နာကြည်းမှုမှသည် ပြစ်မှုကျူးလွန်သူအဖြစ် ပြောင်းလဲခဲ့ရသူ၏ နောက်ကွယ်မှ နာကျင်စရာများ

နာကြည်းမှုမှသည် ပြစ်မှုကျူးလွန်သူအဖြစ် ပြောင်းလဲခဲ့ရသူ၏ နောက်ကွယ်မှ နာကျင်စရာများ
Published 24 September 2018

တည်းခိုခန်းအတွင်း လူသတ်မှုမှ ဖမ်းဆီးရမိသူ အမျိုးသမီးအား စက်တင်ဘာ ၂၁ ရက်က ရုံးထုတ်လာစဉ် (ဓာတ်ပုံ-မျိုးထက်ပိုင်)

“အစ်မက ထောင်ကျမှာ ကြောက်နေတယ်။ အချုပ်ထဲမှာ အခြားအမှုတစ်ခုနဲ့ ထောင်ကျဖူးတဲ့တစ်ယောက်က ထောင်ထဲမှာ ဘယ်လိုတွေ နှိပ်စက်ကြောင်းတွေသူ့ကို ပြောပြလို့ သူသွေးပျက်နေရှာတယ်။ ဒါပေမဲ့ စခန်းမှူးကြီးကတော့ စိတ်မပူပါနဲ့။ အဲဒီလို မဖြစ်ပါဘူးတဲ့။ ဒါပေမဲ့ ကျွန်မအစ်မကတော့ ကြောက်နေရှာတာ။ ဒီနေ့သွားတွေ့တော့ သူတော်တော်ကို ဆံပင်ကလည်း ဖရိုဖရဲနဲ့” ဟု လူသတ်မှုဖြင့် အချုပ်ကျခံနေရသူ အမျိုးသမီးတစ်ဦး၏ အကျဉ်းထောင်ဆိုသည်မှာ မည်သို့မည်ပုံနည်းဆိုသည်ကို တွေးကြောက်နေခြင်းကို ဒီအမျိုးသမီး၏ ညီမကဝမ်းနည်း စိတ်ပူစွာဖြင့် ပြောပြနေခဲ့သည်။ ပြစ်မှုကျူးလွန်သူတစ်ဦးအတွက် ကျူးလွန်ခဲ့သည့် ပြစ်မှု၏ အတိမ်အနက်ကိုလိုက်ပြီး အပြစ်ဒဏ် ခံရမည်က တရားဥပဒေ၏ သတ်မှတ်ထားသည့်  သံမဏိစည်းမျဉ်းဖြစ်၏။ အပြစ်ဒဏ်ခံရ မည်ကို သိသိကြီးဖြင့် သူမမည်သည့်အတွက် ကြောင့် လူသတ်မှုအား ကျူးလွန်မိခဲ့ပါသနည်း။

ဒီအဖြစ်အပျက်များ မတိုင်မီ ရက်သတ္တတစ်ပတ်ခန့်က ဖြစ်သည်။ ရန်ကုန်မြို့ရှိ တည်းခိုခန်းတစ်ခုတွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုတစ်ခုအကြောင်း သတင်းမီဒီယာများနှင့် လူမှုကွန်ရက်များပေါ်တွင် ပျံ့နှံ့လျက်ရှိ၏။ ဒီလူသတ်မှုသည် သာမန်ဖြစ်ရိုးဖြစ်စဉ် မှုခင်းလူသတ်မှုဖြစ်စဉ်များနှင့် အနည်းငယ်ကွဲ ထွက်နေသည်။ ရန်ကုန်မြို့၊ မြို့နယ်တစ်ခုရှိ တည်းခိုခန်းတစ်ခုသို့ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး တည်းခိုရန် လာရောက်ခဲ့ပြီးနောက် သိပ်မကြာသည့်အချိန်တွင် တည်းခိုခန်းမှ အမျိုးသမီးပြန်ထွက်ခွာလာသည်။ အဲဒီနောက်တွင် တည်းခိုခန်းမှ ဝန်ထမ်းများက အခန်းတွင် ကျန်ခဲ့သည့် အမျိုးသားမှာ ဓားဖြင့်ထိုးသွင်းခံရသည့် ဒဏ်ရာများဖြင့် သေဆုံးနေခဲ့ခြင်းကို တွေ့မြင်ခဲ့ကြ၏။

CCTV မှတ်တမ်းများမှတစ်ဆင့် တွေ့ရှိခဲ့ရသည့် လူသတ်မှုကျူးလွန်သူ အမျိုးသမီး၏ ပုံရိပ်မှာ လူသတ်မှုကျူးလွန်ပြီး ထွက်သွားသူတစ်ဦးနှင့်ပင် မတူလှပေ။ အေးဆေးတည်ငြိမ်စွာဖြင့် ပြန်လည်ထွက်ခွာသွားပုံမျိုးကို မြင်တွေ့ခဲ့ရပြီး တည်းခိုခန်းဝန်ထမ်းများကလည်း သူမ စကားပြောတတ်သည်ဟုပင် မထင်ဟု ကောက်ချက်ချခဲ့ကြ၏။ ဒီအထင်များကို အကောင်းဆုံး သက်သေပြပေးနိုင်သူ အမျိုးသားမှာမူ ဇီဝိန်ချုပ်ငြိမ်းသွားပြီဖြစ်ပြီး ဒီနောက်မှာတော့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့က ကျူးလွန်သူ အမျိုးသမီးအား အပူတပြင်း လိုက်လံရှာဖွေခဲ့ကြသည်။

အဆိုပါလူသတ်မှုက စက်တင်ဘာ ၁၆ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဖြစ်စဉ်ဖြစ်ပွားအပြီး ငါးရက်မြောက်နေ့ဖြစ်သည့် စက်တင်ဘာ ၂၁ ရက် နံနက် ၂ နာရီကျော်ခန့်တွင် ဖြစ်သည်။ ဒေါပုံမြို့နယ် ယမုံနာ (၂) ရပ်ကွက်ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် အမျိုးသမီးတစ်ဦး ဆို့နင့်ကြေကွဲစွာဖြင့် ရင်ဖွင့်ပြော ဆိုနေသည်ကို တွေ့ရှိခဲ့သူတစ်ဦးက ဗီဒီယိုရိုက်ကူးပြီး လူမှုကွန်ရက်ပေါ်တင်ခဲ့ပြီး ထိုဗီဒီယိုဖိုင်ကို ကြည့်မိသူတိုင်း အမျိုးသမီးလေး၏ ဘဝကို စာနာသနားမိခဲ့ကြ၏။ ဒီဗီဒီယိုဖိုင်တွင် ပါဝင်သူ အမျိုးသမီးလေးသည် လူသတ်မှု ကျူးလွန်ခဲ့သူတစ်ဦးဖြစ်နေပြီး သူမပြောပြခဲ့သည့် သူမကျူးလွန်မိခဲ့သည့် အကြောင်းရင်းလည်း ဖြစ်သည်။

မိသားစု၏ ပြောပြချက်များအရ သူမမှာ ငယ်စဉ်ကပင် အနေအထိုင်အေးဆေးပြီး သန့်ရှင်းစွာ နေထိုင်တတ်သူတစ်ဦးဖြစ်ကာ မွေးချင်းခြောက်ယောက်အနက် အစ်မအကြီးဆုံးဖြစ်သူ သူမသည် ၂၀၁၇ ခုနှစ်တွင် သူမအတွက် ကြမ္မာဆိုးဝင်မည့် ကိစ္စတစ်ခုကို လုပ်မိခဲ့၏။ မြန်မာနိုင်ငံတွင် လူကြိုက်အ များဆုံး လူမှုမီဒီယာ Facebook အသုံးပြုရင်း သူမသည် အိမ်ထောင်ရှိ အမျိုးသားတစ်ဦး၏ လူပျိုလူလွတ်ဟု လီဆယ်ပြောဆိုခဲ့ခြင်းကို ယုံကြည်မိရင်း ချစ်ကြိုးသွယ်မိခဲ့သည်။ အဲဒီနောက် အတူတကွ နေထိုင်ပေါင်းသင်းကာ ဘဝတစ်ခုကို တည်ဆောက်မည်ဟု သူမအထင်ရှိကာမှ ချစ်သူက အိမ်ထောင်ရှိနေသည့်အဖြစ်ကို သိရှိခဲ့ရသည်။ ဒါပေမဲ့လည်း အချိန်လွန်သွားခဲ့ပြီဖြစ်သည့် သူမသည် အဆိုပါအမျိုးသားနှင့်အတူ တောင်ဒဂုံမြို့နယ်တွင် နေထိုင်ပေါင်းသင်းနေခဲ့ပြီဖြစ်ပြီး သူမအမျိုးသား၏ အိမ်ထောင်သည် မြဝတီမြို့တွင် နောက်အိမ်ထောင်နှင့်ဆိုသည်ကိုသာ သူမသိရှိခဲ့သည်။

လီဆယ်သူအမျိုးသား၏ ထပ်မံအယုံ သွင်းပြောဆိုမှုကို နောက်တစ်ကြိမ်ယုံကြည်မိသူ သူမသည် ဒီအမျိုးသားနှင့်အတူ မြဝတီမြို့သို့ ရောက်ရှိခဲ့ပြီး အမျိုးသားဖြစ်သူက အလုပ်အကိုင် ပေါများသည်ဟု အကြိမ်ကြိမ် အယုံသွင်းခဲ့ခြင်းလည်းဖြစ်၏။ နေထိုင်ရာ ဇာတိရန်ကုန်မြို့တောင် ဟိုဟိုဒီဒီ ကျွမ်းကျင်စွာ သွားလာတတ်ခြင်းမရှိသူ သူမသည် မြဝတီမြို့တွင် မည်သို့ နေထိုင်သွားလာတတ်ပါမည်နည်း။ အားကိုးရာသတ်မှတ်ထားသူ အမျိုးသားက သူမထံမှ ယူငင်ရောင်းချထားသည့် ရွှေများအား မြဝတီတွင် အလုပ်လုပ်ကိုင်ရင်း အဆင်ပြေပါက ပြန်ဝယ်ပေးကာ မိဘများထံအပ်နှံမည်ဟု ပြောဆိုသဖြင့်သာ ယခုလို လိုက်ပါလာရခြင်း ဖြစ်သည်။

သူမနောက်ထပ်တစ်ကြိမ် အလိမ်ခံရပြန်ပြီ ဖြစ်သည်။ မြဝတီမြို့သို့ သူမရောက်သွားသည့် အချိန်တွင် သူမ၏ အမျိုးသားက အိမ်တစ်အိမ်တွင် သူမအား ထားခဲ့ပြီး ကွမ်းယာသွားဝယ်မည်ဟုဆိုကာ သူမထံ ပြန်လာခြင်း မရှိတော့ပေ။ အချိန်တွေက တရွေ့ရွေ့ဖြင့် ကုန်ဆုံးခဲ့သော်လည်း အဆိုပါအမျိုးသားကတော့ သူမထံ ပြန်လာခြင်းမရှိ။ မိဘဆွေမျိုးသားချင်း အားကိုးရာ ခင်ပွန်းမရှိသည့် အရပ်ဒေသတွင် သူမတစ်ယောက်တည်း ဝမ်းနည်းနေခဲ့၏။ ကြောက်ရွံ့နေခဲ့ရ၏။ သူမကို ထားခဲ့သည့် နေအိမ်သည် သူမအား တစ်ဖက်နိုင်ငံသို့ ပို့ဆောင်ရောင်းချမည့်နေရာ ဖြစ်နေသည်ကို သိရှိချိန်တွင် သူမ အရာရာကို ဆုံးရှုံးကြောက်ရွံ့သလို ဖြစ်ခဲ့မည်ဆိုခြင်းကို သူမ၏ ဗီဒီယိုဖိုင်တွင် ပြောပြနေခဲ့သည့် ပုံရိပ်ကြည့်၍ သုံးသပ်ချက် ချနိုင်မည်ဖြစ်သည်။

ကံကြမ္မာက မျက်နှာသာပေးခဲ့သည်ဟု ဆိုနိုင်မည့် အဖြစ်အပျက် အဲဒီအချိန်က သူမကြုံတွေ့ခဲ့ရသည်ဟု ဆိုနိုင်ပြီး ပတ်ဝန်းကျင်မှ အမျိုးသမီးကြီးတစ်ဦး၏ ကူညီမှုကြောင့် ရန်ကုန်သို့ သူမပြန်လည်ရောက်ရှိလာခဲ့၏။ သို့သော် သူမ၏ ရွှေများမပါရှိတော့သည့်အပြင် မိဘရင်ကို ခြေစုံပစ်ခဲ့မိသည့်အတွက် မိဘအရိပ်အား သူမပြန်လည်ခိုလှုံဝံံ့ခြင်းတော့ မရှိတော့ပေ။

အကြိမ်ကြိမ် အလိမ်ခံခဲ့ရသူ သူမအတွက် တရားမျှတမှုတစ်ခု သူမလိုချင်နေပြီ ဖြစ်သည်။ သူမရင်ဖွင့်ပြောပြခဲ့သည့် ဗီဒီယိုဖိုင်အရ သူမ၏ တရားမျှတမှုအတွက် သူမကိုယ်တိုင် လိမ်လည်သူအမျိုးသားနှင့်အတူ နေထိုင်ခဲ့သည့် မြို့နယ်အတွင်း ရှာဖွေခဲ့သော်လည်း တရားမျှတမှုကိုတော့ သူမ မရရှိခဲ့ပေ။ တရားမျှတမှုကို တိကျသည့် လမ်းကြောင်းမှန်ပေါ်မှ ရှာဖွေခဲ့သော်ငြားလည်း မရရှိခဲ့သူ သူမအတွက် စိတ်ဒဏ်ရာ ရရှိခဲ့ပြီလည်း ဖြစ်သည်။ ဒီစိတ်ဒဏ်ရာသည်သာ ပြင်ပလောကတွင် အသက်ရှင်ရှိသူဖြစ်ပါက သူမကျူးလွန်ခဲ့သည့် ပြစ်မှု၏ အဓိကကျူးလွန်သူဟု စွဲချက်တင်နိုင်မည်ဖြစ်သော်လည်း စိတ်သည်စိတ်သာ ဖြစ်ပေသည်။

လောဘတရားသည် အလွန်ကြောက်မက်ဖွယ်ရာပင်ဖြစ်၏။ အမျိုးသမီးတစ်ဦးကို ဘဝပျက်သည်ထက် ဆိုးအောင်ပြုမူခဲ့သူသည် အဆိုပါအမျိုးသမီး ပြန်လည်အဆင်ပြေလာပြီဟု ကြားသိရသည့်အခါ နောက်တစ်ကြိမ် လိမ်လည်လှည့်ဖြားရန် ရောက်လာပြန်သည်။ သူမ ထီပေါက်သည်ဟု သတင်းကြားပြီးနောက် သူမအား လိမ်လည်ခဲ့သူ အမျိုးသားက သူမထံ တွေ့ဆုံရန် ပြန်လည်ဆက်သွယ်လာပြီး ဒီသတင်းသည် အတုအယောင် ဖြစ်သည်ကိုမူ အဆိုပါအမျိုးသား သိရှိခဲ့ခြင်း မရှိပေ။ လူစည်ကားရာနေရာတွင် လက်ခံတွေ့ဆုံရန် သူမ စီစဉ်သော်လည်း ထိုအမျိုးသားကမူ လူမြင်ကွင်းမှ ဝေးရာတည်းခိုခန်းတစ်ခုတွင် တွေ့ဆုံရန်သာ သူမအား တွင်တွင်တောင်းဆိုခဲ့ခြင်းက နှစ်ဦးစလုံးအတွက် ကြမ္မာဆိုးကြုံတွေ့ရန် အကြောင်းဖန်လာတော့သည်။

ရန်ကုန်မြို့၏ တည်ခိုခန်းတစ်ခု၏ အခန်းတစ်ခုအတွင်းသို့ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ရှိနေ၏။ အချိန်တစ်ခုခန့် အကြာတွင် အမျိုးသမီးက ဓားကို ထုတ်လိုက်သည်။ ဒီနောက် အမျိုးသားသည် ဓားဒဏ်ရာများဖြင့် သေဆုံးကာ အခန်းတွင်း ကျန်ခဲ့တော့၏။ စိတ်ဒဏ်ရာပြင်းထန်စွာ ခံစားနေရသူ အမျိုးသမီးသည် လူသတ်မှုတစ်ခုကို ကျူးလွန်သူအဖြစ် ပြောင်းလဲသွားပြီ ဖြစ်သည်။ တရားဥပဒေစိုးမိုးမှုအောက် သူမနေချင်ပေမဲ့ ကံတရားက သူမကို မျက်နှာသာမပေးတော့ရန် ကိုရန်ချင်း သူမတုံ့ပြန်မိခဲ့တော့သည်။ ကိုယ့်တရားကိုယ်စီရင်မိတော့သည်။

သူမသည် အိမ်ထောင်သည် အမျိုးသားတစ်ဦး၏ လိမ်လည်ပေါင်းသင်းခြင်းကို ခံခဲ့ရသည်။ သူမ၏ ပိုင်ဆိုင်မှုများကို ဆုံးရှုံးခဲ့ရသည်။ သူမသည် လူကိုယ်ကူးခံရလု နီးနီးအခြေအနေသို့လည်း ရောက်ခဲ့ရ၏။ ဒါတွေ          အကုန်လုံးကို သေဆုံးသူအမျိုးသားက လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု သူမ၏ ပြောစကားများအရ သိခဲ့ရသည်။ ဒီအခြေအနေတွေအတွက် သူမ တရားမျှတမှုတစ်ခုကို မှန်ကန်သည့် နည်းလမ်းဖြင့် ရှာဖွေခဲ့သော်လည်း မရရှိခဲ့ပေ။ ဒီနောက်တွင်မူ တရားမျှတမှုကိုသာ ရယူလိုသူ သူမအတွက် စိတ်ဒဏ်ရာဖြစ်ခဲ့ရပြီး နာကြည်းမှုသို့ အသွင်ပြောင်းခဲ့ရတော့သည်။ ဒီနာကြည်းမှုကပင် သူမအတွက် ပြစ်မှုကျူးလွန်သူတစ်ဦးအဖြစ်သို့ ပြောင်းလဲစေရန် တွန်းအားတစ်စိတ်တစ်ပိုင်း ဖြစ်သွားခဲ့ပေပြီ။

စက်တင်ဘာ ၂၁ ရက်တွင် သူမရင်ဖွင့် ပြောပြနေသည့် ဗီဒီယိုဖိုင်ရိုက်ကူးအပြီး နာရီ ပိုင်းခန့်တွင် လူသတ်မှုကျူးလွန်သူအဖြစ် သူမဖမ်းဆီးခံခဲ့ရသည်။ ဒီဗီဒီယိုဖိုင်သည်လည်း လူမှုကွန်ရက်တွင် ပျံ့နှံံ့ခဲ့ပြီး ရဲတပ်ဖွဲ့ကလည်း ထိုနေ့မှာပင် သူမကို ဖမ်းဆီးရမိခဲ့ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့၏။ သူမဖမ်းဆီးခံရသည့် သတင်းကို မိသားစုဝင်များ ကြားသိသည့်အခါ မျက်ရည်မဆည်နိုင်ဖြစ်ခဲ့ကြတော့၏။

ဒေါပုံမြို့နယ် ဗိုလ်ထွန်းဇံရပ်ကွက်တွင် သူမနေထိုင်ခဲ့သည့် အိမ်လေးရှိသည်။ သူမသည် မိဘများ၊ မောင်နှမများနှင့်အတူ နေထိုင်ခဲ့ဖူးပြီး ထွက်ခွာသွားခဲ့သည်ကတော့ နှစ်အတန်ကြာခဲ့ပြီလည်း ဖြစ်သည်။ ဒီနေအိမ်လေးတွင် ငိုကြွေးရသည်မှာ မည်ရွေ့မည်မျှ ရှိနေမည်ကို မို့အစ်နေသည့် မျက်လုံးများကို ကြည့်ပြီးဆုံးဖြတ်နိုင်သည့် သူမ၏ မိသားစုဝင်များ ရှိနေ၏။ မိခင်ဖြစ်သူ အမေအိုကြီးမှာ သမီးဖြစ်သူ ဖမ်းဆီးခံရသည့် သတင်းအတွက် ယူကျုံးမရဖြစ်စွာ ဝမ်းနည်းကြေကွဲနေပုံရသည်။

လသားအရွယ် ကလေးငယ်ကို ရင်ခွင်တွင် ထားရှိရင်း သူမ၏ ညီမဖြစ်သူကလည်း အစ်မဖြစ်သူ အဖမ်းခံရသည့်အတွက် ရစ်ဝဲသည့် မျက်ရည်များဖြင့် မရှိရှိသည့်ကြားက အစ်မဖြစ်သူ၏ အမှုအတွက် အကောင်းဆုံး တရားရင်ဆိုင်ရန် ပြင်ဆင်နေသည့်အကြောင်း ပြောပြသည်။ သို့ရာတွင် ပြစ်မှုကျူးလွန်သူသည် ပြစ်ဒဏ်ခံရမည်က လောကဓမ္မတာဖြစ်သည့်အတွက် ရှောင်လွှဲရန် မဖြစ်နိုင်တော့ပေ။

သူမပြစ်မှုကျူးလွန်မိခြင်း၏ အကြောင်းရင်းများကို သူမရင်ဖွင့်ပြောဆိုနေသည့် ဗီဒီယိုဖိုင်ကတစ်ဆင့် မြင်တွေ့ခဲ့ရသည်။ ဒါကသူမ၏ ဝန်ခံထွက်ဆိုချက် သက်သက်သာ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သူမ၏ မိသားစုဝင်များကလည်း သူမကျူးလွန်ခဲ့မှုအပေါ် ကြေကွဲစွာဖြင့် သုံးသပ်ပြောပြခဲ့သည်က “အစ်မက အိမ်ကထွက်သွားပြီးတော့ အိမ်နဲ့က အဆက်အသွယ်ရှိတယ်။ ပြီးတော့ အစ်မက ငယ်ငယ်ကလည်း အေးအေးဆေးဆေး နေတတ်တဲ့သူ။ အခုလို လူသတ်လောက်တဲ့အထိ ကျွန်မတော့ မတွေးဖူးဘူး။ အစ်မ လူသတ်မိတာက သူ့ကို လိမ်သွားတဲ့သူဆီကနေ တရားမျှတမှုကို လိုချင်လို့ တိုင်ကြားခဲ့ပေမဲ့ သူ့အတွက် တရားမျှတမှုကို မရခဲ့ဘူး။ အဲဒီတုန်းကသာ အစ်မအတွက် တရားမျှတမှုကို ရှာပေးနိုင်ခဲ့ကြမယ်ဆိုရင် အစ်မဒီလိုဖြစ်လာစရာ မရှိဘူး။ ကျွန်မတို့ မိသားစုဝင်တွေကတော့ အစ်မ အဖမ်းခံရတာ ကြားတဲ့ရက်ကစပြီး အခုထိ နေ့တိုင်းဝမ်းနည်းကြေကွဲနေရတယ်” ဟုပင် ဖြစ်၏။

Most Read

Most Recent