အောင်မြင်မှုများကို ပျက်စီးစေသည့်အရာ (သို့မဟုတ်) ခံစားမှုအတုများဖန်တီးရာ မူးယစ်ဆေးဝါးများ

အောင်မြင်မှုများကို ပျက်စီးစေသည့်အရာ (သို့မဟုတ်) ခံစားမှုအတုများဖန်တီးရာ မူးယစ်ဆေးဝါးများ
Published 27 August 2018

မန္တလေးမြို့ ကမ်းနားလမ်းတစ်လျှောက်တွင် မူးယစ်ဆေးဝါး သုံးစွဲရောင်းချနေသူများအား တာဝန်ရှိသူများက ရှာဖွေစစ်ဆေးနေစဉ် (ဓာတ်ပုံ-ယဉ်မျိုးသွယ်)

Avenged Sevenfold အဖွဲ့သည် အမေရိကန် Rock Band တစ်ခုဖြစ်ပြီး သူတို့ အဖွဲ့၏အောချရလောက်သည့် ဂီတဖန်တီး တင်ဆက်မှုများနှင့်အတူ စတိုင်ကျန ယောကျ်ားပီသသည့် အဖွဲ့ဝင်များ၏ ရုပ်ရည်နေထိုင်မှု ပုံစံများဖြင့် တစ်ကမ္ဘာလုံးအနှံ့ သန်းနှင့်ချီသော ပရိသတ်များကို ဖမ်းစားထားနိုင်သည့် ကမ္ဘာကျော်တီးဝိုင်းအဖွဲ့တစ်ခုဖြစ်သည်။ ၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်ကတော့ သူ တို့အဖွဲ့ကို အားပေးတဲ့ ပရိသတ်တွေအတွက် မမေ့နိုင်စရာ နေ့ရက်တစ်ရက် ဖြစ်ခဲ့၏။ Avenged Sevenfold  အဖွဲ့၏ ဒရမ်တီးခတ် သူလည်းဖြစ်ပြီး ပြောင်မြောက်သည့် ဂီတဖန်တီးမှုတွေကို ပြုလုပ်ခဲ့သူ The Rev ခေါ် James“Jimmy” Owen Sullivan ကို သူ့ ရဲ့နေအိမ်မှာ သေဆုံးနေခဲ့ခြင်းအား တွေ့ရှိခဲ့ကြပြီး စစ်ဆေးမှုများပြုလုပ်ခဲ့သည့်အခါတွင် အမျိုးအစား လေးမျိုးထက်မနည်းသည့် မူးယစ်ဆေးဝါးများ သုံးစွဲထားခြင်းကို The Rev ၏ သွေးထဲတွင် စစ်ဆေးတွေ့ရှိခဲ့ကြသည်။ ဒါက The Rev နှလုံးရပ်သေဆုံးခဲ့ရသည့် အကြောင်းရင်းတစ်ရပ်ပင်ဖြစ်၏။

သန်းနှင့်ချီသည့် တစ်ကမ္ဘာလုံးမှ ပရိသတ်များ၏ နှလုံးသားတွေလည်း The Rev သေဆုံးခြင်းနှင့်အတူ အချိန်အတော်ကြာသည်အထိ ရပ်တန့်သလိုဖြစ်ခဲ့ကြ၏။ သို့သော် မူးယစ်ဆေးဝါးက The Rev အား ရှင်သန်သူများနှင့် ဆန့်ကျင်ဘက်နေရာသို့ ပို့ဆောင်သွားခဲ့ပြီဖြစ်ပြီး Almost Easy၊ Critical Acclamim တို့ကဲ့သို့သော တေးသီချင်းများမှ The Rev ၏ Drum Beat တွေကို အသစ်ထပ်မံကြားနိုင်ခွင့် မရှိတော့ခြင်းလည်းဖြစ်သည်။ သေဆုံးခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုနီးပါး ရှိပြီဖြစ်သည့် The Rev ၏ မူးယစ်ဆေး သုံးစွဲရာမှ နှလုံးရပ်သေဆုံးခဲ့ရခြင်းသည် မြန်မာပရိသတ်များအကြားတွင် ယခုတိုင် တစ်ခါတစ်ရံ ပြောမိနေကြဆဲဖြစ်သည်။ The Rev ကို ရည်ညွှန်းပြီး သီဆိုထားသည်ဟု ဆိုနိုင်သည့် Avenged Sevenfold အဖွဲ့၏ So Far Away တေးသီချင်းသည် မြန်မာပရိသတ်များ အပါအဝင် တစ်ကမ္ဘာလုံးမှ ပရိသတ်များအကြားတွင် ရေပန်းစားနေဆဲလည်း ဖြစ်၏။

မူးယစ်ဆေးဝါးဟူသည် သူ၏အမည်ကဲ့သို့ မူးခြင်းယစ်ခြင်းရှိသည့် ဆေးဝါးဖြစ်ချင်မှ ဖြစ်ပေလိမ့်မည်။ မူးယစ်ဆေးဝါးဟူတိုင်း မူးယစ်ခြင်းတော့ မရှိပေ။ WT ကဲ့သို့သော၊ Ice ကဲ့သို့သော မူးယစ်ဆေးဝါးများကိုတော့ စိတ်ကြွ ရူးသွပ်ဆေးအဖြစ် သတ်မှတ်ထားကြပြီး သတ်မှတ်ထားသည့်အတိုင်းလည်း စိတ်ဓာတ်ကို တက်ကြွ စေသည်ထက် ပိုသည့် ရူးသွပ်သည့် အဆင့်သို့ပါ သုံးစွဲသူတွေကို ရောက်ရှိစေသည်။ သို့ရာတွင် စိတ် ဓာတ်တက်ကြွမှုကို လိုချင်သဖြင့် သုံးစွဲသူများရှိနေပြီး စိတ်ဖြင့် ဖန်တီးတီထွင် လုပ်ကိုင်ရသည့် အနုပညာသည်တွေက ထိုကဲ့သို့သော သုံးစွဲသူများ ဖြစ်နေကြ၏။ ဒါက မြန်မာနိုင်ငံတွင်သာမက တစ်ကမ္ဘာလုံး အတိုင်းအတာနှင့်ပင် ဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံမှ နာမည်ကျော်တချို့ကလည်း သူတို့ မူးယစ်ဆေးသုံးစွဲခဲ့ဖူးကြောင်း ရှားရှားပါးပါး ဝန်ခံထားသည်များလည်းရှိသလို လတ်တလော ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့သည့် အနုပညာရှင်များအား မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိထားခြင်းများကလည်း အနုပညာရှင်တွေနှင့် မူးယစ်ဆေး သိပ်မကင်းကြကြောင်းကို သက်သေပြနေသကဲ့သို့ပင်ဖြစ်၏။ အနုပညာရှင်အချို့က သူတို့၏ အနုပညာဖန်တီးမှုတွေ ပိုမိုပြောင်မြောက်စေဖို့ သူတို့ရဲ့အနုပညာဗီဇ ပေါက်ဖွားရှင်သန်ရာ စိတ်နှလုံးကို တက်ကြွ မြင့်တက်စေလိုကြခြင်းက မူးယစ်နွံနစ်ဖို့ အကြောင်းတစ်ရပ်ဖြစ်သွားစေသည်ဟု ဆိုနိုင် သည်။

မြန်မာနိုင်ငံ၏ ဂီတလောကတွင် အခြားနိုင်ငံများကဲ့သို့ပင် Underground ဂီတလောကသည် Main Stream ပေါ်သို့ တက်ရောက်နိုင်ခြင်းမရှိသည့်အချိန်တွင် အဓိက ကျင်လည်ကျက်စားရာနေရာဖြစ်ပြီး အသစ်အသစ်သော ဂီတဖန်တီးမှုတွေကို အများဆုံး တွေ့ရှိနိုင်သည့် နေရာလည်းဖြစ်သည်။ Underground တွင် ကျင်လည်နေသည့် ဂီတအနုပညာရှင်များသည် Main Stream မှ နာမည်ကျော်များနှင့် နီးစပ်ရင်းနှီးမှုများ ရှိ သကဲ့သို့ နာမည်ကျော်များကပင် ပြန်လည် လေးစားရသည့်သူများလည်း ရှိသည်။  Underground မှ တက်သစ်စလူငယ်များသည် နောင်တွင် နာမည်ကျော်များ ဖြစ်နိုင်ပြီး ပရိသတ်အသည်းစွဲ အနုပညာရှင် ဖြစ်လာနိုင်သူ များလည်း ဖြစ်၏။ သို့ရာတွင် Underground တက်သစ်စလူငယ်အချို့၏ အနုပညာဖန် တီးမှုများ ပြုလုပ်ရာတွင် အသုံးပြုသည့် အကူအညီများက နာမည်ကျော်ဘဝနှင့် ဝေးကွာစေသည့် အကြောင်းအရာတွေ ဖြစ်သွားစေသည်ကို မေးမြန်းစုံစမ်းထားမှုများမှ သိခွင့်ရခဲ့သည်။

နေအိမ်တွင် အသံသွင်းစတူဒီယို အသေးစားလေးတည်ဆောက်ထားသည့်  Underground Hip Hop ဂီတမျိုးဆက် လူငယ်တစ်ဦးရှိ၏။ သူသည် ငယ်စဉ်ကပင် Hip Hop ဂီတကို  ရူးသွပ်ခဲ့သူတစ်ဦးဖြစ်ပြီး Hip Hop Beat များကို ကွန်ပျူတာဖြင့် တီးခတ်ဖန်တီးရာတွင် အားသန်သူတစ်ဦးလည်း ဖြစ်သည်။ ဒီလူငယ်လေးက Hip Hop သံစဉ်တွေကို ဖန်တီးရာမှာ WY ကဲ့သို့ စိတ်ကြွ ရူးသွပ်ဆေးသုံးပြီး ဖန်တီးခြင်းက မသုံးစွဲဘဲ ဖန်တီးခြင်းထက် ပိုမိုကောင်းမွန်သည့် Hip Hop Beat များကို ဖန်တီးနိုင်သည်ဟု ထင်မိခဲ့သည်ဟု ဆို၏။

သို့ရာတွင် သုံးစွဲမှု နှစ်ကြာလာသည် နှင့်အမျှ အနုပညာဖန်တီးရန် ဆေးသုံးစွဲခြင်း မှ ဆေးသုံးစွဲရန်အတွက် အနုပညာကို ပြန်လည်ဖန်တီးရသည့်အခြေအနေသို့ ပြောင်းသွားခဲ့ပြီး နောက်ပိုင်းတွင် သူချစ်သည့် Hip Hop ဂီတ ဖန်တီးမှုများနှင့်ပါ ဝေးကွာသွားခဲ့ရသည်ဟုလည်း ပြောပြခဲ့သည်။

“ကျွန်တော် လွန်ခဲ့တဲ့ခြောက်နှစ်လောက်ကတည်းက ဆေးစသုံးဖြစ်ခဲ့တယ်။ အစပိုင်းမှာတော့ ရေလည်မိုက်တယ်။ ခဲပြားလေးပေါ် တစ်လုံးမီးတင်ရှို့ပြီးရင် Beat တီး ဟုတ်နေတာပါပဲ။ နောက်ပိုင်းရက်တွေ ဆက်လာတယ်။ ကျွန်တော် မအိပ်ရတာတွေ များလာတယ်။ စိတ်တွေက ကယောက်ကယက်တွေ ဖြစ်လာတယ်။ Beat တီးဖို့ထက် ဆေးသုံးဖို့ကို ပိုပြီးစိတ်အားထက်သန်လာခဲ့တယ်။ အမေနဲ့လည်း ပြဿနာတွေ ခဏ ခဏ တက်လာတယ်။ အခုတော့ ကျွန်တော် ဖြစ်ချင်တဲ့ စိတ်ကူးအိပ်မက်တွေနဲ့ အတော် ဝေးဝေးကို ရောက်နေပြီလို့ထင်မိနေပြီလေ” ဟု သူ၏ အောင်မြင်မှု အိပ်မက်များနှင့် ဝေးကွာခဲ့ရသည့်အကြောင်းအား ပြောပြခဲ့သည်။

အနုပညာဟူသည် နည်းပညာတစ်ခု မဟုတ်သည့်အတွက် ပုံသေနည်းများ မရှိဘဲ  စိတ်ကူးဉာဏ် ကွန့်မြူးမှုမှတစ်ဆင့် ဖန်တီးမှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ မြန်မာနိုင်ငံမှာ ဖော်ခြင်းသောခြင်း ဖြစ်နေသည့် မူးယစ်ဆေးဝါးများက အနုပညာဖန်တီးမှုတွေမှာ ပိုမိုတောက်ပစေသည်ဟု လက်ရှိ အနုပညာကို ရူးသွပ်ကြသူ Underground လူငယ်အတော်တော်များများ ထင်မှတ်ယူနေကြသည်။ သုံးစွဲမှုမှ ဖြစ်ပေါ်လာသည့် ဘေးထွက်ဆိုးကျိုးများက သူတို့ကို အသိုင်းအဝိုင်း၏ ပြင်ပသို့ တဖြည်းဖြည်းရောက်ရှိသွားစေသည်ကို အချို့ကလည်း သတိထားမိကြ၏။ အချို့ကတော့ မဟုတ်ကြပေ။

အခြေခံလူတန်းစားတွေကို ကိုယ်စားပြုသည်ဟုဆိုသည့် Punk ဂီတသည် မြန်မာနိုင်ငံတွင် ၂၀၀၀ ပြည့်နှစ်မတိုင်မီကပင် ပျံ့နှံ့ နေခဲ့ပြီဖြစ်သည်။ လက်ဆင့်ကမ်း ဂီတမျိုးဆက်ဖြန့်ဝေမှုကြောင့် Punk ဂီတတီးဝိုင်း များကို လက်ရှိအချိန်တွင်လည်း များစွာ တွေ့မြင်ရမည်ဖြစ်သည်။ သူတို့၏ တေးသီချင်းများသည် ခေတ်ကို ပြချင်ပြမည်။ ဒါမှမဟုတ် လူထု၏အခြေအနေကို ပြချင်ပြမည်။ သူတို့သည် Street ဟုခေါ်သည့် အခြေခံလူတန်းစားတွေကြားမှ ဖြစ်တည်လာခြင်းဖြစ်သည်ဟု ခံယူထားကြသူများ ဖြစ်သည်။ နာမည်ကျော်ကြားမှုထက် ဂီတဖန်တီးမှုများကိုသာ အနှစ်သာရရှိရှိ လုပ်ကိုင်လိုကြသူများဖြစ်ကြောင်း သိရသည်။

၂၀၀၆ ခုနှစ်လောက်က  Underground Punk ဂီတတီးဝိုင်းတစ်ခုကို ထိုအချိန်က အ သက် ၂၀ ကျော်အရွယ်ရှိသည့် လူငယ်လေးဦးက ဖွဲ့စည်းခဲ့သည်။ သူတို့အဖွဲ့၏ ရည်ရွယ်ချက်သည် သူတို့ချစ်မြတ်နိုးသည့် ဂီတကို အသက်ရှင်သရွေ့ အတူတကွ ဖန်တီးရန်ဖြစ်၏။ တေးသီချင်းများကို အတူတကွ ရေးစပ်ခဲ့ကြသလို စတူဒီယိုများတွင်လည်း အတူတကွ  တီးခတ်အသံသွင်းမှုတွေ ပြုလုပ်ခဲ့ကြသည်။ ဂီတဖြင့် သက်သက်သာ သန့်သန့်စင်စင် ရှင်သန်ချင်သူ ဒီအဖွဲ့ထဲသို့ ညစ်နွမ်းမှုတစ်ခုက ဝင်ရောက်လာခဲ့၏။

“အစ်ကိုတို့ ဘော်ဒါလေးယောက် ပေါင်းပြီး ၂၀၀၆ လောက်က Punk Band လေးတစ်ခုလုပ်ခဲ့ဖူးတယ်။ အစ်ကိုတို့  ရူးသွပ်တဲ့ ဂီတကို အသက်ရှင်သရွေ့ အတူဖန်တီးကြမယ်ပေါ့။ ငတ်ချင်ငတ် ပြတ်ချင်ပြတ် ဆိုပြီး လုပ်ခဲ့ကြတာ။ အစပိုင်းတော့ အေးအေးဆေးဆေးပဲ။ နောက်ပိုင်း အစ်ကိုတို့ဆီကို ဂြိုဟ်ဆိုးမွှေသွားခဲ့တာ အခုနှစ်ကောင် မရှိတော့ဘူး”  ဒီ Punk Band ကို ဖွဲ့စည်းခဲ့တဲ့ လူငယ်တစ်ဦး၏ ပြောပြခဲ့သည်။

သူတို့ သူငယ်ချင်းလေးယောက်၏ ဂီတဖန်တီးမှုတွေကြားကို ဝင်မွှေခဲ့သည့် ဂြိုဟ်ဆိုးက ဟီးရိုးအင်းခေါ် ဘိန်းဖြူဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်လောက်တွင် သူတို့အဖွဲ့ စတင်သုံးစွဲ ဖြစ်ခဲ့သည်ဟု ဆိုသည်။ သူ၏ ပြောပြမှုအရ ရန်ကုန်မြို့၏ ဆင်ခြေဖုံးမြို့နယ်တစ်ခုတွင် ရှိသည့် ဆေးရုံတစ်ခု၏ ရင်ခွဲရုံမှ ရေခဲတိုက်သို့သွားရာ လမ်းလေးသည် ဘိန်းဖြူ လက်လီ ဖြန့်ဖြူးရာနေရာတစ်ခုဖြစ်ခဲ့ပြီး ဆေးထိုးအပ်များကိုလည်း ဟိုတစ်စ ဒီတစ်စ မြင်တွေ့ နိုင်သည်ဟု ဆို၏။ သူတို့အဖွဲ့ ဘိန်းဖြူသုံးစွဲသည့်အခါ သီချင်းပိုရေး၍ကောင်းသည်ဟု ထင်မှတ်ခဲ့ဖူးကြောင်းလည်း ပြောပြခဲ့၏။

သို့သော် တစ်နှစ်ကျော်ဆိုသည့် အချိန်တိုလေးတစ်ခုအတွင်းမှာပင် Overdose ဖြင့် သူတို့အဖွဲ့မှ သူငယ်ချင်းနှစ်ယောက် ကြွေ လွင့်ခဲ့ရပြီး သူတို့၏ ဂီတခံယူချက်တွေ လည်း ရေစုန်မျောပါခဲ့ရပြီလည်း ဖြစ်၏။ လက်ရှိအချိန်တွင်တော့ သူတို့အဖွဲ့သည် နံရံပေါ်တွင် ချိတ်ထားသည့် ဓာတ်ပုံအချို့နှင့် အသံသွင်းထားသည့် သီချင်းများထဲတွင်သာ ရှိတော့၏။ “နတ်ပြည်ရောက်ရောက် သွားတယ် ထင်တာ။ ဘိန်းထိုးပြီးရင်။ အေး လေ ဟိုနှစ်ကောင်လည်း တကယ်နတ်ပြည် ရောက်သွားတာပါပဲ။ ရေလည်မိုက်တယ်။ သီချင်းရေးဖို့ Idea စဉ်းစားတဲ့အခါ။ ရေးရင်လည်း ရှယ်ပဲကွ။ ဒါပေမဲ့ ဘိန်းက ထိုးပြီးရင်း ထိုးချင်ပဲ။ ပြီးရင် မှိန်းနေပြီ အလုပ်က မဖြစ်တော့ဘူး။ ခံယူချက်တွေကလည်း အကုန်လစ်ကုန်ရော။ သိပ်မကြာပါဘူး။ ၂၀၁၂ လည်းရောက်ရော နှစ်ယောက်က  Overdose ဖြစ်ပြီး ဆုံးသွားကြတယ်။ အစ်ကို ကိုယ်တိုင်လည်း ဖြတ်ဖို့ မနည်းကြိုးစားခဲ့ရတယ်” ဟု နေအိမ်နံရံမှ သူငယ်ချင်းလေးယောက် အတူ တွဲရိုက်ထားသည့် ဓာတ်ပုံကို မျက်ရည်ဝဲလျက် Underground Punk Band လေး တစ်ခုကို ဖွဲ့စည်းခဲ့ဖူးသည့် လူငယ်တစ်ဦးက သူတို့ သူငယ်ချင်းများ၏ စိတ်မကောင်းဖွယ် အကြောင်းအရာများကို ပြောပြနေခဲ့၏။

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု ကိန်းဂဏန်းများက ကြောက်ခမန်းလိလိဆိုသည့် အနေအထားထက်ပင် ပို၏။ ဒီထက်ဆိုးသည်က မူးယစ်ဆေးပြန့်နှံ့မှု အတိုင်းအတာက မှန်းဆ၍ မရလောက် အောင် လူငယ်များအကြား နစ်ဝင်နေခြင်းဖြစ်ပြီး နိုင်ငံ၏ အနာဂတ်ကို အညွန့်ချိုးခံနေရခြင်း ဖြစ်သည်။ လူငယ်များသည် မိမိတို့ နှစ်သက် အားပေးသည့် အနုပညာရှင်များကို စံထားတတ်ကြ၏။ စံထားရသူ ဝတ်သကဲ့သို့ အဝတ်အစားပုံစံမျိုး လိုက်ဝတ်ကြခြင်းမှအစ စံထားရသည့် Idol အနုပညာရှင်၏ နေ ထိုင်မှုစရိုက်အတိုင်း နေထိုင်ပြုမူတတ်ကြ၏။

လွန်ခဲ့သည့် အပတ်တွင် နာမည်ကျော် တေးသီချင်းများစွာကို အဓိပ္ပာယ်ရှိရှိ စာသား များဖြင့် ပုံဖော်ဖန်တီးခဲ့သည့် Hip Hop တေးသံရှင်တစ်ဦး မူးယစ်ဆေးဝါးများဖြင့် ဖမ်းဆီးရမိခဲ့ပြီး သူ၏ပရိသတ်များအတွက် ယူကြုံးမရ ဖြစ်ခဲ့ရ၏။ သူ၏ပရိသတ်များမှာလည်း လူငယ်အများစုပင်ဖြစ်ပြီး တစ်ချိန်က သူသည် ဒီလူငယ်များအတွက် စံထားစရာ လူတစ်ဦး ဖြစ်ခဲ့သည်။ သို့သော် ယခုတော့ သူသည် မူး ယစ်နွံတွင် နစ်နေခဲ့ပြီဟု သူ၏ ပရိသတ်တွေက ထင်မှတ်နေကြတော့မည်ဖြစ်သည်။

အနုပညာရှင်များသည် သူတို့၏ အနုပညာဖန်တီးမှုများဖြင့် လူအများ၊ လူငယ်အများ၏ စိတ်ခွန်အားကို မြှင့်တင်ပေးနိုင်ကြသည်။ ခံစားမှုများအား သိမ်မွေ့စေနိုင်သည်။ အနုပညာရှင်များကလည်း ပရိသတ်အတွက် သူတို့၏ အသစ်အသစ်သော ဖန်တီးမှုတွေကို အရည်အသွေးပြည့်ဝစွာဖြင့် ဖန်တီးပေးဆပ်လိုကြ၏။ စိတ်နှလုံးဖြင့် ဖန်တီးရသည့် အနုပညာကို ဖန်တီးရာတွင် စိတ်ကို ဖျက်စီးစေတတ်သည့်အရာများကို အသုံး ချပြီး ဖန်တီးခြင်းက ရေရှည်အတွက်ကောင်း နိုင်မည့်နည်းလမ်းတော့ ဖြစ်နိုင်မည်မဟုတ်ပေ။

မူးယစ်ဆေးဝါးသည် စိတ်ကိုပြောင်းလဲစေနိုင်သလို ရုပ်ပိုင်းဆိုင်ရာအားလည်း ဆိုးရွားစွာ ထိခိုက်စေသည့် အရာတစ်ခုဖြစ် သည်။ မူးယစ်ဆေးအသုံးပြုထားသောစိတ်သည် မည်မျှပင် လန်းဆန်းတက်ကြွ နေသည် ဟု ထင်မိစေကာမူ အတုအယောင် သက်သက်မျှသာဖြစ်ပြီး အမှန်တကယ် တက်ကြွ ခြင်းမျိုး မဖြစ်နိုင်ပေ။ ထို့ပြင် မူးယစ်ဆေးသုံးစွဲခြင်းသည် စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာများ ဆိုးရွားစွာ ထိခိုက်စေခြင်းအပြင် တရားဥပဒေ၏ စီရင်ခြင်းကိုလည်း ခံရမည့်အရာဖြစ်သည်။ ထို့ကြောင့် ရှောင်ကြဉ်ခြင်းသည်သာ အကောင်းဆုံးဖြစ်ပြီး အစစ်အမှန် စိတ်သည်သာ အစစ်အမှန်လောကနှင့် နေသားကျနိုင်မည့်အရာလည်းဖြစ်၏။

မူးယစ်ဆေးဝါးကြောင့် The Rev ကဲ့ သို့ ကမ္ဘာကျော် အနုပညာရှင်များလည်း အချိန်မတိုင်မီ ကြေလွင့်ခဲ့ဖူး၏။ မြန်မာနိုင်ငံတွင်လည်း ရှိခဲ့ဖူးသည်၊  ရှိနေဆဲဖြစ်သည်ကို အများအသိပင်ဖြစ်၏။ အနုပညာဖန်တီး ခြင်းနှင့် မူးယစ်ဆေးဝါးသည် ဒွန်တွဲနေစရာမလိုကြောင်းကို ဘီသိုဗင်၊ ဗင်းဆင့်ဗင်ဂိုး တို့လို ဂန္ထဝင်အနုပညာရှင်ကြီးများက သက်သေပြခဲ့ပြီးလည်းဖြစ်၏။

လူငယ်များ၊ ပြည်သူများသည် မိမိတို့အားပေးသည့် အနုပညာရှင်များ အောင်မြင်နေခြင်းကိုသာ မြင်တွေ့လိုကြမည်ဖြစ်၏။ မူးယစ်ဆေးဝါးကြောင့် အချိန်မတိုင်မီ ကြွေလွင့်ခြင်းမျိုးကို မမြင်ချင်ကြသလို မိမိတို့ စံထားသည့် အနုပညာရှင်တွေ မူးယစ်နွံနစ်နေသည်ကို မြင်တွေ့လိုကြမည် မဟုတ်ပေ။ စံထားရသူများက စံပြမဖြစ်သည့်အခါ စံထားလိုက်ရသည့် လူငယ်များအတွက် ကယ်ရာမဲ့ သွားနိုင်ပေသည်။ လူငယ်အများကြား ဆိုးရွားစိတ်ပျက်ဝမ်းနည်းဖွယ်ရာ ပျံ့နှံ့နေသည့် မူးယစ်ဆေးဝါးများကို တိုက်ဖျက်ကြရာတွင်  ပြည်သူချစ်သည့် အနုပညာရှင်များကလည်း စံပြအဖြစ် ထဲထဲဝင်ဝင် တိုက်ဖျက်မှုများ လုပ်ဆောင်ကြရန် ပြည်သူများက လိုလားလျက် ရှိနေပေတော့၏။

Most Read

Most Recent