
Photo: dailyglobe.co.uk
ရှေ့နေများ၏ အခွင့်အရေးသည် တရားစီရင်ရေးလွတ်လပ်မှုကို သိမြင်လက်ခံနိုင်ခြင်းအပေါ် တည်မှီသည်။ နိုင်ငံအများအပြား၌ ဤလွတ်လပ်မှုသည် ဖြိုချဖျက်ဆီးခံရခြင်း (သို့မဟုတ်) လုံးဝငြင်းပယ်ခံရခြင်းဖြစ်နေ၏။ အချို့နိုင်ငံများတွင် တရားစီရင်ရေးသည် အုပ်ချုပ်မှုအာဏာ၏ လက်အောက်ခံဖြစ်နေပြီး ဤအာဏာ၏ အကျိုးစီးပွားကို ဆန့်ကျင်၍ ဆုံးဖြတ်ရန်မှာ ဖြစ်နိုင်ခြေလုံးဝမရှိပေ။
(အာရှလူ့အခွင့်အရေးကောင်စီ ၂၀၀၉ ဇွန်)
အသွင်ကူးပြောင်းစ မြန်မာနိုင်ငံတွင် တရားစီရင်ရေးကဏ္ဍ၌ ရိုက်ခတ်နေသော လှိုင်းတံပိုးသည် ကြီးမားလှပေသည်။ ယခင်အစိုးရလက်ထက်ကတည်းက ယခုတိုင်လွှတ်တော်အသီးသီး၊ လူ့အခွင့်အရေးကော်မရှင် စသည်တို့၌ရောက်ရှိလာသည့် တိုင်စာများအနက် အဓိကမှာ တရားစီရင်ရေးနှင့် ပတ်သက်နေပေသည်။
မဟာဗျူဟာစီမံချက်များ
ပြည်ထောင်စုတရားလွှတ်တော်ချုပ်က “တရားမျှတရေး၊ အတူတကွမြှင့်တင်ပေး” ဆောင်ပုဒ်ဖြင့် တရားစီရင်ရေး ပြုပြင်ပြောင်းလဲရန် ကြိုးစားနေပေသည်။ မဟာဗျူဟာစီမံချက်များသည် ပကတိအခြေအနေနှင့် ကိုက်ညီပါ၏လော၊ အနာတခြား ဆေးတခြားပေလော။ တရားစီရင်ရေးကို ဘာကြောင့်ပြည်သူများ တူးတူးခါးခါးဖြစ်နေကြပါသလဲ။ ဤပြဿနာများ၏ ရင်းမြစ်ကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးအဖြေရှာသင့်ပါသည်။
အာဏာခွေးသွားစိပ်နှင့် ရပ်တည်ချက်ပြဿနာ
နိုင်ငံရေးသီဝရီအရ တရားရုံး၊ အကျဉ်းထောင်၊ ပုလိပ်ဂါတ်၊ စစ်တပ်နှင့် ဥပဒေဆိုသည်မှာ နိုင်ငံတော်အာဏာယန္တရား၏ ခွေးသွားစိပ်များဖြစ်ပါသည်။ ယင်းတို့သည် အဆိုပါ၊ နိုင်ငံတော်အာဏာကို ကာကွယ်ပြီး “နိုင်ငံတော်အာဏာ” ၏ရန်သူများကို ဖိနှိပ်ချုပ်ချယ်ချေမှုန်းရန် တာဝန်ရှိပေသည်။
နိုင်ငံတော်အာဏာသည် ပြည်သူတို့နှင့် ထိပ်တိုက်တွေ့သည့်အခါ အာဏာယန္တရား ခွေးသွားစိပ်များနှင့် လူထုမှာမလွှဲမရှောင်သာဘဲ ပွတ်တိုက်ကြတော့သည်။ နိုင်ငံတော်အာဏာနှင့် ပြည်သူတစ်ထပ်တည်းကျလျှင်မူကား လာရာနှင့်လားရာတစ်ဖက်တည်း ပြည်သူတို့၏ အကျိုးစီးပွားကို ကာကွယ်သော ပြည်သူ့တရားရုံးများဖြစ်ပေမည်။
၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက် အထွေထွေရွေးကောက်ပွဲကြီး၌ စစ်အာဏာရှင်စနစ်ကို ပြည်သူတို့က တူးတူးခါးခါးငြင်းဆန်ကြောင်း ပြသလိုက်ခဲ့ကြသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသည် “ပြည်သူကတစ်ခဲနက် ရွေးကောက်တင်မြှောက်လိုက်သော ပြည်သူ့အစိုးရဖြစ်သည်။ သမ္မတကြီး ဦးထင်ကျော်ဦးဆောင်သည့် ပြည်သူ့အစိုးရက အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးတို့ကို ထိန်းကျောင်းဦးဆောင်သွားရပေမည်။
သို့ရာတွင် ၂၀၁၇ ဖေဖော်ဝါရီလထုတ် တရားရေးဂျာနယ် အတွဲ (၃)၊ အမှတ် (၆)တွင် ပထမဆုံးစာမျက်နှာ၌ “ဒို့တာဝန်အရေးသုံးပါး” က ပြူးပြူးကြီးနေရာယူထားသည်။ ဤဆောင်ပုဒ်မှာ စစ်အာဏာရှင်စနစ်ကို ကိုယ်စားပြုသည်။ သူ့ခေတ်က အတင်းအကျပ်ထည့်ခိုင်း၍ စာစောင်၊ စာအုပ်တိုင်းတွင် မလွှဲမရှောင်သာ ထည့်ခဲ့ရသော်လည်း ယခုမည်သည့်စာအုပ်၊ စာစောင်တွင်မှမပါတော့။ ထို့ကြောင့် ဤစာသားက တရားစီရင်ရေးစနစ်တွင် စစ်အာဏာရှင်တို့ ပန်းပန်လျက်ရှိနေသေးကြောင်း သက်သေအထောက်အထားဖြစ်ပါသည်။
လေးပစ်သူကား ဘုရားကျွန်တော်
လက်ရှိတရား စီရင်ရေးစနစ်မှာ ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးကို စစ်အာဏာရှင်တို့က သွေးထွက်သံယို နှိမ်နင်းပြီးနောက် တည်ဆောက်ခဲ့သောစနစ်ဖြစ်သည်။ ၁၉၈၈ တရားစီရင်ရေးဥပဒေ၊ ၂၀၀၀ ပြည့်နှစ် တရားစီရင်ရေးစနစ်နှင့် လက်ရှိ ၂၀၁၀ ပြည်ထောင်စု တရားစီရင်ဥပဒေတို့မှာ ဒုတိယစစ်အာဏာရှင်ခေတ်တွင် ၎င်းတို့အလိုကျ ရေးဆွဲပြဋ္ဌာန်းထားသည့် တရားစီရင်ရေးစနစ်များသာ ဖြစ်ပေသည်။
ပြည်သူ့သဘော ပြည်သူ့ဆန္ဒမပါ။ အဆိုပါတရားရုံးများက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သော အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ ဒီမိုကရေစီလိုလားသူ ပြည်သူများကို မတရားထောင်သွင်း အကျဉ်းချခဲ့ကြရသည်။ ဥပဒေကိုဘေးချိတ်၍ ဗောင်းတော်ညိတ် စိတ်တော်သိခဲ့ကြရသည်။ ကျွန်တော်သည်ပင်လျှင် ၁၉၈၈ မှ ၂၀၁၅ အတွင်း နှစ်ကြိမ်တိုင်တိုင် စစ်အာဏာရှင်ခေတ် တရားစီရင်ရေးစနစ်ကို တဝကြီး မြည်းစမ်းခဲ့ရသောကြောင့် “မယုံမရှိနဲ့ ကိုယ်တွေ့ပါ” ဟုပြောချင်သည်။ သက်သေခံဥပဒေနှင့် ကျင့်ထုံးများဘေးချိတ် စာအိတ်ထဲက ထောက်လှမ်းရေး အမိန့်တော်မြတ်အတိုင်း ဆောင်ရွက်ခဲ့ကြရပေသည်။
ဤခါးသီးသော အတွေ့အကြုံများအရ အစွယ်ကိုလိုသူ မိဖုရား၊ အသွားစေလွှတ်သူ မင်းဧကရာဇ်၊ လေးပစ်သူ ဘုရားကျွန်တော်၊ ဤသုံးဦး ကြံဖော်တွင်မှ လေးပစ်သူ တရားစီရင်ရေးက ဓားစာခံဖြစ်ခဲ့ရခြင်းပင်။
ဓမ္မတာလက္ခဏာချက်နှင့် ပုစွန်ဆိတ်ခေါင်း
အမှုမှန်သမျှတွင် တရားလို၊ တရားခံ၊ တရားလို၊ တရားပြိုင်ဟု နှစ်ဖက်ရှိပေရာ နိုင်သူကပြုံး၍ ရှုံးသူက ဆဲမည်မှာဓမ္မတာပင်။ ရှုံးသည့်ဘက်က မကျေနပ်သည့်အခါ၊ တရားစီရင်ရေးမဏ္ဍိုင် တိမ်းစောင်းပြီဟု စွပ်စွဲသူကစွပ်စွဲ၊ တိုင်စာအတွဲလိုက်ပို့နိုင်သည့် ခေတ်အခြေရောက်သဖြင့် ငါးခုံးမကတစ်ကောင်တည်းလား တစ်လှေလုံးလား အငြင်းပွားကြရပေပြီ။
ထို့ပြင် စစ်အာဏာရှင်ခေတ်က ကြွေးကြော်သံ “မှန်မှန်နှင့်မြန်မြန်” ဆိုသည့် ‘နှင်တံ’ ကြီးကလည်း နောက်ကတရစပ် ရိုက်နှက်နေသေးသည်။ ဒုတိယစစ်အာဏာရှင်ခေတ်အစတွင် ဤဆောင်ပုဒ်ပေါ်သည်။ သို့ရာတွင် ၁၉၉၀ ရွေးကောက်ပွဲအပြီးအနိုင်ရသူကို မှန်မှန်နှင့်မြန်မြန် အာဏာမလွှဲခဲ့သည်မှာ ၂၆ နှစ်ပင် ကြာမြင့်ခဲ့ပါသည်။
ဤဆောင်ပုဒ်ကို စစ်အစိုးရ တရားစီရင်ရေးအဆက်ဆက် အလွန်အာတွေ့ခဲ့သည်။ လချုပ်နှစ်ချုပ်ပြီး ပြတ်ကိန်းဂဏန်းတွေက ခြိမ်းခြောက်သည်။ စင်စစ်အားဖြင့် စီးပွားရေးတိုးတက်မှုနှင့် ရာဇဝတ်မှုမှာ ပြောင်းပြန်အချိုးကျလေရာ ရာဇဝတ်မှုများ အကြီးအကျယ်ဖြစ်ပွားလာသည်မှာ အံ့သြစရာမရှိ။
ဤအခြေအနေတွင် တရားရုံးများ၌ အမှုများက တောင်ပုံရာပုံ၊ အချို့မြို့နယ်တရားရုံးများတွင် တရားခွင်ရှေ့အမှုစစ်၊ တရားသူကြီးရုံးခန်းထဲအမှုစစ်ဖြင့် နှစ်ကိုယ်ခွဲရုံးများပင်ပေါ်လာသည်။ ကြန့်ကြာမှုဆိုလျှင် အမှုတွဲပိုက်ပြီး အထက်ရုံးသွားဖြေရှင်းရသည်။ သို့ဖြင့် မှန်မှန်မမှန်မှန် မြန်ရင်ပြီးရော ဖြစ်လာသည်။
တရားစီရင်ရေးဟု ခေါင်းတပ်လိုက်သည်နှင့် ပစ်မှတ်က တရားရုံးဖြစ်လာသည်။ တရားရုံးတွင်လမ်းဆုံးသည်။ တကယ်ဆိုလျှင် (Criminal Justice) ပြစ်မှုတရားစီရင်ရေးတွင် တရားစွဲအဖွဲ့အစည်းဖြစ်သော ရဲ၊ ဥပဒေရုံး၊ ရှေ့နေများ၊ အမှုသည်များ၊ သက်သေများ အားလုံးပါဝင်သည်။
တရားရုံးသည် တရားစွဲအဖွဲ့အစည်းက အမှုတည်ဆောက် တင်ပြလာချက်အပေါ် နှစ်ဖက်သက်သေထွက်ချက်၊ သက်သေအထောက်အထားများကို ဥပဒေဆင်ခြင်တုံ တရားဖြင့်စပ်ဟပ်ကာ ဆုံးဖြတ်စီရင်ရခြင်းဖြစ်သည်။
မန္တလေးတွင်ဖြစ်ပွားခဲ့သည့် နာမည်ကျော် ပုဂ္ဂလိကဆေးရုံကြီးအမှုတွင် အုပ်ချုပ်ရေးတာဝန်ရှိသူ အကြီးအကဲတစ်ဦးက ကျွန်တော့်ကိုမေးဖူးသည်။ ထိုအမှုတွင် တရားခံမှာ ကွင်းလုံးကျွတ်လွတ်သွားသည်။ အသံများ အကြီးအကျယ် ဆူညံပွက်လောရိုက်သွား၏။
ကျွန်တော်က အုပ်ချုပ်ရေးသည် တရားစီရင်ရေးတွင် စွက်ဖက်ခွင့်မရှိကြောင်း၊ မကျေနပ်ပါက သက်ဆိုင်ရာဥပဒေရုံးက အယူခံ/ပြင်ဆင် တက်ရောက်ရန်သာရှိကြောင်း ပြောပြခဲ့ရသည်။
ယင်းအမှုသတင်းမီဒီယာများ၌ အကျယ်တဝင့် ဖော်ပြရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါဆေးရုံကြီးတွင် ဒုစရိုက်ဂိုဏ်းဖွဲ့ ကျူးလွန်နေသယောင် ဖြေဆိုခဲ့သည်။ ဘယ်လိုအရေးယူလိုက်မည် စသဖြင့် ဆင်ဖမ်းမည် ကျားဖမ်းမည်လုပ်ပြခဲ့ကြသည်။ တကယ့်တကယ် အမှုစစ်တော့ ခိုင်မာသည့် သက်သေအထောက်အထားမတင်ပြနိုင်။ ဘာမှလည်း ဟုတ်ဟုတ်ငြားငြားမထွက်ကြ။ ဤအချက်ကို ပြည်သူနှင့် သတင်းမီဒီယာများမသိကြ။ အဆုံးတွင် ပုဇွန်ဆိတ်ခေါင်းအဖြစ် လွှတ်လိုက်သည့် တရားသူကြီးအပေါ် ငါးတကာယိုသည့် ချေးများတင်ခဲ့ခြင်းဖြစ်ပါသည်။
ထိန်းကျောင်းကွပ်ကဲသည့်စနစ်
အင်္ဂလန်နိုင်ငံ ဘုရင်မတရားလွှတ်တော်၊ ဂျာမနီနိုင်ငံ ဘာလင်ဒီစတြိတ်တရားရုံးများ၊ သြစတြေးလျနိုင်ငံ ဆစ်ဒနီရှိ ဒေသတရားရုံး၊ ဟောင်ကောင်ရှိ ခရိုင်အဆင့်တရားရုံးများသို့ ကျွန်တော်ရောက်ရှိလေ့လာဖူးသည်။ သီရိလင်္ကာနိုင်ငံ၊ ကန္နီရှိ ပြည်နယ်တရားရုံးတွင် လေ့လာဖူးသည်။
နိုင်ငံအများ၏ တရားစီရင်ရေးစနစ်များတွင် စီရင်ဆုံးဖြတ်မှုနှင့် စီမံအုပ်ချုပ်မှုကို ပိုင်းခြားထားသည်။ တရားရေးဝန်ကြီးဌာန ဖွဲ့စည်းထားပြီး၊ Supreme Court ကတရားစီရင်သည်။ တရားရေးဝန်ကြီးနှင့် ကော်မရှင်က စီမံအုပ်ချုပ်သည်။ သီရိလင်္ကာနိုင်ငံတွင် တရားရေးကော်မရှင် (Judicial Service Commission) ရှိသည်။ ယင်းတွင် တရားလွှတ်တော်ချုပ် တရားသူကြီးချုပ်၊ အယူခံရုံးဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ပါဝင်သည်။ ဤကော်မရှင်က စီမံအုပ်ချုပ်သည်။ တရားစီရင်ရေးနှင့် စီမံအုပ်ချုပ်မှုကို ပိုင်းခြားထားခြင်းဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၂ အရ နိုင်ငံတော်သမ္မတသည် ဝန်ကြီးဌာနဖွဲ့စည်းခွင့်ရှိပေသည်။ ဤအခွင့်အာဏာကိုသုံး၍ တရားရေးဝန်ကြီးဌာန ဖွဲ့စည်းသင့်သည်။ ပြည်ထောင်စုတရားစီရင်ရေး ဥပဒေ (၂၀၁၀) ကို ခေတ်အခါနှင့်ကိုက်ညီအောင် လွှတ်တော်က ပြင်ဆင်သင့်သည်။
အမယ်ဘုတ်ကယ့်သူ့ချည်ခင်
မျက်မှောက်မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားသွေးစည်း ညီညွတ်ရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေးကဏ္ဍစုံ၏ အဓိကအဟန့်အတားမှာ ၂၀၀၈ ခြေ/ဥ ဖြစ်နေသည်။ နာဂစ်မုန်တိုင်းတွင် ကွယ်လွန်ပြီးသူများက တစ္ဆေအဖြစ် ပါဝင်မဲပေးခဲ့ကြသည့် အဆိုပါဥပဒေတော်ကြီးက အရာရာ၏ အခရာဖြစ်နေသည်။
ဤဥပဒေကြီးကို ကာကွယ်ရင်း အမယ်ဘုတ်ကယ့်သူ့ချည်ခင် ဥပဒေပြဿနာများ ပေါ်ပေါက်နေသည်။
ရဲထံထွက်ချက် သက်သေခံမဝင်ကြောင်း စီရင်ထုံးများနှင့် ပြဋ္ဌာန်းဥပဒေများရှိပါလျက် ပြည်ထဲရေးက တရားလိုလုပ်စွဲသော အမှုများတွင် ရဲနှင့်ထောက်လှမ်းရေးထံ ထွက်ချက်ကို ရှာဖွေပုံစံဖြင့် သက်သေခံသွင်းသည့်ကိစ္စ၊ တရားလွှတ်တော်ရှေ့နေများကို ၁၉၂၉၊ ဘားကောင်စီဥပဒေအရ ခုခံချေပလျှောက်လဲခွင့်မပေးဘဲ လိုင်စင်ရုပ်သိမ်းသည့်ကိစ္စ၊ ရာဇဝတ်ဥပဒေပုဒ်မ ၁၄၄ အပါအဝင် တရားစီရင်ရေးပုဒ်မများကို အုပ်ချုပ်ရေးကဏ္ဍမှ သုံးစွဲနေခြင်းအပေါ် မတားမြစ်သည့်ကိစ္စ၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အပ်နှင်းသည့် ‘စာချွန်တော်’ တက်ခွင့်ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ကြားနာပြီးဖြစ်၍ ခွင့်မပြုသည့်ကိစ္စ စသည်စသည် ပြဿနာများရှိပါသေးသည်။
ပန်းသစ်ကို အိုးသစ်မှာစိုက်ကြ
လုံးလုံးလျားလျားမဟုတ်တောင် စစ်အာဏာရှင်စနစ်ကား အသက်ငင်နေချေပြီ။ တရားစီရင်ရေးတွင် ပထမဦးဆုံး မဟာဗျူဟာမြောက်ခြေလှမ်းမှာ အတွေးအခေါ်ပြုပြင်ရေး၊ ရပ်တည်ချက်ပြုပြင်ရေး (Strategic Way of Thinking) ပင်ဖြစ်သင့်သည်။ ကမ္ဘာကျော်စကားပုံဖြစ်သည့် (Benches are not made up of stone) တရားသူကြီးတွေလည်း “သွေးနဲ့ကိုယ် သားနဲ့ကိုယ်” ဟူသည့်စကားအရ အမှားရှိနိုင်ပေသည်။ လူသည်မှားတတ်သည်။ “လူ” အမှားထက် “မူ” အမှားက အဓိကဖြစ်သည်။
ပြည်သူ့ခေတ်၊ ဒီမိုကရေစီခေတ်၊ ဖက်ဒရယ်ပြည်ထောင်စုခေတ်တွင် နိုင်ငံတကာစံနှုန်းများ၊ လူ့အခွင့်အရေးနှင့် ပြည်သူကိုကာကွယ်သည့် တရားစီရင်ရေးစနစ် ပန်းသစ်ကို အိုးသစ်တွင်မှ စိုက်မှတော်ချေမည်။ ရပ်တည်ချက်ပြောင်းလျှင် အမြင်နည်းနာပြောင်းချေမည်။ ထို့ကြောင့် ဗျူဟာမြောက်ခြေလှမ်းအဖြစ် စစ်အာဏာရှင်နှလုံးသားမှ “ဒီမိုကရေစီ” နှလုံးသားပြောင်းလဲတပ်ဆင်ရန် အဦးဆုံးလိုအပ်ပေသည်။ ရပ်တည်ချက်ပြောင်းမှ အမြင်နှင့်နည်းနာပြောင်းမည်ဖြစ်ကြောင်း သောင်းတိုက်က ကြားစေလိုက်ပါသည်။
Writer - ဦးသိန်းသန်းဦး (မြန်မာနိုင်ငံရှေ့နေများကွန်ရက်)









