
၁၃၇၈ ခုနှစ်ဝါခေါင်လပြည့်နေ့က ရွှေတိဂုံစေတီတော်သို့ ဘုရားဖူးလာရောက်ကြသူများအား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
နိဒါန်း
၂၀၁၇ ခုနှစ် သြဂုတ်လ ၇ ရက်ဟာ ဝါခေါင်လပြည့်နေ့ပါ။ မေတ္တာအခါတော်နေ့ဖြစ်တယ်။ သြဂုတ်လ ၆ ရက်ကတော့ ဟီရိုရှီးမားနေ့ဖြစ်တယ်။ ပထမဆုံး အဏုမြူဗုံးကြဲသောနေ့ပါပဲ။
လူတွေဟာ တစ်ဖက်က မေတ္တာနဲ့နေကြပေမယ့် အများစုကတော့ စစ်တွေနဲ့သာနေထိုင်ကြတယ်။ မေတ္တာကို အကောင်အထည်မမြင်ရတဲ့အတွက် ကမ္ဘာတည်စကတည်းက လူတွေဟာ လက်နက်တွေနဲ့ နေထိုင်ခဲ့ကြကာ မိမိကိုယ်ကိုယ်ကာကွယ်ကြသလို သူတစ်ပါးကိုလည်း ကျူးကျော်စော်ကားခဲ့ကြတယ်။ လူတွေအကြောက်ရဆုံးကတော့ လူတွေကိုပါပဲ။ ယနေ့ခေတ်မှာတော့ ငြိမ်းချမ်းခြင်းနှင့် ပေါင်းစည်းခြင်းတွေ လိုအပ်တယ်ဆိုတာကို သဘောပေါက်လာကြတယ်။
ဒါပေမဲ့ စစ်ကိုလိုလားတဲ့အနည်းစုတော့ ကျန်နေသေးတယ်။
မေတ္တာ
ဝါခေါင်လပြည့်နေ့ကို မေတ္တာအခါတော်နေ့လို့ သိထားပါတယ်။ ဘာကြောင့်လဲ။ ဒီအကြောင်းကို အောက်ပါအတိုင်းတင်ပြထားတာ မှတ်ဖူးတယ်။
အခါတစ်ပါးမှာ ရဟန်း ၅၀၀ ကိုတောရဆောက်ပြီး သတင်းသုံးဖို့ ဗုဒ္ဓမြတ်စွာက ဟိမဝန္တာတောနဲ့ တစ်ဆက်တစ်စပ်တည်းရှိတဲ့နေရာမှာ သတ်မှတ်ပေးလိုက်တယ်။ အဲဒီနေရာဟာ တောရဆောက်တည်လို့ အင်မတန်အဆင်ပြေတဲ့နေရာပါပဲ။ ရဟန်း ၅၀၀ တို့ဟာ သစ်တစ်ပင်ရင်း ဝါးတစ်ပင်အောက်မှာ သီတင်းသုံးကြတယ်။ ဒီအချိန်မှာ အဲဒီသစ်ပင်တွေမှာနေတဲ့ နတ်ဘီလူးတွေဟာ ရဟန်းတို့ရဲ့ သိက္ခာကြောင့် သစ်ပင်ထက်မှာမနေဝံ့ဘဲ လှည့်လည်သွားနေကြရတယ်။ တစ်နေ့ပြန်နိုး တစ်နေ့ပြန်နိုး စောင့်နေကြပေမယ့် ရဟန်းများ ဝါတွင်းသုံးလပတ်လုံး မပြန်တော့မှာသိတော့ မနေဝံ့အောင် ကြောက်မက်ဖွယ်ရာအသံမျိုးစုံ ရုပ်ဆင်းမျိုးစုံတွေပြုလုပ်ကာ ခြောက်လှန့်ကြတယ်။ ရဟန်းများ မနေဝံ့တော့တဲ့အတွက် မြတ်စွာဘုရားထံ ပြန်လည်သွားရောက်ပြီး အဖြစ်အပျက်ကိုလျှောက်တင်တယ်။ သူတို့ကို နေရာအသစ်ရှာပေးဖို့ပြောတယ်။ ဒါပေမဲ့ ဗုဒ္ဓမြတ်စွာက မူလနေရာသာ အကောင်းဆုံးဆိုတာကိုသိတဲ့အတွက် မေတ္တာသုတ်ကို သင်ပေးလိုက်တယ်။ ရဟန်းတော်တွေဟာ သူတို့နေရာကိုပြန်ရောက်တော့ မေတ္တာသုတ်ကို ရွတ်ဆိုပွားများကြတယ်။
မေတ္တာသုတ်ကို ပထမဆုံးရွတ်ဆိုတာကတော့ ဝါခေါင်လပြည့်နေ့မှာပါပဲ။ ဒါကြောင့် ဝါခေါင်လပြည့်နေ့ကို မေတ္တာအခါတော်နေ့လို့ သတ်မှတ်တာဖြစ်တယ်။ ရဟန်းများမေတ္တာပို့တဲ့အတွက် နတ်ဘီလူးများချစ်ခင်ပြီး ဝတ်ကြီးဝတ်ငယ်များပင် ပြုကြတယ်။ အဲဒီရဟန်း ၅၀၀ လုံး ဝါမကျွတ်မီပင် ရဟန္တာများအဖြစ် ရောက်ရှိကုန်တယ်။
မေတ္တာသုတ်မှာထူးခြားတာက မိမိကိုယ်တိုင် စင်ကြယ်အောင်နေဖို့ဖြစ်ပြီး တစ်စုံတစ်ယောက်ကို မေတ္တာပွားမယ်ဆိုရင်လည်း သားတစ်ယောက်အပေါ် မိခင်ကထားတဲ့ မေတ္တာမျိုးထားဖို့လိုတယ်လို့ ဒီသုတ္တန်မှာဖော်ပြထားတယ်။ တကယ်တော့ မေတ္တာထားတယ်ဆိုတာ လူမျိုးမရွေး ဘာသာမရွေး ထားရှိအပ်တယ်ဆိုတာ သိနိုင်ပါတယ်။
စစ်လက်နက်
စစ်ဟာ အရာရာကိုပျက်စီးစေတယ်။ အဆောက်အအုံတွေ သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေရုံမကဘူး စိတ်ဓာတ်လည်း ပျက်စီးစေတာပါပဲ။ တကယ်တမ်း စစ်ဆိုတာ ဘာကိုမှအကျိုးမပြုဘူး။
စစ်ပွဲရဲ့ရည်ရွယ်ချက်က ဘာလဲ။ ဘယ်လိုဖြစ်ဖြစ် တစ်ယောက်ကိုတစ်ယောက် သတ်တာက စစ်ပွဲရဲ့ဦးတည်ချက်ဖြစ်နေတယ်။ မိမိလိုချင်တာရဖို့ သတ်နေကြတယ်။ သိပ္ပံပညာဟာ စစ်ပွဲတွေနဲ့ အများကြီးဆက်စပ်နေတယ်။ သိပ္ပံပညာတိုးတက်လေလေ လက်နက်တွေက ကောင်းလေလေ ဆိုသလိုဖြစ်ခဲ့တယ်။ လက်နက်ကောင်းကောင်းဆိုတာ လူများများကို သတ်နိုင်တာကိုခေါ်တာပါပဲ။ တကယ်လည်း ဒုတိယကမ္ဘာစစ်အတွင်းက လူအများဆုံးကို အသေသတ်နိုင်တဲ့ အဏုမြူဗုံးလက်နက်ကို အမေရိကန်ကသုံးခဲ့တယ်။ ဒီအတွက်ကြောင့် စစ်ကြီးပြီးသွားခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
အသေးစိတ်ကြည့်ရင် ၁၉၄၅ ခုနှစ် သြဂုတ်လ ၆ ရက်နေ့မှာ အမေရိကန်တို့ရဲ့ Little Boy လို့အမည်ရတဲ့ အဏုမြူဗုံးကို ဟီရိုရှီးမားမှာ ကြဲချခဲ့ပါတယ်။
ချက်ချင်းဆိုသလို လူရှစ်သောင်းကနေ တစ်သိန်းလေးသောင်းအကြား သေဆုံးသွားတယ်။ နောက်ထပ် လူတစ်သိန်းကျော်ဟာလည်း ပြင်းထန်စွာဒဏ်ရာရသွားတယ်။ ဒါဟာ အဏုမြူခေတ်ထဲကို စတင်ဝင်ရောက်တယ်လို့ သတ်မှတ်တဲ့နေ့ပါပဲ။
အဏုမြူဗုံးအတွက် ပရောဂျက်ကို သမ္မတရုစဗဲ့လက်ထက်မှာ စလုပ်ခဲ့ပေမယ့်လည်း သမ္မတထရူးမင်းလက်ထက်ရောက်မှပဲ အကောင်အထည်ဖော်ဖြစ်ခဲ့တယ်။ ဒီစွမ်းအင်ဟာ အင်မတန်ကြီးမားတယ်။ အဖျက်အားလည်း ကြီးတာပေါ့။
၁၉၄၅ ခုနှစ် သြဂုတ်လ ၆ ရက်နေ့ကချခဲ့တဲ့ Little Boy အဏုမြူဗုံးဟာ ဟီရိုရှီးမားတစ်မြို့လုံးကို ပြာပုံဖြစ်စေခဲ့သလို နဂါစကီမြို့မှာ သြဂုတ်လ ၉ ရက်နေ့ကချခဲ့တဲ့ Fat man ဗုံးဟာလည်း လူပေါင်းခုနစ်သောင်းကျော်ကို ချက်ချင်းသေစေပြီး တစ်မြို့လုံးမြေမှာ ပြားပြားဝပ်သွားစေပါတယ်။
စစ်အတွင်းမြို့တွေမှာနေတဲ့ ဂျပန်တွေ သုံးသိန်းကနေ ငါးသိန်းအထိသေပြီး အဆောက်အအုံ သုံးသန်းလောက်ပြိုပျက်တယ်။ ပျက်စီးတဲ့ဧရိယာဟာ အင်္ဂလိပ်နဲ့အမေရိကန် ဗုံးကြဲတိုက်ခိုက်ဖျက်ဆီးခဲ့တဲ့ ဂျာမနီနိုင်ငံ ဧရိယာထက်ပိုတယ်။
ဒုတိယအဏုမြူဗုံးချဖို့သွားတဲ့ အမေရိကန်လေယာဉ်မှူးဟာ ပစ်မှတ်အနေနဲ့ Kokura ကိုသွားခဲ့ပေမယ့် အဲဒီမှာရာသီဥတုဆိုးရွားနေပြီး တိမ်များဖုံးလွှမ်းနေတာကြောင့် နဂါစကီကို ရွေးခဲ့တာဖြစ်တယ်။
နောက်တစ်ခုက ကျိုတိုမြို့ကို အဏုမြူဗုံးချဖို့ရှိပေမယ့် အမေရိကန်စစ်ဖက်ဆိုင်ရာ အကြီးအကဲ Henry L. Stimson က ကျိုတိုမြို့မှာ ယဉ်ကျေးမှုအမွေအနှစ်များစွာ ရှိတယ်ဆိုပြီး ကန့်ကွက်လို့ ဗုံးမချဖြစ်တာလို့ဆိုတယ်။ ဘယ်လိုကြည့်ကြည့် နဂါစကီက ကံဆိုးလှတယ်။ ဒုတိယဗုံးချအပြီးမှာ ဒုတိယကမ္ဘာစစ်ကြီး ပြီးသွားပါတယ်။ ဂျပန်လည်း ကုန်းကောက်စရာမရှိတော့ပါဘူး။
ယနေ့ဟီရိုရှီးမားပြတိုက်မှာ အဏုမြူဗုံးဒဏ်ခံရသူအသီးသီးရဲ့ ဒုက္ခတွေကို ပြထားတယ်။ ဂျပန်ရောက် မိတ်ဆွေတွေကတော့ ဒီဓာတ်ပုံတွေကြည့်ပြီး သူ့အနေနဲ့ အင်မတန်စိတ်ထိခိုက်ရကြောင်း ပြောခဲ့ပါတယ်။
“လူတွေပဲ၊ ဒါတွေကိုမြင်တွေ့ရတဲ့အခါ ဘယ်သူက စိတ်မထိခိုက်ဘဲနေပါ့မလဲ” ဟု ဂျပန်အမျိုးသမီးငယ်တစ်ဦးက ပြောခဲ့ပါတယ်။
ဟီရိုရှီးမားမှာ “အဏုမြူဗုံးအားလုံး ဖျက်ဆီးလိုက်ရင် မကောင်းဘူးလား”
ဒါကဖြစ်နိုင်ဖို့ခက်တယ်။
လက်နက်တွေနဲ့ ငြိမ်းချမ်းရေး
လက်နက်တွေနဲ့ ငြိမ်းချမ်းပြီး ပေါင်းစည်းသွားဖို့ဆိုတာ ဖြစ်နိုင်ပါသလား။
နောက်ထပ် အဏုမြူဗုံးတွေကို လုပ်ဆောင်ဖို့ကြိုးစားနေတဲ့ အီရန်နဲ့မြောက်ကိုရီးယားတို့ကို ကမ္ဘာကတော့ အပြင်းအထန်ရှုတ်ချနေတယ်။
အမှန်တော့ အဏုမြူစွမ်းအင်ဟာ ကမ္ဘာကြီးကို ကယ်တင်နိုင်ပါတယ်။ အိုင်းစတိုင်းရဲ့ အက်တမ်တွေဒြပ်ထုကနေ စွမ်းအင်ပြောင်းလဲပုံ ညီမျှခြင်းဖြစ်တဲ့ E=mc² ဆိုတဲ့ညီမျှခြင်းအရ မီးရထားလက်မှတ်တစ်စောင်ကနေ စွမ်းအင်ထုတ်ယူနိုင်ရင် ကမ္ဘာတစ်ပတ်မီးရထားသွားဖို့ စွမ်းအင်ရပါတယ်။
ဒါဆိုရင်တော့ ယနေ့လိုအပ်တဲ့ စွမ်းအင်ပြဿနာကို ဖြေရှင်းနိုင်မှာဖြစ်တယ်။ ဒီစွမ်းအင်ဟာ ကျောက်မီးသွေးလိုမျိုး ပတ်ဝန်းကျင်ကို ဒုက္ခမပေးဘူးလို့ဆိုနိုင်တယ်။ ဒါပေမဲ့စည်းမဲ့ကမ်းမဲ့နဲ့လုပ်ရင်တော့ ပြဿနာအကြီးကြီးဖြစ်မှာကို သတိပြုရမယ်။
တစ်ဖက်ကလည်း အက်တမ်ကိုဖြိုခွဲပြီး ဗုံးလုပ်မယ် (Fission Bomb) ဗုံးအပြင် အက်တမ်ကိုပေါင်းစည်းပြီး (Fusion Bomb) ဗုံးလုပ်လို့ရသေးတယ်။ ဒီလိုလုပ်ကြရင်တော့ ကမ္ဘာကြီးကို လုံးဝပြာပုံကြီးဖြစ်အောင် လုပ်ဆောင်သွားနိုင်ပါတယ်။
လူတွေသတိပြုကြဖို့ အကြိမ်ကြိမ်သတိပေးနေကြတယ်။
ကျွန်တော်တို့နိုင်ငံ
မြန်မာနိုင်ငံသည်လည်း ဂျပန်လိုပါပဲ။ စစ်ဒဏ်ကို ခါးသီးစွာခံခဲ့ရတယ်။ ဂျပန်အဝင်တစ်ကြိမ်၊ ဂျပန်အထွက်တစ်ကြိမ် စစ်ဒဏ်နှစ်ကြိမ်ခံရတယ်။ ဂျပန်လောက် ဆိုးမဆိုးတော့ ဒေတာမရှိလို့ မပြောလိုတော့ပါဘူး။ စစ်ဆိုတာ သူမသာကိုယ်မသာ (အသုဘ) တွေပါပဲလို့ဆိုရပေမယ်။
ဒါပေမဲ့ ဂျပန်က ကမ္ဘာမှာ ထိပ်ဆုံးတန်းရောက်လာတဲ့ နိုင်ငံဖြစ်လာတယ်။ အားကျမခံ မြန်မာလည်း ကမ္ဘာမှာအောက်ဆုံးတန်းကိုရောက်လာတဲ့ နိုင်ငံဖြစ်တယ်လို့ အချို့ဆိုတယ်။
ကျွန်တော်တို့နိုင်ငံဟာ လွတ်လပ်ရေးကို ထိုက်ထိုက်တန်တန် ကြိုးပမ်းရယူခဲ့တဲ့ နိုင်ငံဖြစ်တယ်။ သို့သော် ကံဆိုးချင်တော့ ကိုလိုနီတွေဆီက လွတ်လပ်ရေးမရမီမှာ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးသွားတယ်။ ဒီအခါဆက်ခံသူဦးနုက နုအက်တလီစာချုပ်ကို လက်မှတ်ထိုးကာ လွတ်လပ်ရေးကို ရယူခဲ့တယ်။
ဒီလိုလွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံဟာ ဒီမိုကရေစီခရီးကိုသွားဖို့ ကြိုးစားတယ်။ မအောင်မြင်ဘူး။ ဦးနေဝင်းဦးဆောင်တဲ့စစ်တပ်က အာဏာသိမ်းခဲ့ပါတယ်။ လူတွေရဲ့အမြင်ကလည်း ဒီမိုကရေစီကို သဘောကျဟန်မတူဘူး။ ဒါကြောင့် စစ်အာဏာသိမ်းတာကို ပျော်ပျော်ကြီးလက်ခံခဲ့ပါတယ်။ ဒါနဲ့ပဲ စစ်အုပ်ချုပ်ရေးအောက်မှာ အနှစ် ၅၀ ကျော်ကြာခဲ့ပါတယ်။ ဒါကြောင့်လည်း ဆင်းရဲသွားကြတာပေါ့။ မိတ်ဆွေတစ်ယောက်နဲ့တွေ့တော့ သူကပြောတယ်။
“ကျွန်တော်တို့ကံဆိုးတယ်ဆရာ။ သစ်တောတွေ တောင်တွေ မြစ်တွေကိုရောင်းစားကြတယ်”
“အမြီးကျက်အမြီးစား၊ ခေါင်းကျက်ခေါင်းစားကြတာကိုး”
“ဆရာကလည်း။ အဲဒီလူတွေဟာ ကျက်တဲ့အထိတောင် မစောင့်ကြပါဘူး” လို့ပြောသွားပါတယ်။
ခုတော့ ကျွန်တော်တို့တစ်တွေဟာ တော်တော်လေး ထဲထဲဝင်ဝင်နွံထဲနစ်နေကြတာပါ။ ပြိုင်တူတွန်းရင်တောင် ရွေ့ဖို့ခက်နေပါတယ်။
နိဂုံး
ကျွန်တော်တို့ ရှေ့ခရီးအတွက် လိုအပ်ချက်တွေ အများကြီးရှိနေပါသေးတယ်။ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံဖြစ်ရတာမကောင်းပါ။ ရန်ကုန်လိုမြို့ကြီးတွေမှာ မီးပြတ်ရေပြတ်ရှိနေဆဲပါ။ ဒါပေမဲ့ ကျွန်တော်တို့အော်နေဆဲပါပဲ။
တို့မြန်မာတွေ ရဲစွမ်းပြမည် အာဇာနည်ပီပီတဲ့။
ယနေ့မှာ ရဲစွမ်းပြရုံနဲ့မရတော့ပါ။ သိပ္ပံနဲ့နည်းပညာဆိုတဲ့ ပညာစွမ်းကို ပြမှရပါတော့မယ်။
ဂျပန်ကကြိုးစားတယ်။ ဘယ်တော့မှ အနိုင်မခံတဲ့စိတ်ဓာတ်ပါ။ ဖီးနစ်ငှက်လို သူတို့မီးထဲကျပြီး ရှင်သန်ခဲ့တယ်။ ကျွန်တော်တို့ကဘာတွေလဲ။ မေတ္တာတရားနဲ့အညီ မေတ္တာပွားကြပါ။ တစ်ဖက်ကလည်း တီထွင်ကြံဆဖို့ ကြိုးစားကြဖို့ နှိုးဆော်အပ်ပါတယ်။
Writer - ဒေါက်တာခင်မောင်ညို









