
ပခုက္ကူ နည်းပညာတက္ကသိုလ်တွင် ဖဲကြိုးပြာလှုပ်ရှားမှု ပြုလုပ်နေသည့် ဆရာ၊ ဆရာမများကို တွေ့ရစဉ် (ဓာတ်ပုံ-သက်ထိန်ဝင်း)
မြန်မာနိုင်ငံက ကျောင်းဆရာတစ်ယောက်၏ တာဝန်မှာ သင်ခန်းစာများကို သင်ကြားပို့ချပေးခြင်း သီးသန့် သက်သက်သာ မဟုတ်ပါ။ မိရိုးဖလာ အစဉ်အလာများအရ ဆရာသည် မိဘသဖွယ် မိဘကိုယ်စား အခြားကိစ္စရပ်အ၀၀ကိုလည်း တာဝန်ယူရသည်။ ယင်းမှာ တာဝန်အရယူခြင်း မဟုတ်ဘဲ အသိစိတ်အရ အလိုလျောက် ဆောင်ရွက်ခြင်းသာ ဖြစ်သည်။
ကျွန်တော်သည် လက်ထောက်နည်းပြ ရာထူးဖြင့် ဂျီတီအိုင်တွင် ၁၉၉၃ ခုနှစ်က စတင် အလုပ်ဝင်ရောက်ခဲ့သည်။ ထိုစဉ်က သက်မွေးပညာသင်ကျောင်းများ အားလုံးသည် ပညာရေးဝန်ကြီးဌာန လက်အောက်တွင်သာ ရှိကြပြီး ညွှန်ကြားရေးမှူးချုပ်မှာ ဆရာကြီး ဒေါက်တာ ခင်မောင်ဝင်း ဖြစ်သည်။ ကျွန်တော်အလုပ် စတင်ဝင်ရောက်သည့်အချိန်က ဂျီတီအိုင်ကို ဝင်ခွင့်ဖြင့် တက်ရောက်ရသည့်စနစ် ဖြစ်ပြီး ဝင်ခွင့်အောင်မြင်ရေးမှာ ၁၀ တန်းအောင်ဖို့ထက် ခက်ခဲသည့် အခြေအနေဖြစ်သည်။ အသက်၂၅ နှစ်ထက် မကြီးရန်သာ သတ်မှတ်ထားပြီး ၁၀ တန်းကို မည်သည့်အဆင့်မှ အောင်မြင်သည်ဖြစ်စေ ဝင်ခွင့်ဖြေဆိုခွင့် ရှိကြသည်။ (ထိုစဉ်က အေ/ဘီ ခွဲခြားမှု ရှိသေးသည်)။ ကျောင်းသားများမှာ အလွှာစုံဖြစ်သည်။
တက္ကသိုလ်ဝင်ခွင့်ကို အေအဆင့် ဘီအဆင့် အောင်သူများသာမက တက္ကသိုလ်တက်နေဆဲများ ဘွဲ့ရများပင် ပါဝင်ကြသည်။ ကျွန်တော်အပါအဝင် ဆရာဆရာမများ အလုပ်ရုံအကူများ ရုံးဝန်ထမ်းများသာမက ကျောင်းအုပ်ကြီးအထိပင် ကျောင်းသားများ၏ ကိစ္စအ၀၀ကို ပျော်ပျော်ကြီး ခံယူကြပါသည်။ အမှန်ပင် ပျော်ပျော်ကြီး ခံယူကြခြင်းပါ။ ရန်ပွဲကအစ ဆန္ဒပြပွဲအဆုံး အလုံးစုံဖြေရှင်းရ ထိန်းသိမ်းစောင့်ရှောက်ကြရသည်။ ထိုစဉ်က မှောင်မည်းသော နှစ်ကာလများ ဖြစ်သည့်အတွက် ရဲစခန်းကို ဝိုင်းကြသည့်ကိစ္စမှအစ မဝတခေါ် မြို့နယ်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ရုံးကို ဝိုင်းကြသည့်ကိစ္စများအထိ အာဏာပိုင်လည်း ကျေနပ်ရန် ကျောင်းသားလည်း မနစ်နာစေရန် အားလုံးအမှန်ပင် နေ့မအိပ် ညမအိပ် ဖြေရှင်းခဲ့ရသည်။ ယခုအချိန်တွင် ထိုစဉ်က ကျောင်းသားကျောင်းသူ အများစုမှာ နေရာဌာနကြီးကြီးများတွင် တင့်တောင့်တင့်တယ် နေနိုင်ကြပြီ ဖြစ်သော်လည်း ဆရာတစ်ယောက်၏ ဘဝမှာ သိပ်ပြီး ထူးခြားလှသည် မဟုတ်ပါ။ ထို့အတွက် ဝမ်းမနည်းလှသလို နောင်တလည်း မရခဲ့ပါ။ မိမိလုပ်ဆောင်ခဲ့မှုများအတွက် ဂုဏ်ယူပါသည်။ ပညာရေးဌာနမှ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနသို့ ပြောင်းလိုက်ပြီး နောက်ပိုင်းတွင် ပညာရေး အဆင့်မြှင့်တင်ရေးတွက် ဆရာများကို B Tech ၊ BE ၊ ME Phd ဘွဲ့များ ဆက်လက် သင်ယူစေလာပါသည်။
ထိုအတန်းများ မအောင်မြင်လျှင် ရာထူး တိုးမပေးသည့်စနစ်သို့ ရောက်လာပါသည်။ ကျွန်တော့်အနေဖြင့် အသက်အရွယ်အရလည်းကောင်း မိသားစုနှင့် စီးပွားရေးအရ လည်းကောင်း အခြားအကြောင်း တစ်ခုကြောင့်သော်လည်းကောင်း ပညာဆက်သင်ရန် မဖြစ်နိုင်တော့ပါ။ မိမိအရေးထက် သားသမီးများ၏ ပညာရေးကိုသာ ဦးစားပေးရပါသည်။ ဆက်လက် ပညာသင်ကြားကြသည့် ကျွန်တော် တပည့်ကလေးများမှာ BE , ME Phd ဘွဲ့ များ ရသွားကြပါသည်။ ကျွန်တော့် အထက်အရာရှိများ ဖြစ်လာကြပါသည်။ ဆရာ့အနေဖြင့် သူတို့ အဆင့်မြင့်လာကြသည့်အတွက် ပီတိဖြစ်ရသော်လည်း သူတို့၏ မပြည့်စုံမှုအတွက် ရင်လေးရပါသည်။ ဆက်လက် ဆည်းပူးပြည့်၀ လာပါစေကြောင်းသာ မေတ္တာပို့ရပါသည်။ အချို့သော လုပ်ဖော်ကိုင်ဖက်များက အလုပ်မှ ထွက်သွားကြပါသည်။ အကြောင်းအမျိုးမျိုးကြောင့် သင်ကြားရေးမှ ထွက်ခွာသွားကြသူ လုပ်ဖော်ကိုင်ဖက် အများစုမှာ မိမိတို့၏ လုပ်ငန်းအသီးသီးတွင် လွတ်မြောက် သာယာနေကြပြီ ဖြစ်ပါသည်။ ထို့အတွက်လည်း ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ပါသည်။
ရာထူးရာခံ ကြီးကြီးများ ကြီးပွားချမ်းသာနေသူ တပည့်ဟောင်းများက ဆရာ့ကို ကြုံလျှင်ကြုံသလို မကြုံလျှင်လည်း မကြုံသလို ဂရုတစိုက် ရှိနေကြသေးသည့်အတွက်လည်း အသက်ရှင် ပျော်နေပါသေးသည်။ မကြာခင်က ကျွန်တော့်ကျန်းမာရေး အခြေအနေအရ ဆေးကုသခံယူစဉ် တပည့်ဟောင်းများက ဂရုစိုက်ကြသည့်အခါ ကုန်လွန်ခဲ့ရသည့် အချိန်များကို ကျေနပ်မိပါသည်။
အမှန်တော့ ကျောင်းဆရာတစ်ဦး၏ ဘဝမှာ သိပ်အဆင်ပြေလှသည် မဟုတ်ပါ။ ကျွန်တော့်လိုပင် ဘဝတူ ဆရာဆရာမများ မြန်မာပြည်အနှံ့တွင် ရှိကြပါလိမ့်မည်။ ကျူရှင်သင်ပြီး အဆင်ပြေနေကြသူများ အနည်းအကျဉ်း ရှိနိုင်ပါသည်။ သို့သော် မများလှပါ။ ရေကြည်ရာ မြက်နုရာ နေခင်းထိုင်ခင်းသာသည့် နေရာများက အဆင်ပြေနေကြသူများ ရှိနိုင်ပါသည်။သူတို့အထဲတွင်လည်း ကျူရှင်ကို သင်ချင်၍ သင်ရသူများ ရှိသလို မလွှဲသာသော အကြောင်းများကြောင့် သင်နေရသူများလည်း ရှိကြပါသည်။ သို့သော် တစ်နိုင်ငံလုံးနှင့်စာလျင် အရေအတွက် နည်းပါသည်။ ဆရာ ဆရာမ အများစုမှာ နာမကျန်းဖြစ်လျှင် တွယ်မီရာမရှိပါ။ သားသမီးများ ပညာရေးအတွက် လူတမ်းမစေ့နိုင်ပါ။ ကိုယ်က ကျူရှင်မသင်လျှင်လည်း သားသမီးများကို ကျူရှင်ထားရမည် ဖြစ်ပါသည်။ စားဝတ်နေရေး သောကများနှင့် ပညာသင်ပေးနေရသော ဆရာတစ်ဦးအဖို့ လုပ်ငန်းခွင်ပျော်ရွှင်ရေးမှာ မလွယ်လှပါ။ နိုင်ငံတော်အစိုးရ အနေဖြင့်လည်း ကိစ္စအ၀၀ကို ဖြေရှင်းနေရသည်ကို လည်းကောင်း၊ တိုင်းပြည်ဆင်းရဲနေသည်ကို လည်းကောင်း နားလည်နိုင်ပါသည်။ သို့သော် ပညာရေးသည် နိုင်ငံရေးပင် ဖြစ်ပါသည်။ ကာကွယ်ရေးတွင် စွန့်လွှတ် စွန့်စားနေရသူများကို အခွင့်အရေးပေးသည့်နည်းတူ ဆရာ၊ ဆရာမများကို သီးခြားအခွင့် မပေးနိုင်ဘူးလားဟု မေးခွန်းထုတ်ရမလို ဖြစ်နေပါသည်။ လုပ်သက် ငါးနှစ် ဆယ်နှစ် ဆယ့်ငါးနှစ် အစရှိသည့် လုပ်သက်ရင့် ဆရာများကို လစဉ်ချီးမြှင့်ငွေ ပေးလျှင် သင့် မသင့် စဉ်းစားသင့်ပါသည်။ အထူးသဖြင့် တက္ကသိုလ်များတွင် လုပ်သက်နှင့် ပညာအရည်အချင်းဆိုင်ရာ အငြင်းပွားမှုများ ရှိနေသည့်အတွက် စဉ်းစားသင့်ပါသည်။
ယခုအခါ ယခင် သိပ္ပံနှင့်နည်းပညာ လက်အောက်တွင် ရှိခဲ့ကြသည့် ကွန်ပျူတာနည်းပညာ တက္ကသိုလ်များနှင့် သက်မွေးပညာကျောင်းများတွင် ရာထူးတိုးမြင့်မှုဆိုင်ရာ အခွင့်အလမ်း မညီမျှမှုအပေါ် အထွေထွေ မကျေနပ်မှုများမှ တစ်ဆင့် ဖဲကြိုးပြာ လှုပ်ရှားမှုများအထိ ဖြစ်ပေါ်လာကြသည်။ ပညာရေးဝန်ကြီးဌာနသည် သက်မွေးပညာကျောင်းများမှ ဆရာ၊ ဆရာမများကို တာဝန်ထမ်းဆောင်ရာ လုပ်သက်များအပေါ် မူတည်ပြီး ရာထူးအဆင့်များကို တိုးပေးလိုက်ခဲ့သော်လည်း တက္ကသိုလ်များရှိ ဆရာ၊ ဆရာမများကိုမူ ပညာအရည်အချင်း ကန့်သတ်ချက်များ ရှိနေသဖြင့် အထွေထွေ မကျေနပ်မှုများ ဖြစ်ပေါ်လာကြသည်။ သို့သော် ထိုသတ်မှတ်ချက်သည် ဝန်ကြီးဌာန၏ တရားဝင်အမိန့်ဖြင့် သတ်မှတ်ချက် မဟုတ်ဘဲ ပညာရေးနှီးနှောဖလှယ်ပွဲတွင် တင်သွင်းသော စာတမ်းတစ်ခုမှ ဖြစ်ပေါ်လာသည်ဟု ဆိုသည်။ ဝန်ကြီးဌာနချင်း ပညာအရည်အချင်းချင်း တူပါလျက် ရာထူးတိုး တန်းတူစဉ်းစားခြင်း မခံရသည့်အပေါ် ဆရာ၊ ဆရာမများက မေးခွန်းထုတ်လာကြသည်။ သင်ကြားရေးတွင် ထိရောက် အောင်မြင်မှုနှင့် စွမ်းဆောင်ရည်ကို စွမ်းဆောင်နိုင်မှု အရည်အချင်းနှင့် တိုင်းတာမည်လား၊ ဘွဲ့အတန်းပညာနှင့် တိုင်းတာမည်လား ဆိုသည်ကို မေးခွန်းထုတ်လာကြသည်။ ဝန်ကြီးဌာနချင်းတူ ပညာအရည်အချင်းချင်းတူ ပါသော်လည်း ဦးစီးဌာန မတူသည့့်အတွက် လုပ်သက်နည်းသူက ရာထူးကြီးနေသည့် မညီမျှမှုများ ဖြစ်ပေါ်လာသည်။ ပညာရေးတွင် မည်သည့်အတန်းကို သင်သည်ဖြစ်စေအား ထုတ်မှုမှာ အတူတူပင် ဖြစ်သည့်အတွက် အခွင့်အလမ်းများလည်း တူညီသင့်သည်။ ထိုအခွင့်အလမ်း မတူညီသည့်အတွက် အထူးသဖြင့် ဆရာအငယ်များအကြား စိတ်ဝမ်းကွဲပြားမှု ဖြစ်ပေါ်စေနိုင်သည်။ ဆရာ၊ ဆရာမများအနေဖြင့် တစ်ဆင့်မြင့်ပညာကို ဆက်သင်နိုင်ခြင်း မသင်နိုင်ခြင်းမှာ အရည်အချင်း တစ်ခုတည်းပေါ်တွင် မူတည်နေသည် မဟုတ်ဘဲ စီးပွားရေး မိသားစုအရး နိုင်ငံရေး အခြေအနေများပေါ်တွင် မူတည်နေသည်ကိုလည်း တာဝန်ရှိသူများက ထည့်စဉ်းစားသင့်ပါသည်။ မည်းမှောင်သော ပညာသင်နှစ်များ ဖြတ်သန်းခဲ့ရသည့်အတွက် ကန့်သတ်ချက်များကိုလည်း ငဲ့ညှာသင့်ပါသည်။ ဆရာ၊ ဆရာမများမှာ သင်တန်းများ တက်ရလျှင်ပင် နေထိုင်စားသောက်ရေးများကို မိခင်ဌာနက လျစ်လျူရှုထားသည့်အတွက် အမြဲဆိုသလို အိတ်စိုက်သာ ဖြစ်နေသည့့်အတွက် သင်တန်းတက်ရမည်ကိုပင် ကြောက်နေကြ ရပါသည်။
မည်သို့ပင်ဖြစ်စေ ကျွန်တော်တစ်ဦးတည်း အနေဖြင့်တော့ ရာထူးတိုးရေး မတိုးရေးအပေါ် စိတ်ပါဝင်စားမှု မရှိတော့ပါ။ လုပ်သက် အတော်အသင့်ရလာပြီ ဖြစ်သည့်အတွက် အေးအေးချမ်းသာပဲ ပင်စင်ခံစားရန် မျှော်နေပြီးဖြစ်ပါသည်။ ဆရာမောင်စွမ်းရည်၏ အမေ့ခေါ်သံ ကဗျာထဲက ကျောင်းဆရာဟာ အဟောင်းအဖာနှင့် နေရသည်ကို ခံယူပြီးဖြစ်ပါသည်။ သို့သော် တရားမျှတမှုနှင့် ဂုဏ်သိက္ခာကိုတော့ မက်မောလှပါသည်။









