ခဏလေး

ခဏလေး
Published 15 September 2018

Photo: Design Swan

အရှိန်နှင့်ပြေးနေသော ကားအတွင်းထဲသို့ လေတဖြူးဖြူး တိုးဝင်နေသည်။ ကျွန်တော်သည် ကားမှန်ပြတင်းမှတစ်ဆင့် လမ်းဘေး ရှုခင်းများကို ငေးမောနေမိသည်။ စိမ်းစိမ်းစိုစို စပါးခင်းများကို နံနက်စောစောအချိန် မြင်ခွင့်ရသည်မှာ ကျက်သရေရှိလှပါသည်။ စိတ်ထဲမှာ ကြည်နူးချမ်းမြေ့မိသည်။ ကျွန်တော်သည် ပတ်ဝန်းကျင်ကို ငေးကြည့်နေရာမှ ကျွန်တော့်ပေါင်ပေါ်မှာ အိပ်ပျော်နေရှာသည့် သူမကို ငုံ့ကြည့်လိုက်မိသည်။ ကားအလှုပ်မှာ သူမကိုယ်လုံးလေးကလည်း လှုပ်နေသည်။ ကျွန်တော့်လက်တစ်ဖက်က သူမ၏မျက်နှာအောက်မှာရှိပြီး ကျန်လက်တစ်ဖက်က သူမပခုံးကို အသာအယာ ဖေးမထားသည်။ သူမသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်မည်တော့မဟုတ်။ ကားမူးသည့်ဒဏ် မခံနိုင်သောကြောင့် အမူးပြေအောင် ကျွန်တော့်ပေါင်ပေါ်မှာ ခေတ္တလဲလျောင်းနေခြင်းဖြစ်သည်။ မျက်လုံးလေးမှိတ်ကာ မှိန်းနေရှာသော သူမကို ကျွန်တော် မကြာမကြာ ငုံ့ကြည့်မိသည်။

ကားက ကုန်းဆင်းကုန်းတက် အရှိန်နှင့်ပြေးနေသောကြောင့် ကျွန်တော့်ပေါင်ပေါ်မှ သူမခေါင်းကလေး ခဏခဏ လျှောလျှောကျသွားလေ့ရှိရာ သူမခေါင်းကို အသာပွေ့ရင်း သူမပါးပြင်နှင့် ကျွန်တော့်ပေါင်ကြားမှာ ကျွန်တော့လက်ဖဝါးလေးကို ထိုးသွင်းထားရသည်။ ကျွန်တော့်လက်ဖဝါးသည် သူမပါးပြင်မှ သနပ်ခါးများနှင့် ထိတွေ့နေသည်ကို ခံစားမိသည်။ ထို့ပြင် သူမပခုံးသားနှင့် ကျွန်တော့် လက်ဖဝါး၏ အထိအတွေ့ကိုလည်း ခံစားမိနေပြန်သည်။ တစ်ခါတစ်ခါ သူမနဖူးပေါ် ဝဲကျနေသည့်ဆံပင်များကို အသာသပ်တင်ပေးမိသည်။ သူမ အေးအေးချမ်းချမ်း သက်သောင့်သက်သာလေး အနားယူပါစေဟူသော အတွေးနှင့် ကျွန်တော်သူမကို ငေးကြည့်နေမိသည်။ ထိုစဉ် သူမက မှိတ်ထားသော မျက်လုံးကိုဖွင့်ကာ ကျွန်တော့်ကို လှမ်းကြည့်သည်။ အကြည့်နှစ်ခု လမ်းခုလတ်မှာ သွားဆုံသည်။ ကြည်နူးမှုလှိုင်းကလေးတွေ တသိမ့်သိမ့် တုန်ခါသွားကြသည်။ ထို့နောက် သူမမျက်လုံး ပြန်မှိတ်သွားသည်။ ကျွန်တော့် အကြည့်ကို ကားမှန်ပြတွင်းသို့ ပြန်ပို့လိုက်သည်။

ကျွန်တော်တို့စီးလာသောကားသည် မြို့တစ်မြို့သို့ ဦးတည်မောင်းနှင်နေပါသည်။ အဆိုပါမြို့သို့ရောက်ဖို့ နောက်ထပ် တစ်နာရီလောက် စီးရပေဦးမည်။ ကျွန်တော်သည် ထိုတစ်နာရီအချိန်လေး မြန်မြန်ကုန်သွားမှာကို စိုးရိမ်နေမိသည်။ တတ်နိုင်လျှင် နာရီလက်တံများကို အကန့်အသတ်မဲ့ ရပ်ထားပစ်လိုက်ချင်သည်။ သူမနှင့်အတူတူ ရှိနေခွင့်ရသည့် အချိန်လေး ကုန်ဆုံးမသွားစေချင်ပါ။ သို့သော် နာရီလက်တံတို့သည် ကျွန်တော်တို့ စီးလာသည့်ကားနှင့်အတူ တရွေ့ရွေ့ ခရီးနှင်နေကြသည် မဟုတ်ပါလား။ ယခုပစ္စုပ္ပန်အချိန်လေးသည် တကယ့်ကို တန်ဖိုးရှိပါသည်။ ကျွန်တော်သည် လက်ရှိကြုံဆုံနေရသည့် စက္ကန့် မိနစ်ကလေးများကို အဓိပ္ပာယ်မဲ့ ကုန်ဆုံးမသွားအောင် ဂရုတစိုက် ထိန်းသိမ်းထားရန် ကြိုးစားနေမိပါသည်။ ကျွန်တော့်ပေါင်ပေါ်မှာ သူမ အိပ်ခွင့်ရခြင်းသည် ရှားပါးပြီး တန်ဖိုးရှိလှသော အခွင့်အရေးတစ်ခုဖြစ်သလို သူမကို ကျွန်တော့်ပေါင်ပေါ်မှာ သိပ်ခွင့်ရခြင်းသည်လည်း ရခေါင့်ရခဲ ရှားရှားပါးပါး အခွင့်အရေး ဖြစ်ပါသည်။ ကျွန်တော်တို့ နှစ်ယောက်စလုံးအတွက် ပစ္စုပ္ပန်အချိန်သည် ရွှေထက်မက တန်ဖိုးရှိလှပါသည်။

ကျွန်တော့်မျက်လုံးက ပတ်ဝန်းကျင် ရှုခင်းများကို ငေးမောကြည့်နေသော်လည်း ကျွန်တော့်အတွေးက သူမဆီမှာ။ လမ်းဘေး သစ်ပင်များ၊ ချုံပုတ်များ၊ လယ်ကွင်းများ၊ အဆောက်အအုံများကို မြင်နေပါသော်လည်း ကျွန်တော့်မျက်လုံးထဲမှာ သူမပုံရိပ်သာ။ တကယ်တော့ ကျွန်တော့်အမြင်၊ အကြား၊ အထိအတွေ့၊ စိတ်ကူး၊ ရနံ့အားလုံး၏ ဆုံမှတ်က သူမတစ်ယောက်တည်းဆီသို့။ ကျွန်တော်သည် သူမနှင့်အတူ ကာလယန္တရားထဲ၌ လိုက်ပါစီးမျောနေပါသည်။ သူမနှင့်အတူတူ ချားရဟတ် စီးနေရသလို ခံစားရသည်။ ချားရဟတ် တစ်ပတ်ပြည့်ပြီဆိုသည်နှင့် ချားရဟတ်ပေါ်မှ ကျွန်တော်တို့ ပြန်ဆင်းရမည်။ ယခုထိတော့ ကျွန်တော်တို့နှစ်ယောက်၏ ချားရဟတ် တစ်ပတ်မပြည့်သေး။ တစ်ပတ်မပြည့်သေးသည့် အခိုက်မှာတော့ ပုထုဇဉ်လူသားပီပီ မေ့မေ့မောမော ပျော်မောလိုက်ချင်ပါသေးသည်။ သို့သော် ပူပူလောင်လောင် ဆူဆူပွက်ပွက်တော့မဟုတ်။ နွေးနွေးထွေးထွေး အေးအေးမြမြ ကြည်ကြည်နူးနူး ပျော်ပျော်ရွှင်ရွှင်လေးသာ ပျော်မောချင်ပါသည်။

သူမသည် ကျွန်တော့်ပေါင်ပေါ်၌ ပုစွန်တုပ်ကွေးလေးလို ကွေးကာ မှိန်းနေရှာသည်။ တင့်တယ်ခြင်း အဆင်းလက္ခဏာတို့ဖြင့် ပြည့်စုံလှသောသူမကို ကျွန်တော် ကြည့်နေမိသည်။ ကလေးငယ်လေးတစ်ယောက်လို အပြစ်ကင်းရှာသည့် မျက်နှာလေး။ ပါးပြင်ဖောင်းဖောင်းလေးပေါ်မှ သနပ်ခါးမှုန်လေးများကို လက်ချောင်းလေးနှင့် အသာတို့ထိကြည့်သည်။ သူမ၏ လက်လေးတစ်ဖက်က ကျွန်တော့် လက်ချောင်းလေးကို လာဆုပ်ကိုင်သည်။ လက်နှစ်ဖက်ပူးယှက်ကာ ဆုပ်ကိုင်ထားလိုက်ကြသည်။ လက်ချောင်းအချင်းချင်း ပူးကပ်ချိန်မှာ သွေးခုန်လှိုင်းများ ယှက်ဖြာစီးဆင်းသွားကြသည်။ သူမ အိပ်ပျော်မနေမှန်း ကျွန်တော်သိသည်။ ဖျတ်ခနဲပွင့်လာသည့် မျက်နက်ဝန်းလေးက ကျွန်တော့်မျက်နှာကို လိုက်လံရှာဖွေနေသည်။ မျက်ဝန်းနှစ်စုံသည် မှိတ်ခြင်း ပိတ်ခြင်းကို မေ့လျော့နေကြသည်။ တော်တော်ကြီးကြာတော့မှ သူမမျက်လုံးလေး ပြန်ပိတ်သွားသည်။ ပတ္တာလို ချိတ်ဆက်ထားသည့် လက်နှစ်ဖက်က သူမပခုံးလေးပေါ်မှာ အသာအယာ။

တကယ်တော့ ကျွန်တော်တို့ စီးလာသောကားသည် ဈေးသည်တို့၏ စကားပြောသံ၊ ကားထဲမှာဖွင့်သည့် သီချင်းသံတို့ဖြင့် ဆူညံလျက် ရှိပါသည်။ သို့သော် ကျွန်တော်တို့နှစ်ယောက်သည် စကားသံများကို မကြား၊ သီချင်းသံကို နားမထောင်မိကြ။ တစ်ကားလုံးမှာ ကျွန်တော်တို့နှစ်ယောက်တည်းသာ ရှိသည်ဟု ထင်နေမိသည်။ တစ်လောကလုံးမှာ ကျွန်တော်တို့နှစ်ယောက်တည်း။ သူမနှင့် ကျွန်တော်။ ကျွန်တော်နှင့် သူမ။ အခြားဘာကိုမျှမမြင်။ ဘာကိုမျှမသိ။ ကျွန်တော်တို့ နှစ်ယောက်တည်းသာရှိသည်။ ကျွန်တော်သည် ကားမှန်ပြတင်းမှတစ်ဆင့် ပတ်ဝန်းကျင်ကို ငေးမောလိုက်၊ ပေါင်ပေါ်မှာ အိပ်နေသည့် သူမကို ငေးကြည့်လိုက်နှင့် ကားပေါ်မှာ လိုက်ပါလာခဲ့ပါသည်။ ပခုံးပေါ်တင်ထားသည့် ကျွန်တော့်လက်ကလေးကို ဆုပ်ကိုင်ရင်း သူမ တဖြည်းဖြည်း အိပ်ပျော်သွားပုံရသည်။ သူမ အသက်ရှူသံငွေ့ငွေ့က ကျွန်တော့်လက်ချောင်းကလေးများကို လာလာတိုးဝှေ့သလို ခံစားရသည်။ သူမ အိပ်ပျော်ပါစေလေ။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ပါစေ။ ထို့နောက် ကြည်ကြည်လင်လင် လန်းလန်းဆန်းဆန်း နိုးထလာပါစေဟု ကျွန်တော့်စိတ်ထဲမှ ဆုတောင်းနေမိပါသည်။

ကျွန်တော်သည် ယခုကျမှပင် ကားထဲမှ အတူပါလာသည့် ခရီးသည်များကို ဂရုတစိုက် လှမ်းကြည့်မိတော့သည်။ ကားနောက်ပိုင်းမှာ ဈေးတောင်းများ၊ ကုန်ပစ္စည်းများ၊ စုပုံထပ်ထားသည်ကို တွေ့ရသည်။ အဆိုပါ ဈေးတောင်းများ၊ ကုန်ပစ္စည်းများကြားထဲမှာ ထိုင်နေကြသော ဈေးသည်များအချင်းချင်း နောက်လိုက်ပြောင်လိုက်နှင့် စကားတပြောပြော လိုက်ပါလာကြသည်။ နံနက်စောစော ရွာထဲမှ ထလာကြပုံရပါသည်။ တဘက်ကို ခေါင်းမှာ ရစ်ပတ်ထားသူ၊ ပခုံးပေါ်လွှားတင်ထားသူနှင့် ကားစက်သံနှင့် သီချင်းသံကို လွှမ်းသွားအောင် စကားကို အကျယ်ကြီး အော်ပြောနေကြပုံရသည်။ ကျွန်တော်သည် အဆိုပါ ဈေးသည်များကို ကြည့်လိုက် ပေါင်ပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်လာသည့် သူမကိုကြည့်လိုက်၊ ကားမှန်ပြတင်းမှတစ်ဆင့် ပတ်ဝန်းကျင်ရှုခင်းကို ကြည့်လိုက်နှင့် အချိန်ကို ကုန်လွန်စေခဲ့ပါသည်။ မကြာမီ၌ ခရီးဆုံးမှတ်တိုင်သို့ ဆိုက်ရောက်ပေတော့မည်။ သူမနှင့် ကျွန်တော် အပါအဝင် ခရီးသည်အားလုံး ကားပေါ်မှဆင်းကာ မိမိတို့အလိုရှိရာ အရပ်သို့ သွားကြရပေဦးမည်။ ကျွန်တော်တို့ ဘဝတစ်သက်တာနှင့် ယှဉ်လိုက်လျှင် ယခုကားပေါ်၌ စီးနင်းလိုက်ပါရသည့်အချိန်သည် ခဏလေး။ ခဏလေးမှ တကယ့်ခဏလေး။

အဆိုပါ ခဏတာအချိန်လေးကို ကျွန်တော်တို့ အဘယ်ကဲ့သို့ ဖြတ်သန်းနေကြပါသလဲ။ ဖြတ်သန်းခဲ့ကြပါသလဲ။ ကျွန်တော်သည် သူမကို ငုံ့ကြည့်မိသည်။ သူမ အိပ်နေပုံလေးကိုကြည့်ပြီး သနားကရုဏာ သက်မိသည်။ သူမကို စိတ်ချမ်းသာစေချင်သည်။ ပျော်စေချင်သည်။ ယင်းသည်ကား ကျွန်တော့် ရင်ထဲက ဆန္ဒအမှန်။ သူမ၏ဘဝ၌ အကောင်းအမွန်များသာ ရရှိစေချင်သည်။ အစစ အရာရာ အဆင်ပြေစေချင်သည်။ ကျွန်တော်နှင့် တွေ့ဆုံခိုက် ခဏတာအချိန်လေးကို ပျော်ပျော်ရွှင်ရွှင်သာ ဖြတ်သန်းစေချင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်တို့နှစ်ဦး တွေ့ဆုံသည့် ပစ္စုပ္ပန်အချိန်လေးသည် အမှန်တကယ် တန်ဖိုးရှိနေသောကြောင့်ပင်။ ထိုအချိန်ကာလလေးကို တန်ဖိုးရှိရှိ ဖြတ်သန်းစေချင်သောကြောင့်ပင်။

ထို့အတူ ယခုပစ္စုပ္ပန်အချိန်လေး၌ ကျွန်တော်တို့ တစ်ကားတည်း အတူတူစီးပြီး တစ်ခရီးတည်း သွားခွင့်ကြုံသူများသည်လည်း ယခုခဏတာ အချိန်လေးကို တန်ဖိုးထားစေချင်မိသည်။ အကျိုးရှိရှိလေး ကုန်လွန်စေချင်မိသည်။ ယခုကားထဲ၌ အတူတူပါလာသည့် ဈေးသည်များ၊ အလုပ်သမားများ၊ ကျောင်းဆရာဆရာမများ အားလုံးသောခရီးသည်များ အတူတူတွေ့ဆုံကာ ခရီးသွားခိုက်လေးမှာ ပျော်ပျော်ရွှင်ရွှင် ကြည်ကြည်နူးနူးလေးပဲ ရှိစေချင်ပါသည်။ တစ်ယောက်နှင့်တစ်ယောက် ချစ်ချစ်ခင်ခင် ဖေးဖေးမမ ကူညီရိုင်းပင်းစေချင်ပါသည်။ ယခု ကားစီးနေစဉ် အချိန်အတွင်း မည်သို့သောကံကြမ္မာ ကြုံရမည်နည်း။ ကျွန်တော်တို့ မသိ။ ကားပေါ်မှအဆင်း ကျွန်တော်တို့ မည်သို့ ကြုံဆုံဖြတ်သန်းရဦးမလဲ။ ဘယ်သူမှမသိ။ သေချာသည်ကတော့ ယခုတွေ့ဆုံ ကြုံကြိုက်ဆဲ ပစ္စုပ္ပန်ပင်။ ထိုပစ္စုပ္ပန်လေးက တကယ်တန်ဖိုးရှိပါသည်။ တကယ် သေချာပါသည်။ ကျွန်တော်တို့လက်ထဲ၌ မိမိရရ ဆုပ်ကိုင်ထားနိုင်သည့် ပစ္စုပ္ပန်ပင် မဟုတ်ပါလား။

ကျွန်တော်တို့ စီးလာသည့်ကားက တရိပ်ရိပ် ဖြတ်သန်းကာ မောင်းနှင်နေသည်။ စောစောက ပစ္စုပ္ပန်က အတိတ်အဖြစ် ကျန်ရစ်ကာ မလာသေးသည့် ပစ္စုပ္ပန်မှာ အနာဂတ်အဖြစ် စောင့်ကြိုနေပါသည်။ ကျွန်တော်တို့ အားလုံး၏လက်ထဲ၌ လက်ရှိပစ္စုပ္ပန်။ ခဏလေးမှ ခဏလေး။ တကယ့် ခဏတာ အချိန်လေး။

Most Read

Most Recent