အဆိုးရွားဆုံး ကျဆင်းနေသည့် မြန်မာ့စီးပွားရေး လာမည့် ၁၂ လအတွင်း ပြိုလဲသွားနိုင်သလား

အဆိုးရွားဆုံး ကျဆင်းနေသည့် မြန်မာ့စီးပွားရေး လာမည့် ၁၂ လအတွင်း ပြိုလဲသွားနိုင်သလား
Published 26 August 2018

ရန်ကုန်မြို့ သမ္ဗန်ကူးတို့ဆိပ်သို့ ကုန်များထမ်းပိုး သယ်ဆောင်နေသူ တစ်ဦးကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ စီးပွားရေး အခြေအနေမှာ  အဆိုးရွားဆုံး ကျဆင်းနေသည်ဟု စီးပွားရေး လုပ်ငန်းရှင် အများစုက ပြောကြားသည်။

သြဂုတ်၂၅ ရက်က ကုန်သည်စက်မှုအသင်းချုပ်၌ ကျင်းပသည့် 2nd B4 B Insights Forum တွင် တင်ပြခဲ့သည့် Myanmar Business Sentiment Survey အတွက် စစ်တမ်းကောက်ယူစဉ် လုပ်ငန်းရှင်များက ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။

စစ်တမ်းအရ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တို့တွင် ပြုလုပ်ခဲ့သည့် သုတေသန ရလဒ်များဖြင့် နှိုင်းယှဉ်ပါ က ယခု ၂၀၁၈ ခုနှစ်တွင် မြန်မာ့စီးပွားရေး အဆိုးရွားဆုံး ကျဆင်းလျက် ရှိနေသည်ကို တွေ့ရှိရသည်။

NLD အစိုးရလက်ထက် လွန်ခဲ့သည့် သုံးနှစ်မှစ၍ စီးပွားရေး ုပ်ငန်းများ စတင်ကျဆင်းလာခဲ့ သည်။ ၂၀၁၆ ခုနှစ်၊ ၂၀၁၇ ခုနှစ်အတွင်း မြန်မာ့ငွေကြေး (ကျပ်) တည်ငြိမ်မှုမရှိခြင်းသည် အကြီးမားဆုံး ပြဿနာတစ်ရပ် ဖြစ်ခဲ့သည်။

“စစ်တမ်းအရ ကျွန်တော်တို့ရဲ့ စီးပွားရေး အခြေအနေဟာ မကောင်းဘူး။ တစ်ရာမှာ တစ်ယောက်ပဲ ကောင်းနိုင်တယ်။ ဒါကို ပြင်းပြင်းထန်ထန် ပြောပေးပါ။ မြန်မာကျပ်ငွေဟာ အကြီးမားဆုံး ပြဿနာ ဖြစ်နေပါတယ်” ဟု စစ်တမ်းတင်ပြခဲ့သည့် MMRD Co.,Ltd မှ Chairman ဦးမိုးကျော်က ပြောကြားသည်။

လက်တွေ့လုပ်ကိုင်နေသူတွေရဲ့ စီးပွားရေးအခြေအနေ     

မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ရကိုင်ရခက်ခဲနေပြီး ပြိုလဲမသွားအောင် မနည်းရုန်းကန်နေရကြောင်း ၂၀၁၇ ခုနှစ်ကပင် လုပ်ငန်းရှင်များက ပြောဆိုခဲ့ကြသည်။ လက်ရှိအချိန်တွင်လည်း  မြန်မာ့စီးပွားရေး အနာဂတ်မှာ မှန်းဆရခက်ပြီး ထိလွယ်ရှလွယ် ဖြစ်နေဆဲ ဖြစ်သည်။

“အကျပ်အတည်းက အခုမှမဟုတ်ဘူး။  အရင်ကတည်းက ဖြစ်နေတာ။ အားလုံးသိတဲ့ အတိုင်းပဲ။ လက်ရှိဘယ်လို ဖြေရှင်းမလဲ။ သီအိုရီပိုင်းတော့ အရမ်းမှန်တယ်။ လက်တွေ့ပိုင်းမှာ မြန်မာပြည်ရဲ့ အခြေအနေက အားလုံးမြင်တဲ့ အတိုင်းပဲ။ လှုပ်လှုပ်လှုပ်လေး ဖြစ်နေတယ်။ ဘယ်အချိန်မှာထပြီး ပေါက်ကွဲလာမလဲ မသိဘူး။ အခုစီးပွားရေးသမားတွေ ညည်းနေကြပြီ။ စီးပွားရေးသမား တစ်ယောက်ရဲ့ နောက်ကွယ်မှာ လူသောင်းချီရှိကြတယ်။ သူ့လုပ်ငန်းတစ်ခုရပ်သွားရင် ဒီလူတွေဘယ်လို လုပ်ကြမလဲ။ စီးပွားရေးသမားဆိုတာ အမြတ်အစွန်းရဖို့ လုပ်တာမှန်ပေမယ့်လည်း သူအကြောက်ဆုံးက  အလုပ်ရပ်နားရတာကို အကြောက်ဆုံးပဲ။ ရှုံးတာမြတ်တာကို မကြောက်ဘူး။ အလုပ်ရပ်တာကို ကြောက်တယ်” ဟု ရွှေလင်ပန်းစက်မှုဇုန် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးအေးသောင်းက ပြောကြားသည်။

ထိုသို့သော အခြေအနေများတွင် အစိုးရက စီးပွားရေး တိုးတက်နေသည်ဟု ပြောကြားနေသည်။ သို့သော် အခက်အခဲများစွာဖြင့် ရုန်းကန်နေရသော ပြည်သူများက မြန်မာ့စီးပွားရေး ကောင်းမွန်လာစေရန် မျှော်လင့်နေသည်။ သူဋ္ဌေးများက မျှော်လင့်သကဲ့သို့  ပညာရှင်များ၊ ပြည်သူအားလုံးလည်း မျှော်လင့်နေသည်။ သို့သော် လုပ်ငန်းအများစုမှာ ပြိုကျသွားမလား စိုးရိမ်ရမှုသာ ရင်ဆိုင်နေရသည်။

“ကျွန်တော်တို့ဆီမှာ ဆေးမြီးတိုလေးနဲ့ လုပ်နေရတဲ့ အခြေအနေမှာ လုပ်ငန်းတွေက ICU ထဲရောက်နေပြီ။ ဒီ ICU ထဲရောက်နေတဲ့သူက သေမလားရှင်မလား။ ဘာဆေးထိုးမလဲ။ အရေးကြီးနေတဲ့ အချိန်မှာ ဖြည်းဖြည်းချင်း လုပ်လို့မရတော့ဘူး။ ဆေးပြင်းထိုးသင့် ရင်ထိုးရမယ်။ လွှတ်ပေးသင့်ရင် လွှတ်ပေးရမယ်။ လွှတ်ပေးလိုက်လို့ တိုင်းပြည်ပျက်သွားမှာလား။ ဘာမှမကုဘဲ အသေခံမလား။ ဒီနှစ်လမ်းကို ရွေးရတော့မယ်” ဟု ဦးအေးသောင်းက ဆိုသည်။

လက်ရှိဖြစ်ပေါ်နေသည့် စီးပွားရေးကျဆင်းမှုကို ပြည်သူအများစု သိရှိခံစားနေကြရသည်။ သို့သော် မြန်မာ့ခေါင်းဆောင်များ ဘာကြောင့် မသိရှိသနည်းဟု ဦးအေးသောင်းက မေးခွန်းထုတ်သည်။

“သူဋ္ဌေးတွေကတော့ တောင့်ခံနိုင်သလောက် သူတောင့်ခံမယ်။ မရတဲ့အဆုံး တစ်ခွန်းတည်းပဲ။ စက်ရုံပိတ်လိုက်တော့။ လုပ်ငန်းတွေ ရပ်လိုက်တော့ဆိုရင် ဘာဖြစ်ကုန်မလဲ။ နောက်ဆက်တွဲမှာ တော်တော် ဂယက်ကြီးပါတယ်” ဟု ဦးအေးသောင်းက ဆိုသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ အထူးစီးပွားရေး အကြံပေး ရှောင်တာနယ်အား Weekly Eleven ဂျာနယ်က ဒေါ်လာဈေး အတက်နှင့် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှု ဆက်လက်ဖြစ်ပေါ်ပါက အထွေထွေကျပ်တည်းမှုများ ဆက်လက်ဖြစ်ပွားနိုင်မှု ရှိမရှိနှင့် ဆက်လက်ဖြစ်ပွားမည် ဆိုပါက မည်သည့်အချိန်အထိ ဖြစ်ပွားနိုင်သလဲဟု မေးမြန်းရာ ရှောင်တာနယ်က “လက်ရှိ  ဖြစ်ပွားနေတဲ့ အခြေအနေတွေက ကမ္ဘာတစ်ဝန်းမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေအပေါ် အများကြီး မူတည်ပါတယ်။  မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ နိုင်ငံခြားငွေလဲလှယ်မှုနှုန်း မြင့်မားခြင်းနဲ့ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းနေတာတွေ အပေါ်ကို သက်ရောက်မှု ရှိနိုင်တဲ့ အကြောင်းအချက်တွေက များပြားလွန်းလှပါတယ်။ ဥပမာတစ်ခု ပေးရရင်တော့ လက်ရှိတူရကီနိုင်ငံမှာ ဖြစ်ပွားနေတဲ့ စီးပွားရေး အကျပ်အတည်းတွေက လက်ရှိ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းတွေအပေါ် သက်ရောက်မှုရှိသလိုကုန်သွယ်ရေးနဲ့ ပတ်သက်ပြီး တရုတ်နဲ့ အမေရိကန် ကြားထဲမှာ နားလည်မှုတစ်ခု ရယူနိုင်ခဲ့တာမျိုးရှိခဲ့ရင် အခြေအနေ အကောင်းအဖြစ် ပြောင်းလဲတာလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရေရှည်အကျပ်အတည်းတွေ ဆက်ရှိနေဦးမယ်ဆိုရင် အထွေထွေ ကုန်ဈေးနှုန်းတွေ တက်လာခြင်း အပါအဝင် တခြားသော အကျပ်အတည်းတွေလည်း ရှိကိုရှိလာနိုင်ပါတယ်” ဟု ဖြေကြားသည်။

လက်ရှိတွင် တရုတ်နှင့် အမေရိကန်အကြား တင်းမာမှုသည် အရှိန်အဟုန်ဆက်၍ မြင့်တက်နေပြီဖြစ်သည်။ ထို့အတူ အမေရိကန်ဗဟိုဘဏ်က အတိုးနှုန်းမြှင့်လာမည့် ဂယက်ကလည်း ရှိနေသဖြင့် ရှောင်တာနယ်၏ သုံးသပ်ချက်အရပင် မြန်မာနိုင်ငံတွင် လက်ရှိထက် ပိုမိုသည့် စီးပွားရေးဆိုင်ရာ ကျပ်တည်းမှုများ ဖြစ်ပွားလာနိုင်မည်ဖြစ်သည်။ ထိုသို့သော အကျပ်အတည်းများကို ရင်ဆိုင်ကျော်ဖြတ်ရန် မြန်မာအစိုးရ မည်သို့ ပြင်ဆင်ထားပါသနည်း။

မြန်မာကျပ်ငွေတန်ဖိုး သိသိသာသာ ကျဆင်းသွားခြင်းက မြန်မာ့စီးပွားရေး ဈေးကွက်ကို ထိလွယ်ရှလွယ် ဖြစ်စေပြီး မြန်မာကျပ်ငွေမှာ ပြည်တွင်း၌ပင် ခိုင်မာသော ငွေသားတစ်ခုဟု ယုံကြည်မှု မရှိသလောက် ဖြစ်နေခြင်းကြောင့် မြန်မာ့ငွေကြေး ဖောင်းပွမှုနှုန်းသည် အဆင့်တူသော နိုင်ငံများထက် ပိုများနေသည်။ တရုတ်နိုင်ငံသို့ တင်သွင်းသည့် သကြားနှင့် ရေနံလုပ်ငန်းများ ပြန်လည်စတင်ခဲ့သောကြောင့် ကျပ်ငွေအပေါ် ဖိအားပေးမှု ရှိလာပြန်သည်။ ပို့ကုန်လုပ်ငန်းတချို့မှ ရရှိမည်ဖြစ်သော နိုင်ငံခြားငွေသားများမှာ မြန်မာပြည်သို့ ပြန်လည်ရောက်ရှိခြင်း မရှိဘဲ နိုင်ငံခြားဘဏ် အကောင့်များတွင်သာ သိမ်းဆည်းထားမှု များနေခြင်းကိုလည်း ဗဟိုဘဏ်က အဖြေရှာနိုင်မှု မရှိသေးခြင်းများမှာ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှုကို ပိုမိုဆိုးရွားစေသော အချက်များ ဖြစ်နေပြီး လက်ရှိဖြေရှင်းချက် အချို့မှာလည်း ရေရှည်အတွက် မျှော်လင့်ချက် မရှိပြန်ချေ။

ငြိမ်းချမ်းရေးကို ဦးစားပေးနေသော NLD အစိုးရလက်ထက် မြန်မာ့စီးပွားရေး ကျဆင်းမှုသည် အရှိန်အဟုန်ပြင်းစွာ ရိုက်ခတ်လာပြီး ထူမသူ ကင်းမဲ့နေသည်။ ထိုသို့သော အခြေအနေများတွင် NLD ပါတီ၏ ဗဟိုစီးပွားရေး ကော်မတီကလည်း NLD အစိုးရ၏ လုပ်ဆောင်ချက်များ ဖြစ်သော နိုင်ငံ့စီးပွားရေးအပေါ် ဂယက်ရိုက်စေမည့် လုပ်ရပ်များကို ကြိုတင်သိရှိ တိုင်ပင်မှုမရှိဟု ဆိုထားရာ မြန်မာ့စီးပွားရေး ကျဆင်းမှုနှင့် ပြည်သူများ၏ ငွေကြေးအကျပ်အတည်းသာ နိုင်ငံ့ပြိုလဲမှုဆီ ဦးတည်သွားမည် ဆိုပါက မည်သူတာဝန်ယူမလဲ ဆိုသည့် မေးမြန်းမှုအပေါ် အာဏာရပါတီတွင် အဖြေမရှိသေးပါ။

Weekly Eleven ဂျာနယ်က ရှောင်တာနယ်အား မြန်မာ့စီးပွားရေး အခြေအနေသည် လာမည့်ကာလများတွင် ရှောင်တာနယ် ခန့်မှန်းတွက်ချက် အကြံပေးခဲ့သကဲ့သို့ ဖြစ်မလာခဲ့ပါက မည်ကဲ့သို့ တာဝန်ယူသွားမည်ကို မေးမြန်းရာတွင်လည်း ဒေါ်အောင်ဆန်းစုကြည်၏ အထူးစီးပွားရေးအကြံပေး ရှောင်တာနယ်က သူသည် စီးပွားရေး အကြံပေး တစ်ဦးသာဖြစ်ပြီး သူကဲ့သို့ နိုင်ငံခြားသား ပညာရှင်တစ်ဦး အနေဖြင့် အကြံပေးတိုင်း မြန်မာအစိုးရက တစ်သဝေမတိမ်း ခေါင်းညိတ်လိုက်နာမည် မဟုတ်ကြောင်းနှင့် ပြည်သူအများစု အမြင်တွင် နိုင်ငံခြားသား ပညာရှင်များက ပို၍ပွင့်လင်းစွာ ပြောဆိုသဖြင့် ဆုံးဖြတ်ချက်အာဏာ ရှိသည်ဟု အထင်လွဲနေခြင်းသာ ဖြစ်ကြောင်းနှင့် စီးပွားရေးကဏ္ဍတွင် လုပ်ကိုင်နေသော မြန်မာနိုင်ငံသား စီးပွားရေး ပညာရှင်များရှိကာ ထိုသူများက အဓိက ဦးဆောင်နေသည် ဟုဆိုသည်။

NLD အစိုးရ၏ လုပ်ဆောင်ချက်များကို တစ်လုံးတစ်ပါဒမှ သိရှိခွင့်မရှိသော ပါတီ၏ ဗဟိုစီးပွားရေး ကော်မတီနှင့် မြန်မာ့စီးပွားရေးကို မြန်မာနိုင်ငံသား စီးပွားရေးပညာရှင်များက ဦးဆောင်နေသည်ဟု ရှောင်တာနယ်၏ ပြောကြားချက်များမှ ကွာဟမှုများ အကြားတွင် စီးပွားရေး ကျဆင်းစေသည့် အဓိကတာဝန်ရှိသူများ မည်သူဖြစ်၍ မည်သူခေါင်းရှောင် နေပါသနည်း။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် စီးပွားရေးနယ်ပယ်မှ လုပ်ငန်းရှင်များ တွေ့ဆုံမှု ဘာထူးမလဲ

မြန်မာနိုင်ငံတွင် အစိုးရကို မှီခိုကပ်ပါး၍ လုပ်စားသည့် ခရိုနီကြီးများ၊ လုပ်ငန်းရှင်ကြီးများ ရှိနေသကဲ့သို့ စီးပွားရေးအပေါ် သမာသမတ်ကျစွာ လုပ်ကိုင်နေသည့် လုပ်ငန်းရှင် များစွာလည်းရှိသည်။ ယုံကြည်ရသည့် လုပ်ငန်းရှင်များကို ခေါ်၍ဆွေးနွေးပါက အဖြေတစ်ခု ရနိုင်သည်ဟု ဦးအေးသောင်းက သုံးသပ်သည်။

“ခရိုနီတွေ ခရိုနက်တွေ ခဏဘေးဖယ်ထားပါ။ တိုင်းပြည်ကို ကောင်းစေချင်တဲ့ စိတ်ကလေးတွေ ရှိတဲ့သူတွေ အများကြီးပါ။ ဒီလူတွေကို ခေါ်လိုက်ပါ။ နားထောင်ကြည့်လိုက်ပါ။ တစ်ယောက်ချင်းရဲ့အိုင်ဒီယာ။ တိုင်းပြည်ကို တကယ်လုပ်ပေးချင်တဲ့သူတွေ တကယ်စေတနာရှိတဲ့သူတွေ ရှိနေပါသေးတယ်။ မြန်မာပြည်ထဲမှာ လူညံ့တွေချည်းပဲ မဟုတ်ပါဘူး။ လူတော်တွေ အများကြီးရှိပါတယ်။ ဒီလူတွေနဲ့ နိုင်ငံတော်က တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ အမြန်ဆုံး တွေ့ပေးလိုက်ပါ။ တွေ့ပေးလိုက်ရင်တော့ လက်တွေ့ဘဝအဖြေကို သိသွားမှာပါ” ဟု  ဦးအေးသောင်းက ပြောကြားသည်။

အစိုးရသာ စီးပွားရေးတိုးတက်ပြီး ပြည်သူများ ကျပ်တည်းနေ၍ စီးပွားရေးလုပ်ငန်းရှင်များ လက်တွေ့ကြုံနေရသည့် စိန်ခေါ်မှုနှင့် စိုးရိမ်ပူပန်နေမှုများကို သြဂုတ်၂၇ ရက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် လုပ်ငန်းရှင်များ တွေ့ဆုံဖြေရှင်းတော့မည်ဖြစ်သည်။

ထိုသို့ တွေ့ဆုံမှုတွင် အစိုးရက စီးပွားရေးတက်နေပြီး ပုဂ္ဂလိက လုပ်ငန်းရှင်များက NLD အစိုးရလက်ထက်တွင် စီးပွားရေး ကျဆင်းနေသည်ဟု ပြောကြားမှုများကို ငြင်းဆိုကြတော့မည် မဟုတ်ပါ။ ထိုပွဲတွင် မြန်မာ့စီးပွားရေး ပြန်လည်တိုးတက်အောင် မည်သို့ လုပ်ဆောင်သင့်သည် ဆိုသည့် အချက်ကိုပင် အဓိက တင်ပြမည်ဟု ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ဆိုသည်။

“လက်ရှိအနေအထားက အားလုံးသိတဲ့ အတိုင်း လုပ်ရင်းကိုင်ရင်းနဲ့ပဲ ကျွန်တော်တို့မှာ စိန်ခေါ်မှုတွေ အခက်အခဲတွေက အများကြီး ကြုံတွေ့နေရပါတယ်။ အထူးသဖြင့် ငွေကြေးလဲလှယ်တဲ့ နှုန်းထားတွေက မထင်မှတ်ဘဲ အခုတလောမှာ ဂယက်ရိုက်မှုက တော်တော်လေး ပြင်းထန်လာပြီးတော့ Importer, Exporter တွေ နောက်ပြီး Investor တွေပါ ဘာလုပ်ရမယ်မှန်းမသိ ဖြစ်သွားတယ်။ အဓိက ကျွန်တော်တို့တင် ဖြစ်သွားတာလားဆိုတော့ နိုင်ငံခြား အဖွဲ့အစည်းတွေပါ။ သူတို့အတွက် တော်တော်လေး စိုးရိမ်ပူပန်မှုတွေနဲ့ အထူးသဖြင့် သံရုံးတွေက သံအမတ်တွေ၊ ကောင်စစ်ဝန်တွေက ကျွန်တော်တို့ဆီ ဖုန်းတွေဆက်တယ်။ Call တွေတောင်းတယ်။ ဘာတွေဘယ်လို ဖြစ်နိုင်မလဲပေါ့။ ဒါတွေကို ကျွန်တော်တို့ဘက်ကလည်း ဒါနဲ့ပတ်သက်လို့ သက်ဆိုင်ရာ Importer အဖွဲ့အစည်းတွေနဲ့ Exporter အဖွဲ့အစည်းတွေ၊ Investor အဖွဲ့အစည်းတွေနဲ့ ပညာရှင်တွေနဲ့ ဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ လက်တွေ့ကျတဲ့ Business Point of View ကနေပြီးတော့ ဒါတွေကို အချက်အလက်တွေကို  ပြုစုထားပါတယ်။ လာမယ့် ၂၇ ရက်မှာ နေပြည်တော်မှာ လူကြီးများနဲ့ တွေ့ဆုံတဲ့အခါ တင်ပြဖို့လည်း စီစဉ်နေပါတယ်” ဟု ဦးဇော်မင်းဝင်းက ဆိုသည်။

ပုဂ္ဂလိက,က တွန်းလျှင်ပင် ရွေ့ရန်နှေးကွေးလွန်းသော သက်ကြီးအစိုးရသည် သူတို့၏ စာရွက်ပေါ်က စီးပွားရေး တိုးတက်မှုများကိုသာ ဆက်လက်ကိုင်စွဲပြီး ပုဂ္ဂလိကလုပ်ငန်းရှင်များက စီးပွားရေးကျဆင်းသည်၊ ပြုပြင်ပြောင်းလဲရန် လိုအပ်သည်ဆိုသည့် တင်ပြချက်များကို နားလည်လက်ခံပါမည်လော။ မြန်မာ့စီးပွားရေးကဏ္ဍ အကျပ်အတည်း ကြုံနေပြီဆိုသည့် အခြေအနေကို ယုံကြည်ကြပါမည်လောဆိုသည့် မေးခွန်းများကိုမူ ဆွေးနွေးပွဲအပြီး လုပ်ဆောင်ချက်များက သက်သေပြမည်ဖြစ်ကာ သေချာသည်မှာတော့ NLD အစိုးရအတွက် စီးပွားရေး ကောင်းမွန်လာသည်ဟု ပြည်သူလက်ခံလာရေး ကြိုးပမ်းရန် အချိန်မရှိတော့သကဲ့သို့ အခြေအနေပေးမှုလည်း နည်းပါးနေသည်ဟု ကမ္ဘာ့ကုန်သွယ်ရေး စစ်ပွဲများက ညွှန်းဆိုနေပြီဖြစ်သည်။

စီးပွားရေး ယိုင်လဲပြိုကျသွားနိုင်သလား

မြန်မာ့စီးပွားရေး ယိုင်လဲပြိုကျသွားနိုင် သလားဆိုသည့် မေးခွန်းတွင် တစ်ခုတည်းသော အခြေအနေမှာ ယိုင်လဲနေပြီ ဆိုသည်မှတစ်ပါး အခြားမရှိတော့သည်ကို ၂၀၁၈ ခုနှစ်အတွင်း ရပ်ဆိုင်းသွားသည့် လုပ်ငန်းများစွာက သက်သေပြနေပြီဖြစ်သည်။ ထိုသို့အခြေအနေကို NLD အစိုးရသိရန် လိုအပ်ပြီး အချိန်မီ ထူမရန် လိုအပ်သည်။

“အဓိကက ဒီမိုးတွင်းကိုကြည့်လိုက်၊  ဆန်ဈေးတွေ တက်လာပြီ။ အခြေခံစားကုန်ဖြစ်တဲ့ ဆန်ဈေးတွေ တက်လာပြီ။ ဒါကိုမထိန်းညှိဘူး။ ပိုဆိုးလာပြီ။ သူဋ္ဌေးကတော့ အရေးမကြီးဘူး။ ဆင်းရဲသားတွေ၊ အလုပ်အကိုင် အခွင့်အလမ်းမရှိလို့ နိုင်ငံခြားကို အများကြီး ထွက်နေကြတယ်။ ဟိုမှာအဆင်ပြေလို့လား၊ မပြေပါဘူး။ ဒီမှာရော အဆင်မပြေဘူး။ အဲဒီတော့ ဝင်ငွေနဲ့ ထွက်ငွေ မမျှရင် ဘာတွေဖြစ်ကြမလဲ။ ရှေ့မှာ ကျွန်တော်တို့ သင်ခန်းစာတွေ အများကြီး ယူခဲ့ပြီးပြီ။ အဓိက လူတွေထမင်းဝအောင် ဘယ်လိုလုပ်ပေးဖို့ လိုမလဲ။ အခြေခံစားကုန်တွေ မတက်ဘူးဆိုတာ ဝယ်စရာပိုက်ဆံ မရှိလို့ မတက်တာ။ မဝယ်နိုင်ကြတဲ့ အခါကျတော့ ဆင်းရဲနေပြီလေ။ ချွေတာနေကြရတယ်။ သူဋ္ဌေးချွေတာတာကို ကျွန်တော်အပြစ်မပြောဘူး။ ဆင်းရဲသားတွေ ဒါ့ထက် ချွေတာစရာ မရှိတော့ဘူး။ ဆင်းရဲသထက် ဆင်းရဲကုန်ပြီ။ ဒါကိုအမြင်မှန်ရှိဖို့ပါ” ဟု လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။

အစိုးရ၏ စာရွက်ပေါ်မှာ ကိန်းဂဏန်းများ တိုးတက်နေမှုမှာ တယ်လီကွန်း ကဏ္ဍကဲ့သို့ ကဏ္ဍများ၊ အင်တာနက် ပိုမိုသုံးစွဲလာနိုင်မှု အခြေအနေများကြောင့် အစိုးရ GDP တွင် တိုးတက်မှု ပြနေသည့်အဖြစ်များ ဖြစ်နိုင်ပါသည်။ ထိုသို့သော ကဏ္ဍများသည် တိုင်းပြည်အတွက် အကျိုးမပြုချေ။ ပို၍ဆိုးသည်က ထိုကဏ္ဍများကို အစိုးရက ထိန်းကွပ်နိုင်မှု အားနည်းသောကြောင့် နိုင်ငံခြားငွေ စီးထွက်မှု၏ အဓိက တရားခံလည်း ဖြစ်နေနိုင်သည်။ သေချာသည်က မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေသည် အစိုးရနှင့် လူတစ်စုသာ တိုးတက်ပြီး ပြည်သူတစ်ရပ်လုံး ကျပ်တည်းနေသည့် Jobless Growth သို့မဟုတ် Growth Without Development အခြေအနေသို့ ဆိုက်ရောက်နေပြီ ဖြစ်သည်။

“မြန်မာနိုင်ငံမှာ နိုင်ငံရေးခေါင်းဆောင်တွေရှိပြီးပြီ။ စီးပွားရေးခေါင်းဆောင်တွေ လိုနေပြီ။ ကျွန်တော်တို့ဆီမှာ မရှိသေးတာ စီးပွားရေးခေါင်းဆောင်။ တိုင်းပြည်တစ်ခု ဆင်းရဲတယ်ဆိုတာ စီးပွားရေးခေါင်းဆောင် မရှိလို့” ဟု လက်ရှိအခြေအနေအပေါ် ဦးအေးသောင်းက သုံးသပ်သည်။

၂၀၁၆ ခုနှစ်ကတည်းက ပြည်တွင်းမီဒီယာများ ထောက်ပြခဲ့သည့် ငြိမ်းချမ်းရေးနှင့် စီးပွားရေးကို ယှဉ်တွဲလုပ်ခဲ့ပါက သို့မဟုတ် ရေရှည်လုပ်ဆောင်ရမည့် ငြိမ်းချမ်းရေးကို ဦးစားပေးမှုထက် စီးပွားရေးကိုသာ အသားပေး လုပ်ဆောင်ခဲ့ပါက လက်ရှိ ကျယ်ကျယ်လောင်လောင် ထွက်ပေါ် နေသည့် မြန်မာ့စီးပွားရေး ကျဆင်းမှု အခြေအနေများ ဖြစ်ပေါ်လာစရာ အကြောင်းမရှိပါ။ ငြိမ်းချမ်းရေးမရှိဘဲ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မရှိနိုင် ဟူသော အယူအဆနေရာတွင် စီးပွားရေး အကျပ်အတည်းသည်လည်း တိုင်းပြည်ကို ဆွဲချ၍ အစိုးရ တစ်ရပ်ကို ပြုတ်ကျစေနိုင်ပါသည်ဟု လက်ရှိတွင် အသိဝင်လာပါကလည်း အချိန်မီ ကုစားနိုင်ခွင့် ရှိနေပါသေးသည်။

“အပေါ်မှာကတော့ ပေါ်လစီတွေ အရမ်းကောင်းတယ်။ အောက်ခြေမှာလက်တွေ့ ဖြစ်နေတာနဲ့က ဆန့်ကျင်ဘက် ဖြစ်နေတယ်” ဟု စက်မှုဇုန် လုပ်ငန်းရှင်တစ်ဦးက ထောက်ပြသည်။

“အပေါ်ကနေ စာရွက်ကလေးတွေဖတ်ပြီး စီးပွားရေး တိုးတက်နေတယ် ဆိုရင်တော့ တစ်ခုခုတော့ မှားနေပြီ။ အဲဒီတော့ ကျွန်တော့်အနေနဲ့ ပြောချင်တာက အချိန်မီပါသေးတယ်။ လုပ်လို့ရပါသေးတယ်။ မြန်မာတွေ မညံ့ဘူး။ လုပ်လို့မရတာက အခက်ခဲဆုံးပဲ” ဟု ဦးအေးသောင်းက ဝေဖန်သည်။

ကျပ်ငွေတန်ဖိုး ကျဆင်းမှုနှင့် စီးပွားရေး လုပ်ကိုင်ရမှု အခြေအနေ

မြန်မာ့စီးပွားရေးအတွက် ဘက်စုံဆွေးနွေးမှုများ ပြုလုပ်နေသော်လည်း အမြင်ချင်း မတူညီဘဲ ဖြစ်နေပြီး အစိုးရက စီးပွားရေး တိုးတက်နေသည်ဟု တစ်ထစ်ချ မှတ်ယူထားမှုမှာ ပိုမိုကျပ်တည်းလာစေသည့် အဓိကအချက် ဖြစ်နေသည်။

လက်ရှိကုန်သွယ်ရေး အခြေအနေတွင် ပို့ကုန်ထက် သွင်းကုန်ကများ နေဆဲဖြစ်သည်။ ပို့ကုန်ကဏ္ဍတွင် အားထားရသည့်ပဲ ဈေးကွက်တွင် အိန္ဒိယနိုင်ငံက ကိုတာ (Quota) ပေးအပ်ထားမှုမှာ သြဂုတ်လကုန်တွင် ကုန်ဆုံးမည်ဖြစ်သဖြင့် မြန်မာ့ပဲဈေးကွက် အလားအလာမှာ စိုးရိမ်ဖွယ်ရာ ရှိနေသည်။

ပဲအစား အခြားသီးနှံပြောင်းလဲ စိုက်ပျိုးနိုင်ရေး အစိုးရဘက်က တောင်သူအသိပညာပေး လုပ်ငန်းများ လုပ်ဆောင်နေသော်လည်း  အဆိုပါ သီးနှံများအတွက် ဈေးကွက်ရရှိမှု၊ ဈေးကောင်းရရှိနိုင်မှု အလားအလာအပေါ် တောင်သူများက စိုးရိမ်နေကြသည်။ ထို့အတွက်လည်း အစိုးရတွင် အဖြေမရှိသေးပါ။

ဆန်ပြည်ပတင်ပို့မှုတွင်လည်း  သြဂုတ်လအတွင်း ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုနှင့် သဘာဝဘေး အန္တရာယ်များကြောင့် ယခုနှစ်အတွင်း ပြည်ပဆန်တင်ပို့မှု လျော့ကျနိုင်ဖွယ် ရှိနေသည်။ လတ်တလော အခြေအနေတွင်မူ အာဆီယံအရန်ဆန်ကိုပင် မြန်မာနိုင်ငံက တောင်းခံရမည့် အခြေအနေ ဖြစ်နေသည်။

မြန်မာ့ပို့ကုန်များသည် စိုက်ပျိုးရေး ပို့ကုန်များနှင့် ကုန်ကြမ်းများသာဖြစ်ပြီး အဓိက ပို့ကုန်များဖြစ်သည့် ဆန်နှင့်ပဲ ပို့ကုန်များ၏ ပြည်ပတင်ပို့မှု အလားအလာ စိုးရိမ်စရာ ဖြစ်လာနေမှုအတွက် အစိုးရက အဖြေမရှာနိုင်သေးပါ။

“ငွေလဲလှယ်နှုန်း မြင့်တက်နေတဲ့ အခြေအနေတွေနဲ့ ကျွန်တော်တို့အဓိက လုပ်စေချင်တာက Export ကို Drive လုပ်မှ။ လုပ်တဲ့ နေရာမှာ ပို့ကုန်လုပ်ငန်းရှင်တွေကို ဘယ်လိုမြှင့်တင်ပေးမလဲ။ အဲဒါလေးတွေ စဉ်းစားပေးသင့်တယ်။ နောက်ပြီး Trade Financing လည်း ပေးဖို့ ဆွေးနွေးနေတာ ရှိပါတယ်။ နိုင်ငံခြားဘဏ်တွေက ဝင်ကူမလား။ ပြည်တွင်းဘဏ်တွေက လုပ်မလား။ လက်ရှိလုပ်ပေးနေတာရှိတယ်။ သိပ်မလုံလောက်ဘူး။ ဒီထက်ပိုလုပ်ပေးဖို့ လိုအပ်မယ်။ သွင်းကုန်ပိုင်းမှာတော့ Item ပိုင်းကို ပြန်သုံးသပ်ဖို့ လိုမယ် လို့ထင်တယ်။ တင်သွင်းဖို့လိုအပ်တဲ့ ဟာတွေကိုတော့ ပေးသွင်းရမှာပေါ့။  လောလောဆယ် အရေးတကြီးမလိုတဲ့ Luxuary Goods တွေကို ပြန်ထိန်းမလားပေါ့။ ဒါလည်း  စီးပွား/ကူးသန်းက လုပ်ကိုင်နေတဲ့ အနေအထားလို့ ကြားပါတယ်။ စီမံ/ဘဏ္ဍာကလည်း အခွန်ပေးဆောင်မှုနဲ့ ပတ်သက်ပြီး ဘယ်နေရာမှာ လျှော့လို့ရမလဲဆိုတာ အကျေအလည် ဆွေးနွေးနေတယ်လို့ သိရပါတယ်။ ဒါတွေ သုံးခုကို လုပ်ပေးမှရမယ့် အနေအထားပါ” ဟု ကုန်သည်စက်မှု အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားသည်။

လက်ရှိ မြန်မာ့စီးပွားရေး ကျဆင်းနေမှုအပေါ် လုပ်ဆောင်ရမည့် စီးပွားရေးဆိုင်ရာ လုပ်ဆောင်ရမည့် အချက်ငါးချက်ကို အစိုးရထံ တင်ပြရာတွင် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းနေခြင်း၊ ငွေကြေးအထောက်အပံ့နှင့် ဘဏ်လုပ်ငန်းဆိုင်ရာ လုပ်ငန်းများ၊ အခွန်အကောက်ဆိုင်ရာ ဖြေလျှော့မှုကိစ္စများ၊ မတည်ငြိမ်သည့် စည်းမျဉ်းများ၊ ဥပဒေနှင့် နည်းဥပဒေများ၊ ဈေးကွက်ဝယ်လိုအား အခြေအနေစသည့် အချက်များကို ဦးစားပေး လုပ်ဆောင်သင့်သည်ဟု ပုဂ္ဂလိက ကဏ္ဍမှ တင်ပြခဲ့ပြီးဖြစ်သည်။ အစိုးရက အချိန်မီ အဖြေရှာနိုင်ရန် လိုအပ်ပြီး အချိန်မီ အဖြေမရှာနိုင်ပါက ပို၍ဆိုးရွားသော ငွေကြေးအခက်အခဲကြားတွင် ၁၉၈၈၊ ၂၀၀၇ ခုနှစ်က ကဲ့သို့သော ဖြစ်ရပ်များ တစ်ဖန်ပြန်လည် ကြုံလာရနိုင်သည်ကို သတိချပ်ရန် လိုအပ်ပါသည်။

ငွေလဲနှုန်း အတက်အကျ ကြမ်းနေမှုအပေါ် ဖြေရှင်းပေးရန် ၁၂ ချက် တင်ပြ

ပို့ကုန်ရငွေ၏ ရာခိုင်နှုန်း ၄၀ ခန့်မှာ မြန်မာ့ဘဏ်များဆီသို့ အမှန် တကယ် ဝင်ရောက်လာမှု နည်းပါးနေ ခြင်းအပါအဝင် အချိန်တိုအတွင်း ငွေလဲလှယ်နှုန်း အတက်ကြမ်း၊ အကျ ကြမ်းဖြစ်ပေါ်နေမှုဖြေရှင်းပေးရန် အချက် ၁၂ ချက်ကို  ဒုတိယသမ္မတ ဦးမြင့်ဆွေဦးဆောင်သည့် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ သို့ ကုန်သည်စက်မှု အသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင်က တင်ပြထားသည်။

အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေအကြား အချိန်တိုအတွင်း အတက်ကြမ်း၊ အကျကြမ်းဖြစ်ပေါ် နေမှုကို စနစ်တကျဖြေရှင်းဆောင် ရွက်နိုင်ရန်နှင့် အများပြည်သူနှင့် လုပ်ငန်းရှင်များအကြား စိုးရိမ်ပူပန်စိတ်များ လျော့နည်းပပျောက်စေရန် အစိုးရနှင့် ဗဟိုဘဏ်က ဆောင်ရွက်ပေးသင့်သည့် အချက်များကို ငွေလဲနှုန်း တည်ငြိမ်စေရေးအတွက် ဦးရဲမင်းအောင်က တင်ပြခဲ့ခြင်းဖြစ်ပြီး အဓိက အချက်များအဖြစ် ပြည်တွင်းတွင် ထုတ်လုပ်နေသော ကုန်ပစ္စည်းများအား ပြည်ပမှ တင်သွင်းမှုအပေါ် Quota, Tariff Rate Quota, Minium Access, Standards, Specifications၊ အခွန်နှင့် အကောက်ခွန်စနစ်တို့ဖြင့် ထိန်းကွပ်ဆောင်ရွက်ရန် တင်ပြခဲ့သည်။

ထို့ပြင် နိုင်ငံခြားဘဏ်များ၏ Trade Financing လုပ်ငန်းများ ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေး စီစဉ်ပေးရန်၊ တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုအတွက် ယွမ်ငွေကို သုံးခြင်းနှင့် ထိုင်းနိုင်ငံနှင့် ကုန်သွယ်မှုအတွက် ဘတ်ငွေကိုသုံးခြင်း စသည့် အဓိက ကုန်သွယ်ဖက်နိုင်ငံများနှင့် Bilateral Currency Swap အစီအစဉ်ကို ညှိနှိုင်းဆောင်ရွက်ရန်၊ Interbank Currency Market ကို ယခုထက်ပိုပြီး ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဘဏ်က ကြီးမှူးဖော်ဆောင်ပေးရန်နှင့် ပြည်တွင်းပြည်ပ ရှယ်ယာရှင်များ ပါဝင်မှုဖြင့် ပို့ကုန်သွင်းကုန်ဘဏ်ကို အများပိုင်ဘဏ်အဖြစ် အမြန်ဆုံး ဖွဲ့စည်းတည်ထောင်နိုင်ရေး လုပ်ငန်းအဖွဲ့ဖွဲ့၍ ဆောင်ရွက်ပေးရန် စသည့်အချက်များ ပါဝင်ကြောင်း သိရသည်။

ထို့ပြင် ပို့ကုန်မြှင့်တင်ရေး ပိုမိုထိရောက်စွာ အားပေးဆောင်ရွက်ရေးအတွက် ပို့ကုန်လုပ်ငန်းများအား အခွန်ဆိုင်ရာ သက်သာခွင့်၊ ဦးစားပေး အစီအစဉ်များဖြင့် ဆောင်ရွက်ပေးရန်၊ National Export Promotion Council ဖွဲ့စည်းပြီး နိုင်ငံတကာဈးကွက် ထိုးဖောက်ရောင်းချခြင်းနှင့် ရလဒ်ထွက်သည့် ကုန်သွယ်ရေးဆိုင်ရာ ညှိနှိုင်းမှုများကို ဆောင်ရွက်ပေးရန်နှင့် ပို့ကုန်ရငွေ၏ ရာခိုင်နှုန်း ၄၀ ခန့်မှာ မြန်မာ့ဘဏ်များဆီသို့ အမှန်တကယ် ဝင်ရောက်လာမှု နည်းပါးနေသောကြောင့် တရားဝင် ကုန်သွယ်မှု ဖြစ်စေရေးအတွက် သက်ဆိုင်ရာ ကုန်သွယ်ဖက် နိုင်ငံများနှင့် ဦးစားပေး ညှိနှိုင်းဆောင်ရွက်ကာ နယ်စပ်ကုန်သွယ်မှုများတွင် ဘဏ်များကို တွင်ကျယ်စွာ အသုံးပြုလာရေး ညှိနှိုင်းပေးရန်၊ ပြည်တွင်းတွင် ဒေါ်လာအလွန်အကျွံ အသုံးပြုမှု မဖြစ်ပေါ်စေရေးအတွက် ဒေါ်လာဖြင့် ပေးချေမှုများအပေါ် တားမြစ်သည့် ညွှန်ကြားချက်များ ထပ်မံထုတ်ပြန်ပြီး ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်ပါက ဒဏ်ကြေး၊ ပြစ်မှု၊ ပြစ်ဒဏ်များပါ ထည့်သွင်းဖော်ပြကာ ထိရောက်စွာ ကိုင်တွယ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း တင်ပြခဲ့သည်။

နိုင်ငံခြားရောက် ငွေကြေးများ ပြည်တွင်းသို့ ပြန်လည်စီးဝင်လာနိုင်ရန်နှင့် ပြည်ပရောက် မြန်မာလုပ်သားများ၏ လုပ်ခလစာငွေများ ပြည်တွင်းသို့ လွယ်ကူစွာ အလုံးအရင်းဖြင့် ပြန်လည်ဝင်ရောက်နိုင်ရေးတွင် ပုဂ္ဂလိက နိုင်ငံခြား ငွေလွှဲလုပ်ငန်းများကို ပိုမိုတိုးချဲ့လုပ်ကိုင်ခွင့် ခွင့်ပြုပေးရန်၊ ရင်းနှီးမြှုပ်နှံမှုအတွက် Capital Brought-In အမှန်တကယ် အလုံးအရင်းဖြင့် ဝင်ရောက်စေရေးအတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများကို ကူညီအားပေးရန်နှင့် ရင်းနှီးမြှုပ်နှံမှုကို MIC, DICA တို့က လွယ်ကူစွာ ခွင့်ပြုဆောင်ရွက် ပေးထားသော်လည်း လက်တွေ့မြေပြင်တွင် အကောင်အထည်ဖော်ရာ၌ မြေသုံးစွဲမှု အပါအဝင် အခက်အခဲများစွာ ကြုံတွေ့ရသဖြင့် စီးပွားရေးရပ်ဝန်း လွယ်ကူလျင်မြန်စေရေး ဆောင်ရွက်ပေးရန်၊ ပြည်ပတင်ပို့ကုန် လုပ်ငန်းများ အတွက် အကောက်ခွန် ဦးစီးဌာန၏ ဝန် ထမ်းအင်အား တိုးချဲ့ပေးပြီး ၂၄ နာရီ ၇ ရက် ပိတ်ရက်မရှိ ဝန်ဆောင်မှုပေးနိုင်ရေး ဆောင်ရွက်ပေးရန်နှင့် အသေးစား ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများ၏ ပြည်ပမှ ချေးငွေများ၊ ရင်းနှီးမြှုပ်နှံမှု ရယူမှု၊ စီးဝင်မှုများကို ဗဟိုဘဏ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနတို့မှ လျင်မြန်စွာ စိစစ်ပေးရန် လိုအပ်ကြောင်း ဦးရဲမင်းအောင်က တင်ပြခဲ့သည်။

လက်ရှိအခြေအနေတွင် ငွေကြေးတည်ငြိမ်မှုမရှိဘဲ ကျပ်ငွေတန်ဖိုး ကျဆင်းစေမှုမှာ ကုန်ဈေးနှုန်းများ ထပ်မံမြင့်တက်မည့် စိုးရိမ်စရာ အခြေအနေ ဖြစ်ပေါ်နေပြီး ထိုသို့ ဖြစ်ပေါ်နေမှုများအတွက် ငွေကြေးလဲလှယ်နှုန်း တည်ငြိမ်ရေး အပါအဝင် အကြံပြုချက်များ ဆောင်ရွက်ရန် ကုန်သည်စက်မှုအသင်းချုပ် အနေဖြင့် ကော်မတီတစ်ရပ် ဖွဲ့စည်းဆောင်ရွက်နေကြောင်း ကုန်သည်စက်မှု အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားသည်။

ထိုသို့တင်ပြမှုများမှာ မကြာမီ ပိုမိုကျဆင်းလာဖွယ်ရှိသည့် မြန်မာကျပ်ငွေတန်ဖိုးအတွက် ရေရှည်ဆောင်ရွက်ရမည့် ကိစ္စရပ်များဖြစ်ပြီး လတ်တလော ရေတိုကုထုံးများနှင့် မလုံလောက်သည့် အခြေအနေကို NLD အစိုးရသိရန် လိုအပ်ပြီး ငွေကြေးမူဝါဒ၊ ဘဏ္ဍာရေးမူဝါဒ၊ ရင်းနှီးမြှုပ်နှံမှုမူဝါဒနှင့် ကုန်သွယ်ရေး မူဝါဒကို ကိုင်တွယ်လုပ်နေသူ ဝန်ကြီးများ၊ ဥက္ကဋ္ဌများ လက်ရှိထက် ပိုမိုထိတွေ့ ညှိနှိုင်းရန် လိုအပ်နေပြီး ဖြစ်လာမှ ထလုပ်သည့် ကြိုတင်ပြင်ဆင်မှု အခြေအနေကို တွန်းလှန်ရန် လိုအပ်သည်။

လာမည့် ၁၂ လအတွင်း မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့လာစေရေး အကြံပြုချက်များ

လက်ရှိအချိန်တွင် မြန်မာ့စီးပွားရေးလုပ်ငန်းများ ကျဆင်းလာရာ လာမည့် ၁၂ လအတွင်း လုပ်ငန်းများ ပြန်လည်ဦးမော့ လာစေရန်အတွက် ငွေကြေးစနစ်အတွက် ငွေကြေးထိန်းချုပ်ရေး မူဝါဒနှင့် ဘဏ္ဍာရေး မူဝါဒများကို တိုးမြှင့်ဆောင်ရွက်ရန် အပါအဝင် အချက် ၁၂ ချက်ကို အစိုးရက ပြင်ဆင်ဆောင်ရွက်ပေးရန် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ တင်ပြထားသည်။

အစိုးရထံ ပြင်ဆင်ဆောင်ရွက်ပေးရန် တင်ပြချက်များတွင် Infrastructure မြှင့်တင်ရေးကို ဦးစားပေး ဆောင်ရွက်ရန်၊ တိကျသည့် ငွေကြေးစီမံခန့်ခွဲမှုနှင့် ပွင့်လင်းမြင်သာမှုရှိသည့် ငွေကြေးအရင်းအမြစ် တည်ဆောက်ရန်၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း ပညာကို မြှင့်တင်ပေးရန်၊ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများကို တာဝန်ယူမှု တာဝန်ခံမှု အားကောင်းအောင် အပြောင်းအလဲများ ပြုလုပ်ရန် ပြည်တွင်းလုပ်သားများနှင့် ရွှေ့ပြောင်းလုပ်သားများကို ပြန်လည်နေရာချထား ပေးနိုင်မည့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရန်၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကဏ္ဍကို ပိုမိုအားကောင်းအောင် ထောက်ပံ့ပေးရန်တို့ ပါဝင်သည်။

ထို့ပြင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုသည့် သီးခြားဥပဒေနှင့် မူဝါဒများ ချမှတ်ရန်၊ ငွေကြေး စနစ်အတွက် ငွေကြေးထိန်းချုပ်ရေး မူဝါဒနှင့် ဘဏ္ဍာရေးမူဝါဒများကို တိုးမြှင့်ဆောင်ရွက်ရန်၊ အခွန်ကောက်ခံရာတွင် အချိန်ငွေကုန် သက်သာသည့် လုပ်ငန်းဆောင်ရွက်မှု စနစ်ဖြစ်ရန်နှင့် နိုင်ငံတော်၏ အခွန်ကဏ္ဍကို ပိုမိုတိုးပွားအောင် ဆောင်ရွက်ရန်၊ မြို့ တော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်သူ့ဝန်ဆောင်မှုများ အများပြည်သူ နားနေရာ အပန်းဖြေသည့် နေရာများနှင့် ယဉ်ကျေးမှု၊ အမွေအနှစ်များကို အဆင့်မြှင့်တင် ထိန်းသိမ်းရန်၊ နည်းပညာများ ဆန်းသစ်တီထွင်မှုများ၏ ဉာဏပစ္စည်း မူပိုင်ခွင့်အတွက် ဥပဒေ၊ လုပ်ထုံးလုပ်နည်းဆိုင်ရာ စနစ်တစ်ခု တည်ဆောက်ရန်နှင့် ဒေသတွင်းနိုင်ငံများနှင့် သာမက နိုင်ငံတကာစီးပွားရေးသို့ ဝင်ရောက်နိုင်အောင် ပြည်တွင်းစီးပွားရေးကဏ္ဍကို မြှင့်တင်ပေးရန်တို့လည်း တင်ပြထားသည်။

မြန်မာနိုင်ငံ၏ စီးပွားရေး အခြေအနေသည် ၂၀၁၆ ခုနှစ်က စတင်ပြီး ကဏ္ဍအားလုံးနီးပါး ကျဆင်းလျက် ရှိသည်ကို တွေ့ရှိရကြောင်း၊ ထိုသို့ကျဆင်းလာခြင်း၏ အကြောင်းအရင်းများမှာ ကျပ်ငွေတန်ဖိုး ကျဆင်းခြင်း၊ အခွန်နှင့် သွင်းကုန်စည်းကြပ်ခွန်၊ ငွေကြေးရရှိမှုနှင့် ဘဏ်လုပ်ငန်းများ၊ ကျွမ်းကျင်လုပ်သား မရှိခြင်း၊ ဥပဒေနှင့် မူဝါဒများ မတည်ငြိမ်ခြင်း၊ ပြည်တွင်း အသုံးစရိတ်မြင့်တက်ပြီး ငွေကြေးဖောင်းပွခြင်း၊ နိုင်ငံခြားကုမ္ပဏီများနှင့်  ယှဉ်ပြိုင်နိုင်စွမ်း၊ အခြေခံအဆောက်အအုံ လိုအပ်ချက်၊ ပို့ကုန်/သွင်းကုန် ရုံးလုပ်ငန်းများကိစ္စနှင့် ဈေးကွက် ဝယ်လိုအား စသည့်အချက် ၁၀ ချက်ဖြင့် တိုင်းတာမေးမြန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ အချက် ၁၂ ချက် အမှန်တကယ် ကြိုးပမ်းလုပ်ဆောင်လျှင်ပင် မြန်မာ့စီးပွားရေး တိုးတက်လာနိုင်မည် မဟုတ်ဘဲ ဦးမော့လာရုံသာ ရှိမည်ဖြစ်သည်။

လတ်တလောတွင် ကမ္ဘာ့ကုန်သွယ်ရေး မူဝါဒပိုင်း မငြိမ်သက်မှု မြင့်မားလာနေခြင်းကြောင့် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ကုန်သွယ်ရေး ပြန်လည်ဦးမော့နိုင်မှုကို ထိခိုက်နိုင်သကဲ့သို့ မြန်မာနိုင်ငံ အပေါ်တွင်လည်း ၎င်း၏ဆိုးကျိုးများက အတန်အသင့် သက်ရောက်နိုင်ကြောင်း ကမ္ဘာ့ဘဏ်က သတိပေးထားသည်။

စီးပွားရေး တိုးတက်မှုနှုန်း ကြီးကြီးမားမား လျော့နည်းသွားမည် ဆိုပါက မက်ခရိုစီးပွားရေး မတည်ငြိမ်မှု ကြီးထွားလာနိုင်ကာ နိုင်ငံ၏ အထွေထွေ မတည်ငြိမ်မှုကို ဖြစ်နိုင်သည်ဟု ကမ္ဘာ့ဘဏ်က မကြာသေးမီက ထုတ်ပြန်သည့် မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာတွင် ဖော်ပြထားသည်။

လက်ရှိအချိန်တွင် စီးပွားရေးလုပ်ငန်းရှင်အများစု ရုန်းကန်နေရသကဲ့သို့ ပြည်သူအများစုမှာလည်း စားဝတ်နေရေး အတွက် ရုန်းကန်နေရပြီး ဝင်ငွေထွက်ငွေ မမျှတမှုနှင့် ကုန်ဈေးနှုန်း ကြီးမြင့်မှုဒဏ်ကို အလူးအလဲ ခံနေရသည်။

အခြေခံ လူတန်းစားများ အပါအဝင် သန်းနှင့်ချီရှိနေသည့် ပြည်သူများမှာ စီးပွားရေး အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။ လက်ရှိရုန်းကန် လည်ပတ်နေရသည့် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်များပါ ပြိုကျသွားပါက ပိုဆိုးသွားမည်သာ ရှိတော့မည် ဖြစ်သည်။

စီးပွားရေး ပြိုလဲနိုင်ခြေမှုက ပြည်သူလူထုအပေါ် ဖိစီးနေသည်။ ယင်းအခြေအနေတွင် အစိုးရက လက်တွေ့ကျကျ ဖြေရှင်းပေးရမည် ဖြစ်သည်။

သြဂုတ် ၂၇ ရက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်နှင့် စီးပွားရေးနယ်ပယ်မှ လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေး ကြတော့မည်။

အစိုးရအနေဖြင့် စာရွက်ပေါ်တွင်သာ တိုးတက်နေသည့် စီးပွားရေးအပေါ် ကျေနပ်မနေဘဲ လုပ်ငန်းရှင်များ၏ အသံ၊ ပြည်သူ့အသံ အစစ်အမှန်များကို နားထောင်ကာ ဖြေရှင်းပေးရန် အလျင်အမြန် လိုအပ်နေသည်။

သို့မဟုတ်ပါက မြန်မာ့စီးပွားရေးမှာ ယိုင်လဲပြိုကျမှုမှတစ်ဆင့် ပေါက်ကွဲမှုများ ဖြစ်လာနိုင်ပါသည်။

 

Most Read

Most Recent