တိုင်ကြားတာတွေ မရှိသေးဘူး” လို့ အဆိုပါ တာဝန်ရှိသူက ပြောပါတယ်။

အစိုးရက အခုလိုထုတ်ပြန်ချက်ထုတ်ပြီး တားမြစ်လိုက်တဲ့ အပေါ်မှာတော့ ကြိုဆိုတယ်လို့ ၂၀၁၆ ခုနှစ်က MLM စနစ်နဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော်မှာ အဆိုတင်ခဲ့တဲ့ လှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်ကျော်ဦးက ပြောပါတယ်။

“ဒီလိုအမိန့်က ထုတ်သင့်တာ ကြာပါပြီ။ ကြိုဆိုပါတယ်” လို့ သူက ပြောပါတယ်။

အခုလို ထုတ်ပြန်လိုက်တာနဲ့ ပတ်သက်ပြီးတော့ နစ်နာခဲ့တဲ့သူတွေ ရှိရင်လည်း စားသုံးသူရေးရာ ဌာနကို တိုင်ကြားဖို့လည်း သူကပြောပါတယ်။

“ဒီစနစ်က နိုင်ငံအတွက်လည်း ဘာမှအကျိုးမပေးဘူး။ နောက်တစ်ခုက ဒေါ်လာပေါ့။ ကျွန်တော်တို့နိုင်ငံရဲ့ ဒေါ်လာတွေ ပြည်ပကို တော်တော်များများ ထွက်ကုန်တယ်” လို့ ဦးအောင်ကျော်ကျော်ဦးက ပြောပါ တယ်။

 

MLM စနစ်ဆိုတာဘာလဲ

MLM စနစ်ဆိုတာကတော့ ဆင့်ပွားဈေးကွက် ဖြန့်ချိရေးပဲ ဖြစ်ပါတယ်။ အဲဒီစနစ်က လူပိရမစ်ပုံစံမျိုး ပုံဖော်ထားပြီး လူတစ်ဦးကနေ တစ်ဦးဆီကို ဆင့်ကဲသွားနေတဲ့အတွက် လူပေါင်းတစ်ထောင်၊ တစ်သောင်းလောက်ထဲက လူတစ်ယောက်လောက်ပဲ ကြီးပွားချမ်းသာ သွားနိုင်တဲ့ စနစ်မျိုး ဖြစ်ပါတယ်။

ဒီစနစ်နဲ့ ကုန်ပစ္စည်းတွေကို ဖြန့်ဖြူးရာမှာတော့ ထိပ်ဆုံးလူတစ်ယောက်က သူ့အောက်မှာရှိတဲ့ သူတွေကို ကုန်ပစ္စည်းတွေရောင်းမယ်။ အဲဒီကမှတစ်ဆင့် အမြတ်ကို ရာခိုင်နှုန်းနဲ့ ယူပါတယ်။ ပထမလူရဲ့ အောက်မှာရှိတဲ့ မန်ဘာ ၁၀ ဦး ရှိမယ်ဆိုရင် သူတို့ရောင်းချတဲ့ ကုန်ပစ္စည်းရဲ့ ရာခိုင်နှုန်း တစ်ခုကို သူက ထပ်ရပါတယ်။ အောက်ကလူတွေ ကုန်ပစ္စည်းများများ ရောင်းရလေလေ ထိပ်ဆုံးက လူအတွက် အကျိုးအမြတ် များလေလေပဲ ဖြစ်ပါတယ်။

နောက်ဆုံးမှာ အထိနာတာကတော့ အောက်ခြေကလူတွေပဲ ဖြစ်ပါတယ်။ အဲဒီစနစ်နဲ့ ရောင်းချတဲ့ ကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းဟာ အနည်းဆုံး သောင်းဂဏန်း အထက်မှာ ရှိပါတယ်။

MLM စနစ်မှာ မန်ဘာဝင်တစ်ယောက် ဖြစ်ဖို့အတွက် အရင်ဆုံး အဲဒီကုမ္ပဏီကရောင်းတဲ့ ကုန်ပစ္စည်းကို ဝယ်ယူရပါတယ်။ အဲဒါကြောင့် အနည်းဆုံး သောင်းဂဏန်းကစပြီး ရင်းနှီးမြှုပ်နှံ ရပါတယ်။ အဲဒီအတွက်ကြောင့် MLM စနစ်နဲ့ သွားနေတဲ့ ကုမ္ပဏီတစ်ခုမှာ လည်ပတ်နေတဲ့ ငွေကြေးက ဘယ်လောက်ရှိသလဲဆိုတာ မမှန်းဆနိုင်ပါဘူး။

“တချို့ဆေးတွေ၊ ကုန်ပစ္စည်းတွေ ဆိုတာက သိန်းဂဏန်းအထိ ပေါက်တယ်။ အဲဒါကို လူတစ်ယောက်က ဝယ်တယ်။ နောက်ထပ် သူ့လိုပဲ လူတွေအများကြီးက ဝယ်ပြီဆိုရင် ငွေကြေးက ဘယ်လောက်ရှိမလဲဆိုတာ တွက်ကြည့်လို့ မရဘူး။ ငွေကြေးလည်ပတ်မှု ကြောက်စရာ ကောင်းတယ်” လို့ MLM စနစ်နဲ့ လုပ်ကိုင်ခဲ့ဖူးသူ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ MLM စနစ်နဲ့ လုပ်ကိုင်ဆောင်ရွက်နေတဲ့ ကုမ္ပဏီ  ၇၀ ခန့်ရှိပြီးတော့ အများစုက ဆေးဝါးဓာတ်စာတွေ ဖြန့်ဖြူးခြင်းကို လုပ်ကိုင်လျက်ရှိပါတယ်။

နိုင်ငံအများစုက ပိတ်ပင်ထားပြီး ခွင့်ပြုတဲ့ နိုင်ငံအနည်းစုကလည်း အကန့်အသတ်တွေ စည်းမျဉ်းတွေနဲ့သာ ခွင့်ပြုထားတဲ့ MLM စနစ်ကို မြန်မာနိုင်ငံမှာတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုကျော်ကတည်းက လုပ်ကိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဈေးကွက်စီးပွားရေးစနစ်ကို ပီပီပြင်ပြင်ကျင့်သုံးတဲ့ အမေရိကန်လို နိုင်ငံမျိုးမှာတောင် ဒီလိုရောင်းဝယ် ဖောက်ကားတာကို အကန့်အသတ်တွေ၊ စည်းမျဉ်းတွေနဲ့ ထိန်းချုပ်ထားပါတယ်။ ဒါပေမဲ့ အဲဒီလို ထိန်းချုပ်နေတဲ့ကြားက ဥပဒေဘောင်ထဲကနေ လက်တစ်လုံးခြား လုပ်တာတွေ ဖြစ်လာလို့ အစိုးရက စောင့်ကြည့်ပြီး တရားစွဲနေရတဲ့ လုပ်ငန်းလည်း ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်နှစ်က မအောင်မြင်ခဲ့တဲ့ လွှတ်တော်တွင်းက MLM တိုက်ဖျက်ရေးလုပ်ငန်း

၂၀၁၆ အောက်တိုဘာ ၄ ရက် ကကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့် မညီသော နိုင်ငံခြားသားများပိုင် စီးပွားရေး လုပ်ငန်းများကို တည်ဆဲဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်း အဆိုကို လှိုင်သာယာမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်က တင်သွင်းခဲ့ပါတယ်။

ဒီအဆိုကို ၂၀၁၆ အောက်တိုဘာ ၁၁ ရက်က လွှတ်တော်ကိုယ်စားလှယ် သုံးဦးက ဆွေးနွေးခဲ့ရာမှာ လသာမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းဟန်က “MLM စနစ်ကို လေ့လာသုံးသပ်ချက်များအရ လုပ်ကိုင်နေသည့် Level ၁၃ ခုထဲမှ အပေါ်ပိုင်း Level သုံးခုခန့်သာ အကျိုးအမြတ်ရှိပြီး အောက်ခြေ Level အသီးသီးတွင် မျှော်လင့်ချက် အိပ်မက်ဖြင့် အချိန်ကုန်ငွေကုန် စိတ်ဖိစီးမှုများ ဖြစ်ပေါ်လျက် ရှိပါတယ်။ ယင်းလုပ်ငန်း လုပ်ကိုင်သူ ရာခိုင်နှုန်း ၉၀ ခန့်ဟာ ပြည်သူလူထုကို အကျိုးမပြုသည်ကို လေ့လာတွေ့ရှိရပါတယ်။ အမြတ်ရနေသည့်သူမှာ ၁၀ ရာခိုင်နှုန်းခန့်သာရှိပြီး ငါးရာခိုင်နှုန်းသည် နိုင်ငံခြားသားများသာဖြစ်၍ ကျန်နိုင်ငံသား အနည်းငယ် အတွက်သာ အကျိုးများစွာ ဖြစ်ပေါ်လျက် ရှိပါတယ်” လို့ ထည့်သွင်းဆွေးနွေး ခဲ့ပါတယ်။

လှိုင်သာယာမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်က လွှတ်တော်ကို တင်သွင်းခဲ့ရာမှာ လွှတ်တော်ကိုယ်စားလှယ် သုံးဦးက ဆွေးနွေးခဲ့ပေမယ့် ဒီအဆိုကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က မှတ်တမ်းတင်ထားရှိဖို့သာ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါ့အပြင်၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၈ ရက်က ကျင်းပတဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်မှာ လှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်ကျော်ဦးက Multi Level Marketing (MLM) လုပ်ငန်းကို တားမြစ်ကန့်သတ်ပိတ်ပင် အရေးယူ ဆောင်ရွက်ပေးဖို့ ရှိ၊ မရှိ မေးမြန်းခဲ့ပါတယ်။

“MLM လုပ်ငန်းတွေဟာ ဈေးရောင်းနည်းက ရှင်းရှင်းလေးပါ။ ၁၀ တန် ပစ္စည်းကို ၁၀၀ နဲ့ ရောင်းပြီးတော့ ၅၀ ကို အမြတ်ယူပြီး Member တွေကို ၄၀ ခွဲပေးတဲ့နည်းပါ။ အမြဲတမ်း ရောင်းနေရအောင်လည်း Bonus တွေနဲ့ မျှားထားပါတယ်။ Bonus ရအောင် အမှတ်တွေ လုပ်ထားပြီးတော့ မဝယ်ဝယ်အောင် မက်လုံးပေးထားပါတယ်။ ပြီးတော့ ဘယ်သူ့ကို ဂုဏ်ပြုတယ်။ ဘယ်သူက ဘယ်လောက် ရသွားတယ်ဆိုပြီး မက်လုံးပေးပြီးတော့ လိမ်လည်နေတာ ဖြစ်ပါတယ်” လို့ ဦးအောင်ကျော်ကျော်ဦးက လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးရဲ့ မေးခွန်းကို ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြန်လည်ဖြေကြားရာမှာ MLM စနစ်နဲ့ စပ်လျဉ်းပြီး ဥပဒေပြဋ္ဌာန်းထားခြင်း မရှိသေးပေမယ့် စုံစမ်းပေါ်ပေါက်ခြင်း၊ တိုင်တန်းမှုများ ရှိခြင်းတို့ ဖြစ်ပေါ်လာပါက စိစစ်ပေါ်ပေါက်ချက်ပေါ် မူတည်ပြီး အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ၊ ဝင်ငွေခွန်ဥပဒေနဲ့ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ စတဲ့တည်ဆဲဥပဒေတွေအရ အရေးယူဆောင်ရွက် သွားမယ်လို့ ဖြေကြားခဲ့ပါတယ်။

ဒါ့အပြင် MLM ကုမ္ပဏီတွေနဲ့ ပတ်သက်လို့ စာရင်းဇယား အသေးစိတ် အချက်အလက်တွေကို စိစစ်ကောက်ယူ နေတယ်လို့ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ထည့်သွင်းပြောကြား ခဲ့ပါတယ်။

လွှတ်တော်တွေမှာ မေးခွန်းနဲ့ အဆိုတင်သွင်းပြီး နောက်ပိုင်းမှာတော့ သိသာထင်ရှားတဲ့ အရေးယူမှုတွေ မတွေ့ရှိခဲ့ရပါဘူး။ သိသာထင်ရှားတဲ့ အရေးယူမှု မဟုတ်ပေမယ့် အနည်းငယ် အရေးယူမှုတွေတော့ ရှိခဲ့ပါတယ်။

အဲဒါကတော့ ၂၀၁၇ ခုနှစ် နှစ်ဆန်းမှာ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနက ဦးဆောင်ပြီး ကုန်သွယ်ရေး ဦးစီးဌာန၊ အကောက်ခွန် ဦးစီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားရေးမှူး ဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနတို့ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ဆင့်ပွားကွန်ရက် ချိတ်ဆက်ရောင်းဝယ်စနစ်နဲ့ လုပ်ငန်းလုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေကို ခေါ်ယူတွေ့ဆုံ စိစစ်နေတယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနက ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၁ ရက် သတင်းထုတ်ပြန် ခဲ့ပါတယ်။

အဲဒီသတင်း ထုတ်ပြန်ချက်ထဲမှာ မြန်မာနိုင်ငံအတွင်း ပြည်တွင်းထုတ် မဟုတ်တဲ့ ပြည်ပကနေ တင်သွင်းလာတဲ့ အလှကုန်၊ လူသုံးကုန်၊ အီလက်ထရွန်နစ် ပစ္စည်းများ၊ ဆေးဝါးနဲ့ ဆေးပစ္စည်းများ၊ ဖြည့်စွက်စာများကို ဆင့်ပွားကွန်ရက် ချိတ်ဆက် ရောင်းဝယ်ရေးစနစ် (MLM)  အသုံးပြုကာ ဖြန့်ဖြူးလာသည်ကို တွေ့ရပြီး ပစ္စည်းအများစုက ဈေးကွက်မှာ မရှိတဲ့ ပစ္စည်းများဖြစ်ကြောင်း၊ MLM စနစ်ကြောင့် နိုင်ငံတော်အတွက် ရသင့်တဲ့ အခွန်များ မရဘဲ ဆုံးရှုံးနေသလို ဝယ်ယူသုံးစွဲသူ ပြည်သူတွေ အနေနဲ့လည်း ပုံမှန်ဈေးထက် ပိုပေးရတဲ့အပြင် ကုန်ပစ္စည်းကလည်း အာမခံချက် မရှိဘူးလို့ ဖော်ပြထားပါတယ်။

အရေးယူမှုအနေနဲ့ မြန်မာနိုင်ငံမှာ ၂၀၀၉ နဲ့ ၂၀၁၁ ခုနှစ်က လေသန့်ဆေးနဲ့ ဖြည့်စွက်အစားအစာများ၊ ဆေးဝါးများကို ဆင့်ပွားကွန်ရက် ချိတ်ဆက်ရောင်းဝယ်စနစ် (MLM) နဲ့ ပြည်ပကနေ တင်သွင်းရောင်းချခဲ့တဲ့ ပြည်တွင်းကုမ္ပဏီ နှစ်ခုနဲ့ ပြည်ပကုမ္ပဏီ တစ်ခုတို့ကို စစ်ဆေးဖော်ထုတ် တရားစွဲဆိုနိုင်ခဲ့ပြီး ပြစ်ဒဏ်များ ချမှတ်နိုင်ခဲ့သလို ကုမ္ပဏီများကို အမည်ပျက်စာရင်း ရေးသွင်းခြင်း၊ စာရင်းရှင်းလင်း ဖျက်သိမ်းခြင်း၊ ကုမ္ပဏီပိုင်ငွေနဲ့ ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်း နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြည်ထဲရေးရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ MLM စနစ်နဲ့ လုပ်ကိုင်ခဲ့တဲ့ ပြည်တွင်းကုမ္ပဏီ နှစ်ခုနဲ့ ပြည်ပကုမ္ပဏီ တစ်ခုကိုသာ အရေးယူနိုင်ခဲ့တာကို တွေ့ရမှာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနရဲ့ ကျန်းမာရေး ထောက်ခံချက် ရယူထားခြင်း မရှိဘဲ ဖြည့်စွက်စာတွေကို ပြည်တွင်းဈေးကွက်မှာ ဖြန့်ဖြူးရောင်းချခဲ့တဲ့ ကုမ္ပဏီတွေက တာဝန်ရှိသူတွေကို အရေးယူထားတယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီး အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနခွဲမှ တာဝန်ရှိသူတွေ အနေနဲ့ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီက စတင်ကာ ရန်ကုန်တိုင်းဒေသကြီး အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနရုံးမှာ MLM စနစ်နဲ့ လုပ်ကိုင်နေတဲ့ မူရင်းကုမ္ပဏီ ၂၈ ခု၊ ဆင့်ပွားကုမ္ပဏီ ၁၃ ခု စုစုပေါင်း ကုမ္ပဏီ ၄၁ ခု တို့နဲ့ သက်ဆိုင်တဲ့ ကုမ္ပဏီတာဝန်ရှိသူတွေကို တွေ့ဆုံပြီး စာရင်းဇယားများ၊ ဘဏ်ဝင်၊ ထွက်ငွေများ၊ သွင်းကုန်လျှောက်ထားခြင်းနဲ့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) ထောက်ခံချက် ရယူခြင်းများ၊ အခွန်ပေးအပ်မှုတွေမှာ ကုမ္ပဏီရဲ့ ရေးဆွဲတင်ပြလာတဲ့ စာရင်းဇယားများကို ဌာနဆိုင်ရာ အတည်ပြုချက်၊ ပြန်ကြားချက်များနဲ့ တိုက်ဆိုင်စစ်ဆေး ခဲ့ပါတယ်။

အဲဒီလို တိုက်ဆိုင်စစ်ဆေးခဲ့ရာမှာတော့ တာမွေမြို့နယ် တာမွေကြီး (က+ဂ) ရပ်ကွက်ရှိ မြင့်မိုရ်ခွန်အား ကုမ္ပဏီလီမိတက်မှ ဖြည့်စွက်စာ ၁၆ မျိုး၊ ဘိုးလိန်းအောင် မင်္ဂလာရပ်ကွက် World Class Invemation (WCI) ကုမ္ပဏီလီမိတက်မှ ဖြည့်စွက်စာ ကိုးမျိုး၊ ပျားရည်ကုန်းရပ်ကွက်ရှိ နှင်းမြန်မာ အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီလီမိတက်နဲ့ ကျောက်မြောင်းကြီး ရပ်ကွက်ရှိ The Wisdom Nation ကုမ္ပဏီလီမိတက်တို့မှ ဖြည့်စွက်စာ ကိုးမျိုးတို့မှာ ကျန်းမာရေးထောက်ခံချက် ရယူထားခြင်း မရှိဘဲ ပြည်တွင်းဈေးကွက်မှာ ဖြန့်ဖြူးရောင်းချခဲ့တယ်လို့ တိုင်တန်းချက်အရ အဲဒီကုမ္ပဏီတွေက တာဝန်ရှိသူတွေကို တာမွေမြို့မရဲစခန်းမှာ ဥပဒေနဲ့အညီ အရေးယူဆောင်ရွက် ထားတယ်လို့ ၂၀၁၈ ခုနှစ် ဇွန် ၇ ရက်မှာ ပြန်ထဲရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဆင့်ပွားဈေးကွက် ဖြန့်ချိရေး စနစ်ရဲ့ ဆိုးကျိုးက ဘာတွေလဲ

မိမိအောက်တွင် လူများများ ရှာနိုင်လေ အကျိုးရှိလေဖြစ်ကြောင်း ရှင်းပြထားမှုကို တွေ့ရစဉ်

ဆင့်ပွားဈေးကွက် ဖြန့်ချိရေးစနစ် (MLM) ရဲ့ ဆိုးကျိုးကတော့ အောက်ခြေကလူတွေ ခံရတာပဲ ဖြစ်ပါတယ်။

“အရင်ဆုံး စဝင်ထားတဲ့ သူတွေကတော့ အဆင်ပြေကြတယ်။ ထိပ်ကလူတွေပေါ့။ သူတို့က တကယ်လည်းရတယ်။ ဒါပေမဲ့သူတို့က မဲဆွယ်လာလိုက်တာ သူတို့အောက်မှာ ရှိတဲ့သူတွေက အဆင်မပြေတော့ဘူး။ နောက်ဆုံးရောက်လေ ဆိုးကျိုးများလေပဲ” လို့ MLM စနစ်ကို လုပ်ကိုင်ခဲ့ဖူးသည့် ကိုကျော်ကျော်အောင်က ပြောပါတယ်။

MLM စနစ်လုပ်ကိုင်သူတွေရဲ့ အဓိကမက်လုံးပေး စည်းရုံးသည့် လက်သုံးစကားမှာ ချမ်းသာစေရမည်ဆိုတဲ့ စကားပဲဖြစ်ပါတယ်။ ကုမ္ပဏီတစ်ခုနဲ့တစ်ခု လုပ်ကိုင်ပုံချင်း မတူညီပေမယ့် အဓိကဆွဲဆောင်တဲ့ မက်လုံးကတော့ အဲဒီစကား ဖြစ်ပါတယ်။

“စဆွယ်ကတည်းက ချမ်းသာမယ်ဆိုတဲ့ စကားကို တွင်တွင်သုံးတာ။ Member ဝင်ရပုံချင်းတော့ ကုမ္ပဏီတစ်ခုနဲ့ တစ်ခုကွာလိမ့်မယ်။ ဒါပေမဲ့ အဆုံးကတော့ ကိုယ်ကလူရှာရမယ်။ ကိုယ်ရှာတဲ့ဟာကို အပေါ်ကလူကို ခွဲပေးရတယ်။ အဲဒါပဲ။ နောက်ဆုံးကတော့ အောက်ဆုံးရောက်လေ ပိုခံရလေပဲ” လို့ ကိုကျော်ကျော်အောင်က ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဆယ်စုနှစ် တစ်ခုကျော်ကြာ အမြစ်တွယ်လာခဲ့တဲ့ MLM စနစ်နဲ့ ကုန်ပစ္စည်း ရောင်းဝယ်ခြင်းဟာ နောက်ပိုင်းမှာတော့ တောနေလူထုကို ပစ်မှတ်ထားလာ ခဲ့ပါတယ်။

ယင်းစနစ်ရဲ့ ဆိုးကျိုးကို ထောက်ပြဝေဖန်မှုတွေ ရှိလာတဲ့အချိန်မှာ သူတို့ရဲ့ ပစ်မှတ်က မြို့နေလူထုဆီကနေ ပြောင်းလာတာပဲ ဖြစ်ပါတယ်။

“ကျွန်တော့်အဖေ ဇာတိမြစ်ခြေမှာဆိုရင် အဲဒီဘက်ခြမ်းက တကယ်ခေါင်တဲ့ နေရာတွေဖြစ်တဲ့ ကံမတို့ ဘာတို့ ဘက်ကိုတောင် အဲဒီကောင် (MLM စနစ်ဖြင့် ရောင်းသူများ) တွေ ရောက်နေတယ်။ ဒါကပစ်မှတ်တွေ ပြောင်းလာတာပေါ့။ ကိုယ်က ဒီလောကထဲကလည်း ထွက်ခဲ့တာဆိုတော့ နိုင်သလောက် ပြောပြရတယ်။ ဒါတောင် ခံရတဲ့သူတွေ ရှိခဲ့တယ်” လို့ သူကပြောပါတယ်။

MLM စနစ်နဲ့ ကုန်ပစ္စည်းရောင်းချသူတွေရဲ့ ပစ်မှတ်ကတော့ စားသုံးသူ တတ်နိုင်တဲ့ ဈေးနှုန်းပေါ် မူတည်ပြီး ပစ်မှတ်ထားကြပါတယ်။

ပိုက်ဆံရှိတဲ့ သူတွေကိုတော့ ဈေးကြီးတဲ့ ကုန်ပစ္စည်းတွေကို ရောင်းချပြီးတော့ သာမန်လူတန်းစားတွေ အတွက်ကတော့ အဲဒီထက်သက်သာတဲ့ ဈေးနှုန်းတွေနဲ့ ပစ်မှတ်ထားကြပါတယ်။

“ဘယ်နေရာမှာ ရောဂါသည်ရှိလဲ ဆိုတာကို လိုက်ရှာနေရတဲ့ အဖြစ်မျိုး။ ဥပမာ ကင်ဆာဖြစ်နေတဲ့သူ ရှိတယ်ဆိုပြီး ကြားတာနဲ့ အဲဒီသွား ဆေးတွေက ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ ညွှန်း။ ပြီးတော့မှ ဆေးဝယ်ဖို့ တွန်းအားပေးရတယ်” လို့ ကိုကျော်ကျော်အောင်က ပြောပါတယ်။

MLM စနစ်နဲ့ ရောင်းတဲ့ ကုမ္ပဏီတွေရဲ့ ထုတ်ကုန်တွေမှာတော့ တချို့ဟာတွေက ကောင်းတယ်လို့ သူကဆိုပါတယ်။

“တချို့ဟာတွေ ရောဂါပျောက်တယ် ဆိုတာတော့ တကယ်ဟုတ်တယ်။ ကျွန်တော်လည်း သုံးခဲ့ဖူးတဲ့ ကုန်ပစ္စည်းတွေရှိတယ်” လို့ ကိုကျော်ကျော်အောင်က ပြောပါတယ်။

ဒါပေမဲ့ MLM စနစ်နဲ့လုပ်ကိုင်နေတဲ့ ကုမ္ပဏီတော်တော်များများက အစားအသောက် ဆေးဝါး မှတ်ပုံတင်တာတွေလည်း မရှိပါဘူး။

အဲဒီလို မတင်တာတွေကြောင့် ၂၀၁၈ ခုနှစ်လောက်မှာ ကုမ္ပဏီ ၂၀ လောက်ကို အမျိုးသား အစားအသောက် ဥပဒေပုဒ်မ ၃၀ နဲ့ တရားစွဲဆို ခဲ့ပါတယ်။

အမျိုးသား အစားအသောက် ဥပဒေပုဒ်မ ၂၄ မှာ ‘မည်သူမျှ လိုင်စင်မရှိကြဘဲ ထုတ်လုပ်ထားသော ထိန်းချုပ်အစားအသောက်ကို ပြည်ပသို့ တင်ပို့ခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်း သို့မဟုတ် ရောင်းချခြင်း မပြုရ’ လို့ ပြဋ္ဌာန်းထားပါတယ်။ ဒီပုဒ်မ ၂၄ ကို ဖောက်ဖျက်ကျူးလွန်ပါက ပြစ်မှုထင်ရှားကြောင်း စီရင်ခြင်းခံရရင် ထောင်ဒဏ်သုံးနှစ်အထိ ဖြစ်စေ၊ ငွေဒဏ် အနည်းဆုံး ကျပ်တစ်ထောင်မှ အများဆုံး ကျပ်သုံးသောင်း အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တဲ့အပြင် သက်ဆိုင်တဲ့ သက်သေခံ ပစ္စည်းတွေကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်တယ်လို့ ပုဒ်မ ၃၀ မှာ ဖော်ပြထားပါတယ်။

အခုနောက်ပိုင်းမှာတော့ Q-Net ဆိုတဲ့ကုမ္ပဏီတစ်ခုက အလုပ်အကိုင် အခွင့်အလမ်း ဆိုတာနဲ့ ဗန်းပြလုပ်ကိုင် လာပါတယ်။

“အခုကတော့ Q-Net ဆိုတဲ့ ကုမ္ပဏီတစ်ခုရှိတယ်။ သူက အဲဒီနာမည်နဲ့တော့ မဟုတ်ဘူး။ တခြားနာမည်တွေ အများကြီးပဲ။ ဟိုးတစ်ပတ်က အသိတစ်ယောက်ရဲ့ ညီလေးတစ်ယောက်တောင် အဲဒီကို အလုပ်သွားလျှောက်သေးတယ်။ ဒါပေမဲ့သူက သိတော့ အင်တာဗျူးတောင် မလုပ်တော့ဘူး။ ပြန်ထွက်လာခဲ့တာ” လို့ အမည်မဖော်လိုသူ တစ်ဦးက ပြောပါတယ်။

MLM စနစ်ကြောင့် ဘဝပျက်ခဲ့တဲ့ အောက်ခြေလူတန်းစားတွေ အများကြီး ရှိခဲ့ပြီးတော့ တချို့ဆိုရင် ငွေကြေး အရှုပ်အရှင်းတွေပါ ရှိခဲ့တယ်လို့ ကိုကျော်ကျော်အောင်က ပြောပါတယ်။

“ပိုက်ဆံမရှိရင် ပိုက်ဆံချေးမယ်ဆိုပြီး ကိုယ့် Leader က ပြောလို့ ချေးငွေယူပြီး လုပ်ခဲ့တဲ့သူတွေလည်း တွေ့ဖူးတယ်။ နောက်ပိုင်းကျတော့ ဘာဖြစ်လာလဲဆိုတော့ အကြွေးပိတာတွေ ဖြစ်လာတယ်။ သူတို့ Leader ကတော့ ဘာမှမဖြစ်ဘူး။ အောက်ကကောင်ပဲ ခံရတာ” လို့ ၎င်းကပြောပါတယ်။

အချို့ကျေးလက်ဒေသတွေမှာ MLM စနစ်ကြောင့် လယ်ဆုံးယာဆုံး ဖြစ်စဉ်တွေ အများအပြား ရှိခဲ့ပါတယ်။

MLM စနစ်တိုက်ဖျက်သူ တစ်ဦးဖြစ်တဲ့ ကိုဇင်ဇေလွင်က “ဒီစနစ်က ကောင်းကျိုးဘာမှမရှိဘူး။ အကုန် ဆိုးကျိုးတွေချည်းပဲ” လို့ သူကဆိုပါတယ်။

အစိုးရရဲ့အမိန့်ထုတ်ပြန်ချက် အပြီးမှာ ဘာတွေဆက်ဖြစ်လာသလဲ

လက်ရှိမှာတော့ MLM ကုမ္ပဏီတွေအနေနဲ့ အစိုးရက အမိန့်ကြေညာစာ ထုတ်ပြန်အပြီးမှာတော့ လုပ်ငန်းရပ်ဆိုင်းကြောင်းနဲ့ ဖွင့်လှစ်နေတဲ့ သင်တန်းတွေကိုလည်း ခေတ္တရပ်နားထားကြောင်း ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။

စက်တင်ဘာ ၁၈ ရက်က ထုတ်ပြန်ခဲ့တဲ့ အမိန့်ထဲမှာပါတဲ့ စတင်ထုတ်ပြန်တဲ့ ရက်ကစပြီး လုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်နေမယ်ဆိုရင် အရေးယူမယ်လို့ ကြေညာခဲ့အပြီး ရက်မခြားဘဲ ဆက်တိုက် ထုတ်ပြန်လာခဲ့ခြင်းပဲ ဖြစ်ပါတယ်။

အဲဒီနေ့မှာ ထုတ်ပြန်ခဲ့တဲ့ ကုမ္ပဏီတွေကတော့ ရှိုင်းဟုတ်၊ Double Crane၊ Lucky Time၊ Successmore၊ Unicity၊ Zhulian၊ Multi Alpha၊ Shwe Pann Daing၊ Aim Star Network စတဲ့ကုမ္ပဏီတွေပဲ ဖြစ်ပါတယ်။

အဲဒီကုမ္ပဏီတွေရဲ့ ထုတ်ပြန်ချက်ထဲမှာ တူညီတဲ့အချက် တစ်ခုကတော့ ကုမ္ပဏီက ပြုလုပ်နေတဲ့ ဆင့်ပွားရောင်းချသည့် စနစ်ဖြင့် ပြုလုပ်တော့မည် မဟုတ်ဘဲ လုပ်ကိုင်မှုများကို ရပ်နားလိုက်ပြီဆိုတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။

အဲဒီလို ထုတ်ပြန်အပြီးမှာတော့ MLM စနစ်နဲ့ လုပ်ကိုင်ခဲ့တဲ့ Member ဝင်များအနေနဲ့ ကုန်ပစ္စည်းတွေ လက်ထဲမှာ မိနေတဲ့ ဒုက္ခကို ရင်ဆိုင်လာရပြီ ဖြစ်ပါတယ်။

“တော်တော်များများက လက်ထဲမှာ ကျန်နေတာတွေ ဖြစ်နိုင်တယ်။ ဘာကြောင့်ဆိုတော့ ကုမ္ပဏီ အများစုက ဆေးတစ်ခု ရောင်းပြီဆိုရင် အဲဒါကို ပြန်ဖြန့်ပေးတဲ့ သူတွေက ဝယ်ထားရတာ။ အခုလို မလုပ်ရတော့ဘူးဆိုတော့ ဒီပစ္စည်းတွေက ကျန်နေမှာပဲ” လို့ ကိုကျော်ကျော်အောင်က ပြောပါတယ်။

ဈေးကွက်ထဲမှာ MLM စနစ်နဲ့ ဖြန့်ဖြူးနေဆဲဖြစ်တဲ့ ကုန်ပစ္စည်းတွေရဲ့ တန်ဖိုးက ပမာဏာကြီးမားစွာ ရှိနေတာကြောင့် အစိုးရက အမိန့်ထုတ်ပြန်ကြေညာ အပြီးမှာတော့ ရပ်ဆိုင်းသွားပြီ ဖြစ်ပါတယ်။

“အဲဒီလောကထဲမှာ ကျန်ခဲ့တဲ့သူတွေရဲ့အသံက အခုတော့ သိပ်မထွက်သေးပါဘူး။ ဒါပေမဲ့ အချိန်ကြာလာရင်တော့ အဲဒါတွေ ဖြစ်လာလိမ့်မယ်” လို့ MLM စနစ်ကို လုပ်ကိုင်ခဲ့ဖူးတဲ့ ကိုကျော်ကျော်အောင်က ပြောပါတယ်။

Weekly Eleven အနေနဲ့ အဲဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး စုံစမ်းတဲ့အခါမှာတော့ အများစုက အခုချိန်မှာ ထုတ်ဖော်ပြောကြားလိုခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

“ကုမ္ပဏီဘက်က ဘာလုပ်မလဲဆိုတာ စောင့်ကြည့်လိုက်ပါဦးမယ်” လို့ MLM စနစ်နဲ့ ကုန်ပစ္စည်း ဖြန့်ဖြူးနေတဲ့သူ တစ်ဦးက ပြောပါတယ်။ ဒီစနစ်မှာ လည်ပတ်နေတဲ့ ငွေကြေးကတော့ ခန့်မှန်းနိုင်ခြင်း မရှိသေးပါဘူး။

“ငွေကြေးအင်အားက ကြီးမားတယ်။ ကိုယ့်ဆီမှာ Member တစ်ယောက်က များများရင်းလေ ကြိုက်လေပဲ။ အဲဒီတော့ တချို့က များများရင်းတာတွေရှိတယ်” လို့ ကိုကျော်ကျော်အောင်က ပြောပါတယ်။

အခုလို အမိန့်စာ ထုတ်ပြန်လာတဲ့အချိန်မှာ ကုမ္ပဏီ တော်တော်များများက ရောင်းဝယ်ခြင်းတွေကို ရပ်နားထားကြပြီးတော့ အစိုးရနဲ့ ညှိနှိုင်းနေတယ်လို့ ဆိုကြပါတယ်။

MLM စနစ်နဲ့ လုပ်ကိုင်နေတဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Zhulian ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာတော့ ကုန်ပစ္စည်း ရောင်းချမှုနဲ့ ပတ်သက်ပြီး နေပြည်တော်ရှိ တာဝန်ရှိသူများနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်နေပြီး အကြောင်းတစ်စုံတစ်ရာ ရှိပါက ကုမ္ပဏီက ထပ်မံကြေညာပေးမည် ဖြစ်ကြောင်း၊ ကိုယ်စားလှယ်တွေနဲ့ Members များအနေနဲ့ စိုးရိမ်မှုမရှိဘဲ စောင့်ဆိုင်းပေးပါရန် ထုတ်ပြန်ကြေညာ ထားပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံမှာ MLM စနစ်နဲ့ လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေ များစွာရှိတာကြောင့် အခြားကုမ္ပဏီ တွေကလည်း ရပ်တန့်မှု မရှိနိုင်သေးဘူးလို့ ကိုကျော်ကျော်အောင်က ပြောပါတယ်။

မန္တလေးမြို့ခံ တစ်ဦးဖြစ်တဲ့ ၎င်းက “မြို့မှာက ကျွန်တော်မကြားဖူးတဲ့ နာမည်တွေနဲ့ လုပ်နေကြတာ အများကြီးပဲ။ အဲဒီကုမ္ပဏီတွေက စာထုတ်ပြီး ရပ်တန့်တယ် ဆိုတာတွေလည်း မတွေ့ဘူး။ ကြေညာတာလည်း မရှိသေးဘူး” လို့ ပြောပါတယ်။

နောက်ပိုင်းမှာ လှုပ်ရှားလာတဲ့ MLM စနစ်မှာ အဓိက သားကောင်က တောနေလူထု ဖြစ်လာတဲ့ အတွက်ကြောင့် အစိုးရက ထုတ်ပြန်တဲ့ သတင်းတွေ မရောက်နိုင်ပါဘူး။

“တောနေလူထုက သိမှာမဟုတ်ဘူး။ သူတို့က MLM စနစ်ဆိုတာလည်း နားလည်မှာ မဟုတ်ဘူး။ အဓိကက ကုန်ပစ္စည်းတွေကိုစပ်ရင်း Member များများရအောင် ဆွယ်ကြလိမ့်မယ်။ အဲဒီမှာ သားကောင်တွေ ဖြစ်သွားလိမ့်မယ်” လို့ ကိုကျော်ကျော်အောင်က ပြောပါတယ်။

အစိုးရ အနေနဲ့ကတော့ ဒီလိုမျိုး ထုတ်ပြန်ချက် ထုတ်တာကို လူတွေသိအောင် ဖြန့်တာမျိုးတွေ လုပ်ဖို့လိုသလို MLM စနစ်နဲ့ လုပ်ကိုင်နေတာတွေကို တွေ့ရင်လည်း လူထုက သတင်းပေးဖို့ လိုတယ်လို့ သူကသုံးသပ်ပါတယ်။

MLM စနစ်နဲ့ ကုန်ပစ္စည်း ရောင်းချတာတွေ မလုပ်ဖို့ အစိုးရက တားမြစ်ခဲ့ အပြီးမှာတော့ ပြည်သူလူထု ဒုက္ခမရောက်အောင် နစ်နာခဲ့တဲ့ ပြည်သူတွေအတွက် အစီအစဉ်တွေ ချမှတ်ထားဖို့ လိုတယ်လို့ MLM တိုက်ဖျက်ရေး လုပ်ဆောင်နေတဲ့ ကိုဇင်ဇေလွင်က သုံးသပ်ပါတယ်။

“အခုတချို့ ကုမ္ပဏီတွေက ရင်းထားတဲ့အရင်းကို ပြန်ထုတ်ပေးဖို့ နေနေသာသာ ရစရာရှိတဲ့ ဆုကြေးတွေ မထုတ်ပေးဘူးဆိုတဲ့ အသံတွေ ကြားနေရတယ်။ အစိုးရအနေနဲ့က အဲဒီအတွက် ဘယ်လိုဖြေရှင်းမလဲ ဆိုတာလည်း ရှိဖို့လိုအပ်တယ်” လို့ ကိုဇင်ဇေလွင်က ပြောပါတယ်။

အစိုးရက အမိန့်ကြေညာစာ ထုတ်ပြန်ပေးလိုက်တဲ့ အပေါ်မှာ ကြိုဆိုပြီးတော့ အဲဒီအပေါ်မှာ နောက်ဆက်တွဲ အမိန့်တွေ ဆက်လက်ထုတ်ပြန်ပေးဖို့ လိုအပ်ပါတယ်။

“တချို့ကုမ္ပဏီတွေက Direct selling ဆိုတဲ့ ပုံစံမျိုးတွေ သုံးလာနိုင်တယ်။ အမိန့်စာမှာက နာမည်နဲ့ အတိအကျ မပါတဲ့ အတွက်ကြောင့် တချို့ကုမ္ပဏီတွေက သူတို့ဟာ MLM မဟုတ်ပါဘူး ဆိုတာတွေ ရှိကောင်း ရှိလာနိုင်တယ်။ ပြည်သူတွေကြားမှာ MLM က နာမည်ပျက်သွားတဲ့အချိန် တချို့တွေက MLM မဟုတ်ပါဘူး။ Network Marketing ပါ Direct selling ပါဆိုပြီး ပြောပြီးတော့ ဈေးကွက်ရှာကြတာ တွေရှိတယ်။ အခုချိန်မှာ အစိုးရကလည်း ဖိဖိစီးစီး လုပ်နေတဲ့အချိန်မှာ သူတို့ဒီလိုမျိုးများ ထပ်လုပ်လာနိုင်မလားဆိုတဲ့ အတွက်ကြောင့် MLM ဆိုတာကို ပြည်သူကို သေချာသဘောပေါက်အောင် အမိန့်စာ ပြည့်ပြည့်စုံစုံနဲ့ နောက်ဆက်တွဲ အသိပညာပေးတာ လုပ်ပေးနိုင်ရင် ပိုကောင်းမယ်” လို့ ကိုဇင်ဇေလွင်က ပြောပါတယ်။

နိုင်ငံ၏ စီးပွားရေး မကောင်းသည့် အချိန်တွင် MLM စနစ်မှာ ပြည်ပထွက်ငွေ များပြားတဲ့ စနစ်တစ်ခု ဖြစ်ပြီးတော့ အမြစ်မဖြတ်နိုင်ပါက ပိုမိုဆိုးရွားသွားနိုင်တဲ့ အခြေအနေတွေနဲ့ ကြုံတွေ့ရနိုင်တယ်လို့ သူကပြောပါတယ်။

“ဒီလုပ်ငန်းက ပြည်ပထွက်ငွေ တော်တော်များတယ်။ အဲဒါကြောင့်လည်း အစိုးရက အမြစ်ဖြတ်တာလို့ မြင်တယ်” လို့ ကိုဇင်ဇေလွင်က ပြောပါတယ်။

အစိုးရရဲ့ အမိန့်စာထုတ်ပြန် အပြီးမှာတော့ ငွေကြေးဆုံးရှုံး နစ်နာမှုတွေ ရှိလာနိုင်ပြီးတော့ MLM စနစ်နဲ့ လုပ်ကိုင်ခဲ့တဲ့ ကုမ္ပဏီတွေအနေနဲ့ တာဝန်ယူမှု တာဝန်ခံမှုရှိရှိနဲ့ ပြန်လုပ်ပေးဖို့ လိုအပ်တယ်လို့ သူကသုံးသပ်ပါတယ်။

“ဆိုလိုချင်တာက ငွေမပေါ်တဲ့ ကုန်ပစ္စည်းတွေကို ကုမ္ပဏီတွေက ငွေပြန်အမ်းပေးပါတယ်ဆိုတဲ့ တာဝန်ယူရမယ်။ အဲဒီလိုဆိုရင်တော့ ဘာမှဆုံးရှုံးစရာ မရှိဘူး။ ဒီကုမ္ပဏီတွေက အရင်တုန်းက ကျွန်တော်တို့ ပစ္စည်းကို မကြိုက်ရင် ပြန်ယူမယ်။ ငွေလည်း ပြန်အမ်းပေးမယ် ပြောထားတယ်။ တကယ်တော့ အခုချိန်ထိ အဲဒီအသံတွေ မထွက်လာသေးဘူး။ ပြီးတော့ တော်တော်များများက လာမထုတ်ရဲတာတွေ ဖြစ်နိုင်တယ်။ ပါးစပ်ဖျားလေးနဲ့ အာမတွေခံ တာဝန်တွေ ယူထားတော့ တချို့ကလည်း ဒီပစ္စည်းက တန်တယ်ထင်ပြီး ပိုက်ဆံပြန်မယူတာတွေ၊ လာမထုတ်ရဲတာတွေလည်း ရှိတယ်။ အဲဒီအတွက် ကုမ္ပဏီတွေက ရပါတယ်လို့ အပေါ်ယံ ပြောတာထက်စာရင် မဖြစ်မနေ ပစ္စည်းကို ပိုက်ဆံနဲ့ ပြန်အမ်းပေးတာတွေ လုပ်ဖို့လိုတယ်။ တကယ်ပစ္စည်း သုံးချင်တဲ့သူ ဆိုရင်လည်း သူတို့ကိုယ်တိုင် ရိုးရိုးစနစ်နဲ့ ရောင်းချင် ရောင်းပေါ့။ ဒါမျိုးလုပ်လို့ရတယ်။ ဖြေရှင်းစရာနည်းတွေ အများကြီးပါ။ မလုပ်လို့ ပြဿနာတွေတက်တာ” လို့ ကိုဇင်ဇေလွင်က ပြောပါတယ်။

စက်တင်ဘာ ၂၂ ရက်မှာတော့ MLM စနစ်နဲ့ လုပ်ကိုင်ခဲ့တဲ့ Shwe Pann Daing ကုမ္ပဏီက ဆုကြေးငွေတွေ ပြန်ထုတ်ပေးပြီးတော့ ကုန်ပစ္စည်း ပြန်ပေးချင်တဲ့ သူတွေကိုလည်း ငွေပြန်အမ်း သွားမယ်လို့ ကြေညာခဲ့ပါတယ်။

အဲဒီကြေညာချက်ထဲမှာတော့ စက်တင်ဘာလအတွင်း ကြိုတင်ထုတ်ယူထားသော ကုန်ပစ္စည်းများကို ကုမ္ပဏီ၏ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရုံးချုပ်တွင် လာရောက် ထုတ်ယူနိုင်ပြီး ကုမ္ပဏီ၏ လွတ်လပ်စွာ ဖြန့်ဝေသူများ ငွေကြေးအထောက်အပံ့ ဖြစ်စေရန် ဇွန်၊ ဇူလိုင်၊ သြဂုတ်လများ၌ သုံးလဆက်တိုက် ဆုကြေးထွက်ရှိခဲ့သူများကို ဆုကြေးသုံးလစာနှင့် ညီမျှသည့် ကတိကြေးငွေများကို ပေးအပ်သွားမယ်လို့ ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။

အစိုးရရဲ့ အမိန့်ကြောင့် နစ်နာမှုတွေရှိခဲ့တာ မဟုတ်ဘဲနဲ့ တာဝန်ယူမှု တာဝန်ခံမှုမရှိတဲ့ ကုမ္ပဏီတွေကြောင့်သာ နစ်နာမှုတွေ ရှိနိုင်ပြီးတော့ ရွှေပန်းတိုင် ကုမ္ပဏီလို တာဝန်ယူမှု တာဝန်ခံမှု ရှိမယ်ဆိုရင် နစ်နာစရာအကြောင်း မရှိဘူးလို့ ကိုဇင်ဇေလွင်က ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ အစိုးရက MLM စနစ်ကို ထိန်းချုပ်နိုင်ဖို့အတွက် တိုက်ရိုက်ရောင်းချခြင်း ဥပဒေကြမ်း (Direct selling Art) ရေးဆွဲနေပြီ ဖြစ်ပါတယ်။

“ကျွန်တော်တို့ ဌာနအနေနဲ့ကတော့ ဥပဒေကြမ်း ရေးဆွဲပြီးသွားပြီ။ ကျန်တဲ့ဌာနတွေနဲ့ ချိတ်ဆက် ဆောင်ရွက်ရမယ်။ အားလုံးပြီးရင် ဥပဒေချုပ်ရုံးကို တင်မယ်။ အဲဒီက ပြန်ကျလာရင် ပြည်ထောင်စု လွှတ်တော်ကို တင်မယ်” လို့ စားသုံးသူရေးရာ ဦးစီးဌာနက တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

MLM ကုမ္ပဏီတွေရဲ့ လှုပ်ရှားမှုကတော့ မြို့ပေါ်တွေမှာ ငြိမ်သက်သွားပေမယ့် တောရွာတွေမှာတော့ အရှိန်မသေသေးပါဘူး။ ထို့အတူပဲ MLM ကုမ္ပဏီတွေဆီက ယူထားတဲ့ ကုန်ပစ္စည်းတွေကလည်း အောက်ခြေ လူတန်းစားတွေဆီမှာ ပုံနေပါပြီ။ အဲဒီအတွက် ကုမ္ပဏီတွေရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု အပိုင်းတွေကိုလည်း အများမြင်သာအောင် ထုတ်ဖော်ပြသရမှာပဲ ဖြစ်ပါတယ်။

အစိုးရအနေနဲ့လည်း MLM စနစ်နဲ့ မလုပ်ကိုင်ရဘူးလို့ အမိန့်စာ ထုတ်ပြန်ထားပြီး ဖြစ်ပေမယ့် ပြည်သူလူထု မနစ်နာအောင် ဆောင်ရွက်ပေးရမှာပဲ ဖြစ်ပါတယ်။ ပြည်ပကို စီးဆင်းငွေ များပြားတဲ့ MLM စနစ်ကတော့ အရှိန်တန့်သွားပြီ ဖြစ်ပေမယ့် နစ်နာမယ့် ပြည်သူတွေအတွက် စဉ်းစားပေးရမယ့်အချိန် ရောက်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာမှာ တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ချုပ်ကိုင်ထားတဲ့ MLM စနစ်ဟာ မြန်မာနိုင်ငံမှာတော့ ဥပဒေမရှိဘဲ လွတ်လွတ်လပ်လပ် လုပ်ကိုင်နေခဲ့တာ ဆယ်စုနှစ်တစ်ခု ကျော်လာပြီ ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် အစိုးရအနေနဲ့ နစ်နာသူတွေအတွက် ထိုက်သင့်တဲ့ မျှတမှု တစ်ခုရအောင် ဘယ်လို ဆောင်ရွက်မလဲဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

 

Most Read

Most Recent