ကုန်သွယ်ရေးစစ်ပွဲနှင့်အတူ အမေရိကန်၏ အတိုးနှုန်းမြှင့်တင်လာမှု

ကုန်သွယ်ရေးစစ်ပွဲနှင့်အတူ အမေရိကန်၏ အတိုးနှုန်းမြှင့်တင်လာမှု
Published 24 September 2018

ဇူလိုင် ၆ ရက်က ကယ်လီဖိုးနီးယားပြည်နယ် လောင်းဘိချ်ဆိပ်ကမ်းတွင် ကွန်တိန်နာများအား သင်္ဘောများပေါ်သို့ တင်နေစဉ် (Photo - AFP)

ကုန်သွယ်ရေးစစ်ပွဲ အရှိန်မြင့်လာခြင်းနဲ့အတူ အခုသီတင်းပတ်အတွင်းမှာ အမေရိကန်ဗဟိုဘဏ်ဟာ အတိုးနှုန်းတွေကို ထပ်ပြီးမြှင့်တင်လိုက်ပါတယ်။ ဒီနှစ်အတွင်း တတိယအကြိမ်မြောက် မြှင့်တင်ခြင်းပါပဲ။ ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံးဖြစ်တဲ့ အမေရိကန်ဟာ စီးပွားရေးဆက်လက် ကြီးထွားခြင်းနဲ့အတူ ငွေကြေးဖောင်းပွမှု လျင်လျင်မြန်မြန် မြင့်တက်လာမှာကို ကာကွယ်ဖို့ လုပ်ဆောင်မှုပါပဲ။

အမေရိကန်ဗဟိုဘဏ်ရဲ့ နှစ်ရက်ကြာ မူဝါဒရေးရာအစည်းအဝေးကို စက်တင်ဘာ ၂၅ ရက်မှာ စတင်မှာဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တရုတ်သွင်းကုန်တွေအပေါ် အခွန်စည်းကြပ်မှုကို နောက်ထပ် ဒေါ်လာ ဘီလျံ ၂၀၀ အထိရောက်အောင် ပစ်မှတ်ထားထားတဲ့ အချိန်ပြီးတဲ့နောက် ၂၄ နာရီအကြာမှာ အစည်းအဝေးစတင်မှာ ဖြစ်ပါတယ်။ အဲဒီလို ပစ်မှတ်ထားပြီးတဲ့နောက်  တရုတ်သွင်းကုန်တွေအပေါ် အခွန်စည်းကြပ်မှုဟာ ဒေါ်လာ ဘီလျံ ၂၅၀ ကျော်သွားမှာ ဖြစ်ပါတယ်။

ဒါဟာ ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး နှစ်နိုင်ငံအကြား ကုန်သွယ်မှုဆက်ဆံရေးအပေါ် အကြီးအကျယ် ထိုးနှက်ချက်ဖြစ်ပြီး ကမ္ဘာ့စီးပွားရေး အလားအလာဟာလည်း လုံးဝကို မရေမရာ ဖြစ်သွားရပါတယ်။

ဒါပေမဲ့ အနည်းဆုံး အခုထိတော့ ကုန်သွယ်ရေးစစ်ပွဲဟာ ဗဟိုဘဏ်တွေ အနီးကပ် စောင့်ကြည့်နေတဲ့ အမေရိကန်စီးပွားရေး အချက်အလက်တွေမှာ များများစားစား ထိခိုက်တာမရှိသေးဘူးလို့ သုံးသပ်သူတွေက ပြောကြပါတယ်။

အမေရိကန် ဗဟိုဘဏ်ရဲ့ နောက်ဆုံးအစည်းအဝေးပြီးကတည်းက အလုပ်အကိုင်ဖန်တီးမှုနဲ့ ဂျီဒီပီပမာဏဟာ ကျန်းမာသန် စွမ်းနေဆဲပဲလို့ ဆိုပါတယ်။ လုပ်ခတွေ မြင့်တက်လာပြီး ငွေကြေးဖောင်းပွမှုအနေနဲ့လည်း ခိုင်မာနေဆဲလို့ ဆိုပါတယ်။ စက်မှုလုပ်ငန်း လုပ်ဆောင်ချက်နဲ့ အိမ်ခြံမြေဈေးကွက်တို့ပဲ နည်းနည်းပျော့သွားတဲ့အထဲ ပါတယ်လို့ ဆိုပါတယ်။

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကတော့ ကုန်သွယ်ရေးစစ်ပွဲ အရှိန်မြှင့်လာခြင်းဟာ အမေရိကန်နဲ့ တရုတ်နှစ်နိုင်ငံစလုံးရဲ့ စီးပွားရေးကြီးထွားမှုကို ထိခိုက်စေပြီး အရေးပါတဲ့ စီးပွားရေးထိခိုက်မှု ဖြစ်လာနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

အမေရိကန်စီးပွားရေးက သန်မာနေဆဲဖြစ်တာမို့ ဗဟိုဘဏ်ဟာ ကားအငှားချ ထားတာကနေ အပေါင်စာချုပ်အထိ အရာရာကို နှုန်းထားတွေ တဖြည်းဖြည်း ဆက်လက်မြှင့်တင်သွားဖို့ ရည်မှန်းထားကြောင်း အထပ်ထပ် အချက်ပြနေပါတယ်။

ဒီနှစ်အကုန်မှာ ဗဟိုဘဏ်ဟာ အဓိက အတိုးနှုန်းမြှင့်တင်မှုကို စုစုပေါင်း လေးကြိမ်အထိ ပြုလုပ်ဖို့ ရှိနေပါတယ်။ ၂၀၀၉ ခုနှစ်မှာ နောက်ထပ် သုံးကြိမ်ထပ်မံမြှင့်တင်ဖို့လည်း ရည်မှန်းထားပါတယ်။

အဓိပ္ပာယ်ကတော့ ပစ်မှတ်ထားတဲ့နှုန်းဟာ ၂၀၀၉ ဒီဇင်ဘာအရောက်မှာ ၃ ကနေ ၃ ဒသမ ၂၅ ရာခိုင်နှုန်းအကြားကို ရောက်သွားမယ်ဆိုတာပါပဲ။ အဲဒီနှုန်းဟာ စီးပွားရေးကို လှုံ့ဆော်မှုမပေးနိုင်သလို စီးပွားရေး ချုပ်ချယ်ကန့်သတ်မှုလည်း မဖြစ်နိုင်တဲ့ ကြားနေအနေအထားလို့ မူဝါဒချမှတ်သူတွေက လက်ရှိရှုမြင်ထားမှုရဲ့အထက်ကို ရောက်နေပါတယ်။

ဒါပေမဲ့ ဗဟိုဘဏ်ဟာ ဒါနဲ့တင် ရပ်သွားမှာလားဆိုတာ စဉ်းစားရပါမယ်။

ငွေကြေးဖောင်းပွမှု အရှိန်မြင့်လာမယ့် လက္ခဏာရပ်တွေရှိလာရင် ဗဟိုဘဏ်ဟာ  ဈေးနှုန်းတွေကို လျှော့ချဖို့ မူဝါဒတင်းကျပ် ရေးဆီသွားပါလိမ့်မယ်။ ဒါပေမဲ့ ကြားနေအဆင့်မှာ နေရင်တောင်မှ ရွေ့လျားနေတဲ့ ပစ်မှတ်မျိုး ဖြစ်နိုင်ပါတယ်။

ဗဟိုဘဏ်ကို နှုန်းထားတွေ မြှင့်တင်ရာမှာ ဖြည်းဖြည်းချင်း ဆက်သွားဖို့ ကာလကြာရှည်စွာ တောင်းဆိုခဲ့ဖူးတဲ့ ဗဟိုဘဏ်အုပ်ချုပ်ရေးမှူး လာယယ်ဘရိန်းနက်က ဒီလအစောပိုင်းမှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းတစ်ရပ်မှာ သူရဲ့စဉ်းစားပုံမှာ အရေးကြီးတဲ့ အပြောင်းအလဲတစ်ရပ် ဖြစ်ခဲ့ရပုံကို ရှင်းပြပါတယ်။

တစ်စုံတစ်ရာကို မြှင့်တင်ဖို့ ရေတိုကြားနေနှုန်းထားတစ်ရပ်ကို မျှော်လင့်တာ ကျိုးကြောင်းဆီလျော်ပုံရတယ်လို့ ဘရိန်းနက်က ဆိုပါတယ်။

ဒါက ဘရိန်းနက်အနေနဲ့ ဗဟိုဘဏ်ကို ၃-၃ ဒသမ ၂၅ ရာခိုင်နှုန်းမှာတောင် မရပ်လိုက်ဘဲ ပိုပြီးမြင့်အောင် ဆက်လက်မြှင့်တင်ဖို့ လိုလားတယ်ဆိုတာမျိုး ပြလိုက်တာပါပဲ။

“ဒါဟာ သိပ်ကိုအရေးကြီးတဲ့ အပြောင်းအလဲပါ” လို့ Grant Thornton က စီးပွားရေးပညာရှင်များ အကြီးအကဲ ဒိုင်ယာနီဆဝမ့်က ပြောပါတယ်။

ဒါပေမဲ့ ဗဟိုဘဏ်အနေနဲ့ နောက်နှစ်မှာ နှုန်းထားကို ပိုပြီး အသည်းအသန်ပြောင်းလဲမလား၊ နှုန်းထားတွေကို ပိုပြီး မြန်မြန်ဆန်ဆန် မြှင့်တင်မလား ဒါမှမဟုတ် ဖြည်းဖြည်းမှန်မှန် အချိန်ပိုကြာကြာယူပြီး မြှင့်တင်မလား ဆိုတာတွေဟာ ဘာမှမရေရာသေးဘူးလို့ ဆဝမ့်က ဆိုပါတယ်။

“ကျွန်မတို့ အခုထိ မသိသေးပါဘူး။ ဒီအစည်းအဝေးမှာ ဖြေရှင်းနိုင်ဦးမှာ မဟုတ်ဘူးလို့လည်း ကျွန်မ သိနေပါတယ်” လို့ သူက ပြောပါတယ်။

အခုအထိတော့ ဇန်နဝါရီလမှာ ပွင့်လင်းတဲ့ ဖက်ဒရယ် ဈေးကွက်ကော်မတီ (FOMC) မှာ နှုန်းထားတွေသတ်မှတ်ဖို့ မဲပေးရမယ့်သူတွေအဖြစ် ပြောင်းသွားကြမယ့် မူဝါဒချမှတ်သူ တချို့ဟာ ပိုပြီးရန်လိုတဲ့ အချက်ပြမှုမျိုးတွေ စပြီးပြလာကြပါပြီ။

ဘရိန်းနက်လိုပဲ စီးပွားရေးအကျပ်အတည်းဖြစ်ပြီးတဲ့ နောက်ပိုင်းနှစ်တွေမှာ ဗဟိုဘဏ်အနေနဲ့ သုညနားကပ်ထားတဲ့ မူဝါဒ ကျင့်သုံးဖို့ လိုလားခဲ့သူ ဘော်စတွန်ဘဏ် ဥက္ကဋ္ဌ အဲရစ်ရိုဆန်ဂရင်က မကြာသေးမီက အင်တာဗျူးတွေမှာ FOMC က ကြားနေနှုန်းထားမျိုးနဲ့ပဲ ဆက်သွားနိုင်တယ်လို့ ခန့်မှန်းထားတယ်ဆိုပါတယ်။

သူက အမေရိကန်အနေနဲ့ လက်ရှိကြုံတွေ့နေရတဲ့ အလုပ်လက်မဲ့ဖြစ်မှုနှုန်း အလွန်နိမ့်ပါးခြင်းဟာ စီးပွားရေးပျက်ကပ်နဲ့ ပတ်သက်တဲ့ သမိုင်းဝင် ရှေ့ပြေးနိမိတ်တွေ ဖြစ်တယ်လို့လည်း သတိပေးခဲ့ပါတယ်။

ချီကာဂိုဗဟိုဘဏ်က ချာလီအီဗန်ကတော့ ငွေကြေးဆိုင်ရာ မူဝါဒအနေနဲ့ ချုပ်ချယ်ကန့်သတ်မှုတွေလုပ်ဖို့ လိုအပ်လာနိုင်တယ်လို့ ဆိုပါတယ်။

နိုင်ငံတကာစီးပွားရေးပညာဆိုင်ရာ ပီတာဆန်အင်စတီကျူက အကြီးတန်း ပညာရှင်တစ်ဦးဖြစ်တဲ့ ဂျိုးဆက်ဂါဂနွန်က ဗဟိုဘဏ်ရဲ့ ခြေလှမ်းဟာ နီးကပ်နေတဲ့ ကာလအတွင်း ပြောင်းလဲဖွယ်မရှိဘူးလို့ ဆိုပါတယ်။

“အနည်းဆုံး နောက်ခြောက်လလောက် အတွင်းတော့ အရှိန်အဟုန်မြှင့်တာတွေ လုပ်မယ်လို့ မထင်ပါဘူး။ ဒါပေမဲ့ ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်လာတာနဲ့ အပြောင်းအလဲတွေ ဖြစ်လာပါလိ့မ်မယ်” လို့ သူက ဆိုပါတယ်။

ဗဟိုဘဏ်က ပိုကြိုက်တဲ့ ငွေကြေးဖောင်းပွမှုပုံစံကတော့ နှစ်ပတ်လည် ပစ်မှတ်ဖြစ်တဲ့ နှစ်ရာခိုင်နှုန်းတစ်ဝိုက် ဝဲနေတဲ့ လက်ရှိပုံစံပါပဲ။ အဲဒီအဆင့်ကို ခြောက်နှစ်အတွင်း  ကျော်လွန်သွားတာ မရှိသေးပါဘူး။

“ဇွန်လအထိ ငွေကြေးဖောင်းပွမှု ပစ်မှတ်ကို ကျော်လွန်သွားမယ်ဆိုတာ ငြင်းပယ်ဖို့လည်း မဖြစ်နိုင်ပါဘူး” လို့ ဂါဂနွန်ကတော့ ဆိုပါတယ်။

ဗဟိုဘဏ်ရဲ့ ချိန်ဆပုံမျိုးတွေကို ပထမဆုံး လက်ခံလာသူကတော့ ကိုလံဘီယာ တက္ကသိုလ်က ပါမောက္ခ ရစ်ချက်ကလာရီဒါ  ဖြစ်ပါလိမ့်မယ်။ သူ့ကို မကြာသေးမီကပဲ အထက်လွှတ်တော်က ဖက်ဒရယ်ဘဏ်ရဲ့ ဒုတိယဥက္ကဋ္ဌအသစ်အဖြစ် အတည်ပြုခဲ့တာပါ။ သူ့အမြင်တွေကတော့ ကောက်ချက်ချဖို့ ခက်ပါလိမ့်မယ်။ ဒါပေမဲ့ အရင်တုန်းကနဲ့ လမ်းခွဲထွက်လာတယ်လို့တော့ ဆိုရပါလိမ့်မယ်။

“အချိန်နဲ့အမျှ၊ စီးပွားရေးနဲ့အတူ ပြောင်းလဲတတ်တဲ့ စီးပွားရေးပညာရှင်တွေ ရှိပါတယ်။ အစိတ်အပိုင်းအများစုမှာတော့ ဗဟိုဘဏ်မှာ စိတ်ကူးစိတ်သန်းအများကြီးကို မတွေ့ရပါဘူး။ သက်သေအထောက် အထားတွေကို ချိန်ဆနေသူတွေကိုပဲ တွေ့ရပါတယ်” လို့ ဆဝမ့်ကတော့ ပြောပါတယ်။

ထိုင်းနိုင်ငံရဲ့ ဘန်ကောက်ပို့စ် ဆောင်းပါးရှင် ဂွင်ဒိုင်ယာကတော့ အမေရိကန်နဲ့ တရုတ်ကုန်သွယ်ရေးစစ်ပွဲဟာ ရေရှည်ဆက်ပြီး ဖြစ်နေဦးမှာမို့ လူတိုင်းလူတိုင်းအနေနဲ့ နည်းနည်းပိုပြီး ဆင်းရဲလာမှာကို အသင့်ပြင်ထားရမယ်လို့ သတိပေးပါတယ်။ သူကတော့  ဒုတိယကမ္ဘာ့စီးပွားရေးပျက်ကပ်ကြီး ဖြစ်လာနိုင်ဖွယ်မရှိဘဲ ဒုတိယစစ်အေးတိုက်ပွဲ တစ်ရပ်စတင်လာနိုင်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအနေနဲ့ကတော့ စီးပွားရေးရော၊ ငွေကြေးစနစ်ပါ ခိုင်မာမှုက ထိုင်းနိုင်ငံထက်တောင် အများကြီးလျော့နည်းတာမို့  မြန်မာနိုင်ငံသားတွေကိုတော့ များများဆင်းရဲဖို့ အသင့်ပြင်ထားရမယ်လို့ ဆိုရမလိုဖြစ်နေပါတယ်။

Most Read

Most Recent