စီးပွားရေး ကျပ်တည်းမှုနဲ့အတူ အလုပ်ရှင် အလုပ်သမားကြား ပဋိပက္ခများကို ဘယ်လိုဖြေရှင်းကြမလဲ

စီးပွားရေး ကျပ်တည်းမှုနဲ့အတူ အလုပ်ရှင် အလုပ်သမားကြား ပဋိပက္ခများကို ဘယ်လိုဖြေရှင်းကြမလဲ
Published 17 September 2018

ဒဂုံဆိပ်ကမ်းစက်မှုဇုန်ရှိ ဖုယွင်အထည်ချုပ်စက်ရုံရှေ့တွင် စက်ရုံအလုပ်သမားများ ဆန္ဒထုတ်ဖော်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ရှိုင်းလင်းအောင်)

မနက်မိုးလင်းလို့ မျက်စိနှစ်လုံးပွင့်ပြီ ဆိုတာနဲ့ အခြေခံလူတန်းစား အလုပ်သမားတွေဟာ လုပ်ငန်းခွင်ကိုယ်စီဝင်ဖို့ စတင်ပြင်ဆင်ကြရပါတယ်။ သူတို့အလုပ်လုပ်တဲ့ လုပ်ငန်းခွင်တွေ မတူကြပေမဲ့ အိမ်ကနေ အလုပ်ကို ရောက်ဖို့ နေရာမျိုးစုံက နေ သွားရတာကတော့ အတူတူပါပဲ။ ကားမှတ်တိုင်တွေ၊ လမ်းထိပ်တွေမှာ မိမိတို့ လုပ်ငန်းခွင်တွေကို ကိုယ်စီသွားနေတဲ့လူတွေ အများကြီးထဲမှာ အသိသာဆုံး လူတွေကတော့ စက်ရုံ၊ အလုပ်ရုံတွေမှာလုပ်တဲ့ အလုပ်သမားတွေပါပဲ။ ထမင်းချိုင့်၊ ရေဘူး စတာတွေ ထည့်ထားတဲ့ ဆွဲခြင်းလေးတွေဆွဲပြီး အလုပ်ချိန်မီဖို့ ခပ်သုတ်သုတ် သွားလာနေတဲ့ အလုပ်သမားတွေကို မနက်စောစောမှာ တွေ့နိုင်ပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့မှာ စက်မှုဇုန် ၂၉ ခုနဲ့ သီလဝါ အထူးစီးပွားရေးဇုန် တစ်ခုရှိပါတယ်။ ဒီစက်မှုဇုန်တွေမှာ စက်မှု၊ လက်မှုကဏ္ဍမျိုးစုံနဲ့စက်ရုံ၊ အလုပ်ရုံတွေ လုပ်ကိုင်လည်ပတ် နေကြပါတယ်။ စက်ရုံ၊ အလုပ်ရုံတွေထဲမှာ အလုပ်သမားတွေနဲ့ အလုပ်ရှင်တွေဟာ စိတ်အေးချမ်းသာစွာနဲ့ လုပ်ကိုင်နေကြတယ်လို့ မထင်ပါနဲ့။ သူတို့ကြားထဲမှာ အဆင်မပြေမှု အမျိုးမျိုး၊ အကြောင်းအမျိုးမျိုးကြောင့် အလုပ်သမား ဆန္ဒပြနေတဲ့ စက်ရုံတွေလည်း အများကြီး ရှိနေပါတယ်။

အလုပ်သမားတွေ ဘာကြောင့် ဆန္ဒပြကြတာလဲ

အလုပ်သမား ဆန္ဒပြမှုတွေဟာ များသောအားဖြင့် နှစ်မျိုးနှစ်စား ရှိပါတယ်။ ဒါကတော့ ဥပဒေပါ ရပိုင်ခွင့်တွေကို တောင်းဆိုတာနဲ့ အကျိုးစီးပွားလိုချင်လို့ တောင်းဆိုတာဆိုပြီး ကွဲပြားပါတယ်။ ပထမတစ်ခုက ဥပဒေပြဋ္ဌာန်းချက်မှာပါတဲ့ အနည်းဆုံး လုပ်အားခ၊ အချိန်ပို လုပ်အားခ၊ ရှောင်တခင်ခွင့်၊ လုပ်သက်ခွင့်၊ ဆေးခွင့် စတာတွေအပြင် အခြားအလုပ်သမား ရပိုင်ခွင့်တွေကို မပေးလို့ ဆန္ဒပြတာပါ။ အမှန်တကယ်က ဥပဒေပါ အခွင့်အရေးတွေ မရခဲ့ရင် ဆန္ဒပြ တောင်းဆိုစရာတောင် မလိုပါဘူး။ အလုပ်ရှင်ဘက်က ပေးကိုပေးရမှာပါ။ ဒါက အလုပ်သမား ဥပဒေတွေမှာ ပြဋ္ဌာန်းပြီးသား ဖြစ်တာကိုး။

ဒုတိယတစ်ခုဖြစ်တဲ့ အကျိုးစီးပွားလိုချင်လို့ တောင်းဆိုတာကတော့ အနည်းဆုံး လုပ်ခထက် ပိုရချင်တာ၊ ကျွမ်းကျင်ကြေးတွေ ပိုရချင်တာနဲ့ အလုပ်သမား ဥပဒေတွေထဲမှာမပါတဲ့ အခြားသော အခွင့်အရေးတွေ ရချင်လို့ တောင်းဆိုတာပဲ ဖြစ်ပါတယ်။ တချို့အလုပ်သမား ဆန္ဒပြမှုတွေကတော့ ဥပဒေပါ ရပိုင်ခွင့်တွေမရလို့ ရအောင်ပေးဖို့ တောင်းဆိုတာနဲ့ အခြားအခွင့် အရေးတွေ လိုချင်လို့ဆိုပြီး နှစ်ခုပေါင်းပြီး ဆန္ဒပြတာတွေလည်း ရှိပါတယ်။

ဆန္ဒပြတဲ့နေရာမှာ လုပ်ငန်းခွင်ထဲမှာ အလုပ်မလုပ်ဘဲ ဆန္ဒပြတာ၊ စက်ရုံရှေ့မှာ လုပ်ငန်းခွင်မဝင်ဘဲ ဆန္ဒပြတာနဲ့ စက်ရုံရှေ့မှာ နေ့ရောညပါ သပိတ်စခန်းဖွင့် သပိတ်မှောက်ဆန္ဒပြ တောင်းဆိုတာဆိုပြီး ကွဲပြားပါသေးတယ်။ ဆန္ဒပြမှုတွေ ဘယ်လိုပဲ ကွဲပြားကွဲပြား စက်ရုံတစ်ရုံမှာ အလုပ်သမားတွေ ဆန္ဒပြပြီဆိုရင် သေချာတာကတော့ သူတို့အတွက် အဆင်မပြေမှုတွေ အမှန်တကယ်   ကြုံတွေ့နေရလို့ပါပဲ။ လုပ်ငန်းခွင်ထဲမှာ အစစအရာရာ အဆင်ပြေချောမွေ့ နေတယ်ဆိုရင် ဘယ်အလုပ်သမားကမှ အလကားနေရင်း ဆန္ဒပြနေမှာ မဟုတ်ပါဘူး။

အလုပ်သမား ဆန္ဒပြမှုတွေကြောင့် ဘာတွေဖြစ်လာနိုင်သလဲ

စက်ရုံတစ်ရုံမှာ အလုပ်သမားတွေ အလုပ်မလုပ်ဘဲ ဆန္ဒပြပြီဆိုရင် အလုပ်ရှင်ဘက်မှာရော၊ အလုပ်သမားဘက်မှာရော ထိခိုက်နစ်နာမှုတွေ ရှိလာနိုင်ပါတယ်။ အလုပ်သမားတွေ အလုပ်မလုပ်ဘဲ ဆန္ဒပြပြီဆိုရင် အဲဒီစက်ရုံရဲ့ ကုန်ထုတ်စွမ်းအားကစပြီး ကျဆင်းလာပါပြီ။ အလုပ်သမား အနည်းငယ်သာ ဆန္ဒပြနေတာဆိုရင် သိပ်မသိသာပေမဲ့ ရာနဲ့ချီတဲ့ အလုပ်သမားတွေ ဆန္ဒပြပြီဆိုရင် လုပ်ငန်းလည်ပတ်မှု မရပ်ဆိုင်းသွားရင်တောင် ကုန်ထုတ်လုပ်မှုမှာ ထိခိုက်လာပါပြီ။ အလုပ်သမား ဆန္ဒပြမှုတွေက အလုပ်ရှင် အတွက်ရော အလုပ်သမား အတွက်ရော မကောင်းပါဘူး။ နှစ်ဦးနှစ်ဖက်စလုံးအတွက် ထိခိုက်နစ်နာမှုတွေ ရှိနေပါတယ်။

အလုပ်ရှင်ဘက်က ကြည့်မယ်ဆိုရင် အလုပ်သမားတွေ အလုပ်မလုပ်ဘဲ ဆန္ဒပြနေတဲ့အတွက် နိုင်ငံခြားကို အချိန်မီ တင်ပို့ရမယ့် အဝတ်အထည်တွေ မပို့နိုင်တဲ့ကိစ္စကို မလွဲမသွေ တွေ့ကြုံလာရနိုင်ပါတယ်။ အလုပ်သမားဘက်က ကြည့်မယ်ဆိုရင်လည်း စက်ရုံရှေ့ဝင်ပေါက်၊ ထွက်ပေါက် ပိတ်ဆို့ဆန္ဒပြတာကြောင့် အလုပ်ရှင်ဘက်က အမှုဖွင့် တိုင်ကြားမှုကို ခံရနိုင်ပါတယ်။

“ဆန္ဒပြတာကပြပေါ့။ လွတ်လွတ်လပ်လပ် ပြခွင့်ရှိပါတယ်။ သူတို့ အဆင်မပြေတာတွေရှိရင် ပြလို့တော့ရတာပေါ့။ ဒါပေမဲ့ လုပ်ငန်းကို ထိခိုက်လာတာကတော့ မကောင်းဘူးပေါ့။ အဲဒီလိုလုပ်ငန်း ထိခိုက်လာရင် အထည်တွေကို သင်္ဘောနဲ့ တင်ရမဲ့နေ့ရောက်လို့ မတင်နိုင်ဘူးဆိုရင် ကျွန်တော်တို့လို လုပ်ငန်းရှင်အတွက်က အများကြီး ထိခိုက်ပါတယ်။ ရမယ့်ငွေက မရတော့ဘူးပေါ့။ နိုင်ငံခြားကို ပို့ရမယ့်အချိန်မှာ အချိန်မီမပို့နိုင်ရင် သင်္ဘောက ထွက်သွားမယ်။ ဒီမှာက မတင်ဖြစ်ရင် ဒီရဲ့စရိတ်တွေက အများကြီး ရှိတာပေါ့။ အထည်တွေ မရောက်လို့ ငွေမရရင် အလုပ်သမားခတွေ ပေးရတဲ့အခါမှာ ဒုက္ခဖြစ်တာပေါ့” လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေပေါက္ကံစက်မှုဇုန် ဥက္ကဋ္ဌဦးဖေလှိုင်က ပြောပါတယ်။

၂၀၁၂ ခုနှစ် အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေရဲ့ အခန်း(၈) ၄၀ မှာ “ဥပဒေနဲ့အညီ ညှိနှိုင်းခြင်း ဖျန်ဖြေခြင်းနဲ့ ခုံသမာဓိအဖွဲ့ဖြင့် ဆုံးဖြတ်ချက်တို့ကို မလုပ်ရသေးဘဲနဲ့ အလုပ်ပိတ်ခြင်း၊ သပိတ်မှောက်ခြင်း မပြုလုပ်ရ” လို့ ပြဋ္ဌာန်းထားတာကို တွေ့ရပါတယ်။

အလုပ်သမားဆန္ဒပြမှုတွေ ဖြစ်လာခဲ့ရင် ညှိနှိုင်းဖျန်ဖြေရေး လမ်းကြောင်းအဆင့်ဆင့်နဲ့ သွားရမယ် ဆိုပေမယ့် လိုအပ်တဲ့အချိန်ထက် ပိုကြာတာတွေက အလုပ်သမားတွေ ရဲ့ တောင်းဆိုမှုတွေကို လုပ်ငန်းရှင်တွေကပဲ မလိုက်လျောတာလား၊ မြို့နယ်ညှိနှိုင်း ဖျန်ဖြေရေး ရုံးတွေကပဲ ဆွေးနွေးမှုတွေက လိုအပ်ချက်တွေ ရှိနေတာလားဆိုပြီး မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂများ အဖွဲ့ချုပ် (MICS) ရဲ့ အတွင်းရေးမှူး ဦးသက်နှင်းအောင်က မေးခွန်းထုတ် ပြောကြားခဲ့ပါတယ်။

“အငြင်းပွားမှုတွေ ဖြစ်လာပြီဆိုရင် ညှိနှိုင်းမှု Process နဲ့သွားရပါမယ်။ တကယ်လို့ အလုပ်သမားတွေက အကျိုးစီးပွားဆိုင်ရာပဲ ဖြစ်ဖြစ်၊ အခွင့်အရေးပိုင်း ဆိုင်ရာပဲဖြစ်ဖြစ် အလုပ်မလုပ်ဘဲ သပိတ်မှောက် ဆန္ဒပြမယ်ဆိုရင်  တည်ဆဲဥပဒေအရ သွားရမှာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ အလုပ်သမားတွေရဲ့ နိုင်ငံရေးရေချိန်က နည်းပါးတယ်။ အဲဒီတော့ တောင်းဆိုချက်တွေ မြန်မြန်ရအောင် အပြင်ထွက်စက်ရုံရဲ့ ဝင်ပေါက်ထွက်ပေါက်တွေပိတ်ပြီး သပိတ်မှောက်ကြတယ်။ ဒါက ဥပဒေနဲ့ မညီဘူး။ စက်ရုံဝင်၊ ထွက် ပေါက်ကို ပိတ်ပြီး သပိတ်မှောက် တဲ့အခါမှာ အလုပ်ရှင်ရဲ့ ကုန်ထုတ် လုပ်မှုကို ထိခိုက်တယ်။ နိုင်ငံခြား Export Import တွေ နောက်ကျကုန်တာရှိတယ်။ အလုပ်ရှင်ဘက်က တရားစွဲမှုတွေ လုပ်နိုင်တယ်။ လုပ်လည်း လုပ်နေပါတယ်။ အဲဒီတော့ ဒါက နှစ်ဖက်စလုံး အထိနာတဲ့ နည်းလမ်းပါ။ အလုပ်သမားလည်း တရားစွဲခံရလို့ နာပါတယ်။ အလုပ်ရှင်လည်း ကုန်ပစ္စည်းတွေ ဆုံးရှုံးလို့ နာပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ မေးခွန်းထုတ်ချင်တာက အငြင်းပွားမှု ဖြေရှင်းတဲ့အခါမှာ ဘာလို့ လိုအပ်တဲ့ အချိန်ကာလထက် ပိုကြာတာလဲဆိုတာ စဉ်းစားရမယ်။ ကျွန်တော်တို့ အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေကို အလုပ်ရှင်ကပဲ မလိုက်လျောတာလား။ ဒါမှမဟုတ် မြို့နယ်ညှိနှိုင်းဖျန်ဖြေ အဖွဲ့တွေရဲ့ ညှိနှိုင်းဆွေးနွေးမှုကပဲ လိုအပ်တာလားဆိုတာ စဉ်းစားရမယ်” လို့ ဦးသက်နှင်းအောင်က ပြောပါတယ်။

အလုပ်သမား ဆန္ဒပြမှုတွေဖြစ်လို့ အငြင်းပွားစရာတွေ ရှိလာပြီဆိုရင် ညှိနှိုင်းဖျန်ဖြေရေး လမ်းကြောင်းက အချိန်ကြာတယ်ဆိုတာ မှန်ပါတယ်။ အလုပ်ရှင် ကိုယ်စားလှယ်နဲ့ အလုပ်သမား ကိုယ်စားလှယ်တွေ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးရုံးမှာ ညှိ ကြတယ်ဆိုရင် အလုပ်ရှင်ကိုယ်စား တွေ ရုံးကို မလာတာတို့၊ နိုင်ငံခြားသားပိုင်တဲ့ စက်ရုံဆိုရင် အလုပ်သမားတွေ တောင်းဆိုချက်ကို သူဌေးကို ပြန်တင်ပြရတာတို့စတဲ့ အကြောင်းပြချက် အမျိုးမျိုးတွေကြောင့် အငြင်းပွားမှုတွေ ဖြေရှင်းတဲ့နေရာမှာ မလိုအပ်ဘဲ အချိန်တွေ ကြာတတ်ပါတယ်။

လုပ်ခလစာတိုးမြှင့်ရေး အပါအဝင် အလုပ်သမား အခွင့်အရေးများအတွက် စက်မှုဇုန်တစ်ခုတွင် အလုပ်သမားများ ဆန္ဒပြနေစဉ်

အငြင်းပွားမှုတွေ ဖြေရှင်းတဲ့အခါ အစိုးရနှစ်ခု ဘာတွေကွာလဲ

အလုပ်ရှင်၊ အလုပ်သမား အ ငြင်းပွားမှုဖြစ်စဉ်တွေကို အစိုးရနှစ်ခုနဲ့ ချိတ်ဆက်နှိုင်းယှဉ် ကြည့်မယ်ဆိုရင် အရင် USDP အစိုးရ လက်ထက်မှာ အငြင်းပွားမှုတွေ ဖြေရှင်းပေးရတဲ့ အရေအတွက်က အခု NLD အစိုးရလက်ထက်မှာ ဖြေရှင်းနေရတဲ့ အမှုတွေထက် နှစ်ဆ၊ သုံးဆလောက် ပိုများပါတယ်လို့ သိရပါတယ်။

“အစိုးရနှစ်ခု ယှဉ်ကြည့်မယ်ဆိုရင် ပြီးခဲ့တဲ့ အစိုးရ USDP ပါတီ အစိုးရလက်ထက်မှာ ဖြေရှင်းခဲ့ရတဲ့ အလုပ်သမား အငြင်းပွားမှုတွေက လက်ရှိ (NLD) အစိုးရလက်ထက်မှာ ဖြေရှင်းရမဲ့ အမှုတွေထက် နှစ်ဆ သုံးဆ ပိုများတယ်။ ပြီးခဲ့တဲ့အစိုးရက ဘာလို့ Industrial Relationship ကို တည်ငြိမ်အောင် လုပ်ထားနိုင်သလဲဆိုရင် ညှိနှိုင်းဖြေရှင်းတဲ့ နေရာမှာ မြန်မြန်ဆန်ဆန်ပြီးအောင်လို့ ဖြေရှင်းတယ်။ ခုံသမာဓိနဲ့ ခုံသမာဓိ ကောင်စီရဲ့ဆုံးဖြတ်ချက်တွေနဲ့ ပြီးအောင်လုပ်ကြတယ်။ သို့သော် NLD အစိုးရလက်ထက်မှာ အဲဒီပုံစံ မဟုတ်တော့ဘူး။ တစ်ဦးချင်း အငြင်းပွားမှုဆိုရင် တရားရုံးကို သွားဆိုပြီး လုပ်ကြတယ်။ ပြဿနာက ဘာတက်လဲဆိုတော့ ကျွန်တော် တို့ အလုပ်သမားတွေက တစ်ဦးချင်း အငြင်းပွားမှုဆိုပြီး တရားရုံးကို သွားနိုင်တဲ့ အင်အားနည်းပါတယ်။ အဲဒီတော့ ဥပဒေကို အယုံအကြည် မရှိတော့ဘဲ ညှိနှိုင်းဖျန်ဖြေရေး လမ်းကြောင်းကို လက်မခံတော့ဘူး။ ပြီးတော့ ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့က ချလိုက်တဲ့ ဆုံးဖြတ်ချက်ကို မလိုက်နာရင် ပေးဆောင်ရမဲ့ ပြစ်ဒဏ်ကလည်း လူရယ်ချင်စရာကြီး ဖြစ်နေပါ တယ်။ ဒီဥပဒေမှာ ထိရောက်တဲ့ပြစ်ဒဏ် ပါတယ်ဆိုရင် ကျွန်တော်တို့ အလုပ်သမားတွေက သပိတ်မှောက်မှာ မဟုတ်ပါဘူး။ ညှိနှိုင်းဖျန်ဖြေတဲ့ လမ်းကြောင်းကို သွားမှာဖြစ်ပါတယ်။ NLD အစိုးရ လက်ထက်မှာ သပိတ်မှောက်မှုတွေ မဖြစ်အောင် တတ်နိုင်သမျှ တားဆီးပါတယ်။ ဒါပေမဲ့ သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရနဲ့ အလုပ်သမား ဝန်ကြီးဌာနဘက်က ပူးပေါင်းဆောင်ရွက်မှု အရမ်းအားနည်းတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် အလုပ်သမား အငြင်းပွားမှုတွေကို ကြန့်ကြာနေတဲ့ဟာ၊ အယုံအကြည် မရှိတာတွေ ဖြစ်လာတယ်” လို့ MICS ရဲ့ အတွင်းရေးမှူး ဦးသက်နှင်းအောင်က ပြောပါတယ်။

အခု အစိုးရလက်ထက်မှာ အလုပ်သမား ဆန္ဒပြတောင်းဆိုမှုတွေက အရင်အစိုးရ လက်ထက်ကထက် ပိုနည်းလာပေမယ့် အငြင်းပွားမှုတွေ ဖြေရှင်းတဲ့နေရာမှာ အချိန်ကာလ ပိုကြာလာတာကို တွေ့ရပါတယ်။ ဒီလို အချိန်ကြာတာက အလုပ်ရှင်တွေအတွက် ကိစ္စမရှိပေမဲ့ မရှိဆင်းရဲသား အလုပ်သမားတွေ အတွက်တော့ အဆင်မပြေလှပါဘူး။

အငြင်းပွားမှု ဖြေရှင်းရေးလမ်းကြောင်းက အလုပ်သမားတွေအတွက် ဘယ်လိုအခက်အခဲတွေ ဖြစ်နေလဲ

အလုပ်ရှင်နဲ့ အလုပ်သမားအကြား အငြင်းပွားမှုတွေ ဖြစ်လာပြီဆိုရင် တစ်ဦးချင်းအငြင်းပွားမှုနဲ့ စုပေါင်း အငြင်းပွားမှုဆိုပြီး နှစ်မျိုး ကွဲပြားပါတယ်။ ဖြေရှင်းရတဲ့ ပုံစံ ချင်းကလည်း ကွဲပြားပါတယ်။ အငြင်း ပွားမှုတစ်ခုဖြစ်ရင် စက်ရုံထဲမှာ အလုပ်ရှင်နဲ့ အလုပ်သမားတွေ အ ရင်ဦးဆုံး ညှိကြရပါတယ်။ အဆင် မပြေရင် မြို့နယ်ညှိနှိုင်းဖျန်ဖြေရေး ရုံးက ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ရှေ့မှာ အလုပ်ရှင် ကိုယ်စားလှယ်တွေနဲ့ အလုပ်သမား ကိုယ်စားလှယ်တွေဟာ ဆွေးနွေးရပါတယ်။ ဒီအဆင့်မှာ အဆင်မပြေဘူးဆိုရင် မြို့နယ် ညှိနှိုင်းဖျန်ဖြေရေးက တစ်ဦးချင်း အငြင်းပွားမှုလား၊ စုပေါင်း အငြင်းပွားမှုလားဆိုပြီး ခွဲခြမ်းစိတ်ဖြာပြီး တစ်ဦးချင်း အငြင်းပွားမှုဆိုရင် သက်ဆိုင်ရာတရားရုံးကို လွှဲအပ်ရပါတယ်။

တစ်ဦးချင်း အငြင်းပွားမှုကို တရားရုံးမှာ အမှုရင်ဆိုင် ဖြေရှင်းမယ်ဆိုရင် မြန်မာနိုင်ငံ တရားစီရင်ရေးစနစ်ရဲ့ အချိန်ကာလကြာမြင့်မှုတွေ၊ မိသားစု စားဝတ်နေရေးတွေကြောင့် အလုပ်ထုတ်ခံရလို့ ဝင်ငွေမရှိတော့တဲ့ အလုပ်သမားအတွက် ဒီကိစ္စဟာ အဆင်မပြေနိုင်ပါဘူး။ ဒီတော့ အလုပ်သမားတွေဟာ ညှိနှိုင်းဖျန်ဖြေရေး လမ်းကြောင်းရဲ့အတိုင်း မသွားကြတော့ဘဲ တောင်းဆိုမှုတွေ မြန်မြန်ရအောင် စက်ရုံအရှေ့မှာ ပိတ်ဆို့ ဆန္ဒပြမှုတွေ လုပ်လာကြတာလို့ မြင်မိပါတယ်။

စုပေါင်းအငြင်းပွားမှုဖြစ်တယ် ဆိုရင်တော့ မြို့နယ်ညှိနှိုင်း ဖျန်ဖြေရေးမှာ ညှိလို့အဆင်မပြေရင် တိုင်းခုံသမာဓိအဖွဲ့နဲ့ နေပြည်တော် ခုံကောင်စီကို ဆက်တက်လို့ရပြီး ခုံသမာဓိကောင်စီက ဆုံးဖြတ်ချက် တစ်ခုခု ချမှတ်ပါတယ်။ ဥပမာ-အလုပ်ရှင်က အကြောင်းပြချက် တစ်ခုနဲ့ စက်ရုံအလုပ်သမား သမဂ္ဂခေါင်းဆောင်၊ အဖွဲ့ဝင်၊ ဒါမှမဟုတ် အလုပ်သမား တစ်ယောက်ယောက်ကို အလုပ်က ထုတ်လိုက်တယ်ဆို ပါစို့။ ဒါကို ခုံသမာဓိအဖွဲ့က အလုပ် သမားကို အလုပ်ပြန်ခန့်ဖို့ ဆုံးဖြတ် ချက်ချလိုက်တယ်။ ခုံသမာဓိက ဆုံးဖြတ်ချက်ချတဲ့ အတိုင်းဆိုရင် အလုပ်ထုတ်ခံရတဲ့ အလုပ်သမားကို အလုပ်ပြန်ခန့်ရမှာပါ။ ဒါပေမဲ့ အလုပ်ရှင်တွေဘက်က ဒီအလုပ်သမားကို ပြန်မခန့်တာတွေ များပါတယ်။

ဒီလို ခုံသမာဓိအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို မလိုက်နာတဲ့ အလုပ်ရှင်ဟာ တရားစွဲဆိုခံရမှာဖြစ်ပြီး၂၀၁၄ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တဲ့ အလုပ်သမား ရေးရာအငြင်းပွားမှု ဖြေရှင်းရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေမှာ ပါတဲ့ ပြစ်ဒဏ်အရ ငွေဒဏ် ၁၀သိန်း ချမှတ်အရေးယူခံရမှာ ဖြစ်ပါတယ်။

ဒီငွေဒဏ်ဟာ အလုပ်ရှင်တွေ အတွက် မပြောပလောက်တဲ့ဥပဒေ ဖြစ်နေပါသေးတယ်။ ဒီထက် ပြင်းထန်တဲ့ဥပဒေ ချမှတ်မယ်ဆိုရင် ပိုအဆင်ပြေပါလိမ့်မယ်။

အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေမှာ ထောင်ဒဏ်ထည့်သင့်၊ မသင့်

အခုလက်ရှိမှာ ၂၀၁၄ ခုနှစ်က ပြဌာန်းခဲ့တဲ့ အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေမှာ ပြစ်ဒဏ်ကို ထပ်မံပြင်ဆင်ဖို့ ဆောင်ရွက်နေပါတယ်။ လက်ရှိဥပဒေထဲမှာ ငွေဒဏ်တွေသာ ပါဝင်တဲ့ အတွက်ကြောင့် လုပ်ငန်းရှင်တွေအနေနဲ့ ဒီပြစ်ဒဏ်ကို အလွယ်တကူ ချိုးဖောက်နိုင်တဲ့ အတွက် အခုလက်ရှိထက် ပိုပြင်းထန်တဲ့ ပြစ်ဒဏ်ချမှတ်ဖို့အတွက် အလုပ်သမားတွေနဲ့ အလုပ်သမား အဖွဲ့အစည်းတွေဘက်က လိုလားနေကြပါတယ်။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနကတော့ အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေမှာ ထောင်ဒဏ်ထည့်သွင်း ဖော်ပြမယ်ဆိုရင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေကို ထိခိုက်လာနိုင်တယ် ဆိုတာကြောင့် သဘောမတူကြောင်းနဲ့ ထောင်ဒဏ်ထည့်သွင်းမှုကို သဘောမတူကြောင်း လွှတ်တော်ကို တင်ပြထားပါတယ်။ ILO ကလည်း ထောင်ဒဏ်ထည့်သွင်း ဖော်ပြမှုကို သဘောမတူကြောင်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဒီဥပဒေဟာ အတည်ပြု ပြဋ္ဌာန်းတာ မရှိသေးပါဘူး။ ဥပဒေ အတည်ပြုပြဋ္ဌာန်းပြီဆိုရင် ဘာတွေ ဆက်ဖြစ်မလဲ ဆိုတော့တော့ စိတ်ဝင်စားစရာ ကောင်းပါတယ်။

အလုပ်သမား ဆန္ဒပြမှုတွေ စက်ရုံတစ်ရုံ တိုးတက်ဖို့ အဟန့်အတား ဖြစ်သလို နိုင်ငံရဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့လည်း အဟန့်အတား ဖြစ်နေပါတယ်။ နိုင်ငံတစ်နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် စက်မှု၊ လက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုက အရေးကြီးပါတယ်။ ဖွံ့ဖြိုးတိုးတက်ဖို့ အရှိန်ယူနေတဲ့ မြန်မာနိုင်ငံရဲ့ စက်မှု၊ လက်မှုကဏ္ဍမှာ အလုပ်ရှင်တွေနဲ့ အလုပ်သမားတွေကြား ဆန္ဒပြမှုတွေ မရှိဘဲ အဆင်ပြေပြေ ဖြစ်နေမယ်ဆိုရင် ပိုကောင်းပါလိမ့်မယ်။ အလုပ်သမား ဆန္ဒပြမှုတွေ ဖြစ်လာခဲ့ရင်လည်း အလုပ်သမား၊ အလုပ်ရှင်တွေကြားမှာ ဆွေးနွေးညှိနှိုင်းမှုတွေ ပြေလည်ဖို့ မျှော်လင့်မိပါတယ်။ ဒါ့အပြင် အငြင်းပွားမှုတွေ ဖြေရှင်းတဲ့နေရာမှာ အလုပ်ရှင်ဘက်ရော အလုပ်သမားတွေ ဘက်ရော နှစ်ဖက်စလုံးအတွက် ထိခိုက်နစ်နာမှုတွေ မရှိဘဲ မျှတတဲ့ ဥပဒေတွေ ပေါ်ထွက်လာမယ်လို့ မျှော်လင့်မိပါတယ်။

 

Most Read

Most Recent