ကိုယ်လည်းဖြစ်ချင် တွေးတဲ့ကျူပင်

ကိုယ်လည်းဖြစ်ချင် တွေးတဲ့ကျူပင်
Published 23 August 2018

စာကြည့်တိုက်တစ်ခုမြင်ကွင်း

ရာပြည့်စာအုပ်တိုက် ဆရာဦးစိုးညွန့် (ဘီအီးဒီ) လက်ဆောင်ကမ်းခဲ့သည့် သူကိုယ်တိုင် စုစည်းပြုစုသော ‘၂၀ ရာစု မြန်မာစာရေးဆရာ ၁၀၀ (အတ္ထုပ္ပတ္တိအကျဉ်း)’ မှ ဆရာတက်တိုး (၁၉၁၃-၂၀၀၃) ၏ အတ္ထုပ္ပတ္တိကို ပြန်ဖတ်ကြည့်မိပါသည်။

ဆရာတက်တိုးသည် နိုင်ငံ့တာဝန်အနေဖြင့် ဌာနနှင့် ရာထူးတာဝန် အများအပြား ထမ်းဆောင်ခဲ့ကြောင်း ဖတ်မိရသဖြင့် ဂုဏ်ယူလေးစား မှတ်သားရပါသည်။ ဆရာသည် မကွေးတိုင်းမင်းကြီးရုံး၌ စာရေးဖြစ်ခဲ့စဉ် (အသက် ၁၉ နှစ်)၊ ‘ခေတ်ညွန့်စာစောင်’ ကို တည်ထောင်သူဖြစ်ခဲ့သည်။ (၁၉၃၂-၃၈) ဆရာသည် ခေတ်ကိုတိုးတက်စေလိုသူ အညွန့်လူနေစေချင်သည့် စေတနာပြည့်သူဟု နားလည်မိပါသည်။

ဂန္ဓလောကမဂ္ဂဇင်းအယ်ဒီတာ၊ ရန်ကုန်တက္ကသိုလ်အင်္ဂလိပ်စာဌာန နည်းပြဆရာ၊ ရန်ကုန်စုံထောက်မင်းကြီးရုံး စာတော်ပြန်၊ ပြန်ကြားရေးဌာန မြန်မာနိုင်ငံဘာသာပြန် ဌာနခွဲ စာတည်းမှူး၊ ပညာမင်းကြီးရုံး မြန်မာစာပေဌာနစာတည်း၊ ပညာစွယ်စုံကျမ်း လက်ထောက်စာတည်း၊ ပြန်ကြားရေးဌာန သုတေသနအရာရှိ၊ တိုင်း(မ်)မဂ္ဂဇင်း သတင်းထောက်၊ ‘အိုးဝေ’ သတင်းစာအယ်ဒီတာ၊ ဟံသာဝတီသတင်းစာ ခေါင်းကြီးရေး အယ်ဒီတာ၊ ပဒေသာမဂ္ဂဇင်း အတိုင်ပင်ခံအယ်ဒီတာ၊ မြန်မာပြည်သတင်းဌာန စာတည်းချုပ်၊ ကွန်မင့်တေတာအင်္ဂလိပ်သတင်းစာ တည်ထောင်ထုတ်ဝေသူ၊ စီးပွားရေးသတင်းစာ ခေါင်းကြီးရေးအယ်ဒီတာ၊ ‘တက်တိုးနည်းပြ’ တည်ထောင်သူ၊ မြန်မာ့သတင်းစဉ် နိုင်ငံခြားသတင်းဌာန အယ်ဒီတာချုပ်၊ ပြန်ကြားရေးဌာန ညွှန်ကြားရေးဝန်၊ သတင်းနှင့် စာနယ်ဇင်းကော်ပိုရေးရှင်း ဦးဆောင်ညွှန်ကြားရေးမှူး၊ ၁၉၇၅ တွင် အငြိမ်းစားယူပြီးနောက် ပညာရေးဝန်ကြီးဌာန အထူးအရာရှိတာဝန်များကို ဆရာတက်တိုး ထမ်းဆောင်ခဲ့သည်။

စာအုပ်ပေါင်း ၁၀၀ ခန့် ပြုစုခဲ့သော ဆရာသည် အသက် ၁၄ နှစ်အရွယ် အဋ္ဌမတန်း (ရှစ်တန်း) ကျောင်းသားဘဝမှာပင် ‘ဗစ်ကတာ’ ကလောင်အမည်ဖြင့် ဂန္ဓလောက ဘာသာပြန်ဆုရသော ‘ကညာလော ကျားကြီးလော’ ဝတ္ထုကို ပထမဆုံး ပုံနှိပ်ခံရသူဖြစ်သည်။

ဆရာတက်တိုး

ကျွန်တော်တို့ ငယ်စဉ် ကဗျာ၊ ဝတ္ထု၊ စာညွန့်၊ လုံးချင်းဝတ္ထုများ၊ (အချစ်၊ စုံထောက်၊ ဘာသာပြန်) စာအုပ်တို့ဖြင့် စာဖတ်ဝါသနာ အရှိန်ကောင်းလာစဉ် ကြိုကြားကြိုကြား ဖတ်မိခဲ့ရသော ဆရာ့စာများ၏ ကျေးဇူးကိုလည်း ခံယူခဲ့ရသည်ဟု ဆိုချင်ပါသည်။ ဆရာ့စာများတွင် ဘဝနှင့် ဒဿနများကို သိမြင်ခံယူရပါသည်။

ဆရာတက်တိုး ပြုစုပြန်ဆိုခဲ့သော ‘လက်ရွေးစင် သူတို့အတွေးအခေါ်မှတ်စုများ’ (အမှတ် (၁) မှ အမှတ် (၄) အထိ ပေါင်းချုပ်)၊ ဆုစာအုပ်တိုက်၊ ၁၉၉၈ မတ်လ ပထမအကြိမ်ထုတ် စာအုပ်သည် အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ကျွန်တော်တို့ကို လမ်းပြသွန်သင် တွေးမြင်ခိုင်းနေဆဲဖြစ်သည်။ ဆရာ့ ထိုစာအုပ်နှင့် ကမ္ဘာကျော်ဝတ္ထုတိုများနှင့် ရှင်းပြချက်စာအုပ်တို့ကို လက်စွဲလက်ကိုင်ပြုမိပါသည်။

သူတို့အတွေးအခေါ် မှတ်စုများစာအုပ်သည် သူ၏ဝါသနာမှ ပေါက်ဖွားလာသော စေတနာဟုဆိုပါသည်။ နိုင်ငံတကာတွင် ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်များ၏ အဓိပ္ပာယ် လေးနက်ပြည့်ဝဟာသလည်းပါရှိသော လောကအမြင်များသည် ဆရာ့စေတနာကြောင့် ကျွန်တော်တို့ ဗဟုသုတလည်း ရရှိသည်။ တွေးမြင်ခံစားရမှုများလည်း ရခဲ့ပါသည်။

‘မေတ္တာသည် ကြောက်စိတ်ကိုနိုင်၏’ (ဆောရိုးကင်း)

ထို့ကြောင့် မေတ္တာရှင်သည် မကြောက်မရွံ့၊ သတ္တရှိသူဟု ခံယူနိုင်လာပါသည်။ လွတ်လပ်မှုနှစ်မျိုးတွင် မှားသောလွတ်လပ်မှုနှင့် သူလုပ်ချင်ရာလုပ်ဖို့ လွတ်လပ်ခြင်းဖြစ်ပြီး မှန်သောလွတ်လပ်မှုက လူတစ်ယောက်သည် လုပ်သင့်ရာကိုလုပ်ဖို့ လွတ်လပ်ခြင်းဟု မှတ်သားရပါသည်။ ချား(လ်)(စ်)ကင်းစလီ၏ ဒဿန ဖြစ်ပါသည်။

ဤကဲ့သို့ပင် အကောင်းမြင်နှင့် အဆိုးမြင်၊ အလုပ်သဘောထား၊ ငွေ၊ ရာထူး၊ ဂုဏ်၊ အသိနှင့်ပညာ၊ ပညာရေးနှင့် နိုင်ငံစီးပွား တိုးတက်မှု၊ မိုက်မဲမှု၊ လိုက်လျောကျင့်ကြံမှု၊ ငြိမ်းချမ်းရေး၊ စည်းလုံးခြင်း၊ အောင်မြင်ခြင်း အစရှိသည့် အတွေးအခေါ် အဆိုအမိန့်စကားများကို လှန်ကာလှောကာ ဖတ်ရှုမိသည့်ခဏ ဉာဏ်ပွင့်လင်းရပါသည်။ နှစ်သက်ခြင်းလည်း ဖြစ်ရပါသည်။

စာအုပ်ကိုပိတ်လျက် အပြင်လောကဘက် အာရုံရောက်မိလျှင်မူ နေ့စဉ်လိုလို ကြားသိဖတ်ရှုရသော သတင်းတို့နှင့် စကားတို့က ပညာရှင်များ၏ ဒဿနတို့နှင့် ဖီလာပြုသလို ရှိလှသည်။

ကမ္ဘာ့သတင်းတွင် စစ်မီးများက လောင်ကျွမ်းကြမ်းတမ်းဆဲရှိသလို ရန်စွယ်နှင့်ငေါငေါ ပြုမူနေသည်များ ကြားသိကြရမည် ဖြစ်ပါသည်။ ချမ်းသာသည့် ကမ္ဘာ့အင်အားကြီးနိုင်ငံ သမ္မတကြီး၏ ရုပ်ပုံလွှာက ရှုပ်ရှုပ်ပွေပွေအပြင် အပြောက ရမ်းရမ်းကိုသာ ကြားနေကြရသည်။ ယဉ်ကျေးသိမ်မွေ့ ချိုသာပြေပြစ်သော စကားက သိပ်မပေါ်လွင်လှ။ လူမိုက်ဆန်ဆန် ငါထင်သလို ငါလုပ်ကာ အုပ်ချုပ်မည်ဆိုသော သမ္မတမျိုးလည်း တွေ့ရ၏။ ဥပဒေက နောက်၊ သတ်ပစ်မည်ဆိုသည်က အလျင်ဖြစ်နေသည်။ ပြည်သူကို ခွဲခြားမြင်ပစ်သည်။

ကိုယ့်နိုင်ငံတွင်းမှာလည်း သဘာဝဘေးအန္တရာယ် ခံစားနေကြရသည့်ကြားက ယုတ်မာဆိုးရွားသည့် သတင်းများလည်း အတောမသတ်သလိုရှိသည်။ မူးယစ်ဆေး၊ စိတ်ကြွရူးသွပ်ဆေးများ ဖမ်း၍မကုန်နိုင် ရှိနေသမျှ အမှုပေါ်ပေါက်တွေပွေလီကာ မုဒိမ်းမှုများလည်း ရွံမဆုံးရှိမည်ဖြစ်ထင်ပါသည်။ အနုပညာကိုချစ်သော ပြည်သူကို အိုးမည်းသုတ်သလိုမျိုးလည်း ရှိနေတော့သည်။

‘လူသုံးမျိုး’ ရှိသည်ဟု ဆရာတက်တိုးက စကားတစ်ခွန်းကို ပြန်ဆိုပေးထားပါသည်။

“အဖြစ်အပျက်များ ဖြစ်ပျက်အောင် လုပ်သူများရှိသည်။ ဖြစ်ရပ်တို့ကို စောင့်ကြည့်နေသူများလည်း ရှိသည်။ ဘာတွေဖြစ်နေမှန်း မသိသူများလည်း ရှိသည်’ ဟူသော စကား ဖြစ်ပါသည်။

ကျွန်တော်တို့လည်း တတိယအမျိုးအစားထဲ ရောက်နေပြီလားမဆိုနိုင်။ ဖြစ်နေပြီလားလည်း ဆိုရမလိုလို။

အင်အားကြီးနှစ်နိုင်ငံက လက်တွေဆန့် ခြေတွေဆန့်ထုတ်ကြရင်း သူ့ကို ငါ စီးပွားပိတ်ဆို့မည်။ ဘာအခွန် ညာအခွန်တိုးကောက် ပစ်မည်ဆိုတော့ ကျန်တစ်ဦးကလည်း သူ့ကိုလည်း ငါက လုပ်တိုင်း ခံစရာလား သဘောဖြစ်ရာက ကိုယ့်နိုင်ငံမှာ ဒေါ်လာက တန်ဖိုးတွေမြင့်ကုန်၊ မြန်မာ ‘ကျပ်’ က တိုး၍ ကျပ်ကုန်၊ ကုန်ဈေးနှုန်းတွေက တလူလူဖြစ်တော့ ဝယ်ခြမ်းရ စားသောက်ရဒုက္ခဖြစ်ရသည်။ မကျေနပ်စရာပါ။ ဂယက်ခံရပုံပါ။

တိုင်းပြည်စီးပွားတိုးတက်ဖို့၊ ငြိမ်းချမ်းဖို့ အရေးကြီးသည်။ တိုင်းပြည်အနာဂတ်ကို ဦးဆောင်သွားကြရမည့် ကလေးသူငယ်၊ လူငယ်မောင်ငယ်များ အေးအေးလူလူ သာသာယာယာ ပညာသင်ယူသွားနိုင်ကြဖို့လည်း အလွန်အရေးကြီးသည်။

ယခုလိုပင် ဖြစ်စေချင် ရှိစေချင်တာဆိုမိတော့ အိုလီဗာဟုမ်း၏စကားကို ဆရာတက်တိုးက အခုလို ပြန်ဆိုပေးခဲ့တာ သတိရမိပါသည်။

‘ကမ္ဘာမှာ လူနှစ်မျိုးရှိသည်။
တစ်မျိုးက ရှေ့ကိုတိုးသွားပြီး လုပ်စရာတွေလုပ်သည်။
နောက်တစ်မျိုးကတော့ ထိုင်ပြီး ဒါကို ဒီနည်းနဲ့ ဘာလို့လုပ်သလဲလို့ စုံစမ်းသည်။’

ကျွန်တော်တို့ဆီမှာ ‘ဆိုးမွေ’ တွေကို နှစ်အကြာကြီး စုဆောင်းချန်ထားရစ်ခဲ့ကြသူများ သမိုင်းစာမျက်နှာနှင့် ယုတ်ပုံလွှာနှင့်တကွ ရှိခဲ့ကြသည်။ အလွန်ကို စုဆောင်းနိုင်မှုဖြင့် သူတို့မှာ အလွန်ချမ်းသာနေကြတော့ ပြည်သူကို ကျောခိုင်းနေကြပြီထင်သည်။ အသံကို တိတ်လို့ပင်။

ဒီလို မကျေမနပ်ဖြစ်မိတော့ ဆရာပေးခဲ့သည့် မှတ်စုထဲက ‘မကျေနပ်မှုနှင့် ချီးမွမ်းစကား’ က ကိုယ့်ကို သတိပေးပြန်ပါသည်။

‘လူတိုင်းဟာ မကျေနပ်တာကို ဖော်ပြဖို့တော့ သိတယ်။ လူနည်းနည်းကသာ ကျေနပ်၍ ချီးမွမ်းစကား မြွက်ဆိုတတ်တယ်’ ဆိုသော အမေရိကန် ဆန်းရှိုင်းမဂ္ဂဇင်းထဲမှ ဒဿနကို ဖြစ်ပါသည်။

ဤလို ဒဿနစကားများက ကျွန်တော်တို့အတွက် သတိရှိ သတိရနေဖို့ကောင်းစရာ တန်ဖိုးရှိလှသည်ဟု ခံယူပါသည်။

‘အညတရ ဘဝရှုခင်း’ သည် ဆရာတက်တိုး၏ ရုပ်ပုံလွှာဟု ဆိုနိုင်ပါသည်။ ဆရာသည် ငယ်စဉ်ကတည်းက အတ္ထုပ္ပတ္တိများကို အထူးနှစ်သက်၍ ဖတ်ရှုများခဲ့သည့်အလျောက် လူတွေအကြောင်းနှင့် လောကွတ်အကြောင်းတွေ အသိများတော့ အညတရဘဝကိုပင် ခုံမင်နေမိသည်ဟု ဆိုနိုင်ပါသည်။

သမ္မတ (ဟောင်း) ဦးနေဝင်းက ဆရာတက်တိုး (ဦးအုန်းဖေ) ကို ကနေဒါနိုင်ငံ သံအမတ်ရာထူး ပေးခဲ့သည်။ ဆရာ့သားဖြစ်သူ သားတက်တိုးက ပညာသင်ယူချင်စိတ်ဖြင့် ပျော်ရွှင်ခဲ့သည်။ သို့သော် ဆရာတက်တိုးက သံအမတ်ရာထူးထမ်းဆောင်စဉ်မှာ စာရေးခွင့်တောင်းတာ ခွင့်မပြု၍ ရာထူးကို လက်မခံခဲ့ချေ။ ဆရာ့စိတ်ထားမှာ လေးစားချီးကျူးရပါသည်။

ဆရာသည် ပညာရေးဆွေးနွေးဖလှယ်ပွဲတွင် ထထပြီး ပြောဆိုဆွေးနွေးရုံမက ပါရဂူဆိုသူများနှင့်လည်း အတိုက်အခံပြောသည်ကို မြင်ထားခဲ့ကြသဖြင့် ဆရာက သူသည် ‘နည်းနည်းရှက်တတ်သည်’ ဟု ယူနက်စကို ပညာရေး ကိုယ်စားလှယ်တို့နှင့်ဆုံရာတွင် ပြောလိုက်မိသောအခါ ထိုကိုယ်စားလှယ်များက သူ့စကားကို ပြုံးကြသည်ဟု ဆိုပါသည်။

ကုန်လွန်ခဲ့သော လပိုင်းလောက်က ကျွန်တော်သည် စာအုပ်ဆိုင်တစ်ဆိုင်ကို ဝင်ကြည့်ရင်း ဆရာတက်တိုး၏ ‘တွေးတဲ့ကျူပင်’ အတွေးအမြင် စာစုများစာအုပ်ကို တွေ့၍ ဝယ်ယူခဲ့ပါသည်။ ‘စိတ်ကူးချိုချို စာပေ’ ၂၀၁၈ မတ်လ ဒုတိယအကြိမ်ထုတ် ဖြစ်ပါသည်။ ပထအကြိမ်မှာ ၂၀၀၁ တွင် ‘Future Publishing House’ က ထုတ်ခဲ့သည်ဟု ပုံနှိပ်မှတ်တမ်းတွင်ပါပြီး ဆရာတက်တိုးက ၂၆-၆-၁၉၉၉ ရက်စွဲဖြင့် ‘စာရေးသူ၏စကားဦး’ ရေးထားပါသည်။ ရက်စွဲမှ ရက်နှင့် လသည် ကျွန်တော့်မွေးလ မွေးရက်နှင့် တိုက်နေသဖြင့် ကျွန်တော် ပျော်မိပါသည်။

ပြင်သစ်အတွေးအခေါ် ပညာရှင်ကြီး ပက်စကယ်(လ်)က ‘လူသည် ကျူပင်ဖြစ်သည်’ ဟူသော အဆိုအမိန့်ကို ပြုခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်း ၃၀၀ ကျော်ကာလဟု ဆိုပါသည်။ လူကို ကျူပင်ကလေးနှင့် နှိုင်းယှဉ် ပမာပြုသည်ကို လျော်ကန်လှသည်ဟု ဆရာက ဆိုသည်။ ကျူပင်သည် အလွန်နွဲ့နှောင်းသော သစ်ပင်ဖြစ်သည်။ ကျူပင်သည် နွဲ့နှောင်းခြင်းမှ ဘဝအင်အားကို ရယူပါသည်။ သစ်ပင်ကြီးများသည် ခံ့ညားထည်ဝါသည် မှန်သော်ငြား မုန်တိုင်းထန်သောအခါ အမြစ်မှပင်စည် တစ်ပင်လုံး ဗုန်းဗုန်းလဲကျတတ်သည်။

ကျူပင်၏သတ္တိကတော့ လေပြင်းတိုက်လာလျှင် မားမားမတ်မတ် ရပ်၍မရသည့် အလျောက် လေနှင့်အတူလိုက်၍ ယိမ်းယိုင်သည်။ ယင်းသည် အတိုက်အခံအစား လိုက်လျောခြင်း သရုပ်ဆောင်သည်ဟု ဆရာက ဖွဲ့ဆိုပါသည်။ လူမှာလည်း သဘာဝအားဖြင့် နွဲ့နှောင်းပြီး ယင်းနွဲ့နှောင်းခြင်းသည်ပင် အဖိုးမဖြတ်နိုင်သော ထူးခြားသောသတ္တိဂုဏ်တစ်ရပ်ဖြစ်သည်။ လူသည် ကျူပင်နှင့်တူသော်လည်း ကျူပင်လိုသစ်ပင်မဟုတ်ဘဲ တွေးတတ်သော သတ္တဝါဖြစ်သဖြင့် လောကကို စိုးမိုး ခြယ်လှယ်နိုင်သော ‘မူလသတ္တိ’ ရှိသည်။ လူတို့တွေးကြစေချင်၍ ဆရာ့စာအုပ်၏ ‘တွေးတဲ့ ကျူပင်’ ဟူသောခေါင်းစီးမှာ အလင်္ကာမြောက်နေ၍ နှစ်သက်မိပါသည်။

‘လူသည် တွေးတောဆင်ခြင် ဝေဖန်သုံးသပ်ပြီး အမှန်ကို အမှားတောထဲမှ ဆွဲထုတ် ကျင့်သုံးတတ်သည်’ ဟု ဆိုပါ၏။ ကမ္ဘာမှာရော မိမိတို့ မြန်မာမှာပါ အမှန်ကို ဆွဲမထုတ်ကြဘဲ ကိုယ်ကျိုးရှာမှုများ၊ ယုတ်မာဆိုးရွားမှုများ၊ လှည့်စားလှည့်ဖြား အကြမ်းဖက် နိုင်ထက်ကလူ ပြုမှုများနှင့် ရန်မီးမငြိမ်းလိုမှုများကို ကြားရသိရတိုင်းမှာတော့ သုံးသပ်ဆင်ခြင် အတွေးမှန်ဝင်ကြပါတော့လား...ဟု ဆိုချင်ပါသည်။

ကိုယ်တိုင်လည်း တွေးတဲ့ကျူပင် ဖြစ်ချင်မိလေသည်။

Most Read

Most Recent