ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်အဖွဲ့အစည်းများက သင်တန်းပေးခြင်း၊ လေ့ကျင့်နေခြင်း၊ နယ်စပ်စည်းရိုးအနီး ရောက်နေခြင်း သတင်းများကြောင့် ရဲတပ်ဖွဲ့နှင့် တပ်မတော် ပူးပေါင်း လုံခြုံရေးယူ

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်အဖွဲ့အစည်းများက သင်တန်းပေးခြင်း၊ လေ့ကျင့်နေခြင်း၊ နယ်စပ်စည်းရိုးအနီး ရောက်နေခြင်း သတင်းများကြောင့် ရဲတပ်ဖွဲ့နှင့် တပ်မတော် ပူးပေါင်း လုံခြုံရေးယူ
Published 17 August 2018

ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားများ ပူးပေါင်း၍ သြဂုတ် ၁၅ ရက် ညနေပိုင်းက စစ်တွေမြို့တွင် လှည့်ကင်းပတ်ကင်း ဆောင်ရွက်နေစဉ်

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက် အဖွဲ့အစည်းများက သင်တန်းပေးခြင်း၊ လေ့ကျင့်နေခြင်း၊ နယ်စပ်ခြံစည်းရိုးအနီး ရောက်ရှိနေခြင်း သတင်းများကြောင့် ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားများ ပူးပေါင်းပြီး လှည့်ကင်းလုံခြုံရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ခြင်းသည် လက်ရှိဖြစ်ပေါ်နေသော သတင်းများအပေါ် အခြေခံပြီး လှည့်ကင်းပတ်ကင်းများ၊ စောင့်ကင်းများကို ပုံမှန် လုပ်ဆောင်လျက်ရှိရာ သြဂုတ် ၁၅ ရက် ညနေပိုင်းက ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားများ ပူးပေါင်းပြီး စစ်တွေမြို့တွင် လှည့်ကင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင် ၃၀၀ ခန့်က ကားအစီး ၂၀ ကျော်ဖြင့် လှည့်လည်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းသို့ လုံခြုံရေးယာဉ်များ လှည့်လည်မှုနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက “နယ်စပ်ကရရှိတဲ့ သတင်းတွေအရပေါ့။ အကြမ်းဖက် အဖွဲ့အစည်းတွေက သင်တန်းပေးခြင်း၊ လေ့ကျင့်မှုများ လုပ်နေခြင်း၊ နယ်စပ်ခြံစည်းရိုးအနီးမှာ ရောက်နေတယ်ဆိုတဲ့ သတင်းတွေ ရတယ်။ သတင်းကတော့ အတည်ပြုဆဲပေ့ါ။ သြဂုတ်လ ၂၂ ရက်ဆိုရင် အိဒ်နေ့ပေါ့။ ဘာလုပ်မယ် ညာလုပ်မယ် ဆိုတာမျိုးတွေ သတင်းထွက်နေတယ်။ ပြီးတော့ သြဂုတ် ၂၅ ရက်မှာ ရဲစခန်း ၃၀ ကျော် တိုက်ခိုက်ခံရတဲ့နေ့လည်း ဖြစ်တယ်။ အဲဒါမတိုင်မီ ဖောက်ခွဲမှုတွေ လုပ်နိုင်တယ်လို့ သတင်းတွေ ရနေတဲ့အတွက် လုပ်ဆောင်တာ ဖြစ်ပါတယ်။ လုံခြုံရေး ပိုမို ကောင်းမွန်အောင် မြို့ပေါ်မှာ လှည့်ကင်း ဆောင်ရွက်တာပါ။ တပ်မတော်နဲ့ ရဲတပ်ဖွဲ့နဲ့ ပေါင်းပြီး လှည့်ကင်းလုပ်တာပါ။ အခုနယ်စပ်ဒေသမှာ ဖြစ်ပေါ်နေတဲ့ သတင်းတွေအရ ဒီသြဂုတ် ၂၅ ရက်နေ့က နှစ်ပတ်လည်နေ့။ သူတို့ ဒီလ သြဂုတ် ၂၂ ရက်နေ့ကလည်း အိဒ်နေ့။ စခန်း ၃၀ ကျော် အကြမ်းဖက် တိုက်ခိုက်ခံရတဲ့ နှစ်ပတ်လည်နေ့က လာမယ့် ၂၅ ရက်နေ့ ဖြစ်တယ်။ အဲဒီမတိုင်ခင် ဘူးသီးတောင်နဲ့ မောင်တောမြို့ နယ်စပ်ဒေသမှာ တပ်မတော် နဲ့ ရဲနဲ့ပေါင်းပြီး လှည့်ကင်းလုံခြုံရေး လုပ်နေပါတယ်” ဟုပြောကြားသည်။

အဆိုပါ လှည့်ကင်း ဆောင်ရွက်ရာတွင် ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးနှင့် တပ်မတော်မှ အရာရှိကြီးတစ်ဦး ဦးဆောင် ပါဝင်ခဲ့ကြောင်း၊ ယင်းသို့ လှည့်ကင်း ဆောင်ရွက်ခြင်းများကို ဘူးသီးတောင်နှင့် မောင်တောမြို့များတွင်လည်း အခါအားလျော်စွာ လုပ်ဆောင်ခြင်းများရှိကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

“စစ်တွေမြို့ အပါအဝင် မြို့ကြီးအချို့ မှာ ဗုံးခွဲတိုက်ခိုက်နိုင်တယ် ဆိုတဲ့ သတင်းတွေ ရပါတယ်။ သတင်းကတော့ အတည်ပြုဆဲပေါ့။ အဲဒါကြောင့် ရခိုင်ပြည်သူတွေ တည်ငြိမ်အေးချမ်းရေးနဲ့ လုံခြုံရေးအတွက် တပ်မတော်သားတွေနဲ့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး မော်တော်ယာဉ်တင် လှည့်ကင်း ဆောင်ရွက်တာ ဖြစ်ပါတယ်။ ဘူးသီးတောင်၊ မောင်တောနဲ့ ကျန်တဲ့မြို့တွေမှာလည်း လုပ်တယ်ပေါ့။ စစ်တပ် ပါတာလည်း ရှိတယ်။ မပါတာလည်း ရှိတယ်။ လှည့်ကင်း ဆောင်ရွက်နေပါတယ်”ဟု ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်း စစ်တွေမြို့ အပါအဝင် မြို့အချို့တွင် ဖောက်ခွဲခြင်း၊ တိုက်ခိုက်ခြင်းများ လုပ်ဆောင်မည့် အစီအစဉ်ရှိနေကြောင်း သတင်းများ ကြားသိရသည့်အတွက် ထိုသို့ လုပ်ဆောင်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ထို့ပြင် မောင်တောမြောက်ပိုင်းဒေသများရှိ ကျေးလက်နေ ပြည်သူများအနေဖြင့်လည်း စိုးရိမ်မှုများ ရှိနေကြောင်း၊ မည်သို့ဖြစ်ပေါ်လာမည်ကို မသိရသေးကြောင်း ဒေသခံများက ဆိုသည်။

Most Read

Most Recent