လူအုပ်ထဲက အထီးကျန်မှု

လူအုပ်ထဲက အထီးကျန်မှု
Published 24 August 2018

ရန်ကုန်မြို့ရှိ ဘူတာတစ်ခုအတွင်း ခရီးသွားပြည်သူများအား တွေ့ရစဉ် (ဓာတ်ပုံ-မျိုးထက်ပိုင်)

မြို့ကြီးတွေမှာ လူတွေက အရမ်းများတယ်။ ကျွန်တော်ကလည်း လူတွေအများကြီး ပြုံခဲနေတာကို မမြင်ရတာ အတော်ကြာပြီ။ လူအရမ်းများတာကိုလည်း မကြိုက်ဘူး။ များလို့သာများနေတာ ဘာမှလည်း အရာမဝင်ဘူး။ ကိုယ့်ကိုယ်ကိုယ် ယဉ်ကျေးမှုတော်လှန်ရေးကြောင့် နယ်အပို့ခံရတဲ့ လူတစ်ယောက်ခုမှ မွေးရပ်မြေကို ပြန်ရောက်ပြီး တွေတွေငေးငေးဖြစ်နေသလို ခံစားနေရတယ်။ အဲဒီလို ဥပမာကို သတိရမိလို့ ရယ်ကလည်း ရယ်ချင်တယ်။ ဒါပေမဲ့ ခံစားမှုကတော့ အဲဒီလိုပါပဲ။ လူတွေက အနားသိပ်အကပ်မခံကြဘူး။ အရမ်းနီးလာရင် ခြေလှမ်းရပ်ရင်ရပ်သွား၊ နို့ မဟုတ်ရင် ကိုယ်ကိုယို့ထားလိုက်ကြတယ်။ သူတို့ အဲဒီလိုဖြစ်နေလို့ ကိုယ်လည်းပဲ စိတ်ထဲတစ်မျိုးဖြစ်တယ်ဆိုပေမယ့် သူတို့ကို အပြစ်တင်လို့လည်း မရဘူး။ မြို့က ကျယ်ပြန့်လာ လူဦးရေက ထူထပ်ဆိုတော့ လူတစ်ယောက်ယောက်ကို ပြန်ရှာချင်ရှာဖို့ မလွယ်တော့ဘူးဆိုတာ သိနေတော့ အားလုံးဟာ ဝေးနေကြတယ်။ တစ်ယောက်နဲ့တစ်ယောက် ပခုံးချင်း တိုက်သွားပေမယ့် နောက်တစ်ကြိမ်ဆုံဖို့ရာမှာ ဟေလီကြယ်တံခွန်ကမှ သေချာသေးတယ်။ သူ့ပတ်လမ်းအတိုင်း ပြန်လာမှာ။ ဒီမြို့ကြီးထဲ လူတွေကတော့ အားလုံး စကြဝဠာ ကနဦးဖြစ်စဉ် ဘစ်ဘန်လိုပဲကြာလေ ဝေးသွားလေ။

ငါးနှစ်တစ်ခါ ခြောက်နှစ်တစ်ခါလောက်မှ ရောက်ရတဲ့ ဒီစိတ်ပျက်စရာမြို့ကြီးကိုရောက်တိုင်း ကျွန်တော့်မှာက မေးရမြန်းရတာတွေက ရှိတယ်။ ဘတ်စ်ကားလိုင်းတွေ ကျွန်တော် မသိတော့ဘူး။ တက္ကစီဖိုးကိုလည်း ကျွန်တော် မတတ်နိုင်ဘူး။ အတွင်းကို လှမ်းမြင်ရတဲ့ သံဆန်ခါတွေနေရာမှာ အုတ်တံတိုင်းအမြင့်ကြီးတွေနဲ့ အစားထိုးထားတဲ့ နေရာဟောင်းတွေ။ နောက်ပြီး ခုံးကျော်တွေကြောင့် ရပ်နေကျ မှတ်တိုင်တွေက ကျော်သွားတာ၊ နောက်ဆုတ်သွားတာတွေ ဖြစ်ကုန်တယ်။ လမ်းတွေက အတိုလေးတွေမှာ လွဲကုန်တယ်။ ဒါပေမဲ့ တစ်ခုခုမေးဖို့ အားထုတ်လိုက်တိုင်း ပထမဆုံး စကားသံနဲ့တင် ခြေလှမ်းနောက်ကို တစ်ထစ်ဆုတ်သွားတော့ ဒုက္ခအတော်ရောက်တယ်။ တချို့ကျတော့လည်း သိုသိပ်ဖြေရှင်းရမယ့် အရှုပ်ထုပ်တွေကို ကားပေါ်မှာ လက်တစ်ဖက်က ကွင်းကိုကိုင်ထားရင်း၊ တစ်ဖက်က ဖုန်းကို နားနားကပ် ပြောဆိုနေကြတယ်။ ဂီယာချိန်းလိုက်တိုင်း ဂီးခနဲ ဂီးခနဲ မြည်မြည်နေလို့ စိတ်ညစ်နေရတဲ့ကြားထဲ ကားတစ်စီးလုံး သူ့ဒုက္ခကို နားဆင်နေရတယ်။ တချို့က ပခုံးအပေါ်ကနေ ခေါင်းငဲ့ကြည့်ရင်း ရယ်နေကြတယ်။ တချို့က စုတ်သပ်တယ်။ စိတ်ပျက်လို့ သပ်တဲ့ စုတ်သပ်ခြင်းမျိုး။ သူကတော့ မသိရှာဘူး။ ငိုသံတွေပါ ဝဲလို့ပဲ။ သူ့တကယ့်ဘဝကို လေလှိုင်းပေါ်ကနေ ရှင်းလင်းနေရတယ်။ ငါ့ကိုသာ လာသတ်လိုက်ကြပါတော့တဲ့။ ငါရှေ့မှာ အလုပ်ဖြောင့်ဖြောင့်လုပ်လို့ မဖြစ်တော့ဘူးတဲ့။ ကျွတ် ဇာတ်လမ်းပဲ။

မြို့ပတ်ရထား တစ်ခါမှမစီးဖူးလို့ တက်စီးကြည့်တော့ မြို့ကြီးရဲ့ မူလအရသာက ပြောင်းမသွားဘူးဆိုပေမယ့် အနည်းငယ်တော့ အသက်ရှူချောင်စရာဖြစ်တယ်။ ဘူတာတွေကတော့ ကျွန်တော် ငယ်ငယ်ကလို ညစ်ပတ်နေဆဲပဲ။ ကားဂိတ်တွေနဲ့ မတူတဲ့အချက်က ကားဂိတ်တွေဟာ မြို့ကို လမ်းပေါ်မှာ မြင်ရတာမျိုးဖြစ်ပြီး၊ ဘူတာတွေကတော့ မြို့ကို အိပ်ရာထဲမှာ တွေ့ရသလိုမျိုးပေါ့။ ဒါပေမဲ့ ကားပေါ်မှာ တင်ပါးတင်ပါးချင်း အသားအသားချင်း ပွတ်နေရင်း ကမ္ဘာပေါင်းများစွာ ဘဝပေါင်းများစွာက ရှိထားတဲ့ ရေစက်ကုန်ခဲ့ ရသူတွေထက် ရထားပေါ်မှာက ပိုအကူအညီရနေသေးတယ်။ အုပ်စုလိုက် အုပ်စုလိုက် သူ့အဖွဲ့နဲ့သူ စကားလက်ဆုံတွေ ကျနေတာပဲ။ ရထားသံက ဆူလွန်းတော့ သူတို့အသံပေါ်မှာ စိတ်အနှောင့်အယှက်ဖြစ်တာ စိတ်ဝင်စားတာ တခြားလူတွေမှာ မဖြစ်တော့ဘူး။ ထိုင်ခုံရတဲ့ တစ်ယောက်တည်းသမားတွေကတော့ ဖုန်းကလေးတွေထုတ်ပြီး ငြိမ်သက်နေကြတာပဲ။ တစ်ယောက်တည်း ကုပ်မှာ ချွေးစို့ပြီး နုံးချည့်နေမယ့်အစား မျက်နှာတွေကိုပဲ လိုက်ငေးနေရတာပေါ့။

တချို့များကျတော့လည်း ထီးကို ရထားကြမ်းပြင်မှာထောက်၊ ထီးလက်ကိုင်ပေါ်မှာ လက်နှစ်ဖက် ယှက်တင်ပြီး တရုတ်သိုင်းကားတွေထဲက သိုင်းသမားတွေ သတိနဲ့အိပ်သလို အိပ်တဲ့ဟန် လုပ်နေကြတယ်။ ကျွန်တော်က အဲဒါကို တွေးမိပြီး အသံထွက် တစ်ချက်ရယ် လိုက်မိသေးတယ်။ ဒါပေမဲ့ ရယ်တာကို တန်းရပ်ရတယ်။ ကျွန်တော့်ဘေးမှာလည်း မတ်တတ်ရပ်ပြီး ရထားဟန်ချက်နဲ့အညီ ကိုယ်ကို လိုက်ယိမ်းနေရင်း မျက်နှာတွေကိုပဲ ငေးစရာရှိလို့ မျက်နှာတွေကိုပဲ လိုက်ငေးနေသူတွေ ရှိနေတာကိုး။ မတ်တတ်ရပ်နေသူတွေအဖို့က ရထားအပြင်ဘက်က ရှုခင်းကို မြင်ရဖို့လည်း မဖြစ်နိုင်၊ ဖုန်းထုတ်ကြည့်နေဖို့ကလည်း သိပ်မလွယ်လှတော့ ရထားခေါင်မိုးကို စခရင်ကြီးတစ်ခုလို စူးစိုက်ကြည့်ရင်လည်း ကြည့်၊ မဟုတ်ရင်လည်း လူတွေဘာလုပ်နေသလဲ ကြည့်ဖို့အပြင် အခြားအလုပ်မှ မရှိဘဲကိုး။ သို့သော်လည်း ပြတင်းပေါက်အနားက ထိုင်ခုံမှာ ထိုင်ခွင့်ရပြီဆိုရင်တော့ မြို့ကြီးရဲ့ နောက်ဖေးချောင်ကို ကြည့်ခွင့်ရမယ်။ ရထားသံလမ်းနှစ်ခုကြားမှာ လှမ်းထားတဲ့ ပုဆိုး၊ ထဘီတွေကို မြင်ရမယ်။ ရေထဲကန်စွန်းခင်းတွေကို ဆေးဖျန်းနေသူတွေကို မြင်ရမယ်။ စပါးကြီးမြွေကြီးတွေလို တိုက်နောက်ကျောနံရံမှာ တွယ်တက်နေတဲ့ ရေညှိစိမ်းတွေကို မြင်ရမယ်။ ကျွန်တော်က အဲဒါတွေအားလုံးကို ချစ်မိတယ်။ သို့သော် လိုတော့မလိုချင်ဘူး။

စရောက်တဲ့နေ့ကဆို မနက်ခင်း ၃ နာရီလောက်ကြီး တည်းခိုခန်းတွေရဲ့ မှန်တံခါးတွေကို ကျွန်တော် လိုက်ခေါက်နေရတယ်။ အိပ်မှုန်စုံမွှားနဲ့ ထွက်လာသူတွေဟာ ကျွန်တော့်ကို တစ်ချက်ကြည့်ပြီး အခန်းမအားတော့ဘူးလို့ပဲ ပြန်ပြောရင်း အခန်းထဲ ပြန်ဝင်သွားကြတယ်။ သူတို့နောက်ကျောကို မြင်ရသရွေ့ ကြည့်ပြီးတဲ့နောက် မှောင်မည်းနေတဲ့ လှေကားတွေကနေတစ်ဆင့် ကျွန်တော်ဟာ လမ်းတွေပေါ်ဆင်းလာ၊ ပြီးတော့ နောက်တည်းခိုခန်းတစ်ခုရှိတဲ့ လှေကားကျဉ်းကျဉ်းတွေကနေ တက်သွား၊ အမှောင်ထဲကနေ တစ်ယောက်ယောက် လှမ်းဆွဲလိုက်မှာတောင် ကြောက်နေမိသေးတယ်။ ဆရာမောင်အောင် ပွင့်ရဲ့ ‘ငါးရိုးနင်တဲ့ ငွေလမင်း’ ကဗျာထဲက စာသား ‘ဆာကလည်း ဆာလောင်၊ မြို့လယ်ကောင်ကြီး၊ လရောင်တောင်မရှိ’ ဆိုတဲ့ ခံစားမှုကို ရလာတယ်။ တချို့တည်းခိုခန်းတွေမှာတော့ ဘဲလ်တီးလို့တောင် ထွက်မလာကြတော့ဘူး။ ကျွန်တော်ကတော့ ဘယ့်နှယ်မှ မနေပါဘူး။ ကျေနပ်နေမိသလိုတောင်ရှိတယ်။ လူ့ဘဝမှာ ဒီလို ရည်ရွယ်ချက်မပါတဲ့ ငြင်းပယ်ခံရမှုမျိုးကလည်း မကြာမကြာ ကြုံသင့်တယ်လို့ ကျွန်တော်ကထင်တယ်။ ဒါမှ ငြင်းပယ်ခံရတဲ့အခါ ဘယ်လိုခံစားရလဲဆိုတာကို သိမှာ။ အသေးအဖွဲတွေဆိုတာ လိုက်ခံစားနေဖို့ မဟုတ်ဘူး သိဖို့ပဲလေ။

ကျွန်တော်ဟာ နေ့ဘက်များဆိုရင် လူသိန်းနဲ့ချီအောင်၊ ကားပေါင်း သောင်းနဲ့ချီအောင် ဖြတ်သန်းနေကြတဲ့ အလွန်အင်မတန် ရှုပ်ထွေးရွစိထိုးနေမယ့် လမ်းမကြီးပေါ် တစ်ယောက်တည်း လမ်းလျှောက်နေရင်း ကြည်နူးသလိုတောင် ဖြစ်လာတယ်။ နယ်မြို့လေးက ကိုယ့်အိမ်မှာကိုယ် သက်သောင့်သက်သာနေရင်း ငါ့အနေနဲ့ မနက်ခင်းတိုင်း လမ်းထလျှောက်ရင်း ကျန်းမာရေး လေ့ကျင့်ခန်းယူဖို့တော့ သင့်ပြီလို့ အကြိမ်ကြိမ်တွေးခဲ့မိပြီး မဖြစ်ခဲ့သမျှ ဒီခရီးမှာလာပြီး အကောင် အထည်ဖော်ရသလိုတောင် ဖြစ်နေတော့ ကျေနပ်စရာပေါ့။ ရခဲလှတဲ့ လဟာပြင်လမ်းမကြီး တစ်ခုလုံးဟာ ကျွန်တော်တစ်ယောက်တည်းအတွက် ဖြစ်နေတာကိုး။ နယ်ဘက်မှာလို ခွေးလေခွေးလွင့် အရမ်းမပေါဘူး။ ရှိတဲ့ တချို့အကောင်တွေကလည်း ကားခေါင်မိုးပေါ်မှာ၊ ကားအောက်တွေမှာ ငြိမ်သက်နေလို့ပဲ။ တိတ်ဆိတ်မှုက ထုထည်ကြီးလွန်းတော့ ထိလိုက်ကိုင်လိုက်တာနဲ့ ကြွေကျသွားမယ်လို့ ထင်စရာတောင်မရှိဘူး။ ညဦးလောက်က မိုးဖွဲဖွဲကျထားလို့ မိုးရေနည်းနည်း စိုစွတ်နေသေးတဲ့ လမ်းမြှောင်လေးတွေပေါ်မှာတော့ မီးရောင် နီဝါပြာတွေဟာ Abstract ပန်းချီကားတစ်ချပ် ဆေးပက်ထားသလို အရိပ်တွေ စွဲနေတယ်။ တိုက်တာတွေကြားတချို့ အခန်းတွေကနေ ရေနွေးငွေ့တွေကို မြင်နေရတယ်။ မကြာခင် ရောင်နီကလေး သန်းတော့မယ်။ လက်ဖက်ရည်ဆိုင်တချို့ဟာ ဘာဂျာတံခါးတွေကို တွန်းရွှေ့လိုက်ကြတယ်၊ မ,တင်လိုက်ကြတယ်။ ဒါဟာ မုန်တိုင်းနဲ့ လေပြည်ကြားက ကန့်လန့်ကာကို ပထမဆုံး တွန်းဖယ်လိုက်တဲ့ အသံပဲလို့ ကျွန်တော်သိလိုက်တယ်။

ဒီလိုဆိုတော့ လူဦးရေသိပ်မထူထပ်တဲ့ နယ်တွေရဲ့ မထင်ရှားတဲ့ အလှတွေကိုတောင် ပြန်တွေးမိနေတယ်။ အသိမ်းမခံရသေးလို့ လုပ်စားလို့ ဖြစ်နေသေးတဲ့ လယ်ကွင်းတွေ ရှိသေးတယ်။ ကားလမ်းနံဘေးက မြက်ခင်းထဲ ငုတ်ရိုက်ပြီး ချည်တိုင်လုပ်စားကျက်လွှတ်ထားတဲ့ နွားတွေရဲ့ ထူးဆန်းတဲ့အကြည့်တွေ ရှိသေးတယ်။ ထမင်းလုံးတွေ ပက်ကြဲထားလို့ ခြံဝင်းထဲ ခုန်ခုန်ဆင်းလာတဲ့ ဆက်ရက်၊ စာကလေး ငှက်ကလေးတွေ ရှိသေးတယ်။ ခွေးတောက်ရွက်တွေ နွယ်တက်နေလို့ ရုပ်လုံးပျောက်နေတဲ့  သစ်ပင်တွေရှိသေးတယ်။ ခင်ဗျားဟာ လူတွေကို မုန်းတီးနေတဲ့ လူ မဟုတ်ရင် ကြိုက်တဲ့နေရာမှာ ကြိုက်တဲ့လူနဲ့ စကားလက်ဆုံကျလို့ ရပါတယ်။ ကွမ်းယာဆိုင်တစ်ခုခုမှာထိုင်ရင်း ယနေ့သတင်းစာထဲက လူမှုဘဝတွေကို သုံးသပ်နေတဲ့ ရှေးအဘိုးကြီးတွေ ရှိတယ်။ ကုက္ကိုပင်အောက်က ကျားဝိုင်းကို ငေးနေလို့ရတယ်။  နှစ်လုံးထီနဲ့ ပတ်သက်လို့၊ ယနေ့ရာသီဥတုနဲ့ ပတ်သက်လို့ သူတို့ ပြောကြဆိုကြတာတွေ ထင်မြင်ချက်ဝင်ပေး လို့ရတယ်။ ဆိုင်ကယ်ကယ်ရီဂိတ်တစ်ခုက ဇယ်ခုံတစ်ခုမှာ (နယ်မှာတော့ လက်တောက်ခုံလို့ခေါ်တယ်) ဖြူးထားတဲ့ ကျောက်မှုန့်ကို လက်နဲ့စမ်းကြည့်လို့ရသေးတယ်။ ပိုက်ဆံပါရင် လူလည်းလွတ်မယ်ဆိုရင် တစ်ပွဲတစ်လမ်း ဝင်စမ်းလို့ရသေးတယ်။ ဆိုက်ကာလွှတ်ဖို့အတွက် ဖင်ကြွဖို့ လိုသေးတဲ့ စိတ်သဘောတွေပဲရှိမယ်။ ခင်ဗျား ဘယ်ကလာသလဲ ဘယ်သူမှ စိတ်ဝင်စားမယ့် သဘောမရှိဘူး။

အချိန်ရဲ့သဘောဟာ လူဦးရေထူထပ်လွန်းရင် မြန်ဆန်လာတဲ့ သဘောရှိပြီး မြို့ငယ်သေးသေး ရွာနံဘေးတွေမှာတော့ တစ်နေ့တာကို ကုန်ဆုံးဖို့ဟာမှာ အားထုတ်ယူရတဲ့နေ့ တွေတောင်မှ ရှိနေခဲ့တယ်။ ကျွန်တော်ကလည်း အဲဒါကိုပဲ သဘောကျတယ်။ သစ်ပင်တွေကြားထဲက လာတဲ့လေကို မျက်လုံးမှိတ်ပြီး ခံစားရတာကို ပိုကြိုက်တယ်။ လိုင်းကား ပြတင်းပေါက်ကနေ အခြားလိုင်းကားပြတင်း ပေါက်နောက်က မျက်နှာတွေကို လှမ်းငေးရတာကို မကြိုက်ဘူး။ ကျောချင်းကပ်ထားရတဲ့ သူဟာ ဘယ်သူမှန်းမသိတဲ့ အဖြစ်ကို မကြိုက်ဘူး။ တစ်ရက်ပဲ အသက်ရှင်နေရတယ်ဆိုတဲ့ ပုစဉ်းကလေးတွေ အဲဒီတစ်ရက်ကို ဘယ်လိုများ ဖြတ်သန်းနေတာပါလိမ့်လို့ စပ်စပ်စုစု လုပ်ရတာကိုကြိုက်တယ်။

လူဟာ နေ့စဉ် မတူညီတဲ့ အဖြစ်အပျက်တွေကို ကျော်လွှားရင်း နှစ်ကာလများကြာတဲ့ အခါမှာ အယူအဆပိုင်းဆိုင်ရာတွေ နှစ်သက်တတ်တဲ့အရာတွေဟာ ပြောင်းလဲလာကုန် တာပဲ။ တစ်ချိန်တုန်းက နယ်မှာမနေချင်လို့ အိမ်ကနှစ်ခါ ထွက်ပြေးခဲ့တဲ့၊ မြို့ငယ်လေးတွေဟာ တုံးအလွန်း ဖုန်ထူ နေပြင်းလွန်း ချောက်ချားစရာကောင်းလွန်းတယ်လို့ ထင်နေခဲ့တဲ့ ချာတိတ်ကလေးတစ်ယောက်အကြောင်း တွေးမိတော့ ကျွန်တော်ရယ်မိတယ်။ အခုတော့ အဲဒီချာတိတ်ကလေးက ဆူညံပေါက်ကွဲနေတဲ့ မြို့ကြီးဟာ ဒလက်တွေ အမြဲလည်နေတာ မြန်ဆန်လွန်းလှသတဲ့။ ချိန်းကြိုးကြီးတွေက ကြီးလှသတဲ့ ရက်စက်လှသတဲ့။ ကောင်းပါတယ်။ သာမန်ဘဝမှာ နေထိုင်နေသူတွေအတွက်ကတော့ နေ့စဉ်ရနေတဲ့ အရာတွေကို ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ကျေနပ်နိုင် နှစ်သက်နေနိုင်တဲ့သူဟာ ဘဝကောင်းကို ဖြတ်သန်းရတာပါပဲ။ ကျွန်တော်ကျတော့ အဲဒီလိုပဲ ခပ်လွယ်လွယ် ယူဆလိုက်ရတော့တယ်။

Most Read

Most Recent