သိက္ခာရွာမှာ ….

သိက္ခာရွာမှာ ….
Published 23 August 2018

Photo: The Guardian Nigeria

(၁) စာမရေးဖြစ်သည်မှာကြာပြီ။ ကြာပြီဟု ဆိုသဖြင့် တစ်နှစ်လား၊ ခြောက်လလားဟု မေးကြမည်ထင်သည်။ မဟုတ်ရေးချ မဟုတ်။ ၁၀ ရက်ဟူသော ရက်ပိုင်းအတွင်း မရေးဖြစ်ခြင်းသာ ဖြစ်သည်။ စာရေးနေကျဖြစ်သူတစ်ယောက်အဖို့ ၁၀ ရက်ဟူသော အပိုင်းအခြားမှာ များသည်ဟု ယူဆနိုင်သည်။ မရေးဖြစ်ဟု ဆိုခြင်းထက် မရေးချင်ဟုဆိုလျှင် ပိုမှန်မည်။ မရေးချင်ဟု ဆိုပင်ဆိုငြားသော်လည်း ရေးစရာမရှိဟု ဆိုလိုခြင်းမဟုတ်ပြန်။ ရေးစရာများက ခေါင်းထဲတွင် စာနှစ်ပုဒ်စာမျှ စီထားပြီးသား၊ ရေးချလိုက်ရုံသာ။ သို့သော် ရေးချင်စိတ်ကို တွန်းပို့သည့်အားက ဘာကြောင့်ပျော့ခွေနေသနည်း။

စာမရေးချင်သော်လည်း ဖတ်တော့ဖတ် ဖြစ်နေသည်။ လွန်ခဲ့သော ဆယ်စုနှစ်ငါးခုကျော်က လက်ရေးမူဖြင့် ရေးခဲ့၊ မှတ်တမ်းထားခဲ့သည့် မှတ်စုစာအုပ်များထဲရှိ ကဗျာများအား ပြန်ဖတ်နေမိသည်။ အများစုမှာ မဂ္ဂဇင်း၊ ဂျာနယ်ထဲတွင် ပုံနှိပ်ဖော်ပြပြီးသား။ အချို့မှာမူ စာပေစိစစ်ရေး၏ ဖြုတ်ပယ်ခြင်းခံရ၍ မပါလာတော့။ အချို့မှာ မိမိ၏ စိတ်ကြိုက်မဟုတ်သဖြင့် သူ့အတိုင်း သိမ်းထားရုံသာ သိမ်းဆည်းထားသည်။ နှစ်များစွာ ကုန်လွန်လာတော့လည်း ရေးထားခဲ့သော ကဗျာအချို့ကို မကြိုက်တော့…။ ကိုယ့်ကိုယ်ကိုယ် ဝေဖန် ဆန်းစစ်ရာတွင် မှန်ကန်ပွင့်လင်းဖို့ လိုအပ်သည် မဟုတ်ပါလား။ ကဗျာအချို့ကိုတော့ မကြိုက်တကြိုက်၊ အချို့ကိုတော့ ယနေ့တိုင် ခေတ်၏ပြယုဂ်၊ လူ့လောက၏ စရိုက်ကို ထင်ဟပ်နေသောကြောင့် ကြိုက်နေသေးသည်။ ယနေ့တိုင် အလွန်တရာ ကြိုက်နှစ်သက်သော ကဗျာများစွာကို တွေ့ရသည်။

သိက္ခာနှင့်ပတ်သက်သော ထိုစဉ်က ကဗျာတစ်ပုဒ်ကို ဖတ်ရှုလိုက်မိသည်တွင် မကြာသေးမီကပဲ ဖေ့စ်ဘွတ်ပေါ်တင်ခဲ့သော စာရေးသူ ညအိပ်ချိန် တစ်ရေးနိုးထရေးသည့် ကဗျာနှင့် မဆိုင်းမတွ ဆက်စပ်တွေး တွေးလိုက်မိသည်။ ထိုအွန်လိုင်းကဗျာ၏ ခေါင်းစဉ်မှာ ‘အမှန်တရား မမာမကျန်းဖြစ်သောည’ ဖြစ်သည်။

အမှန်တရား
ခြင်ကျားထိုးကိုက်သွားလေသော်…။
အမှန်တရားအပေါ်
သမားတော်အပေါင်း
သွေးသစ်လောင်းဖန်
အမြန်ကုသပေးကြလော့….။ ။
(၁၄-၈-၂၀၁၈)

သိက္ခာနှင့်စပ်လျဉ်းသော နောက်ကဗျာ တစ်ပုဒ်ကို ၁၉၈၈ ခုနှစ်တွင် ရေးခဲ့သည်။ ယင်းကဗျာတွင် လူထုလူတန်းစားမျိုးစုံတို့ တစ်ဦးချင်းစီ၏ သိက္ခာကိုယ်စီရှိကြပုံ၊ ချမ်းသာဆင်းရဲမဟူ မည်သို့သော လူတန်းစားမဆို လူတွင် အမှန်တရားကို ချစ်မြတ်နိုးသော၊ အမှန်တရားဘက် ရပ်တည်လိုသော စိတ်တို့ ကိန်းအောင်းနေမည်မှာ မလွဲ။ ဆိုက်ကားဆရာမှာလည်း သူ့သိက္ခာနှင့်သူ ရှိသည်။ မည်သို့သော သိက္ခာမျိုးနည်း။ ဆိုက္ကားဆရာသည် သူ၏ ကာယလုပ်အားစိုက်ထုတ်၍ နေ့စဉ် တစ်ဝမ်းတစ်ခါးအတွက် ရှာဖွေသည်။ သမာအာဇီဝနည်းဖြင့် ရှာဖွေရာ၌ သူတစ်ပါးငွေကြေးဥစ္စာကို မတရားယူငင်ခြင်းမရှိ၊ နိုင်ထက်ကလူပြုကာ အဓမ္မယူငင်ခိုးဝှက်ခြင်းလည်း မရှိသောကြောင့် သိက္ခာပိုင်းဆိုင်ရာတွင် အဆင့်အတန်း မြင့်မားလှသည်ဟု ဆိုရပေမည်။ ကျောင်းဆရာသည်ကော…။

ယခုခေတ်ကာလ ကျောင်းဆရာတော့မသိ။ ဟိုးတစ်ခေတ်က ကျောင်းဆရာတို့၏သိက္ခာမှာ မေးခွန်းထုတ်စရာပင် မလိုသည့် အဆင့်မြင့်သော သိက္ခာမျိုးသာ ဖြစ်ခဲ့သည်။ တရားသူကြီးတစ်ဦးတွင်လည်း သူ့သိက္ခာနှင့် သူတော့ ရှိသည် (ရှိဖို့ မျှော်လင့်ရသည်)။ ကျောင်းထိုင်ဆရာတော်မှာလည်း ပြောစရာ မလိုလောက်အောင်ပင် ဝိနည်းသိက္ခာတော် အရာတွင် အဆင့်မြင့်လှသည်။

သို့ဖြစ်ရကား လူကြီးဟုခေါ်သော လူငယ်မဟုတ်သော လူတို့အတွက် သိက္ခာသည် ရေသောက်မြစ်နှင့်တူသည်။ အရည်အချင်း မရှိသော လူကြီးတစ်ဦး သိက္ခာနွမ်းညှိုးပျက် ယွင်းသွားပြီဆိုသည်နှင့် ရေသောက်မြစ် ပြတ်တောက်ကာ လူပုံအလယ်တွင် လက်ညှိုးထိုးခံပြီး အရှက်တကွဲဖြစ်မည်မှာ သေချာသည်။

(၂) လူ့ကျင့်ဝတ် (Ethics) ဆိုင်ရာကိစ္စရပ်၌ လူတစ်ဦး လုပ်ဆောင်ချက်၏ ရိုးသားဖြောင့်မတ်မှု၊ သစ္စာရှိမှုနှင့် မှန်ကန်တိကျမှုတို့အား ဂုဏ်သိက္ခာ (Integrity) အဖြစ် သတ်မှတ်ကြသည်။ ဂုဏ်သိက္ခာဟူသည် အမြင်၊ အယူအဆ၊ ကိုယ်ကျင့်တရားဆိုင်ရာ အရာတစ်ခု ဖြစ်သည်။ လူတစ်ဦးတစ်ယောက်၏ လုပ်ဆောင်ချက်များ၊ တန်ဖိုးထားမှုများ၊ နည်းနိဿယများ၊ ကိုယ်ကျင့်တရားဆိုင်ရာ စွဲကိုင်ထားရှိမှုများ၊ မျှော်မှန်းချက်များနှင့် ရလဒ်များ စသည်တို့ တစ်သမတ်တည်းရှိမှု၊ မရှိမှုကို တိုင်းတာသည့် အမြင်အယူအဆတစ်ခုဖြစ်သည်။

စာရေးဆရာကြီးတစ်ဦးက “ဂုဏ်သိက္ခာဟူသည် မိမိ၏ ပုဂ္ဂလဓိဋ္ဌာန် အလိုဆန္ဒကို သစ္စာနာခံသောအရာမဟုတ်၊ စဉ်းစားဆင်ခြင်တုံမူသဘောအား သစ္စာနာခံသောအရာ တစ်ခုသာဖြစ်သည်…” ဟု ရေးသားမိန့်ဆိုခဲ့သည်။

လူတို့အဖို့ ငယ်ရွယ်စဉ်အခါတွင်တော့ ပြောစရာမရှိ၊ အသက်အရွယ် ကြီးရင့်လာလေ ဣန္ဒြေသိက္ခာရှိရှိနေရန် ပိုမိုလိုလားလေဖြစ်သည်မှာ သံသယဖြစ်ဖွယ်ရာမရှိ။ သို့မှသာ လူ့ဘဝသည် အဓိပ္ပာယ်ရှိကာ ကျေနပ်ဖွယ်ဖြစ်မည်။ သူတစ်ပါးကို ငဲ့ညှာထောက်ထားမှု မရှိဘဲ တစ်ကိုယ်ကောင်းဆန်သည့်စိတ်မျိုးထားသူတွင် သိက္ခာမရှိနိုင်။ သိက္ခာမရှိရုံမျှမက တည်ကြည်ခန့်ညားမှု၊ လေးနက်မှု၊ မြင့်မြတ်မှု မရှိနိုင်။ တစ်ကိုယ်ကောင်းဆန်သောစိတ်သည် အဆင့်အတန်းနိမ့်ကျသော စိတ်ဖြစ်သည်။

ငွေကြေးဥစ္စာကို အလွဲသုံးစားလုပ်မှ၊ အဂတိလိုက်စားမှ သိက္ခာကျဆင်းသည်မဟုတ်၊ တစ်ဦးနှင့်တစ်ဦး ရန်ဖြစ်၍ပုတ်ခတ်နေ၊ ဆဲရေးတိုင်းထွာနေ၊ စွပ်စွဲပြောဆိုနေခြင်းကို ဘေးမှနေ၍ အကဲခတ်ကြည့်ပါက သိက္ခာမည်မျှကျစေသည်ကို ထင်ရှားစွာ မြင်တွေ့ရပေမည်။ အဂတိလိုက်စားမှုနှင့်ပတ်သက်၍ ပြောရပါမူ အဂတိတရားလေးပါးဖြစ်သည့် ဘယာဂတိ၊ ဆန္ဒာဂတိ၊ ဒေါသာဂတိ၊ မောဟာဂတိတို့အနက် မည်သည့်ဂတိဖြင့်ဖြစ်စေ ကျူးလွန်ခဲ့လျှင် အဂတိလိုက်စားခြင်းပင်ဖြစ်သည်မှာ လူ့လောက၌ ညွှန်းဆိုသတ်မှတ်ခဲ့ပြီး ဖြစ်သည်။ သို့ဖြစ်၍ မိမိ၏ဘဝကို ငွေဖြင့် တိုင်းတာခြင်းမပြု၊ ငွေဖြင့် ရောင်းစားခြင်းမပြုသူဖြစ်ပါက သိက္ခာရှိသူသာ ဖြစ်သည်ဟု ပြောရပေမည်။

(၃) မလေးရှားဝန်ကြီးချုပ်ဟောင်း၏ ကိုယ်ပိုင်ဘဏ်စာရင်းထဲသို့ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ခန့် ထူးဆန်းစွာ ရောက်ရှိခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့မှုနှင့် ပတ်သက်၍ နောက်ဆက်တွဲအဖြစ် ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ရာ ယင်းဘဏ္ဍာရေး အရှုပ်တော်ပုံတစ်ခုအတွက် စွဲချက်တင်ခံရပြီး ယခုတစ်ဖန် စွဲချက်အသစ်များနှင့် ထပ်မံရင်ဆိုင်ခဲ့ရပြန်သည် ဆိုသည်။ (The Daily Eleven -၉-၈-၂၀၁၈ နေ့ထုတ်) ငွေကြေးခဝါချမှုဆိုင်ရာ စွဲချက်သုံးခုဖြင့် စွဲချက်တင်ခံခဲ့ရခြင်းဖြစ်၍ အထက်တွင် ဖော်ပြခဲ့သလို အဂတိတရားလေးပါးကို ကျူးလွန်ခဲ့သူအဖြစ် လူပုံအလယ် မည်မျှပင်သိက္ခာကျဆင်းလေမည်နည်း။ စဉ်းစားစရာမလိုတော့။ အများပြည်သူ၏ ယုံကြည်မှုအား ချိုးဖောက်သည့် လုပ်ဆောင်ချက်တစ်ရပ် ဖြစ်ရုံမျှသာမက ရာထူးရှိစဉ်က အာဏာကိုအလွဲသုံးစား ပြုခြင်းဖြစ်သည်မှာ ထင်ရှားသည်ဟုဆိုသည်။

ရာဇဝတ်မှုအပြင် အဂတိလိုက်စားမှုနှင့် လာဘ်ပေးလာဘ်ယူမှု အလွန်တရာထူပြောသော ဤနိုင်ငံတွင် လူတို့၏သိက္ခာကို အဘယ်မှာ ရှာဖွေတွေ့ရှိရန် လွယ်ကူပါတော့မည်နည်း။ လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် ဟာသဗီဒီယိုကလစ်များတင်ခြင်းမှ ပရိသတ် အားပေးမှုရလာသည့် သရုပ်ဆောင်တစ်ဦး လူတစ်စု၏ ရိုက်နှက်မှုကြောင့် သေဆုံးသည့် အမှု၏ နောက်ဆက်တွဲဖြစ်စဉ်တွင် တရားလိုဘက်မှ အမှုပြန်လည် ရုပ်သိမ်းသည်ဟုဆိုကာ ကျူးလွန်ခဲ့သူများအား ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်စဉ်ကို သုံးသပ်ကြည့်ပါက လူသတ်မှုနှင့် ပတ်သက်၍ ပြည်သူအချင်းချင်း ကျေအေးသောအမှုမျိုးမှာ လက်ခံနိုင်စရာမရှိဘဲ တရားရေးမဏ္ဍိုင်ကို တိမ်းစောင်းသွားစေနိုင်သည်ဟု ဝေဖန်သံများ ကျယ်လောင်လာခဲ့သည်။ နိုင်ငံတော်သမ္မတကိုယ်တိုင်က ယင်းဖြစ်စဉ်ကို ဥပဒေနှင့်အညီ ပြန်လည်၍ မှန်မှန်ကန်ကန် ဆောင်ရွက်ရေး လမ်းညွှန်ခဲ့ မှာကြားခဲ့သည် ဆိုသည်။

လူတို့၏ ကျင့်ဝတ်သိက္ခာသည် အဘယ်မှာနည်း။ သိက္ခာရွာမှာ ငါတစ်ယောက်တည်းလား၊ ဟုတ်မည်တော့ မထင်။

မကြာသေးမီကပဲ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ သုံးသပ်ချက်တစ်ရပ်ကို ဖတ်လိုက်ရသည်။ လုပ်ငန်းဆိုင်ရာတင်ဒါ အောင်မြင်သည့် အချို့ကုမ္ပဏီများသည် တာဝန်ယူမှု၊ တာဝန်ခံမှုနည်းပါးကြောင်း၊ မတရား အကျိုးအမြတ်များရစေရန် အရည်အသွေး၊ အတိုင်းအတာ၊ စံချိန်စံညွှန်း မပြည့်မီသောလုပ်ငန်းများ ဆောင်ရွက်လာသည်ကို တွေ့ရှိရသည့်အတွက် သတ်မှတ်အရည်အချင်းနှင့် မကိုက်ညီသော ကုမ္ပဏီကိုသာမက ကုမ္ပဏီမှ တာဝန်ရှိသူများကိုပါ ထိရောက်သည့် အရေးယူမှုများ လုပ်ဆောင်ရန် လိုအပ်သည်ဟုဆိုသည်။ (The Daily Eleven - ၁၀-၈-၂၀၁၈ နေ့ထုတ်)

ပညာရေးဝန်ကြီးဌာန၏ ကျောင်းအဆောက်အအုံများ ဆောက်လုပ်ရာတွင် လိုက်နာဆောင်ရွက်ရမည့် သတ်မှတ်စံချိန်စံညွှန်းများနှင့် လုပ်ငန်းအကောင်အထည်ဖော် လုပ်ဆောင်ရမည့် လုပ်ငန်းစီမံချက်၊ လုပ်ငန်းအစီအစဉ် အသေးစိတ် အပါအဝင် အသုံးပြုမည့် စက်ယန္တရားနှင့် လူအင်အားဖွဲ့စည်းထားမှု မရှိခြင်းကြောင့် ကြန့်ကြာနှောင့်နှေးခြင်းအား တွေ့ရှိက ပြန်လည်ပြုပြင်အစားထိုးရန် သို့မဟုတ် ကြီးလေးသော ဒဏ်ငွေပေးဆောင်စေခြင်းများ ပြုလုပ်သင့်သည်ဟု အဆိုပါကော်မတီက မှတ်ချက်ပြုခဲ့သည်။

ဆရာတော်တစ်ပါးက “သူများကို ထိခိုက်နစ်နာအောင်လုပ်မှ ကိုယ့်မှာ အကျိုးရှိတယ်ဆိုပြီးတော့ လုပ်နေကြတဲ့ လူတွေဟာ တော်တော်အဆင့်နိမ့်တယ်။ သူများရှုံးမှ ကိုယ်က နိုင်ရမယ့်ဘဝဟာ တော်တော်အဆင့်နိမ့်တယ်။ သူများနစ်နာမှ ကိုယ်အကျိုးရှိမယ့်ဘဝမျိုးဟာ တော်တော်အဆင့်နိမ့်ပါတယ်။ သူများ အဆင်မပြေမှ ကိုယ်အဆင်ပြေမယ့်ဘဝမျိုးဟာ သိက္ခာမဲ့တဲ့ဘဝမျိုး…” ဟု ပါရှိသည်။

ထိုင်းနိုင်ငံရှိ တရားရုံးက နာမည်ပျက် ဘုန်းကြီးဟောင်းတစ်ပါးအား စွဲချက်အများအပြားဖြင့် ထောင်ဒဏ်ချမှတ်လိုက်သည့် အဖြစ်အပျက်မှာ စိတ်ဝင်စားဖွယ်ကောင်းလှသည်။ အဆိုပါ ဘုန်းကြီးဟောင်းသည် ကိုယ်ပိုင်ဂျက်လေယာဉ်ပေါ်တွင် လူဝီဗွီတန်အိတ်တစ်လုံးနှင့် ဒီဇိုင်နာနေကာမျက်မှန်တပ်ကာ ရိုက်ကူးထားသော ဗီဒီယိုအပိုင်းတစ်ပိုင်း ထွက်ပေါ်လာခဲ့သည့်နောက်ပိုင်း ထင်ရှားလူသိများလာသည် ဆိုသည်။ အဆိုပါ ဘုန်းကြီးဟောင်းတွင် သိက္ခာတစ်စိုးတစ်စိမျှပင် မကျန်တော့ဘဲ ၎င်း၏ ရာဇဝတ်မှုများမှ လွတ်မြောက်ရန် အမေရိကန်သို့ ထွက်ပြေးသွားသော်လည်း သက်ဆိုင်ရာက ထိုင်းနိုင်ငံသို့ ပြန်လည်ဖမ်းဆီး ပို့ဆောင်ပေးခဲ့သည်။ ဇိမ်ခံကားများ ပိုင်ဆိုင်ကာ ဒေါ်လာခုနစ်သိန်းခန့်ရှိ ဘဏ်စာရင်းများစွာ ဖွင့်ထားသည့်အပြင် ငွေကြေးခဝါချမှု၊ လိမ်လည်မှု၊ အွန်လိုင်းအသုံးပြု၍ ရန်ပုံငွေရှာဖွေမှု၊ လိင်ဆက်ဆံမှု စသည့် များစွာသော ရာဇဝတ်မှုခင်းများအား ကျူးလွန်ခဲ့သည် ဆိုသည်။

(၄) သားသမီး-မိဘဆက်ဆံရေးမှအစ ဆွေမျိုးအပေါင်းအသင်းချင်း ဆက်ဆံရေးအထိ ငွေသည် အရေးပါသည့် အကြောင်းတရား တစ်ရပ်ဖြစ်နေသည်။ လူအများအား အကြီးမားဆုံး လွှမ်းမိုးခြယ်လှယ်သည်မှာလည်း ငွေ ဖြစ်နေသည်။ ငွေ၏စေခိုင်းရာကို ပြုလုပ်ထမ်းရွက်နေရသည်။

သို့သော် ငွေကိုအဓိကထားပြီး ဆက်ဆံသည့် ဆက်ဆံရေးသည် လူ့တန်ဖိုးကို ကျစေသောဆက်ဆံရေး တစ်နည်းအားဖြင့် လူ့သိက္ခာကို ကျဆင်းစေသည့် ဆက်ဆံရေးဖြစ်သည်မှာ ယုံမှားဖွယ်မရှိ။

ထို့ကြောင့် သိက္ခာရွာမှာ ငါတစ်ယောက်တည်းလား…။ ငါသာလျှင်မဟုတ်၊ သိက္ခာရွာမှာ တည်းခိုနေထိုင်သူ များစွာရှိလိမ့်ဦးမည်ဟုတော့ မျှော်လင့်ထားပါသည်။

Most Read

Most Recent