
ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့၌ ဇူလိုင် ၇ ရက်က ပြုလုပ်သော ဂျီ-၂၀ ထိပ်သီး ဆွေးနွေးပွဲတွင် (ဝဲမှယာ) မက်ခရွန်၊ ထရန့်၊ ဂျိုကိုဝီဒိုဒိုတို့အား အခြားခေါင်းဆောင်များနှင့်အတူ တွေ့ရစဉ် (Photo: AFP)
ဝါရှင်တန်၏ နိုင်ငံခြားဆက်ဆံရေး မဟာဗျူဟာ အခင်းအကျင်းတွင် အရှေ့အာရှဒေသနှင့် အရှေ့တောင်အာရှဒေသတို့သည် အရေးပါသည်ထက် အရေးပါလာနေသည်။ ၂၀၁၇ ခုနှစ် မြောက်ကိုရီးယား အရေးသည် တောင်တရုတ်ပင်လယ်အရေးကို ကျော်တက်သွားပြီ ဖြစ်သည်။ ဝါရှင်တန်နှင့် ပြုံယမ်း၊ ထိုမှဆက်၍ ဝါရှင်တန်နှင့်ပေကျင်း ဆက်ဆံရေးတို့သည် သံခင်းတမန်ခင်း မြောက်လွန်းနေသည်။ ဝါရှင်တန်၊ ပေကျင်းနှင့် ပြုံယမ်းတို့၏ သြဂုတ်လ ဆုံမှတ်သည် မနီလာမြို့တော်တွင် ဖြစ်သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆန် Rex W. Tillerson သည် ၂၀၁၇ ခုနှစ် သြဂုတ် ၃ ရက်တွင် မနီလာ၊ ကွာလာလမ်ပူနှင့် ဘန်ကောက်ခရီးစဉ်ကို စတင်ပြီ ဖြစ်သည်။ ၂၀၁၇ ခုနှစ်သည် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ) တည်ထောင်သည့် ရွှေရတု အထိမ်းအမှတ်နှစ် ဖြစ်သည်။ ရက်စ်တီလာဆန်၏ သြဂုတ်လ အာဆီယံဒေသ ခရီးစဉ်သည် ဝါရှင်တန်နှင့် အာဆီယံအကြား မဟာဗျူဟာမြောက် ဆက်ဆံရေးနှင့် ဆက်စပ်နေပြီး၊ နိုင်ငံပေါင်းစုံ သံခင်းတမန်ခင်းဆိုင်ရာ အခွင့်အလမ်းကောင်း တစ်ရပ်လည်းဖြစ်သည်။ ရက်စ်တီလာဆန်နှင့်အတူ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး (ယာယီ) ဆူဇန်သောင်တွန် Susan Thorntan လည်း လိုက်ပါသွားသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆန်သည် မနီလာ၊ ဘန်ကောက်၊ ကွာလာလမ်ပူ ခရီးစဉ်အတောအတွင်း ဝါရှင်တန်၏ ဒေသတွင်း မဟာမိတ်နိုင်ငံများ၊ လုပ်ဖော်ကိုင်ဖက်နိုင်ငံများ၊ မိတ်ဆွေနိုင်ငံများနှင့် ဒေသတွင်း လုံခြုံရေး၊ ကောင်းမွန်သော အစိုးရစနစ် အားကောင်းရေး၊ တရားဥပဒေ အခြေပြုစနစ်အား အလေးထားရေး၊ ဝါရှင်တန်အတွက် စီးပွားရေး အခွင့်အလမ်းများ ချဲ့ထွင်နိုင်ရေးတို့ကို ရည်မှန်းချက်ပြု၊ ဆွေးနွေးမည် ဖြစ်သည်။ မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားအန္တရာယ်နှင့် ဒေသတွင်း ခြိမ်းခြောက်ရန်စမှုများကို ပူးပေါင်းတုံ့ပြန်နိုင်ရေးသည်လည်း တီလာဆန်ခရီးစဉ်၏ သော့ချက်အရေးကိစ္စ တစ်ခုဖြစ်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ အစိုးရသက်တမ်း ဝါရှင်တန်နှင့် အာဆီယံဆက်ဆံရေးကို စောင်းငဲ့ကြည့်မည်ဆိုလျှင် ပြုံယမ်းအရေးသည် တောင်တရုတ်ပင်လယ်အရေး၊ ပေကျင်းကို ဗျူဟာမြောက် ထိန်းကျောင်းရေးတို့ထက် နှာတစ်ဖျား သာလာနေသည်။ အာဆီယမ်နှင့် ပြုံယမ်းအကြား ပုံမှန် ဆက်ဆံရေး ရှိနေခြင်း၊ အာဆီယံဒေသတွင်း ဖိုရမ်တွင် ပြုံယမ်းက အဖွဲ့ဝင်အဖြစ် ပါဝင်နေခြင်း၊ ကွာလာလမ်ပူနှင့် စင်ကာပူတို့သည် ပြုံယမ်း၏ အဓိက ကုန်သွယ်ဖက်နိုင်ငံများ ဖြစ်နေခြင်းတို့သည် ဝါရှင်တန်ကို စိတ်အနှောင့်အယှက် ဖြစ်စေသည်။ အာဆီယံနိုင်ငံများအနေဖြင့် ပြုံယမ်း၏ ဝင်ငွေလမ်းကြောင်းကို ဖြတ်တောက်ပြီး၊ သံတမန် ဆက်ဆံရေးကို လျှော့ချသင့်ကြောင်း တီလာဆန်က တတွတ်တွတ် မှတ်ချက်ပြုခဲ့သည်။
ဝါရှင်တန်၏ ပြုံယမ်းကို အာဆီယံဒေသတွင်း လူရာမသွင်းရေး အစီအစဉ်သည် အသက်ဝင်ရန် အားယူနေရဆဲ ဖြစ်သည်။ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ရီယုံးဟိုသည် အာဆီယံဒေသတွင်းဖိုရမ်ကို တက်ရောက်မည် ဖြစ်သည်။ ရက်စ်တီလာဆန်အနေဖြင့် ရီယုံးဟိုနှင့် တွေ့ဆုံဆွေးနွေးရန် အစီအစဉ် မရှိလင့်ကစား၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် သီးခြားတွေ့ဆုံ ဆွေးနွေးမည်ဖြစ်သည်။ ရက်စ်တီလာဆန်သည် ဆွေးနွေးပွဲတိုင်းတွင် ပြုံယမ်းအရေးကို ဦးစားပေးနိုင်ဖွယ် ရှိသည်။ ဝန်ကြီးအဆင့် ထိပ်သီးအစည်းအဝေးများတွင် သာမက၊ ဘန်ကောက်နှင့် ကွာလာလမ်ပူ ခရီးစဉ်တို့တွင်လည်း ပြုံယမ်းအရေးသည် ဗျူဟာမြောက် သော့ချက်ကျနေမည် ဖြစ်သည်။
လာမည့် မနီလာဝန်ကြီးအဆင့် ထိပ်သီးအစည်းအဝေးများတွင် ပေကျင်းနှင့် အာဆီယံအကြား သမိုင်းမှတ်တိုင် တစ်ခုကိုလည်း စိုက်ထူနိုင်ခြေ မြင့်မားလျက် ရှိသည်။ အဆိုပါ သမိုင်းမှတ်တိုင်မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား မကျူးကျော်ရေးစာချုပ်ပင် ဖြစ်သည်။ အဆိုပါ စာချုပ်ချုပ်ဆိုနိုင်ရေး အပူတပြင်း ပြင်ဆင်ဆောင်ရွက်လျက် ရှိသည်။ အာဆီယံနှင့် ပေကျင်းအကြား ချစ်ကြည်ရေး၊ ယုံကြည်မှု တည်ဆောက်ရေး နှင့် ပူးပေါင်းဆောင်ရွက်ရေး အခင်းအကျင်းပုံစံသစ်သည် ရုပ်လုံးပေါ်လာသည်ထက် ပေါ်လာနေပြီ ဖြစ်သည်။ အာဆီယံသည် ဝါရှင်တန်၊ မော်စကို၊ ပေကျင်းမှသည် တိုကျို၊ နယူးဒေလီ၊ ဆိုးလ်အထိ ကွန်ယက် ဖြန့်ကျက်ထားပြီးဖြစ် နေသည်မှာ ရွှေရတု၏ သမိုင်းမှတ်ကျောက်ပင် ဖြစ်သည်။
အမေရိကန်၏ ဖိတ်စာကို ပထမဆုံး တရားဝင်ရရှိခဲ့သည့် နိုင်ငံမှာ ဗီယက်နမ်ဖြစ်သည်။ သမ္မတဒေါ်နယ်ထရန့်သည် ဗီယက်နမ်ဝန်ကြီးချုပ်ကို ဝါရှင်တန်သို့ အလည်အပတ် လာရောက်ရန် ပထမဆုံး ဖိတ်ကြားခဲ့သည်။ ၂၀၁၇ ခုနှစ် ဧပြီ ၂၀ ရက်မှ ၂၁ ရက် အထိ ဗီယက်နမ် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Pham Binh Minh ၏ ဝါရှင်တန်ချစ်ကြည်ရေး ခရီးစဉ်အတွင်း ဖိတ်ကြားစာကို ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ ဝါရှင်တန်သည် အရှေ့အာရှဒေသနှင့် အရှေ့တောင် အာရှဒေသတို့တွင် ပေကျင်းနှင့် အားပြိုင်ရာ၌ ဟနွိုင်၏ ဗျူဟာမြောက်အရေးပါမှုကို အလေးအနက်ထားကြောင်း ပြသခဲ့သည့် ခြေလှမ်းဟု ဆိုနိုင်သည်။ ဒေါ်နယ်ထရန့်အစိုးရ၏ ပေကျင်းကို ထိန်းကျောင်းမည့် ဗျူဟာအစိတ်အပိုင်း တစ်ခုဟုလည်း ဆိုနိုင်သည်။
ဂျိုကိုဝီနှင့် လီရှန်လုံးတို့သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ပထမဆုံး တွေ့ဆုံဆွေးနွေးခဲ့သည့် အာဆီယံနိုင်ငံ့ အကြီးအကဲများ ဖြစ်သည်။ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီနှင့် စင်ကာပူဝန်ကြီးချုပ် လီရှန်လုံးတို့သည် ၂၀၁၇ ခုနှစ် ဇူလိုင်လ ဂျာမနီနိုင်ငံ၊ ဟမ်းဘတ်မြို့၌ ကျင်းပခဲ့သော ဂျီ-၂၀ ထိပ်သီးအစည်းအဝေးတွင် ဒေါ်နယ်ထရန့်နှင့် သီးခြား၊ တွေ့ဆုံဆွေးနွေးခဲ့သည်။ အမေရိကန်အစိုးရသစ် လက်ထက် ဝါရှင်တန်နှင့် အာဆီယံ ဆက်ဆံရေးကို အမေရိကန် ဒုတိယသမ္မတ မိုက်ပန့်ခ်၏ ၂၀၁၇ ခုနှစ် ဧပြီလ အင်ဒိုနီးရှားနိုင်ငံ ခရီးစဉ်နှင့် လမ်းဖောက်ခဲ့ခြင်း ဖြစ်သည်။ ဒေါ်နယ်ထရန့်နှင့် ဝါရှင်တန်အစိုးရသည် အာဆီယံနှင့် ဆက်ဆံရေးကို မျှော်မှန်းထားသည်ထက် အလေးထားလျက် ရှိနေသည်။
၂၀၁၇ ခုနှစ် ဧပြီလကုန်ပိုင်းတွင် သမ္မတ ဒေါ်နယ်ထရန့်သည် ဖိလစ်ပိုင်သမ္မတ ဒူတာတေး၊ စင်ကာပူဝန်ကြီးချုပ် လီရှန်လုံးနှင့် ထိုင်းဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာတို့ကို တယ်လီဖုန်းဖြင့် ဆက်သွယ်၊ ဆွေးနွေးခဲ့ပြီး၊ ဝါရှင်တန်သို့ အလည်အပတ် လာရောက်ရန် ဖိတ်ကြားခဲ့သည်။ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Datuk Sri Anifah Aman နှင့် စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Dr Vivian Balakrishnan တို့သည် ၂၀၁၇ ခုနှစ် မတ် ၂၁ ရက်တွင် ဝါရှင်တန်သို့ အလုပ်သဘော အလည်အပတ် သွားရောက်ခဲ့ပြီး၊ စင်ကာပူကာကွယ်ရေးဝန်ကြီး Dr.Ng Eng Hen သည်လည်း ၂၀၁၇ ခုနှစ် ဧပြီ ၂ ရက်မှ ဧပြီ ၅ ရက်အထိ ဝါရှင်တန်ဆီ သွားရောက်ခဲ့သည်။ ဝါရှင်တန်နှင့် အာဆီယံ နိုင်ငံများဆက်ဆံရေးသည် ဟန်ချက်မပျက် အားကောင်းနေဆဲဟု ဆိုနိုင်သည်။
၂၀၁၇ ခုနှစ် မေ ၄ ရက်တွင် အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီ မြို့တော်၌ အာဆီယံ-အမေရိကန်နိုင်ငံခြားရေးဝန်ကြီးများ၏ အထူးအစည်းအဝေးကို ကျင်းပခဲ့ပြီး၊ ရက်စ်တီလာဆန်သည် မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ လွဲ၍ ကျန်နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ၂၀၁၇ ခုနှစ် ဇွန်လထဲတွင် ရက်စ်တီလာဆန်နှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့အကြား တယ်လီဖုန်းနှင့် ဆက်သွယ် စကားပြောခဲ့ခြင်းမှတစ်ပါး ထူးခြားသည့် ဆက်ဆံရေးကို မမြင်တွေ့ရပေ။ ဝါရှင်တန်နှင့် နေပြည်တော် ဆက်ဆံရေးနှင့် အပြန်အလှန် ခရီးစဉ်များသည် အိုဘားမားအစိုးရ လက်ထက်နှင့်နှိုင်းယှဉ်လျှင် အလွန်အမင်း အေးစက်နေသည်ဟု ဆိုနိုင်သည်။ ဝါရှင်တန်နှင့် နေပြည်တော်ဆက်ဆံရေးသည် ဟန်ချက်ပျက်မည့်ဘက်သို့ ဦးတည်နေသည်ဟု သုံးသပ်နိုင်သည်။
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် လာမည့် အာဆီယံနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးများအဆင့် ထိပ်သီးအစည်းအဝေးကို တက်ရောက်နိုင်ခြင်း မရှိလျှင် ဝါရှင်တန်နှင့် နေပြည်တော် ဆက်ဆံရေးသည် ပိုမိုအေးစက်သည့်ဘက်သို့ ဦးတည်သွားနိုင်ဖွယ် ရှိနေသည်။ ဝါရှင်တန်သည် နေပြည်တော်နှင့် ဆက်ဆံရေး အေးစက်နေလင့်ကစား၊ ဂျကာတာ၊ ဟနွိုင်၊ စင်ကာပူ၊ မနီလာ၊ ဘန်ကောက်၊ ကွာလာလမ်ပူတို့နှင့် ဆက်ဆံရေးသည် ထင်ထားသည်ထက် ပိုမို သွက်လက်၊ အားကောင်းနေသည်ဟု ဆိုနိုင်သည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မနီလာမြို့တော်တွင် ရက်စ်တီလာဆန်နှင့် သီးခြားတွေ့ဆုံ ဆွေးနွေးနိုင်မည့် အခွင့်အရေးကို လွှတ်ချခဲ့သည်လား စဉ်းစားစရာ ဖြစ်သည်။
လက်ငင်း မြန်မာ့နိုင်ငံရေး စိန်ခေါ်မှုများ၊ အကျပ်အတည်းများကို ကျောထောက်နောက်ခံပြု သုံးသပ်မည်ဆိုလျှင် နေပြည်တော်အနေဖြင့် ပေကျင်းနှင့် မဟာဗျူဟာဆက်ဆံရေးကောင်းရန် အရေးကြီးသည့် နည်းတူ၊ ဝါရှင်တန်နှင့် ဆက်ဆံရေးကိုလည်း မဟာဗျူဟာအဆင့် မြှင့်တင်နိုင်ရန် သော့ချက်ကျမည် ဖြစ်သည်။ ထို့အပြင် နေပြည်တော်သည် ဝါရှင်တန်နှင့် မဟာဗျူဟာ မဟာမိတ်ဆက်ဆံရေး တည်ဆောက်နိုင်မည့် လမ်းကြောင်းကို ကိုယ်တိုင် ဖောက်လုပ်ရမည် ဖြစ်သည်။ နိုင်ငံရေးအခင်းအကျင်းအရ ပြောလျှင် ဝါရှင်တန်က နေပြည်တော်ကို လိုအပ်သည်ထက် နေပြည်တော်က ဝါရှင်တန်ကို ပိုမိုလိုအပ်သည်ဟု ဆိုရမည်ဖြစ်သည်။
အချုပ်ဆိုရသော် အာဆီယံနိုင်ငံတိုင်းသည် နိုင်ငံတော်နှင့် နိုင်ငံသားတို့အကျိုးအတွက် ဝါရှင်တန်၊ ပေကျင်း အပါအဝင် အရှေ့အာရှ လူကုံထံနိုင်ငံများနှင့် ဆက်ဆံရေးကောင်းဖို့ အလုအယက် လုံးပန်းနေကြသည်။ အာဆီယံနိုင်ငံများအကြား အောက်တန်း နောက်တန်းကျနေဆဲဖြစ်ပြီး၊ ထိလွယ် ရှလွယ် အကူးအပြောင်းကို ဖြတ်သန်းနေရသည့် နေပြည်တော်သည် နိုင်ငံတကာ ဆက်ဆံရေးအခင်းအကျင်းတွင် မာနကြီးနေ၍ မဖြစ်၊ ပရိုတိုကော၊ အင်္ဂါစဉ်ကို ကြည့်နေ၍ မဖြစ်၊ ထိုးထွင်းဆန်းသစ်သော အမြင်ဖြင့် ဝါရှင်တန်နှင့် ဆက်ဆံရေးကို ဗျူဟာမြောက် မြှင့်တင်သင့်သည့်အကြောင်း မီးမောင်းထိုး၊ တိုက်တွန်း လိုက်ရပါသည်။









