ကဗျာကဲ့သို့သော စာသားများ

ကဗျာကဲ့သို့သော စာသားများ
Published 24 August 2018

လှိုင်သာယာမြို့နယ်ရှိ ကျူးကျော်နေအိမ်အချို့ကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလက တွေ့ရစဉ် (ဓာတ်ပုံ-ရှိုင်းလင်းအောင်)

ပဲကလေးမသိုးခင်

စားဖို့ပင်

ညအိပ်ရာဝင်။

ညအိပ်ရာဝင်တော့ ရုတ်ခြည်းသတိရလာသည်။ ကြောင်အိမ်ထဲမှ ပဲဟင်းအကျန်ကို ဖြစ်သည်။ ညနေစာ စားပြီးသည့်တိုင် ဟင်းပန်းကန်ထဲမှာ ပဲဟင်းအနည်းငယ် ကျန်နေခဲ့သည်။ သန်းခေါင်သန်းနွှဲကျော်လျှင် ဒီပဲကလေးတွေ သိုးသွားနိုင်သည်။ အခု ဗိုက်ထဲမှာလည်း နည်းနည်းဆာနေသည်။ အိပ်ရာမှထ၍ ကြောင်အိမ်ရှိရာလာကာ ပဲဟင်းပန်းကန်ကို ယူသည်။ တော်ပါသေးရဲ့ ဆီအိနေအောင် ချက်ထားလို့လားမသိ၊ ပဲဟင်းကမသိုးသေး။ တစ်ဇွန်းကော်ကာ စားလိုက်သည်။ ပဲစိမ်းကို ချက်ထားတာမို့ ပဲစိမ်းအရသာပေါ်ပါသည်။ ဆိမ့်ဆိမ့်ကလေး။ ညသည် တိတ်ဆိတ်နေသည်။ သန်းခေါင်ယံနားနီးပြီမို့ လူသံ၊ သူသံ၊ ယာဉ်ရထားသံများ စဲသွားပြီ။ တစ်ချက်တစ်ချက် ပေါ်ထွက်လာတတ်သော ခွေးတစ်ကောင်၏ ဟောင်သံမှလွဲ၍ ညသည် တိတ်ဆိတ်မြဲ တိတ်ဆိတ်လျက်။ ဖွင့်ထားသော ပြတင်းပေါက်မှ လေပြေတိုးဝှေ့ဝင်ရောက်လာသည်။ ဟိုတစ်ဖက်၌ နက်မှောင်သော အဇဋာ မိုးကောင်းကင်ကြီးရှိသည်။ အိပ်စက်ချိန် ရောက်ပြီဖြစ်သော်လည်း သူမအိပ်နိုင်သေး။ ပဲဟင်းအကျန်ကလေး မသိုးခင် စားလိုက်နိုင်သည့်အတွက် သူကျေနပ်သွားခဲ့သည်။

သူ့ဘဝမှာ ကျေနပ်ဖို့ကောင်းတာ ဘာရှိသလဲ။ ဒီတော့မှ သူ့ကိုယ်သူ ပြန်သတိရလာတော့သည်။ သိပ်အများကြီးတော့ မဟုတ်ပေမယ့် သူ့ဘဝမှာ ကျေနပ်ဖို့ကောင်းတာ အနည်းငယ် ရှိခဲ့သည်။ လွန်ခဲ့သော ၁၀ နှစ်ကျော်က သူသွေးလှူပေးခဲ့ဖူးသော အမျိုးသမီးကြီးတစ်ယောက်ကို ကျန်းကျန်းမာမာ ပြန်တွေ့လိုက်ရသည်။ အမျိုးသမီးကြီးသည် အသက် ၈၀ ကျော် ၉၀ တွင်းသို့ ရောက်ချေပြီ။ ကျန်းမာနေလျက်ပင်။ ပဲဟင်းအကျန်ကလေးကိုစား ရေတစ်ခွက်သောက်ပြီးလျှင် သူအိပ်ရာဝင်ဖို့ပင်။ သို့ရာတွင် သူအိပ်ရာမဝင်နိုင်သေး။ မအိပ်စက်နိုင်သေး။ သူသည် ရုတ်ခြည်းသတိရလာပြန်ကာ ရေအိုးစင်သို့သွား၍ ရေတစ်ခွက် ခပ်သောက်လိုက်သည်။ သူသည် ရေတစ်ခွက်၏ သန့်ရှင်းသောအရသာကို ပြောပြနိုင်သူဖြစ်သည်။ သူလူငယ်ဘဝက သူ၏အစာအိမ်ထဲသို့ရေများ မကြာခဏ လောင်းထည့်ခဲ့သူဖြစ်သည်။ ထိုစဉ်က သူ့မှာ စားစရာ တစ်ခုခုကို ဝယ်ယူဖို့ ငွေကြေးလုံလောက်မှု မရှိခဲ့ပေ။ သို့ရာတွင် သူသည် စားပွဲမှာထိုင်ကာ စာများကို ရေးမြဲပင်ရေးခဲ့သည်။ မည်သည့်အချိန်အထိ သူစာရေးနေခဲ့သနည်းဟူမူ စာပို့သမားသည် သူ့ထံသို့ မန်နီအော်ဒါတစ်စောင် ယူဆောင်လာသည့် အချိန်ထိပင် ဖြစ်သည်။ “ခင်ဗျားအတွက် ငွေပို့လိုက်တယ်” “ခင်ဗျာ” ကြားစက သူ့နားကိုပင် သူမယုံနိုင်ခဲ့ပေ။ သူသည် အောက်ကျို့ခယသော အကြည့်ဖြင့် စာပို့သမားကိုကြည့်ကာ သေချာအောင် ထပ်မေးလိုက်သည်။ စာပို့သမားသည် ကြင်နာဟန်ဖြင့် သူ့ကိုကြည့်နေသည်။ ထို့နောက် ထပ်၍ဆိုလိုက်သည်။ “ခင်ဗျားအတွက် ငွေပို့လိုက်ပါတယ်” သူ့ဝမ်းဗိုက်မှာ တကျုတ်ကျုတ် မြည်လာသည်။ အလွန်ဝေးလံသော တစ်နေရာ၌ လျှပ်စီးများ တဖျပ်ဖျပ်လက်ကာ မိုးထစ်ချုန်းနေဟန်ရှိသည်။ “ခင်ဗျားနာမည် နေမျိုးမဟုတ်လား” သူသည် သူ့နာမည်ကို အထူးအဆန်းဝေါဟာရတစ်ခုကို ကြားလိုက်ရသည်အလား ဒင်းခနဲဖြစ်သွားသည်။ ပြီးမှ အလွန်ကျိုးနွံသောအသံဖြင့် “ဟုတ်ပါတယ် ကျွန်တော့်နာမည်ပါ” ဟု ရေရွတ်လိုက်သည်။ စာပို့သမားသည် ပို၍ ယုံကြည်စိတ်ချသွားဟန်ဖြင့် မန်နီအော်ဒါကို ဆွဲထုတ်ယူလိုက်သည်။ သူ့ဝမ်းဗိုက်သည် တကျုတ်ကျုတ် မြည်လာပြန်သည်။ (ဤသို့သော အရေးအသားကို အစစ်အမှန်မဟုတ် ချဲ့ကားထားသော အကြောင်းအရာများသာ ဖြစ်သည်။ ပြောင်းပြန်နည်းဖြင့် ကြွားဝါနေခြင်း သက်သက်သာဖြစ်သည်ဟု နောင်အခါတွင် မှတ်ချက်ပြုကြသည်။ ဤကား စကားချပ်)

ငါက အသက်ကြီးပြီ

ဟင်းတွေသိုးတော့မယ်

အိမ်ပြန်ကြပါစို့။

သူသည် စာတိုက်မှ ငွေထုတ်ယူကာ အိမ်ခန်းကလေးရှိရာဆီ ပြန်လာခဲ့သည်။ သူ့လက်ထဲတွင် ငွေစက္ကူအနည်းငယ်ရှိသည်။ သူရေတွက်ကြည့်ပြီးပြီ။ စုစုပေါင်း ခုနစ်ဆယ့် ငါးကျပ်။ သူသည် လကုန်ကာနီးရက်တိုင်း မြည်တွန်တောက်တီးတတ်သော အိမ်ခန်းပိုင်ရှင် အဘွားကြီးကို သတိရလာသည်။ အဘွားကြီးသည် သူ့ကို မြင်ရုံမျှနှင့် ငွေကြေးပြတ်လပ်နေသည် သို့မဟုတ် ငွေစကြေးစ ရှိနေသည်ကို အကဲခတ်နိုင်သူဖြစ်၏။ (ဤနေရာတွင်  စာပေလေ့လာ ဖတ်ရှုသူအချို့က အဘွားကြီးမှာ အကယ်တည့် စင်စစ်အဘွားကြီးမဟုတ် မဝင်းမေဟူသော အမျိုးသမီးတစ်ဦးဖြစ်ပြီး သူသည် မဝင်းမေနှင့် ရည်ငံနေကြချိန်ကို ပုံဖျက်၍ ရည်ညွှန်းဆိုထားခြင်းသာ ဖြစ်သည်။ သူ၏ ချစ်ခြင်းဖွဲ့လင်္ကာများသာဖြစ်သည်ဟု မှတ်ချက်ပြုကြသည်။ ထိုအခါမျိုးတွင် သူသည် ငြင်းဆိုခြင်းပြုလေ့မရှိပေ။ ဤကားစကားချပ်) အဘွားကြီးကို ပေးရမည့် အခန်းခမှာ နှစ်လစာဖြစ်သည်။ အခန်းခ နှစ်လစာပေးလိုက်လျှင် သူ့လက်ထဲတွင် တစ်ပြားတစ်ချပ်မျှ ကျန်တော့မည် မဟုတ်ပေ။ ရုတ်တရက် သူအကြံရလာသည်။ အိမ်ခန်းခ တစ်လစာပေး၍ ကျန်ငွေထက်ဝက်ကို သူ့အတွက် ချန်ထားရန်ပင်ဖြစ်သည်။ သူသည် အထက်တန်းကျောင်းသားဘဝက အပိုင်းကိန်း ပုစ္ဆာများ တွက်ခဲ့ဖူးပုံကို သတိရသွားသည်။ သူသည် တေးသွားတစ်ခုကိုပင် တရွှီရွှီလေ ချွန်မိလေတော့သည်။ ထိုတေးသွားမှာ စိန်ခဲမြခဲ ထိန်ထိန်ကြဲ...ကိုယ့်မှာတော့ လမ်းခင်းတဲ့ ကျောက်ခဲဟူသော သီချင်းတေးသွားပင် ဖြစ်သည်။ ဘဝဟူသည်မှာ သိပ်တော့အထူး အဆန်းမဟုတ်၊ ငွေကြေးရှိသော နေ့ရက်များနှင့် ငွေကြေးပြတ်လပ်နေသော နေ့ရက်များသာ ဖြစ်သည်။ ရယ်မောနေသောသူများနှင့် ငိုကြွေးနေသောသူများ၏ အစုအဝေးသာ ဖြစ်သည်။ အိပ်ပျော်နေချိန်နှင့် နိုးနေချိန်မျှသာ ဖြစ်သည်။ သူသည် လမ်းထိပ်ဈေးဆိုင်မှ ဆားငန်သော ပေါင်မုန့်ကြမ်းတစ်လုံးကို ဝယ်ယူလိုက်သည်။ ထန်းလျက်ခဲအနည်းငယ်ကို ဝယ်ယူလိုက်သည်။ ဤမျှဆိုလျှင်သူ့အတွက် လုံလောက်ပါပေပြီ။ (ဤနေရာတွင်သူ၏ မိတ်ဆွေအချို့၏ ပြောကြားချက်နှင့် ကွဲလွဲမှု ရှိနေသည်ဟု ဆိုကြသည်။ သူသည် သူနှင့် ရည်ငံနေသော အမျိုးသမီးတစ်ဦး၏ စောင့်ရှောက်မှုဖြင့် အသားဟင်းဖြင့် ထမင်းကောင်းကောင်း မြိန်ယှက်စွာ စားခဲ့ရသည်။ အထူးသဖြင့် ထိုအချိန်မှာ မြို့ကြီးများတွင်အဖြစ် အပျက်ကြီးတစ်ခု ကျရောက်နေချိန်လည်း ဖြစ်သည်ဟု ဆိုကြသည်။ ဆားငန်သော ပေါင်မုန့်ကြမ်းမှာ ဂျက်လန်ဒန်၏ ဝတ္ထုကို ဖတ်ရှုမိရာ ရရှိသော စိတ်ကူးကို ဝေါဟာရအဖြစ် ပြုလုပ်ထားခြင်းဖြစ်ကြောင်း သူကိုယ်တိုင် ဝန်ခံခဲ့သည်) သူသည် တဖြည်းဖြည်း အိုမင်းလာသူတစ်ယောက်လို ကိုယ့်ကိုယ်ကိုယ် ထင်မှတ်လာသည်။ ကြည့်မှန်ထဲက ရုပ်သွင်မှာ အဘိုးအိုပေါက်စတစ်ယောက်၏ ပုံစံသာ ဖြစ်ပါသည်။ သူသည် စာရေးစားပွဲမှာ ထိုင်ရင်း ပေါင်မုန့်ကြမ်းကို တစ်ဖဲ့စားကာ မတ်ခွက်ထဲမှရေကို တစ်ကျိုက်သောက်လိုက်သည်။ ထန်းလျက်ခဲကို တစ်ကိုက်စားလိုက်သည်။ သူ့ရေးလက်စ ဝတ္ထုရှည်ကြီး၏ လက်ရေးမူများကို ကြည့်ရင်း ချိုမြသော ထန်းလျက်ခဲကို မြုံနေလိုက်၏။ အချိန်မှာ နွားရိုင်းသွင်းချိန် ဖြစ်သည်။ အပြင်ဘက်မှာ လေမှုန်နေသည်။ အဘွားကြီးသည် တဗျစ်တောက်တောက် ရေရွတ်ကာ သူရှိရာသို့ လာနေလေပြီ။

သူသည် အခန်းကလေးထဲ၌ အသက်ရှူရန်ပင် မေ့နေသည်။

ကျုပ်ခြုံထားတဲ့ စောင်အပေါက်ကလေး

ဘယ်သူဖာပေးမလဲ

သိပ်အေးတာပဲ။

ဆောင်းရက်များ ကျရောက်သည်။ သူ၏ နားရွက်နှစ်ဖက်မှာ အေးစက်တောင့်တင်းနေသည်။ သူ၏ စိတ်ကူးစိတ်သန်းများသည် ဆောင်းရက်များတွင် ဦးခေါင်းထဲ၌ အေးခဲသွားကြတော့သည်။ သူအများကြီး မစဉ်းစားနိုင်တော့ပါ။ သူ၏ ရေးလက်စ ဝတ္ထုရှည်ကြီး၏ စာမျက်နှာများကို ဖွင့်လျက် ငြိမ်သက်နေတော့သည်။ စာတစ်လုံးတလေမျှ ချရေးနိုင်ခြင်း မရှိပေ။ သူသည် အချည်းအနှီးသာ။ အပြင်ဘက်တွင် နှင်းများထူပိန်းနေအောင် ကျဆင်းလျက်ရှိသည်။ နှင်းများမှာ ထူထဲသဖြင့် လူတစ်ယောက်ကို ပြာမှိုင်းမှိုင်းအရိပ် သဏ္ဌာန်မျှသာ တွေ့ရပေတော့သည်။ ပြာမှိုင်းမှိုင်းအရိပ်သဏ္ဌာန်တစ်ခုသည် သူ့အနီးသို့ ရောက်လာသည်။ သူသည် အိမ်ခန်းပိုင်ရှင် အဘွားကြီး အနီးသို့ ရောက်ရှိလာပြီကို သိလိုက်သည်။ အဘွားကြီးသည် နှင်းတွေထဲမှဖြတ်ကာ သူ့အနီးသို့ ရောက်လာပြီး မီးသွေးများကို ပေးနေသည်။ “ကောင်လေးငါ့ကို ဒုက္ခရောက်အောင် မလုပ်နဲ့ရော့” သူသည် စားစရာ တစ်ခုတလေများလားဟု ကြည့်လိုက်ရာ မီးသွေးများကိုသာ တွေ့ရသည်။ မှန်ပါသည်။ မေတ္တာတရားသည် အနက်ရောင် မီးသွေးများ ဖြစ်ပါသည်။ ကမ္ဘာကြီးသည် မီးသွေးများနှင့် ဖွဲ့စည်းထားသော အရာတစ်ခုပါတကား။ မီးသွေးများကို နှင်းထုကြီးထဲမှာ သယ်ဆောင်ခြင်းသည် ဘဝရှင်သန်မှုပါတကား။ (သူ၏ စာပေလက်ရာများတွင် တွေ့ရသော အားနည်းချက်မှာ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ စာဖတ်သူကို ဇွတ်အတင်းအကျပ် ယုံကြည်စေခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။ ဤကား စကားချပ်) သူသည် ဖရန့်ကပ်ဖ်ကာ၏ ဝတ္ထုတစ်ပုဒ်ကို သတိရလာသည်။ ကပ်ဖ်ကာသည် ကြောက်မက်ဖွယ် အေးစက်နေသော ဆောင်းရာသီထဲ၌ ကျောက်မီးသွေးတစ်ဂေါ်စာ လိုက်လံရှာဖွေနေသူ တစ်ယောက်အကြောင်းကို ရေးထားသည်။ ကပ်ဖ်ကာ၏ ဆောင်းရာသီမှာ ရှောင်လွှဲ၍ မရသော ကမ္ဘာစစ်ကို ညွှန်းဆိုထားခြင်းဖြစ်ကြောင်း သူကြားဖူးထားသည်။ သူသည် ဆောင်းရက်များတွင် အောက်သိုးသိုး ကုတ်အင်္ကျီဟောင်းကြီးကိုဝတ်ဆင်ကာ နှင်းမှုန်ထဲတွေထဲမှာ လမ်းသလားနေခဲ့သည်ဟု ရေးခဲ့ဖူးသည်။ သူသည် ကံကောင်းထောက်မစွာ ချစ်မေတ္တာစိတ်ကြွယ်ဝသော နေ့ရက်များဖြင့် ဆောင်းရာသီ၏ နေ့ရက်များကို ဖြတ်သန်းနိုင်ခဲ့သည်။ သို့ရာတွင် ထိုဆောင်းရက်များကို နောက်ထပ်ဘယ်တော့မှ သူ မတွေ့ရနိုင်တော့ပေ။

သူသည် တစ်စတစ်စ အိုမင်း၍သာ လာသည်။ သူ၏ရေးလက်စ ဝတ္ထုရှည်ကြီးမှာ ယခုထက်တိုင် လက်ရေးမူအဖြစ်နှင့်သာ ရှိသေးသည်။ သူ၏ လက်ရေးမှာ တွန့်လိမ်ကွေးကောက်ကာ ပဲပင်ပေါက်ပမာဖြစ်လာသည်။ သူ၏ မျက်လုံးများမှာ မျက်မှန်မပါဘဲနှင့် ပဲပင်ပေါက်များကို မြင်တွေ့နိုင်ခြင်း မရှိတော့ပေ။ မကြာမီ အခန်းခပေးရတော့မည်ကို သူသတိရလာသည်။ စာပို့သမားသည် တစ်စောင်တည်းသော မန်နီအော်ဒါကို သူ့ထံ လာရောက်ပေးအပ်ခဲ့ပြီး နောက်ထပ် မည်သည့် အခါမျှ ပေါ်မလာတော့ပေ။ သူလက်ထဲမှာ ငွေကြေးလုံလောက်ခြင်းမရှိ။ မကြာမီ ဗျစ်တောက်ဗျစ်တောက် ပြောလေ့ရှိသော အဘွားကြီး သူ့ထံရောက်လာပေတော့မည်။ သုံးလစာ ပေါင်းပေးပါမည့်အကြောင်း ညွတ်တွားခညောင်းစွာ သူပြောရပေဦးမည်။

Most Read

Most Recent