ငတ်နေတဲ့ ပိုးကောင်

ငတ်နေတဲ့ ပိုးကောင်
Published 25 August 2018

သီပေါမြို့နယ် ဘိုးတော်ကျောင်းသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်ပြည်သူများအား သြဂုတ် ၁၅ ရက်က တွေ့ရစဉ် Photo း Nang Mwe Seng

သူအိပ်ရာကထတော့ နံနက် ၈ နာရီခွဲနေပြီ။ သိပ်တော့နောက်ကျတယ်လို့ ဆိုနိုင်မယ် မထင်ပါဘူး။ အိပ်ချိန်တွေ၊ နိုးထချိန်တွေက မတူကြဘူးကိုး။ သူ့ဘာသာ လည်ပတ်နေတဲ့ နေ့တွေကိုများ အပိုင်းပိုင်းခုတ်ဖြတ်လို့ နာရီ၊ မိနစ်တွေ၊ စက္ကန့်တွေဆိုပြီး တံဆိပ်တပ်ကြရတယ်လို့။ တကယ်ကို အားယားနေတဲ့ ပညာရှင်ကြီးတွေပဲ။ မနေ့ညက ဘယ်ချိန်အိပ်ပျော်သွားသလဲဆိုတာတော့ သူသေချာမမှတ်မိတော့ဘူး။ ဖြစ်နိုင်ခြေရှိတာကတော့ ည ၁၁ နာရီလောက်ဖြစ်မယ် ဆိုတာကိုပဲ။ ဒါကလည်း ခန့်မှန်းကြည့်ရတာပဲ။ တကယ်တော့လည်း သူဘယ်အချိန်အိပ်သလဲဆိုတာဟာ သူ့အတွက်တောင်မှ အရေးကြီးမနေတော့လည်း ဘယ်သူ့အတွက်များ အရေးကြီးနေမှာလဲ။ မဟုတ်ဘူးလား။ အသိကို ဘဝက ပြဋ္ဌာန်းတယ်တဲ့။ အင်းသူကြားဖူးတယ်။ ဟုတ်သလိုလိုပဲ။ သေချာတာတစ်ခုတော့ ရှိတယ်။ သူမဂ္ဂဇင်းတစ်အုပ်ကို ဝါးစားပြီး အိပ်ရာဝင်ခဲ့တယ်ဆိုတာပဲ။ ဒါက သူလုပ်နေကျအလုပ်တွေထဲက တစ်ခုပါပဲ။ သူလုပ်နေကျတွေထဲက တစ်ခုဆိုတော့ ကျန်နေတဲ့အလုပ်တွေ ရှိသေးတယ်။ အများအားဖြင့် သူလုပ်နေကျအရာတွေက စာအုပ်တွေကိုဝါးစားပြီး အိပ်တယ်။ ဒါမှမဟုတ် သီချင်းတွေကိုဝါးစားပြီး အိပ်တယ်။ ဒါမှမဟုတ် နိုင်ငံခြားရုပ်ရှင်ကားတွေကို ဝါးစားပြီး အိပ်တာ။ နောက်တစ်ခုကတော့ ဘီယာအေးအေးကလေးသောက်၊ စီးကရက်လေးရှိုက်၊ အဆင့်အတန်းရှိတဲ့ (သူ့ပေတံအရ) ကဗျာစာအုပ်ထဲက ကဗျာတွေကို တစ်ပုဒ်ချင်း ဝါးစားပစ်တာပါပဲ။ တစ်ခါတလေတော့လည်း ဘာစာမှ မဝါးဘဲ အိပ်လိုက်တာပေါ့။ ဒါမျိုးက ဖြစ်ခဲတယ်ပြောရမလားပဲ။ ခုနောက်ပိုင်း စာအုပ်တွေ ဝါးစားပစ်ရတာ အရသာ သိပ်မရှိတော့ဘူး။ ကဗျာနဲ့ စကားပြေတွေပေါ့လေ။ ခေတ်ကြီးရဲ့ မောင်းနှင်မှုထဲမှာ စာရေးဆရာတွေ၊ ကဗျာဆရာတွေ ကျဆုံးနေကြသလားပဲ။ ကဗျာတစ်ပုဒ်၊ စကားပြေတစ်ပုဒ် ဝါးစားရင်း မကြိုက်တော့ဘူး၊ ပေါ့ရွှတ်ရွှတ်ကြီးလို့ ခံစားရပြီဆိုတာနဲ့ အကုန်အန်ထုတ်ပစ်တော့တာပဲ။ ဘီယာတွေတော့ နှမြောစရာပေါ့လေ။

နံနက်စာ တစ်ခုခုစားမှဖြစ်မယ်လို့ တွေးမိပြီးတော့မှ အခန်းအပြင်ကို မထွက်ချင်တာ သတိရသွားတယ်။ ကြည့်စမ်း။ ဒီနေ့ဟာ မနေ့ကလိုပဲ။ ဗိုက်ပွတ်ရင်း သူ့မျက်စိထဲမှာ သေသေချာချာပေါ်နေတာက နာရီတစ်လုံးပဲ။ ချက်ချင်းပဲ အဲဒီနာရီကို အားပါးတရ ဝါးစားပစ်လိုက်တယ်။ နည်းနည်းတော့ အဝင်ကောင်းဖို့လိုတယ်လို့ တစ်ကိုယ်တည်းပြောပြီး စားပွဲပေါ်က ရေသန့်ဘူးကို သူလှမ်းယူလိုက်တယ်။ အစမှာတော့ ဘူးထဲကရေကို သောက်ဖို့ တွေးထားတာဆိုပေမယ့်လည်း တကယ်တမ်း လက်ထဲရေဘူးရောက်လာချိန်မှာတော့ သည်းမခံနိုင်ဘဲ ရေတွေကော၊ ရေဘူးကော သောက်ပစ်လိုက်တယ်။ သူ့ဗိုက်ထဲမှာ နာရီတစ်လုံးရယ်၊ ရေတွေရယ်၊ ရေဘူးရယ် အကုန်ရောထွေးနေကြတာကိုကြည့်ပြီး သူရယ်နေတယ်။ ဒီနေ့အတွက် နံနက်စာဟာ လုံလောက်ပါပြီလို့ အားပါးတရ တွေးခေါ်နေ တုန်းမှာပဲ သူ့ဗိုက်ဟာ တစ်ခုခုကိုတောင်းဆို နေပြန်တယ်။ “မင်းဟာ တော်တော်ကြီးတဲ့ ဗိုက်ပဲ။ မင်းကြောင့်လူတွေ ဆံပင်ဖြူရတာ။မင်းကြောင့် လူတစ်ယောက် ခြေထောက်နှစ်ချောင်းစလုံး ကျိုးသွားရတာ” လို့ မကျေမနပ် သူပြောလိုက်တယ်။ အသံတွေဟာ သူ့ပါးစပ်ထဲက တဖြည်းဖြည်း ထွက်ကျလာတယ်။ သူကတော့ ဒီလိုပြောဖို့ ကြိုတင်စိတ်ကူးတာကော အခုမှတွေးမိပြီး ပြောတာကော အဲဒါတွေ အရေးမကြီးပါဘူးလို့ တွေးလိုက်တယ်။ မကျေနပ်မှုတွေ၊ အဆင်မပြေမှုတွေ၊ အော်သံတွေပြည့်နေတဲ့ ဟောဒီနိုင်ငံတော်ကြီးမှာ သူ့မကျေနပ်ချက်ဟာ ဘာမှမဟုတ်ဘူး။ ပါးစပ်ကထွက်လာတယ်။ ခဏလေးအတွင်း ပြန်ပျောက်သွားတယ်။ ဒါပဲ။ ဒါက ခဏခဏဖြစ်နေတဲ့ ကိစ္စမျိုးပဲ။ ဒီနေ့ နံနက်စာအတွက်တော့ တော်ပါတော့ ငါ့ကောင်လို့ ဗိုက်ကိုပွတ်ရင်း ပြောလိုက်ပေမယ့် အသံကတော့ ထွက်မလာပြန်ဘူး။ ခုတင်ပေါ်ကို သူလှဲချလိုက်တယ်။ သူ့ဗိုက်ကတော့ တစ်ခုခုကို အပြင်းအထန် တောင်းဆိုနေတုန်းပဲ။

ဟိုတစ်နေ့ညကဆို ရုတ်တရက် သူနိုးလာတယ်။ အခန်းထဲက ဖိနပ်တွေရယ်၊ နံရံမှာချိတ်ထားတဲ့ အင်္ကျီချိတ်တွေရယ်၊ တစ်ခုမကျန် စားပစ်လိုက်မိတယ်။ စားပြီးလို့ တော်တော်ကြာမှ ဟာ ငါ့ဗိုက်ဟာ တော်တော်လေး ဆိုးရွားနေပါလား။ ဒီအတိုင်းဆို ငါ့ကို ဒုက္ခပေးတော့မှာပဲလို့ သူတွေးခဲ့သေးတယ်။ အခု နေတော့လည်း ဒီဗိုက်ဟာ အရင်နေ့တွေကလိုပဲ ငါ့ကို ဒုက္ခပေးပြန်ပါလားလို့ တွေးရင်း အခန်းထောင့်နားက တီဗွီစင်ကြီးကို မမျှော်လင့်ဘဲ သူကြည့်မိသွားတယ်။ မုဆိုးက သားကောင်ကိုတွေ့တဲ့အခါ ဘယ်လိုတွေဖြစ်နေတဲ့ မုဆိုးရဲ့မျက်နှာမျိုးဟာ သူ့မျက်နှာမှာ ရုတ်တရက် ပေါ်လာတာကို သူသတိထားမိသွားတော့ မျက်နှာကြီးကို ပွတ်လိုက်တယ်။ သွားစမ်းပါဆိုတဲ့ စကားလုံးတွေကို လက်ချောင်းကြီးတွေက အကောင်အထည်ဖော်ပေးတာပေါ့။ ပွတ်ပြီးတာနဲ့ သူဟာ လက်ကိုအလန့်တကြား ပြန်ကြည့်လိုက်တယ်။ လက်မကလေးကို စိုက်ကြည့်ရင်း လက်မကလေးဟာ ပါမလာတော့ဘူးလို့ သူခံစားနေရတယ်။ ဘာပဲဖြစ်ဖြစ် သူ့မျက်လုံးတွေဟာ တီဗွီစင်ကြီးကို ကြည့်မိပြန်တယ်။ မဖြစ်ဘူး။ ဖြစ်တယ်။ မဖြစ်ရဘူး။ ဖြစ်ရမယ်။ တစ်ခုပြီးတစ်ခု ပေါ်လာတာက အမှန်ပဲ။ စင်ပေါ်မှာ အေးတိအေးစက်နဲ့ စားကောင်းမယ့် တီဗွီတစ်လုံးရယ် အောက်စက်တစ်လုံးရယ် DVD အခွေချပ်တွေရယ်။ မျက်နှာလွှဲ လိုက်ပေမယ့်လည်း သွားရည်တွေကျလာတော့ ထွေးပစ်ရမလား၊ မျိုချရမလား၊ ဒီအတိုင်းပဲ ထားရမလားလို့ သူတွေးနေချိန်မှာပဲ နောက်တစ်ခေါက် သူ့မျက်လုံးတွေဟာ တီဗွီစင်ပေါ်ကို ရောက်သွားပြန်တော့တယ်။ ပိတ်တယ်။ လွှဲတယ်။ ပြန်ရောက်တယ်။ ပြန်ထဖို့ဆိုတာ အလွယ်ကူဆုံး အသက်သာဆုံး ကိစ္စဆိုပေမယ့် သူ့အနေနဲ့ကတော့ အပိုင်းနှစ်ပိုင်း ရှိနေတယ်။ ပြန်ထပြီး တစ်ခုခုစားရမယ်ဆိုတာရယ် သည်းခံပြီး ဒီအတိုင်းနေရမယ်ဆို တာရယ်ပေါ့။

သည်းမခံတော့တဲ့အဆုံး တီဗွီစင်ကြီးဆီ သူထပြီးသွားလိုက်တယ်။ တီဗွီဟာ ၂၄ လက်မလောက်တော့ရှိမှာ။ သူ့အနေနဲ့ကတော့ တီဗွီကို အရင်စားရမလား။ ဒါမှမဟုတ် အောက်စက်ကို အရင်စားရမလားတွေးတုန်း သူ့ပါးစပ်ထဲ DVD အခွေတွေဟာ တကျွတ်ကျွတ်နဲ့ ကွဲသွားကြတယ်။ သူ့ကိုယ်သူ သတိမထားမိတဲ့ အချိန်ခဏလေးအတွင်းမှာ ဖြစ်သွားတဲ့ကိစ္စပဲ။ မထူးပါဘူးကွာလို့ တွေးပြီး သူဟာ တီဗွီကို ခေါင်းကနေ စစားတယ်။ သိပ်မကြာဘူး။ တီဗွီ မရှိတော့ဘူး။ သူသတိထားမိတဲ့အချိန်မှာပဲ သူ့ပါးစပ်ထဲမှာ အောက်စက်ဟာ ရောက်သွားပြန်ပြီ။ အားလုံးပြီးသွားတာနဲ့ သူဟာ ခုတင်ရှိရာဆီ တဖြည်းဖြည်း ပြန်လျှောက်လာတယ်။ သူ့ဗိုက်ဟာ ဝသလိုလို မဝသလိုလိုပဲလို့ သူတွေးမိလိုက်တယ်။ ခုတင်ပေါ်ရောက်တာနဲ့ သူပထမဆုံးလုပ်မိတာက သူ့ဗိုက်ကို တယုတယ သူပြန်ပွတ်မိနေတာပဲ။ ပြီးတော့ သူဆက်တွေးနေတော့တယ်။ ပြီးခဲ့တဲ့အချိန်တွေမှာ ငါစားခဲ့တာတွေ၊ ငါစားချင်တာတွေ၊ ငါစားခဲ့ရတာတွေဟာ တကယ်ကော အဓိပ္ပာယ်ရှိရဲ့လားဆိုတာကိုပဲ။ စဉ်းစားစရာတော့ ကောင်းတာပဲ။ တကယ်တော့ စဉ်းစားတယ်ဆိုတာကလည်း ဗိုက်ကလေးက ပြည့်နေမှ အားယားနေမှ အဆင်ပြေတာမဟုတ်လား။ ဟိုပြေးဒီပြေး လုပ်နေရ၊ ဘယ်အချိန် ကျည်ထိမလဲ တွေးပူနေရတဲ့ စစ်ဘေးရှောင် ပြည်သူတစ်ယောက်အတွက်ကတော့ စဉ်းစားချိန် ရှိနေမှာ မဟုတ်ဘူး။ စဉ်းစားချိန်ရှိရင်တောင်မှ ပြေးဝင်လာမယ့် ကျည်ဆန်တွေကတော့ စဉ်းစားကြမှာ မဟုတ်ဘူးလေ။ တကယ်တော့ ဆာလောင်မှုဆိုတာတွေဟာ ပုံစံအမျိုးမျိုးနဲ့ တည်ရှိနေကြတာပဲလေ။ တစ်ယောက်နဲ့တစ်ယောက်ရဲ့ ဆာလောင်မှုပုံစံတွေကတော့ တူကြမှာမဟုတ်ပေဘူး။ ဘာပဲဖြစ်ဖြစ် ဆာလောင်တယ်ဆိုတာမျိုးက ဘယ်တော့မှ မပြီးနိုင်တော့တာပဲ။ ဆာလောင်မှုပျောက်သွားတဲ့ ခဏလေးအတွင်းမှာတော့ အင်းစားတယ်၊ ဆာတယ်ဆိုတာ ဘာမှမဟုတ်ပါဘူးရယ်လို့ သူတွေးနေမိတတ်တယ်။ ဒါကလည်း တကယ့်ခဏကလေးပါပဲ။ နောက်တော့လည်း ခါတိုင်းလိုမျိုး ဆာနေရတာပဲ။ ဗိုက်ဝတာနဲ့ပဲ ဘာမှမဟုတ်ပါဘူးလို့ ဆက်တွေးနေပြန်တယ်။ ကြာလာတော့ အဲဒီတစ်ပတ်မပြည့် တပြည့်လည်နေတဲ့ အကြောင်းအရာကြီးကို သူသဘောပေါက်လာတယ်။ အဖြေက ရှင်းရှင်းလေးပဲ။ ဆာတုန်းကတစ်မျိုး၊ ဗိုက်ပြည့် တော့တစ်မျိုးဆိုတာကိုလေ။ နောက်တော့ သူတွေးလာတယ်။ အဲဒီလိုတွေးနေတာတွေက ဘာမှမဟုတ်မှန်း၊ မထိရောက်မှန်း သူ သိလာတယ်လေ။ သူသိတာတစ်ခုတော့ ရှိတယ်။ ဒါကလည်း ဝိုးတဝါးပါပဲ။ သူမရှိတော့ရင်တော့ ဆာလောင်မှု မရှိနိုင်တော့ဘူးဆိုတာလေ။ ဒါပေမဲ့ သူမရှိတော့ရင် သူဘယ်ရောက်သွားလို့လဲဆိုတာကိုတော့ သူမသိပြန်တော့ဘူး။ နောက်တော့ မသိတာတွေက များ လိုက်တာလို့ သူတွေးရင်း အိပ်ပျော်သွားပြန်ရဲ့။ သူနိုးလာတော့ ပျက်စီးနေတဲ့အခန်းကို ကြည့်ပြီးဟာ ငါဘာတွေလုပ်မိသွားပါလိမ့်ဆိုတဲ့ အတွေးပေါ်လာတဲ့အချိန်မှာသူ့လက်ဟာ သူ့ဗိုက်ပေါ်မှာ ရှိမနေတော့သလို သူဟာ ဒီအခန်းထဲမှာ ရှိမနေတော့ဘူး။

အဲဒီ ပျောက်သွားတဲ့သူ့အစား ရိုးသားတဲ့ လူသစ်တစ်ယောက်ရဲ့မျက်နှာဟာ အခန်းထဲမှာ ရုတ်တရက်ပေါ်လာတယ်။ အခိုက်အတန့် တစ်ခုလေးအတွင်းမှာ အခန်းထဲကလူသစ်ဟာ ထပ်ပျောက်သွားဦးမယ်ဆိုတာ သေချာပါတယ်။ လူသစ်ဟာ လူဟောင်းကိုရှာပြီး အပြစ်တင်နေတာဖြစ်ဖြစ် လူဟောင်းက လူသစ်ကိုရှာပြီး လှောင်ရယ်တာဖြစ်ဖြစ် သိပ်အရေးကြီးတာမျိုးတော့ မဟုတ်ဘူး။ လူသစ်နဲ့ လူဟောင်းဟာ အတူတူပဲဖြစ်ဖြစ် မတူတာပဲဖြစ်ဖြစ် သေချာတာကတော့ လူသစ်နဲ့ လူဟောင်းဟာ တစ်ပြိုင်နက်တည်း ဘယ်တော့မှ အတူမဆုံနိုင်ကြဘူးဆိုတာပါပဲ။ ဆုံကြရင်တောင်မှ လူသစ်နဲ့လူဟောင်းတို့ဟာ ဘယ်တော့မှ တစ်ယောက်နဲ့တစ်ယောက် သတိထားမိကြမှာ မဟုတ်ဘူး။ မတော်တဆများ သတိထားမိကြတဲ့ အချိန်ရောက်ရင်တော့လည်း အရာရာဟာ နောက်ကျသွားပြီဆိုတဲ့ အသိကလွဲလို့ တခြားအဖြေတွေ ရှိနေမှာ မဟုတ်တော့ပါဘူး။

Most Read

Most Recent