သေနတ်ပစ်ခတ်မှုများနဲ့ တရားဥပဒေစိုးမိုးရေး

သေနတ်ပစ်ခတ်မှုများနဲ့ တရားဥပဒေစိုးမိုးရေး
Published 20 August 2018

သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံသူအား သြဂုတ် ၁၃ ရက်က အောင်ပင်လယ်ရဲစခန်းတွင် စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ဖမ်းဆီးခေါ်ဆောင်လာစဉ်

ယခင်က ယဉ်ကျေးမှုမြို့တော်လို့ တင်စားခေါ်ဝေါ်ကြတဲ့ မန္တလေးမြို့တော်ဟာ အခြားသောဆန့်ကျင် ဘက်ယဉ်ကျေးမှုမျိုးစုံ၊ စရိုက်စုံလှတဲ့ လူတန်းစားပေါင်းစုံတို့ ထိုးဖောက် ဝင်ရောက်လာချိန်မှာ သူ့ရဲ့မူလအ မည်နာမဟာ စကားရပ်တစ်ခုအ သွင်နဲ့သာ တည်ရှိနေရတာ အချိန်အတော်ကြာလာခဲ့ပြီ ဖြစ်ပါတယ်။ မူလ အယဉ်ပေါ် အရိုင်းကဖုံး၊ မူလမြို့ခံတို့နေရာမှာ အခြားသော စရိုက်မတူညီသူတွေ အစားထိုးဝင်လာ…၊ မူလယဉ်ကျေးမှုတန်ဖိုးကို မလေးစားသူတွေ၊ စရိုက်ဆိုးသွမ်းသူတွေနဲ့အတူ တဖြည်းဖြည်းနဲ့ မန္တလေးဟာ  အရိုင်းဆန်လာခဲ့ရတာ ဝမ်းနည်းစရာပါ။ ဒါကြောင့် အတိတ်က ယဉ်ကျေးမှုမြို့တော်အကြောင်းကို မြို့ခံ ပြည်သူတွေက လွမ်းတနေကြမှာ အမှန်ပင် ဖြစ်ပါတယ်။

မကြာသေးခင် လအနည်းငယ်အတွင်းက မန္တလေးမြို့ညတွေမှာ  ဓားကိုင်သောင်းကျန်းတဲ့ လူငယ်တွေ၊ ဓားကိုင်လုယက်တဲ့မှုခင်းတွေ၊ နောက်ဆုံး လုယက်သတ်ဖြတ်ကြတဲ့အထိ မှုခင်းတွေဟာ မြို့ခံပြည်သူ တွေအကြားမှာ နေ့စဉ်၊ ညစဉ်မကြားချင် မမြင်ချင်ဆုံး သတင်းဆိုးတွေအ ဖြစ်နေရာယူခဲ့ကြပါတယ်။ ညပိုင်း အချိန်မှာ ခပ်စိပ်စိပ်ဖြစ်ပွားနေတဲ့ မှုခင်းတွေကို ရဲတပ်ဖွဲ့က စီမံချက်ချပြီး ညပိုင်းနဲ့နံနက်အစောပိုင်းတွေမှာ ပိတ်ဆို့ရှာဖွေဖမ်းဆီးစစ်ဆေးတာတွေ လုပ်လိုက်တဲ့အခါမှာ အထိုက်အလျောက် လျော့နည်းပပျောက် သွားတယ်လို့ ဆိုနိုင်ပါတယ်။ လက်ရှိ အချိန်ထိလည်း ရဲတပ်ဖွဲ့က လုပ်ဆောင်နေဆဲဖြစ်ပါတယ်။ သို့သော်…

ယခု သြဂုတ်လအတွင်း မန္တလေးမြို့ခံတွေကြားမှာ ရေပန်းစားနေတဲ့ အကြောင်းအရာတစ်ခုရှိပါတယ်။ မြို့ခံတွေကြားမှာသာမကဘဲ  လူမှုကွန်ရက်စာမျက်နှာတွေထက် မှာပါ အဲဒီအကြောင်းအရာက နေရာယူထားပြန်ပါတယ်။ ယခင်က ညပိုင်းအချိန်တွေမှာသာ ကြားရလေ့ရှိတဲ့ ဒုစရိုက်မှုအကြောင်းအရာတွေ က လူစည်ကားတဲ့ နေ့ခင်းအချိန်တွေမှာပါ ခပ်စိပ်စိပ်ကြားလာရပါတယ်။ ညပိုင်းအချိန်တွေမှာ ကြားနေကျ လုယက်မှု၊ ခိုးမှု၊ ဓားထောက်လု ယက်သတ်ဖြတ်မှု မှုခင်းတွေထက် ပိုပြီး အံ့သြထိတ်လန့်စိတ်ဝင်စား ဖွယ်ကောင်းတဲ့ သေနတ်ပစ်ခတ် လုယက်မှု ဖြစ်ပါတယ်။ သေနတ်ပစ်ခတ်လုယက်လာတဲ့အထိ ဆိုးရွား လာတဲ့အတွက် မြို့ခံတွေကြားမှာ စိုး ရိမ်ထိတ်လန့်ဝေဖန်မှုတွေနဲ့အတူ မလုံခြုံမှုဆိုတဲ့ ခံစားမှုတွေနဲ့ ရင်ဆိုင် နေကြရပါတယ်။

 

■ သေနတ်ပစ်ခတ် လုယက်မှုနဲ့ လက်နက်ဥပဒေ

သြဂုတ် ၁၃ ရက် နံနက်ပိုင်းက မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်အတွင်းမှာရှိတဲ့ မြရည်နန္ဒာမြို့သစ် လူစည်ကားရာလမ်းမပေါ်မှာ ဆိုင်ကယ်မောင်းနှင်နေတဲ့အရပ်သားနှစ်ဦးကို သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့ ဖြစ်စဉ် တစ်ရပ်ဖြစ်ပွားခဲ့ပါတယ်။ မြရည်နန္ဒာမြို့သစ်၊ လမ်းသွယ်(၁) ရပ်ကွက်၊  ၅၅ လမ်းနဲ့ ၅၆ လမ်းကြား၊  ၅၅ လမ်း အနောက်ဘက်၊ ရွာလယ်လမ်းနဲ့နှင်း ဆီလမ်းကြားအရောက်မှာ အမျိုးသားတစ်ဦးနဲ့အမျိုးသမီးတို့ မောင်းနှင် လာတဲ့ ဆိုင်ကယ်ကို သေနတ်သမားက ဘေးကနေ အခြားဆိုင်ကယ်တစ်စီးနဲ့ဝင်တိုက်ခဲ့ပြီး အမျိုးသမီးရဲ့ လက်ကိုင်အိတ်ကို လုယူခဲ့ပါတယ်။ အမျိုးသားဖြစ်သူက ပြန်လည်လုယူခဲ့ရာမှာ သေနတ်သမားက အသင့်ပါ လာတဲ့ ပစ္စတိုသေနတ်နဲ့ သုံးချက်ပစ်ခတ်လိုက်ပါတယ်။ သေနတ်သမားရဲ့ ပစ်ခတ်မှုကြောင့် အမျိုးသမီးဖြစ် သူမှ အခင်းဖြစ်နေရာမှာတင် သေဆုံးခဲ့ရပြီး အမျိုးသားကိုတော့ မန္တလေးပြည်သူ့ဆေးရုံကြီးကို အတွင်း လူနာအဖြစ် တင်ပို့လိုက်ရပါတယ်။ သေနတ်သမားကိုတော့ အနီးမှာရှိတဲ့ပြည်သူတွေက လိုက်လံဝိုင်းဝန်း ဖမ်းဆီးခဲ့တာကြောင့် လက်ရဖမ်းဆီးနိုင်ခဲ့ပြီး သက်ဆိုင်ရာရဲတပ်ဖွဲ့ကို အပ်နှံပေးခဲ့ကြပါတယ်။

သေနတ်ပစ်ခတ်မှုနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ထုတ်ပြန်ချက်မှာ ကနဦး ဖော်ပြထားတာကတော့ အခင်းဖြစ်စဉ်မှာ ကျူးလွန်သူ သေနတ်သမားဟာ ငွေလုယူဖို့ရည်ရွယ်ချက်နဲ့ ကျူးလွန်မှုပြုလုပ်ခဲ့တာဖြစ်တယ်လို့ စစ်ဆေး တွေ့ရှိထားတဲ့အကြောင်းအရာကို သြဂုတ် ၁၄ ရက်မှာ သတင်းထုတ်ပြန်ပေးခဲ့ပါတယ်။ ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်မှာ ငွေလုယူဖို့ရည်ရွယ်ချက်နဲ့ သေနတ်သမားက ပြစ်မှုကျူးလွန်တယ်လို့ဆိုပေမဲ့ စဉ်းစားစရာ အချက်တွေလည်း ရှိလာပြန်ပါတယ်။ ပြစ်မှုကျူးလွန်ရာမှာ အသုံးပြုတဲ့ သေနတ်ကို ဘယ်ကနေရခဲ့တာလဲ၊ ဒါမှမဟုတ် ဝယ်ခဲ့တာလား။ ဝယ်ခဲ့တာဆိုရင်ရော…၊ သေနတ်ပစ်ခတ်ပြီး လုယူရတဲ့အထိ ဘယ်လောက် တန်ဖိုးကြီးပစ္စည်းတွေပါနေတာလဲ၊ ရန်ငြိုးရန်စကြောင့်လားစတဲ့ စဉ်းစားသုံးသပ်ကြည့်ဖို့အချက်တွေ အများကြီးပါ။ အဓိကအဖြေကတော့ ကျူးလွန်ခဲ့သူကာယကံရှင်ကပဲ  သိနိုင်မှာဖြစ်ပါတယ်။ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းနေတာက သေနတ်သမားဟာ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာ အမှတ်(၆) ရပ်ကွက်မှာ နေထိုင်ပြီး ပန်းရန်အလုပ်လုပ်ကိုင်နေသူဖြစ်ပါတယ်။ ပန်းရန်အလုပ်လုပ်ကိုင်နေသူဟာ စပိန်နိုင်ငံထုတ် ပွိုင့် ၃၂ အမျိုးအစား ပစ္စတိုသေနတ်တစ်လက်၊ ယင်းကျည် ၂၂ တောင့်၊ ကျည်အိမ်နှစ်ခုကို ကိုင်ဆောင်ထားတာက မေးခွန်းထုတ်ဝေဖန်စရာတွေ ဖြစ်နေပါတယ်။ သူ့ရဲ့မူလဇာတိဟာ  ရှမ်းပြည်နယ်၊ ကျောက်တလုံးမြို့ဖြစ် ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

သေနတ်သမားဟာ လုယူဖို့ ရည်ရွယ်ချက်နဲ့ ကျူးလွန်ခဲ့တယ်ဆိုတဲ့ ရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အမှုနဲ့  သေနတ်ပစ်ခတ် လုယက်မှုချင်းတူပေမဲ့၊ လုယက်မှုပုံစံမတူတဲ့အမှု တစ်ခု မန္တလေးမြို့မှာ ဖြစ်ပွားခဲ့ပါသေးတယ်။ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၄ ရက် ညနေပိုင်းက မောင်ကိန်းရွှေဆိုင်ကို သေနတ်နဲ့ပစ်ခတ်ပြီး ဓားပြတိုက်ခဲ့တဲ့အမှုပါ။ ရွှေဆိုင်ကို သေနတ်နဲ့ပစ်ခတ်ပြီး လုယက်ဓားပြတိုက်သူဟာ တစ်ဦးတည်းဆိုင်အတွင်းကို ဝင်ရောက်လာပြီး မှန်ကောင်တာကို သေနတ်နဲ့ပစ်ခတ်တာ၊ ဆိုင်အတွင်း ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ပြီး ရွှေထည်ပစ္စည်းတွေကို လုယက်ခဲ့ပါတယ်။ ဓားပြတိုက်ပြီး ဆိုင်ပြင်ကိုပြန် အထွက်မှာ ရွှေဆိုင်မှာ ယာဉ်မောင်း အလုပ်လုပ်ကိုင်နေသူတစ်ဦးက ဝင်ရောက်လုံးထွေးသတ်ပုတ်ပြီး တရား ခံကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒီအမှုမှာလည်း သေနတ်သမားကို ပြည်သူကပဲ  ဝင်ရောက်လုံးထွေးသတ်ပုတ်ပြီး ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဒီအမှုမှာဆိုရင် သေနတ်သမားဟာ ရွှေဆိုင်ကို ဓားပြတိုက်တာဖြစ်တဲ့အတွက် သေနတ်ကိုအသုံးပြုတိုက်ခိုက်သွားတယ်လို့ ယေဘုယျအားဖြင့် ယူဆလို့ရပါတယ်။ ရွှေဆိုင်ကို သေနတ်နဲ့ ပစ်ခတ်ပြီး လုယက်ဓားပြတိုက်သွားတဲ့ဖြစ်စဉ်မှာ လူတစ်ဦးတစ်ယောက်ကိုမှ သေနတ်နဲ့ပစ်ခတ်ခဲ့တာ မတွေ့ ရပါဘူး။ ယခု သြဂုတ် ၁၃ ရက်က ဖြစ်ပွားခဲ့တဲ့ သေနတ်ပစ်ခတ်လုယက်တဲ့ဖြစ်စဉ်မှာ သေနတ်သမား က လုယက်ခံရသူ နှစ်ဦးစလုံးကို အသေပစ်သတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အမျိုးသမီးတစ်ဦးသာ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး အမျိုးသားကတော့ မန္တလေးဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေဆဲဖြစ်ပါတယ်။

ဒါကြောင့် သေနတ်ပစ်ခတ် လုယက်ခဲ့တဲ့ဖြစ်စဉ်နှစ်ရပ်ကို နှိုင်းယှဉ်ကြည့်မည်ဆိုပါက ရွှေဆိုင်ကို သေနတ်ပစ်ခတ်ဓားပြတိုက်လုယက်မှုဖြစ်စဉ်၊ လမ်းမပေါ်မှာ ဆိုင်ကယ် မောင်းနှင်နေသူနှစ်ဦးကို သေနတ်နဲ့ ပစ်ခတ်ပြီး လုယက်တဲ့ဖြစ်စဉ်နှစ်ခု ဟာ ချိန်ထိုးစဉ်းစားကြည့်ရမယ့်အချက်တွေပါဝင်နေပါတယ်။ ရွှေဆိုင်ကို  သေနတ်ပစ်ခတ်လုယက်သူဟာ တန်ဖိုးကြီး ရွှေထည်ပစ္စည်းတွေကို လုယက်မှုအောင်မြင်ဖို့အတွက် သေနတ်ကိုအသုံးပြုခဲ့တာ ဖြစ်နိုင်ခြေရှိပါတယ်။ ယခု သြဂုတ် ၁၃ ရက်က ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်မှာ အခြားလက် နက်တွေဖြစ်တဲ့ တုတ်၊ ဓားလက်နက်တွေကိုအသုံးမပြုဘဲ  သေနတ်ကို ရွေးချယ်အသုံးပြုတဲ့အပြင် ဆိုင် ကယ်သမားဇနီးမောင်နှံနှစ်ဦးဆီက  လုယက်ခဲ့ရုံသာမကဘဲ လူကိုပါအသေပစ်သတ်ခဲ့တာ ဖြစ်ပါတယ်။ စဉ်း စားတွေးတောကြည့်မယ်ဆိုရင်တော့ ပြီးမှာမဟုတ်ပါဘူး။ ကျူးလွန်သူ သေနတ်သမားကို  ရဲတပ်ဖွဲ့ရဲ့ ကန ဦး စစ်ဆေးချက်မှာတော့ သေနတ်သမားဟာ ဇနီးမောင်နှံနှစ်ဦးက ဘဏ်တစ်ခုကနေ ငွေထုတ်ပြီးထွက်အလာမှာ ငွေပါလာမယ်အထင်နဲ့ လုယက်ခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ က ပြောကြားထားပါတယ်။

“လင်မယားနှစ်ယောက်က ဘဏ်ထဲကနေထွက်လာတော့ ပိုက်ဆံပါလာမယ်ထင်ပြီး လုယူဖို့လုပ်ရာကနေ သေနတ်ပစ်ခတ်မှုဖြစ်တယ်လို့ သိရတယ်။ လင်မယားနှစ်ဦး ဘဏ်ကနေအထွက် ခပ်လှမ်းလှမ်းကတည်းက အဲဒီလူက ပါလာတာ။ ပြောနေကြတဲ့ သေနတ်ဘယ်ကရ တယ်၊ လူငှားပြီးသတ်ခိုင်းတယ် စတာတွေကတော့ စစ်ဆေးနေဆဲဖြစ်တာကြောင့် ဘာမှပြောလို့မရသေးပါဘူး။ ကျွန်တော်တို့ ကနဦးစစ်ဆေးချက်အရ သေနတ်ပစ်ခတ်သူက တစ်ဦးတည်းပါ”လို့ မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမျိုးအောင်က အမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး The Daily Eleven သတင်းစာကို ပြောကြားထားတာဖြစ်ပါတယ်။

သို့သော် မည်သို့ပင်ဆိုစေကာမူ ယခုကဲ့သို့ နေ့ခင်းကြောင်တောင်အချိန်မှာပင် သေနတ်ပစ်ခတ် လုယက်မှုတွေ ဒုစရိုက်မှုတွေ ပြောင်ပြောင်တင်းတင်း ကျူးလွန်နေကြတာဟာ မန္တလေးမြို့အတွက် အလွန်အင်မတန် အရုပ်ဆိုးအကြည်းတန်စေသလို တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးဆောင်ရွက်နေသူတွေကို အချက်ပေး စိန်ခေါ်ထိုးနှက်လိုက်တာပဲဖြစ်ပါတယ်။ မြို့ခံပြည်သူတွေ အကြားမှာလည်း နေ့စဉ်လှုပ်ရှား သွားလာကြရာမှာ ညပိုင်းအချိန်တွေသာမကဘဲ နေ့ပိုင်းအချိန်တွေမှာပါ မိမိလုံခြုံရေးအတွက် စိုးရိမ်မကင်းစိတ်တွေက နေ့စဉ်ဝေဒနာတစ်ခုလို ခံစားနေကြရပါတယ်။

 

■ လက်နက်ဥပဒေမှာ ဘယ်လိုပြဋ္ဌာန်းထားလဲ

မြန်မာနိုင်ငံမှာ ပြည်သူလူထုကို တရားဝင်လက်နက် (သေနတ် စသည့်လက်နက်များ) ကိုင်ဆောင်ခွင့်ကို တားမြစ်ကန့်သတ်ထားပါတယ်။ သို့သော် တရားဝင်လိုင်စင်နဲ့  ကိုင်ဆောင်ခွင့်ပြုထားသူတွေလည်း ရှိနေပါတယ်။ သေနတ်ကိုင်ဆောင်ခွင့်ပြုပေးထားသူအချို့ကို ပြောရမယ်ဆိုရင် ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဒီဇင် ဘာလက ဒုတိယကြိမ်မြောက် ရှမ်းပြည်နယ်လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးမှာ “ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် အရပ်သားများအား လိုင်စင်ဖြင့်လက်နက် ကိုင်ဆောင်ခွင့်ပြုထားသူ မည်မျှရှိပြီး မည်သည့်လက်နက်အမျိုးအစားဖြစ်ကြောင်းကို သိရှိလိုပါသည်” လို့  ပင်းတယမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)မှ ဦးညီညီ (ခ) ဦးညီလေးချမ်းက မေးမြန်းခဲ့ပါတယ်။ အဆိုရှင်မေးခွန်းနဲ့ပတ်သက်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနိုင်ဝင်းအောင်က ရှမ်းပြည်နယ်အတွင်းမှာ ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) အောင်သန်းထွဋ်နဲ့  ကမ္ဘောဇဘဏ်ပိုင်ရှင်ဖြစ်တဲ့ ဦး အောင်ကိုဝင်းအပါအဝင် အရပ်သားလေးဦးကို လိုင်စင်ဖြင့် တရားဝင် လက်နက်ကိုင်ဆောင်ခွင့်ပြုပေး ထားတယ်လို့ ပြန်လည်ဖြေကြားထားတာကို တွေ့ရပါတယ်။

“ရှမ်းပြည်နယ်မှာ လိုင်စင်ဖြင့် လက်နက်ကိုင်ဆောင်ခွင့်ပြုထားသူ လေးဦးရှိပါတယ်။ ပထမတစ်ဦးမှာ ဒေါက်တာစိုင်းခမ်းလှိုင်ဖြစ်ပြီး ပစ္စတို ဖြစ်ပါတယ်။ ဒုတိယတစ်ဦးကတော့ ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ် (အငြိမ်းစား) ဖြစ်ပြီး ၅၃၈ တစ်လက်နှင့် ၅၃၂ တစ်လက်ကိုင်ဆောင် ထားပါတယ်။ တတိယတစ်ဦးကတော့ ဦးမြင့်ဦးဖြစ်ပြီး ဂျာမနီပစ္စတို တစ်လက်ကိုင်ဆောင်ခွင့် ပြုထားပါတယ်။ စတုတ္ထတစ်ဦးကတော့ ဦးအောင်ကိုဝင်းဖြစ်ပြီး CZ- 2075၊ 9MM တစ်လက်ကိုင်ဆောင်ခွင့်ပြုထားကြောင်း ဖြေကြားအပ်ပါတယ်” လို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နိုင်ဝင်းအောင်က ဖြေကြားထားတာ ဖြစ်ပါတယ်။

ဒါက ရှမ်းပြည်နယ်အတွင်းမှာ လက်နက်ကိုင်ဆောင်သွားလာခွင့်ပြုထားသူတွေကို ပြည်နယ်လွှတ်တော်မှာ ဖြေကြားထားတာဖြစ်ပါတယ်။ အခြားပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာလည်း အလားတူလိုင်စင် နဲ့ ခွင့်ပြုပေးထားတာတွေ ရှိနိုင်ပါတယ်။ သို့သော် တရားဝင်လိုင်စင်နဲ့ လက်နက်ကိုင်ဆောင်ခွင့်ရဖို့ဆိုတာ သာမန်လူတွေအတွက် အခွင့်အရေးက အလွန်နည်းပါးပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိကျင့်သုံးနေတဲ့ လက်နက်ကိုင်ဆောင်ရေးမူအရ လေသေနတ်၊ လုပ်သေနတ်အပါအဝင် လက်နက်အားလုံးကို လိုင်စင်ဖြင့်သာ ကိုင်ဆောင်ရန် ညွှန်ကြားထားပါတယ်။ ထိုကဲ့သို့ လိုင်စင်ဖြင့် တရားဝင်ကိုင်ဆောင်ခွင့်ရရှိဖို့က ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်မှာရှိ တဲ့ လက်နက်ကိုင်ဆောင်ခွင့်လိုင် စင်ပါမစ်စိစစ်ရေးအဖွဲ့ထံ တင်ပြလျှောက်ထားရမှာ ဖြစ်ပါတယ်။ အဲဒီအဖွဲ့ရဲ့ စစ်ဆေးချက်တွေပြုလုပ်ပြီး စိစစ်ခွင့်ပြုချက်ရမှသာ ကိုင်ဆောင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။

ယခုလက်ရှိ မြန်မာနိုင်ငံမှာ ပြဋ္ဌာန်းထားတဲ့ ၁၉၅၁ ခုနှစ် လက်နက်များ (ယာယီပြင်ဆင်ချက်)အက်ဥပဒေအရ လိုင်စင်မဲ့လက်နက်ကိုင်ဆောင်တာ၊ လက်ဝယ်ထားရှိတာ၊ ရောင်းချတာ၊ စည်းမျဉ်းတားမြစ်ကန့်သတ်ချက် တစ်ခုခုကို ဆန့်ကျင်ချိုးဖောက်တာ စတဲ့ လက်နက်၊ ခဲယမ်းမီးကျောက်၊ စစ်လက်နက်ပစ္စည်းတွေကို တရားမဝင် ပြုမူလုပ်ဆောင်ပါက လက်နက်များအက်ဥပဒေ ၁၉ (က) အရ အလုပ်ကြမ်းနှင့်ထောင်ဒဏ် သုံးနှစ်ကနေ ခုနစ်နှစ်အထိ ထောင်ဒဏ်ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။ လက်နက်များ အက်ဥပဒေပုဒ်မ ၁၉ မှာ (က မှ ဈ အထိ) ပုဒ်မခွဲတွေကို အပိုင်းလိုက် သီးခြားထည့်သွင်းပြဋ္ဌာန်းထားပါတယ်။ နောက်ပြီး ဥပဒေပုဒ်မ ၂၀ မှာ လက်နက်စသည်တို့ကို လိုင်စင်မဲ့ မသိအောင် ဝှက်မှုအတွက် ပြစ်ဒဏ်ကိုပါ သီးခြားထည့်သွင်းပြဋ္ဌာန်းထား ပါတယ်။ ပုဒ်မ ၂၀ ပါ ဖော်ပြချက်တွေကို ဖောက်ဖျက်ကျူးလွန်ခဲ့မယ်ဆိုပါက ပုဒ်မ ၁၉ (က၊ င၊ ဃ၊ စ) တို့နဲ့ ဖြစ်စေ၊ ပုဒ်မ ၂၅ အရ ပြည်သူ့ဝန်ထမ်းကရှာဖွေစဉ် လက်နက်စသည် တို့ကို လျှို့ဝှက်လျှင် (သို့မဟုတ်)အားထုတ်လျှင် ထောင်ဒဏ် ခုနစ်နှစ် (သို့မဟုတ်) ငွေဒဏ် (သို့မဟုတ်)၊  ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင် သည်လို့ ပြဋ္ဌာန်းထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံအတွင်း တရားမဝင် လက်နက်မျိုးစုံဖမ်းဆီးရမိတဲ့ မှုခင်း ဖြစ်စဉ်တွေများစွာ ပေါ်ပေါက်ခဲ့ပါတယ်။ ဒါကြောင့် ပြည်ထဲရေးဝန်ကြီးဌာနက တရားမဝင်လက်နက်များ၊ ဆက်သွယ်ရေးစက်များ၊ လိုင်စင်မဲ့ယာဉ်များအား နီးစပ်ရာ တပ်၊ ရဲစခန်းများ၊ ရဲတပ်ဖွဲ့မှူးရုံးများသို့ အ မြန်ဆုံးလာရောက်အပ်နှံကြရန်နှင့် လာရောက်အပ်နံှခြင်းမရှိပါက တည်ဆဲဥပဒေများအရအရေးယူမည်ဖြစ် ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက  ၂၀၁၇ ခုနှစ် အောက်တိုဘာလအတွင်းမှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါ တယ်။

သို့သော် တရားဝင်လက်နက် ကိုင်ဆောင်ခွင့်ကို ကန့်သတ်ထိန်းချုပ်ထားတဲ့နိုင်ငံမှာ တရားမဝင် လက်နက်မျိုးစုံ ဝင်ရောက်ရောင်းချနေတာ၊ တရားမဝင်ကိုင်ဆောင်အသုံးပြုနေတာတွေလည်း အများအပြားရှိနေတာကို စုံစမ်းရရှိထားတဲ့ အချက်အလက်တွေကနေတစ်ဆင့် သိရှိထားပါတယ်။ ဖြစ်စဉ်သာဓကတွေကလည်း အများကြီးရှိထားပြီး ဖြစ်တယ်ဆိုတာ တရားမဝင်လက်နက်တွေနဲ့ ပတ်သက်ဆက်စပ်တဲ့မှု ခင်းဖြစ်စဉ်တွေကတစ်ဆင့် အလွယ်ကူဆုံးသိနိုင်မှာလည်း ဖြစ်ပါတယ်။ ဥပမာ တစ်ခုပြရမယ်ဆိုရင် ရပ်သိရွာသိဖြစ်ခဲ့တဲ့ ၂၀၁၇ ခုနှစ် အောက်တိုဘာလအတွင်းက နေပြည်တော်လေဆိပ်မှာ ယခင်အစိုးရလက်ထက်က ဝန်ကြီးဟောင်း ဦးတင့်ဆန်းရဲ့ သားဖြစ်သူ ဖြိုးကိုကိုတင့်ဆန်းပါ ၁၅ ဦးတို့ကို လက်နက်ခဲယမ်းမျိုးစုံ အပါအဝင် ဆက်သွယ်ရေးစက်တွေ နဲ့ ဖမ်းဆီးရမိခဲ့ပါတယ်။ ဖမ်းဆီးရမိတဲ့သူတို့ကို လက်နက်များအက် ဥပဒေ၊ နိုင်ငံတော် လျှို့ဝှက်ချက်အက်ဥပဒေ၊ ထုတ်ကုန်သွင်းကုန် ဥပဒေ၊ မူးယစ်ဆေးဝါးမှု အပါအဝင် အမှုပေါင်း ၁၇ မှုခန့်နဲ့ အမှုဖွင့်ခဲ့တာကိုကြည့်ခြင်းအားဖြင့် တရားမဝင်လက်နက်တွေဟာ ဘယ်လောက် အထိ ပျံ့နှံ့နေမလဲဆိုတာ မတွေးရဲစရာဖြစ်ပါတယ်။ အဲဒီဖြစ်စဉ်ဖြစ်ပွားပြီးမကြာခင်မှာပဲ ပြည်ထဲရေးဝန်ကြီးဌာနက အထက်ပါကြေညာချက်တစ်စောင်ကို ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။ နောက်ဆက်တွဲ အနေနဲ့ ဖြည့်စွက်တင်ပြရမယ်ဆိုရင် သြဂုတ် ၁၈ ရက် နံနက်ပိုင်းက ရှမ်းပြည်နယ်အရှေ့ပိုင်း နယ်စပ်မြို့တစ် မြို့ဖြစ်တဲ့ တာချီလိတ်မြို့မှာရှိတဲ့ ရွှေ ဆိုင်တစ်ဆိုင်ကို သေနတ်သမားတစ်ဦးက ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့  သက်ဆိုင်ရာက ထုတ်  ပြန်ထားပါတယ်။

ဒါကြောင့် နိုင်ငံအတွင်းမှာ တရားမဝင်ပျံ့နှံ့နေတဲ့ လက်နက်တွေ၊ တရားမဝင် လက်ဝယ်ထားရှိသူတွေနဲ့ ရောင်းချနေသူတွေကို သက်ဆိုင်ရာ ပြည်ထဲရေးဝန်ကြီးဌာနအ နေနဲ့ တည်ဆဲဥပဒေတွေနဲ့အညီ ထိထိရောက် ရောက်စုံစမ်းဖော်ထုတ်အရေးယူဖို့ တာဝန်ရှိနေပါတယ်။ ဒါ့အပြင် တရားမဝင် လက်နက်မျိုးစုံကိုင် ဆောင်နေသူများ၊ လက်ဝယ်ထားရှိသူများနဲ့တရားမဝင်ဆက်သွယ်ရေးပစ္စည်းတွေ ကိုင်ဆောင်ထားသူများ အနေနဲ့ သက်ဆိုင်ရာကို အမြန်ဆုံး သွားရောက်အပ်နှံကြရမှာလည်း ဖြစ်ပါတယ်။ နောက်ပြီး တရားမဝင် လက်နက်တွေဟာ ဘယ်ကနေလာတာလဲ၊ ဘယ်လို ဝင်ရောက်လာတာလဲဆိုတာ အဖြေရှာဖို့လိုပါတယ်။ လက်ရှိအချိန်မှာတော့ ရာဇဝတ်မှုကျူးလွန်သူများဟာ လက်နက်ကို အားကိုးပြီး လုယက်မှု၊ ဓားပြမှုတွေ  ဆက်တိုက် ကျူးလွန်လာနေတာကြောင့် ပြည်သူလူထုအနေနဲ့ ကိုယ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ မလုံ ခြုံမှုပြဿနာတွေနဲ့ ကြုံတွေ့နေကြရပါတယ်။

 

■ မန္တလေးက ရက်ပေါင်း ၉၀ သိမ်းငှက် စစ်ဆင်ရေး

မန္တလေးမြို့မှာ လုယက်မှု၊ ဓားပြမှု၊ လူသတ်မှုအပါအဝင် အမှုအခင်းကြီးတွေ လျော့နည်းကျဆင်း စေဖို့အတွက် တိုင်းဒေသကြီးရဲတပ်ဖွဲ့က ရက်ပေါင်း ၉၀ သိမ်းငှက်စစ်ဆင်ရေးသတ်မှတ်ပြီး လုပ်ဆောင်လျက်ရှိပါတယ်။ ရက်ပေါင်း ၉၀ စစ်ဆင်ရေးကာလအတွင်းမှာ မန္တလေးခရိုင်အတွင်း မူးယစ်ဆေးဝါးမှု၊ လုယက်မှု၊ ခိုးမှု၊ လူသတ်မှု စတဲ့အမှု အခင်းတွေအပါအဝင် မှုခင်းများစွာကို စုံစမ်းဖော်ထုတ်အရေးယူနေတာတွေနဲ့ပတ်သက်ပြီး တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ နေ့စဉ်လိုလို ဖော်ပြနေတာ တွေ့ရပါတယ်။

“ဇွန် ၂၅ ရက်က စပြီးတော့ မန္တလေးမြို့မှာ သိမ်းငှက်စစ်ဆင်ရေး ဆိုပြီး ရက်ပေါင်း ၉၀ သတ်မှတ်ပြီး လုံခြုံရေးနဲ့မှုခင်းကျဆင်းရေးကို ပိုပြီးတိုးမြှင့်လုပ်ဆောင်နေတာရှိပါ တယ်။ ဒီလိုဆောင်ရွက်လိုက်တဲ့အတွက် ပိုပြီးတော့ အကျိုးသက်ရောက်မှုတွေ ရှိလာပါတယ်” လို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်းက မှုခင်းကျ ဆင်းရေးနဲ့ပတ်သက်ပြီး တိုင်းအစိုးရ အဖွဲ့သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းပြောကြားထားတာ ဖြစ်ပါတယ်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ပြောကြားထားတဲ့ ရက်ပေါင်း  ၉၀ သိမ်းငှက်စစ်ဆင်ရေးကာလအတွင်းမှာ ယခု သြဂုတ်လလယ်ပိုင်းအထိ အမှုပေါင်း ၂၁၀၀ ကျော်ကို ဖော်ထုတ်ဖမ်းဆီးထားနိုင်ခဲ့တယ်လု့ိ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။ သိန်းငှက်စစ်ဆင် ရေးကာလအတွင်းမှာ ယခင်က ညပိုင်းအချိန်တွေမှာ ခပ်စိပ်စိပ်ကြားနေရတဲ့ မှုခင်းဖြစ်စဉ်အသံတွေ ကြားရတာ နည်းသွားခဲ့ပါတယ်။ မှုခင်းကျဆင်းရေး၊ မှုခင်းမဖြစ်ပွားဖို့ ကြိုတင်ကာကွယ်ရေးအတွက် ကြိုးစားဆောင်ရွက်နေတာကိုတော့ မဖြစ်မနေ အသိအမှတ်ပြုရမှာဖြစ်ပါတယ်။ သို့သော်လည်း ရဲတပ်ဖွဲ့ရဲ့ ပြည်သူတွေအပေါ်မှာ လုံခြုံရေးကို လွှမ်းခြုံဆောင်ရွက်ပေးနိုင်တဲ့ပမာဏကတော့ တပ်ဖွဲ့ဝင်အင်အားနည်း ပါးနေဆဲဖြစ်ပါတယ်။ ရာဇဝတ်မှုကျူးလွန်မယ့် သူတွေဆိုတာကလည်း လုံခြုံရေးအင်အားနည်းတာ၊ လစ်လပ်နေတာကို အမြဲတမ်း အခွင့်ကောင်းယူချောင်းမြောင်းနေသူတွေ ဖြစ်ပါတယ်။ ဒါကြောင့် လုံခြုံရေး လစ်လပ်နေတဲ့နေရာတွေမှာတော့ မှုခင်းတွေက ဆက်လက်ဖြစ်ပွားနေတယ်ဆိုတာကိုတော့ ငြင်းလို့မရနိုင် ပါဘူး။

မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ရဲ့ ရက်ပေါင်း ၉၀ သိမ်းငှက်စစ်ဆင်ရေး စီမံချက်ကြောင့် တိုင်းဒေသ ကြီးအတွင်းက ခရိုင်ရဲတပ်ဖွဲ့ဝင်အချို့ကိုပါ စစ်ဆင်ရေးစီမံချက်အတွင်းမှာ ထည့်သွင်းတာဝန်ပေးအပ်ထား တယ်လို့ သိရပါတယ်။ မန္တလေးခရိုင်အတွင်းမှာရှိတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် အင်အားအခြေအနေနဲ့ မလုံလောက် တာကြောင့် အခြားခရိုင်က တပ်ဖွဲ့ဝင်တွေကို ခေါ်ယူပြီး စစ်ဆင်ရေးတာဝန်တွေကို ထမ်းဆောင်စေတာ ဖြစ်တယ်လို့ နားလည်မိပါတယ်။ ဒါကြောင့် စိတ်မကောင်းစရာဖြစ်ရပ်တစ်ခု အောက်ခြေရဲတပ်ဖွဲ့ဝင်တွေ အကြားမှာ ဖြစ်ပွားခဲ့ပါသေးတယ်။  သြဂုတ် ၁၆ ရက်ည ၉ နာရီက မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်အ ရှေ့ လှုပ်ရှားရဲကင်းမှာတာဝန်ကျနေတဲ့ ရဲဒုတပ်ကြပ်က အိပ်ပျော်နေတဲ့ ရဲတပ်သားကို ကင်းတာဝန်သွားဖို့ နှိုးခဲ့တာနဲ့ပတ်သက်ပြီး စကားများခဲ့ကာ ရဲတပ်သားဖြစ်သူက ရဲဒုတပ်ကြပ်ဖြစ်သူကို ၁၂ ဗို့ ပြောင်းချော သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ရဲဒုတပ်ကြပ်မှာ နဖူးပေါက်ပြဲဒဏ်ရာ၊ ဝဲနားရွက်ပေါက်ပြဲဒဏ်ရာ၊ ညာပေါင်ရင်း ပေါက်ထွက်ဒဏ်ရာတွေ အသီးသီး ရရှိခဲ့ပါတယ်။ ဒဏ်ရာရရှိခဲ့တဲ့ ရဲဒုတပ်ကြပ်ဟာ ဆေးကုသမှု ခံယူနေရပြီး သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့ ရဲတပ်သားကိုတော့ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနဲ့ အရေးယူ ဆောင်ရွက်ထားတယ်လို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ ရဲတပ်ဖွဲ့ဝင်နှစ်ဦးဟာ ကျောက်ပန်းတောင်းနဲ့ ငါးဇွန်မြို့နယ်ကနေ မန္တလေးမြို့ရဲ့  သိန်းငှက်စစ်ဆင်ရေးအတွက် ရောက်ရှိနေကြ သူတွေလည်း ဖြစ်ပါတယ်။ ဒါတွေ ဟာ ရဲတပ်ဖွဲ့မှာ တပ်ဖွဲ့ဝင်အင်အား မလုံလောက်ခြင်း၊ ရှိနေသည့် တပ်ဖွဲ့ ဝင်အင်အားနဲ့ လုံခြုံရေးဆောင်ရွက်ရာမှာ တပ်ဖွဲ့ဝင်တွေမှာ ပင်ပန်းမှုဒဏ်ကနေ မလိုလားအပ်တဲ့ ဖြစ်ရပ် ဖြစ်ပွားခဲ့တဲ့အထိဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ တပ်ဖွဲ့ဝင် အင်အားအခြေအနေ၊ လုပ်ငန်းတာဝန်ခွဲဝေပေးမှုတွေကို စနစ်တကျ စီမံခန့်ခွဲသင့်တယ်ဆိုတာ ပြသနေတာ လည်း ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ရက်ပေါင်း ၉၀ သိမ်းငှက် စစ်ဆင်ရေးကာလအတွင်း မှာပဲ နေ့ခင်းကြောင်တောင် လူနှစ်ဦးကို သေနတ်နဲ့ပစ်ခတ်လုယက်ခဲ့တဲ့ မှုခင်းဖြစ်စဉ် ဖြစ်ပွားခဲ့တာကြောင့် ရဲတပ်ဖွဲ့ရဲ့ မှုခင်းကျဆင်းရေး၊ မှုခင်း မဖြစ်ပွားစေရေးနဲ့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းပိုင်းတွေကို ကျီစယ်နောက်ပြောင်လိုက်သလို ဖြစ်သွားခဲ့ ပါတယ်။ မြို့ခံတွေအကြားမှာလည်း နေ့ခင်းကြောင်တောင် သေနတ်ပစ်ခတ်လုယက်ပြီး လူသတ်မှုပါ ပူးတွဲကျူးလွန်ခဲ့တာကြောင့် ဝေဖန်မှုတွေ၊ စိုးရိမ်မှုတွေ ကျယ်ကျယ်လောင် လောင်ထွက်ပေါ်လာနေတာ ဖြစ်ပါ တယ်။

“ကျွန်တော့်အမြင်ပြောရရင်တော့ ပြည်ထဲရေးက ရဲချုပ်တို့ သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ သူတို့အနေနဲ့ မလုပ်ဆောင်နိုင်ဘူးဆိုရင် သူတို့ထက် ပိုအလုပ်လုပ်နိုင်မယ့် အခြားသူကို အစားထိုးပေးဖို့ အချိန်ကျပြီ။ ရှက်တတ်မယ်ဆိုရင်ပေါ့ဗျာ။ ဒီလောက်ကြီး ရုပ်ပျက်ဆင်းပျက်ကြီး (သေနတ်ပစ်ခတ်မှု) တွေ ဖြစ်လာနေပြီဗျာ။ ဒါတွေက (ပြည်ထဲရေး) အရပ်သားအစိုးရလက်အောက်မှာလည်း ရှိတာမဟုတ်ဘူး။ ကိုင်ထားသူကတော့ တာဝန်ယူရလိမ့်မယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ ဒီကိစ္စတွေကို လုပ်နိုင်မယ့်သူတစ်ယောက်နဲ့ လဲပေးပါ။ အခုဟာ ကျွန်တော်တို့အနေနဲ့ အိမ်ပြင်ကိုထွက်လာရင် အိမ်ပြန်ရောက်ပါ့မလားဆိုပြီး စိတ်ပူနေရတယ်။  လက်ဖက်ရည်ဆိုင်ထိုင်နေရင်တောင် ဟိုကြည့်သည်ကြည့်နဲ့ ကြည့်နေရတာ။ ဘယ်သူကများ သေနတ်နဲ့ပစ်မလဲလို့။ အရူးကနေ ဓားနဲ့ဝင်ခုတ်မလား၊ ရဲအချင်းချင်းသေနတ်နဲ့ပစ်ပြီး ကိုယ့် ဝင်မှန်မလားဆိုပြီး ကြောက်နေရတယ်။ တရားဥပဒေက အားနည်းတာ မဟုတ်ဘူးဗျ။ ရှိကိုမရှိတာ” လို့ မန္တလေးမြို့ခံတစ်ဦးဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက သူ့ရဲ့အမြင်ကို ပြောပြခဲ့ပါတယ်။

 

■ သေနတ်ပစ်ခတ်လုယက်မှု၊ မူးယစ်ဆေးဝါးနှင့် တရားဥပဒေစိုးမိုးရေး

သေနတ်ပစ်ခတ်ပြီး လုယက်မှု၊ လူသတ်မှုတွေ ကျူးလွန်လာတဲ့အထိ အခြေအနေ ဆိုးရွားလာတာဟာ ဘာကြောင့်လဲဆိုတဲ့အဖြေကို ပြည်သူအပါအဝင် အစိုးရတာဝန်ရှိသူတွေအနေနဲ့ပါ အဖြေထုတ်ဖို့လို အပ်လာနေပြီဖြစ်ပါတယ်။ လက်ရှိအချိန်မှာ တိုင်းပြည်ရဲ့စီးပွားရေးအခြေအနေဟာ စိတ်မကောင်းစွာနဲ့ အကျဘက်ကို ဦးတည်သွားနေတာ  အားလုံးသိပြီးသားလည်း ဖြစ်ပါတယ်။ အချို့သော လုယက်မှု၊ ခိုးမှု၊  ဓားပြမှု မှုခင်းအချို့မှာဆိုရင် ကျူးလွန်သူတွေဟာ ပုံမှန်ရာဇဝတ်မှုကို အလုပ်တစ်ခုသဖွယ် ကျူးလွန်နေ ကြသူတွေလိုမဟုတ်ဘဲ စီးပွားရေး အခက်အခဲဖြစ်လာပြီး ငွေကြေးအရမ်းကျပ်တည်းလာတာကြောင့် ဥပဒေကိုချိုးဖောက်လာပြီး ရာဇဝတ်မှုကို ကျူးလွန်ကျတာဖြစ်တယ်ဆိုတာ  စုံစမ်းဖော်ထုတ်ရရှိထားတဲ့ အချက် အလက်တွေကနေ သိရပါတယ်။ မည်သို့ပင်ဆိုစေကာမှု ငွေကြေးအခက်အခဲကြောင့် ပြစ်မှုကျူးလွန် သည်ဖြစ်စေ၊ စနစ်တကျပြင်ဆင်ထားပြီး ပြစ်မှုကျူးလွန်ခြင်းဖြစ်စေ  ရာဇဝတ်မှုကျူးလွန်ခြင်းသာ ဖြစ်ပါတယ်။ ဒါကြောင့် အစိုးရ၊ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေအနေနဲ့ ယခုကဲ့သို့ ရာဇဝတ်မှုတွေကို ထိထိရောက်ရောက် အဖြေရှာဖြေရှင်းသင့်တဲ့အချိန် ရောက်နေပါပြီ။

ယခုနောက်ပိုင်း မှုခင်းဖြစ်စဉ်တွေမှာ  မူယစ်ဆေးဝါးအမှုကိစ္စတွေကလည်း ထိပ်တန်းမှုခင်းဖြစ်စဉ်တွေမှာ တစ်ခုအနေနဲ့ ပါဝင်နေပြန်ပါတယ်။ မန္တလေးမြို့မှာ ဖြစ်ပွားနေတဲ့ မှုခင်းဖြစ်စဉ်အချို့မှာ မူးယစ်ဆေး ဝါးသုံးစွဲဖို့အတွက် ပစ္စည်းလုယူတာ၊  ဆိုင်ကယ်ခိုးယူသွားတာတွေ မကြာခဏ ဆိုသလို ကြားနေရပါတယ်။ လက်ရှိအချိန်မှာလည်း မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ မှုခင်းတွေဖော်ထုတ်ဖမ်းဆီးရမိနေတဲ့ သတင်းတွေ မကြာ ခဏတွေ့နေရပါတယ်။ မူးယစ်ဆေးဝါးအမှုတွေကို ဖော်ထုတ်ဖမ်းဆီးနေတယ်ဆိုပေမဲ့ အဓိကကျော်စော သတင်းရှိသူတွေကို ဖော်ထုတ်ဖမ်းဆီးရမိခြင်း မရှိသေးသလို ကြိုတင် သတင်းပေါက်ကြားမှုတွေကြောင့် လွတ်မြောက်နေတာတွေအများကြီး ရှိနေဆဲဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ထုတ်ဖော်ပြောကြားထားပါတယ်။

လက်ရှိအချိန်မှာတော့ မန္တလေးမြို့မှာ မှုခင်းကျဆင်းရေး၊ မှုခင်းမဖြစ်စေဖို့ကြိုတင်ကာကွယ်ရေး၊ ပြစ်မှုကျူးလွန်သူများကို စုံစမ်းဖော်ထုတ်ရေးအတွက် တိုင်းဒေသကြီးရဲတပ်ဖွဲ့ က ရက်ပေါင်း ၉၀ သိမ်းငှက် စစ်ဆင် ရေးစီမံချက်နဲ့ အထူးဆောင်ရွက်နေပါတယ်။ ထိုသို့ဆောင်ရွက်နေသော်လည်း တစ်ဖက်မှာ ရာဇဝတ်မှုကျူးလွန်သူတွေက ပြောင်ပြောင်တင်းတင်း ပြစ်မှုကျူးလွန်နေကြဆဲဖြစ်ပါတယ်။ မြို့ခံပြည်သူလူထုကြားမှာလည်း နေ့ခင်းကြောင်တောင် လူစည်ကားရာနေရာမှာ သေနတ်ပစ်ခတ်လုယက်မှု၊ လူသတ်မှု၊ ခိုးမှု၊ လုယက်မှုတွေကြောင့် စိုးရိမ်ဝေဖန်မှု တွေက ရှိနေဆဲပါ။ ဘယ်အချိန်မှာ ကိုယ့်အလှည့်ရောက်လာမလဲဆိုတဲ့ စိုးရိမ်ကြောက်လန့်စိတ်တွေက မြို့ခံလူထုအပေါ်မှာ ခြောက်လှန့်လို့ နေ ပါတယ်။ ဒါကြောင့် အစိုးရဆောင်ရွက်ချက်တွေ၊ ရဲတပ်ဖွဲ့ဆောင်ရွက်ချက်တွေ ဘယ်လောက်အထိ ထိရောက်နိုင်မလဲ၊ ရာဇဝတ်မှုတွေ ဘယ်လောက်အထိ ကျဆင်းသွားနိုင်မလဲ စတဲ့ မရေရာနိုင်သေးတဲ့ မျှော်လင့်ချက်တွေနဲ့အတူ ပြည်သူလူထုကတော့ စောင့်ကြည့်နေကြရဆဲအ ခြေအနေမှာပဲ ရှိနေပါတယ်။ ဒါ ကြောင့် ရာဇဝတ်သားတွေကပဲ ဆက်လက်ဆိုးသွမ်းမင်းမူနေနိုင်မှာလား၊ သားကောင်ဖြစ်သွားမလားဆိုတာ…။

 

Most Read

Most Recent