လွမ်းနေမိသော ရာမညမြေက ဇာတိရွာကလေး

လွမ်းနေမိသော ရာမညမြေက ဇာတိရွာကလေး
Published 4 August 2017

မုဒုံမြို့နယ် တော်ကူးတံခွန်တိုင် ရွာလယ်ရှိ ရင်ကွဲဇရပ်ကို တွေ့ရစဉ်

စိမ်းညို့နေသော တောင်တန်းကြီးနှင့် ပြာလဲ့လဲ့ ပင်လယ်ပြင်အကြားရှိ ရွာလေးတွင် ကျွန်တော့်ကို မွေးသည်။ ကျွန်တော်တို့ငယ်စဉ်ကဆိုလျှင် တောင်တန်းကြီးသည် ယခုထက်ပင် ပို၍စိမ်းညို့နေသည်။ မိုးလေး တစ်စက်၊ နှစ်စက်ခန့်ကျလျှင်ဖြင့် တောင်တန်းပေါ်တွင် ရေခိုးရေငွေ့များ ရစ်ပတ်နေသည်။ ကျွန်တော်တို့ငယ်စဉ်က တောင်ပေါ်ရောက်တိုင်း တိမ်တွေပေါ်ရောက်နေသကဲ့သို့ ခံစားရသည်။ အလေ့ကျပေါက်ပင်များကအစ သစ်ကြီးဝါကြီးများဖြင့် စိမ်းလန်းနေသော ထိုတောင်ခြေအောက်က ရွာလေးတွင် ကျွန်တော်ကြီးပြင်းခဲ့သည်။ ယခုအခါ ထိုတောင်တန်းပေါ်တွင် ရော်ဘာစိုက်ခင်းများဖြင့် ပြည့်နေသည်။ ယခင်ကလောက် မစိမ်းလန်းတော့သော်လည်း အခြားဒေသများကဲ့သို့ တောင်ကတုံးများ မဖြစ်သေးပါ။

ထိုတောင်တန်းကြီးသည် ရွာ၏အဓိက ကျေးဇူးရှင်ဖြစ်သည်။ ရွာ၏ရာသီပေါ် အစားအစာများကို ထိုတောင်တန်းပေါ်မှရသည်။ ယခုကဲ့သို့ မိုးရာသီဆိုလျှင် မျှစ်ချိုး၊ မှိုခူး၊ အင်ဥများတူးရန် ထွက်ကြသည်။ တောင်ခြေတစ်လျှောက်တွင် ရော်ဘာစိုက်ခင်းများက တစ်မျှော်တစ်ခေါ် ရှိနေသည်။ ရွာသားများပိုင်သော ရော်ဘာစိုက်ခင်းများထက် နိုင်ငံတော်ပိုင် ရော်ဘာစိုက်ခင်းများက ပိုများသည်။ ထိုရော်ဘာစိုက်ခင်းများသည် ရွာ၏ အဓိကစီးပွားရေးမဏ္ဍိုင် တစ်ခုဖြစ်သည်။

ရွာအနောက်ဘက်တွင် လယ်ခင်းကြီးများကလည်း စိမ်းလန်းနေသည်။ ရွာ၏ပထဝီဝင် အနေအထားကိုက ရွာအရှေ့ဘက်တွင် အဝေးပြေးလမ်းမကြီးရှိသည်။ ရွာအနောက်ဘက်တွင် ရထားလမ်းရှိသည်။ ထိုရထားလမ်းအနောက်ဘက်တွင် လယ်ကွင်းများ တစ်မျှော်တစ်ခေါ်ရှိသည်။ ထိုမှဆက်လျှင် ပင်လယ်ကမ်းခြေထိရောက်မည်ဖြစ်သည်။ တောင်တန်းနှင့်ပင်လယ်၏ အရိပ်အာဝါသ အရှိန်အဝါများကြောင့် ရာသီဥတုကတော့ မှန်ကန်သည်။

ကျွန်တော်တို့ရွာလေးသည် မြို့နှင့် အလှမ်းမဝေးချေ။ အနီးဆုံးမြို့နှင့် အလွန်ဆုံး ၁၅ မိနစ်ခန့်သာ ဆိုင်ကယ်ဖြင့်သော်လည်းကောင်း၊ ကားဖြင့်သော်လည်းကောင်း ရောက်နိုင်သော မြို့ပြနှင့်မဝေးသော ရွာဖြစ်သည်။ အိမ်ခြေ ၂၀၀၀ ကျော်ရှိသော ရွာကြီးတစ်ရွာလည်း ဖြစ်သည်။ သို့သော် ကျွန်တော်တို့ရွာလေးသည်ကား မြို့ပြ၏အရှိန်အဝါလွှမ်းမိုးမှု မရှိချေ။ လုံးဝလွှမ်းမိုးမှု မရှိတော့မဟုတ်ပါ။ သို့သော် လုံးဝကို မြို့ဆန်သွားကာ ရွာဓလေ့ ပျောက်သွားသည်ကလည်း မရှိပါ။ ရွာဆန်နေတုန်းပင်ဖြစ်သည်။ ရွာသူရွာသားများသည် မွန်လူမျိုးများဖြစ်ကြသည်။ သို့သော် ဗမာစကားလည်း ပြောကြသည်။ ကျွန်တော်တို့ရွာသည် ယခုထိ အရိုင်းဆန်နေဆဲ။ တောဆန်နေဆဲဖြစ်သည်။ မွန်ဓလေ့ထုံးတမ်းများကို ယခုထိ ဖက်တွယ်နေဆဲ ဖြစ်သည်။

ယခုကဲ့သို့ မိုးတစ်ဖြိုက်ဖြိုက်ကျသော ရာသီတွင် ဘယ်ဒေသကို ရောက်နေ ရောက်နေ မွေးရပ်ဇာတိကို လွမ်းမိသည်။ မိုးစက်များကိုမြင်လျှင် ရာမညမြေကို သတိရမိသည်။ ရာမညမြေကိုလွမ်းမိသည်နှင့် ဇာတိရွာလေးက အတွေးထဲ ပေါ်လာသည်။ မိုးကျသည်နှင့် ထွန်ရေးပြင်နေသော လယ်သမားကြီးများ ရှိသည်။ စက်မှုလယ်ယာပြောင်းနေသည်ဟု ဆိုသော်ငြားလည်း ချစ်မဝသော ငညိုငနီ တစ်ရှဉ်းကို ဖက်တွယ်နေသော လယ်သမားများက ရွာတွင်ပိုများသည်။ သို့သော် ခေတ်အဆက်ဆက်တွင်တော့ လယ်သမားများက ပင်ပန်းသလောက် အကျိုးမခံစားရသော ပြယုဂ်အဖြစ် ကျွန်တော်တို့ရွာက လယ်သမား အများစုကလည်း ဆင်းရဲတွင်းနက်နေဆဲဖြစ်သည်။ မိုးဦးမကျမီအစိုးရကချပေးသော စိုက်ပျိုးရေးချေးငွေကို အားကိုးနေရဆဲဖြစ်သည်။ လက်သမားများ ပြောကြသကဲ့သို့ “သူများတွေအတွက် အိမ်ကောင်းတွေ ဆောက်ပေးနေရတယ်ကွ။ ငါတို့ကတော့ အိမ်စုတ်လေးမှာ မိုးယိုနေတာ အခုထိမပြင်နိုင်သေး” ဆိုသကဲ့သို့ အခြားသူများအတွက် ဆန်အကောင်းစားများ စိုက်ပျိုးထုတ်လုပ်နေသော်လည်း သူတို့၏ ထမင်းဝိုင်းတွင် ဆန်ကြမ်းကိုသာ အားပါးတရလွေးကြသော လယ်သမားကောင်းများရှိသည်။

ညနေစောင်းတွင် လယ်ကွင်းဆီမှပြန်လာသော ရွာသူရွာသားများကို တွေ့ရမည်။ ထိုမြင်ကွင်းသည် မိုးဦးကျကောက်စိုက်ရာသီတွင် မြင်နေကျ ပန်းချီကားတစ်ချပ်ဖြစ်သည်။ နှစ်များမည်မျှပြောင်းပြောင်း မရိုးနိုင်သော ဓလေ့တစ်ခုဖြစ်သည်။ လူများသာပြောင်းသွားမည်။ မျိုးဆက်များသာ အဆက်ဆက် ပြောင်းသွားမည်။ မိုးဦးကျကောက်စိုက်ရာသီတွင် ရွှံ့များတလူးလူးနှင့် ကောက်စိုက်ရာမှ ပြန်လာသော မြင်ကွင်းကတော့ မပြောင်းချေ။ လယ်ယာစိုက်ပျိုးရေးကို အဓိကထားလုပ်သော မြန်မာနိုင်ငံရှိ နေရာတိုင်းတွင် ကောက်စိုက်ပြန်မြင်ကွင်းသည် လှပသော ရိုးရာဓလေ့တစ်ခုဖြစ်နေသည်။

ဝါတွင်းကာလသည် ကျွန်တော်တို့ရွာတွင် အလွန်စည်ကားသောကာလဖြစ်သည်။ ထိုအချိန်သည် ရွာရှိအိမ်တိုင်းလိုလိုတွင် မိသားစုစုံကြသည်။ တစ်နယ်တစ်ကျေးတွင် စီးပွားရှာသူများကလည်း ဝါတွင်းကာလရောက်လျှင် ဆော်လမွန်ငါးများ သားဖွားရာ ဒေသသို့ ရေဆန်တက်လာသကဲ့သို့ ရွာကလေးသို့ အမြဲလိုလို ပြန်လာကြသည်။ ချစ်စရာကောင်းသော ဓလေ့များအများကြီး ကျန်ရှိနေသေးသည်။ နည်းပညာများ တိုးတက်ကာ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်တွင်လည်း ချစ်စရာကောင်းသော ဓလေ့များရှိနေသေးသည်။ ဝါတွင်းဥပုသ်ရက်ဖြစ်သော ရှစ်ရက်၊ လပြည့်၊ လကွယ်နေ့များတွင် ရွာရှိလမ်းများတွင် ကာလသားများက ဥပုသ်သီတင်း သီလစောင့်ရန် ဘုန်းတော်ကြီးကျောင်းသို့သွားသော လူကြီးသူမများကို ပန်းများ၊ ဖယောင်းတိုင်များ လှူဒါန်းကြသည်။ ကျွန်တော်တို့ ရွာလယ်တွင် မွန်ဓလေ့ရင်ကွဲဇရပ်ကြီး ရှိသည်။ ရင်ကွဲဇရပ်ဆိုသည်မှာ လမ်းကိုခွလျက် တည်ဆောက်ထားသော ဇရပ်ဖြစ်သည်။ ထိုဇရပ်သည် မိုးတွင်းကာလအရုဏ်ဆွမ်းလောင်းသူများ မိုးမစိုစေရန်အတွက် ဆောက်လုပ်ထားသည်။ ရှေးအခါက ထိုဇရပ်မျိုးသည် ရွာတိုင်း၊ ရပ်ကွက်တိုင်းရှိ လမ်းထောင့်တိုင်းလိုလိုတွင် တွေ့ရသည်။ ယခုအခါတော့ အလွန်ရှားပါးသွားသည်။ ရပ်ကွက်စုပေါင်းတရားပွဲများ၊ အလှူပွဲများ စသော ကုသိုလ်ကောင်းမှုများ စုပေါင်းလုပ်ဆောင်ကြသည်။ ထိုရင်ကွဲ ဇရပ်သည် ညဘက်တွင် ကာလသားများ၏ အပန်းဖြေရာတစ်ခုဖြစ်သည်။ ဥပုသ်နေ့များ၌ ထိုရင်ကွဲဇရပ်တွင် စတည်းချ၍ ဘုရားသွား ကျောင်းသွားသော လူကြီးသူမများကို ပန်းများ၊ ဆီမီးတိုင်များ ပေးကမ်းလှူဒါန်းသော ဓလေ့သည် မပျောက်ဆုံးသော ချစ်စရာဓလေ့တစ်ခုဖြစ်သည်။ ထိုပန်းများကို အဖိတ်နေ့တွင် ကာလသားလူငယ်များက ရွာအရှေ့ ဘက်တောင်တန်းများဆီတွင် အောင်သပြေနှင့် အခြားသောတော ပန်းလေးများကို ခူးကြသည်။ ရလာသောပန်းများနှင့် ရွာထဲမှအလှူရှင်များ လှူဒါန်းသော ပန်းလေးများနှင့်ရော၍ မိန်းကလေးများက ပန်းကမ်းရန် ပန်းစည်းများ ပြုလုပ်ကြသည်။ ရွာရှိလူငယ်များအတွက် ပျော်စရာ အခိုက်အတံ့များ ဖန်တီးကြသည်။

ရွာရှိလူငယ်လေးများအတွက် ပျော်စရာ ကောင်းသော၊ ချစ်စရာကောင်းသော ဓလေ့များလည်း ရှိသေးသည်။ ဥပုသ်နေ့မနက်ခင်းတွင် ပန်းများ ဖယောင်းတိုင်များ လှူဒါန်းသော ဒါနကုသိုလ်များ ပြုလုပ်ပြီးလျှင် ညနေဘက်တွင် နောက်အပတ်အတွက် အလှူခံပွဲစသည်။ ထိုဓလေ့ကို ကျွန်တော်တို့ဘက်ခြမ်းတွင် ဥပုသ်ဆွမ်းကျွေးဟုခေါ်သည်။ ဆွမ်းကျွေးဟုခေါ်သော်လည်း ရဟန်းသံဃာတော်များကို ဆွမ်းကပ်လှူခြင်း မဟုတ်ချေ။ ရပ်ကွက်ထဲ၊ လမ်းထဲရှိ ကာလသားခေါင်းအိမ်တွင် စတည်းချ၍ လူငယ်အချင်းချင်း စကြနောက်ကြသော ပွဲဖြစ်သည်။ ထိုအချိန်သည် ပိုးပန်းသူများအတွက် အချိန်ကောင်းဖြစ်သည်။ လက်ဖက်သုပ်နှင့် ရေနွေးကြမ်းသည် ထိုပွဲလေးအတွက် အဓိက ဧည့်ခံရာစားစရာ ဖြစ်သည်။ ရပ်ကွက်ထဲရှိ လူငယ်များ ထိုအိမ်တွင် စုဝေးကြသည်။ အခြားရပ်ကွက်မှ ကာလသားများ လူပျိုလှည့်လာသောအခါ ထိုအိမ်ပေါ်တက်၍ စားသောက် စကားပြောကြသည်။ သို့သော် မောင်နှမကဲ့သို့ ဖြူစင်ကြသည်။ ထို့နောက် ပြန်ခါနီးလျှင် အလှူခံ ဖလားထဲ အလှူငွေထည့်ကြသည်။ ထိုကဲ့သို့ ဥပုသ်ဆွမ်းကျွေးဟုခေါ်သော အလေ့အထသည် ည ၁၀ နာရီ၊ ၁၁ နာရီလောက်အထိပြု လုပ်ကြသည်။ ကျွန်တော်တို့ ရွာပတ်ဝန်းကျင်တွင် ဝါတွင်းကာလ၌ ယနေ့အထိ ထွန်းကားဆဲနေဖြစ်သည်။ ရပ်ကွက်တိုင်းလိုလိုရှိရာ အပြန်အလှန် သွားကြလာကြသည်။ ဖူးစာပါ သွားသူများလည်း ရှိသည်။ ကုသိုလ်ရေးနှင့် ချစ်စရာကောင်းသော အလေ့အထဖြစ်၍ လူကြီးများကလည်း ခွင့်ပြုကြသည်။ ရှေးအခါ သမီးပျိုရှိသော မွန်အိမ်များတွင် အပျိုပေါက်ထားပေးရသော ဓလေ့ကမူ ပျောက်ကွယ်သွားချေပြီ။

ကျွန်တော်တို့ ရွာလေးသည်လည်း အခြားသော မွန်ရွာများကဲ့သို့ ဝါတွင်းကာလရှိ လပြည့်များကို မွန်ရိုးရာဓလေ့အတိုင်း ရတနာသုံးပါးအား ကြည်ညိုကြသည်။ ဝါဆိုလပြည့်နေ့တွင် ဝါဆိုသင်္ကန်းနှင့် မွန်ရိုးရာ မုန့်ဖက်ထုပ်ဖြင့် ပူဇော်ကြသည်။ ဝါခေါင်လပြည့်နေ့တွင် ရွှေအိုးကြီးလေးလုံး မြှုပ်နှံကြသည်ကို ရည်စူးကာ လှူဒါန်းကြသည်။ ဝါခေါင်လပြည့်နေ့တွင် ဆီဆွမ်းများလည်း လောင်းလှူကြသည်။ တော်သလင်းလပြည့်နေ့တွင်ကား မဂ္ဂင်ဖောင်ကြီးကို ဦးတည်၍ ဘုန်းကြီးကျောင်းတိုင်း၊ ဘုရားတိုင်းတွင် သင်္ဘောပုံသဏ္ဌာန် ဆွမ်းသပိတ်များ ပြုလုပ်ကြသည်။ တော်သလင်းလပြည့်နေ့မတိုင်မီ အဖိတ်နေ့ညနေတွင် လှူဖွယ်ပစ္စည်းများကို ထိုသင်္ဘောပုံ သပိတ်ထဲတွင် လာရောက်လှူဒါန်းကြသည်။ တော်သလင်းလပြည့်နေ့ အရုဏ်တက်တွင် ဆွမ်းတော်ကြီး ကပ်လှူပွဲကျင်းပသည်။ သီတင်းကျွတ်လပြည့်နေ့သည် ဝါကျွတ်အလှူ အဘိဓမ္မာအခါတော်နေ့နှင့် ဆီမီးထွန်းပွဲတွေ ခြိမ့်ခြိမ့်သဲ ကျင်းပကြသည်။ ထို့နောက် မိုးအကုန် ဆောင်းအဝင်တွင် ကောက်ဦးပေါ်ပွဲအလှူများက ဆက်တိုက်လာတော့သည်။

မိုးစက်များကျသည်ကိုမြင်လျှင် ရွာကို သတိရမိသည်။ မိုးတွင်းဆိုလျှင် ရွာနောက်က တောင်ကျချောင်းမှာ ရေများလျှံနေတော့သည်။ ထိုအခါ ရွာမှလူကြီးများက ချောင်းကို တမံပိတ်ကြသည်။ ထိုရေသည် ကျွန်တော်တို့ ရွာလေးအတွက် တစ်နှစ်ပတ်လုံးသောက် ရေသုံးရေကို ထောက်ပံ့ပေးသည်။ ရွာ၏ညမှောင်မှောင်တွင် လျှပ်စစ်မီးတိုင်များက လင်းတစ်လှည့်၊ မှိတ်တစ်လှည့်နှင့် တာဝန်လွှဲပြောင်းယူပေးနေသည်။ သို့သော် ည ၈ နာရီကျော်လျှင်တော့ ရွာရှိလမ်းများပေါ်တွင် လူသူတိတ်နေတော့သည်။ နံနက်အရုဏ်မတက်မီ ထနိုင်ရန်အတွက် စောစောအိပ်ကာ အားမွေးနေကြသည်။ မိုးရာသီမဟုတ်သောညများတွင် နံနက် ၁ နာရီ၊ ၂ နာရီသည် ရွာ၏အိပ်ရာထချိန် လုပ်ငန်းခွင်ဝင်ချိန်ဖြစ်သည်။ ခေါင်းထိပ်တွင် ဓာတ်မီးအိမ်တပ်ကာ ရော်ဘာခြံများတွင် ရော်ဘာအစေးခြစ်ကြသည်။ ထိုအချိန်များတွင် ရော်ဘာခြံများကို အဝေးမှကြည့်သော် ပိုးစုန်းကြူးများ ပျော်ပါးနေကြသလား ထင်ရမည်ဖြစ်သည်။

မြို့ပြနှင့် မဝေးသော အခြေအနေတွင် ရှိသည်။ ဂလိုဘယ်လိုက်ဇေးရှင်းကို လိုက်မီနိုင်သော ခေတ်မီရုပ်ဝတ္ထုပစ္စည်းများ အိမ်တိုင်းလိုလိုတွင်ရှိသည်။ သို့သော် ရိုးရာဓလေ့ အချို့ကိုတော့ ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်သည်။ ထိုထိန်းသိမ်းနိုင်မှုသည်လည်း မည်မျှကြာရှည်ခံနိုင်မည်နည်းဟု ကျွန်တော်စိတ်ပူမိသည်။ သို့သော် ယနေ့အချိန်အထိတော့ ထိုအရာများသည် မပျောက်ရှဘဲ ကျန်ရှိနေသေးသည်။ ခေတ်ကိုအမီလိုက်၍ ရိုးရာဓလေ့ကို ခေတ်နှင့်လျော်ညီစေရန် ပြုလုပ်ကာ ကြည်နူးစရာကောင်းသော ဓလေ့အချို့ကို ထိန်းသိမ်းသင့်သည်ဟု ထင်မိသည်။ ခေတ်ကိုနောက်ပြန်ဆွဲနေသော ဓလေ့အချို့ကိုတော့ ပယ်သင့်သည်က ပယ်ရမည်ထင်မိသည်။ လူကြီးနှင့်လူငယ် မျိုးဆက်တိုင်းက ရိုးရာဓလေ့အချို့ကိုတော့ လက်ဆင့်ကမ်းသင့်သည်။ မည့်သို့ပင်ဆိုစေကာမူ အဝေးမှာရောက်နေသော ကျွန်တော်တို့အဖို့တော့ မိုးရေစက်များကိုမြင်တိုင်း ချစ်စရာကောင်းသော ကျွန်တော်တို့ရွာလေးကို တမ်းတမိနေဆဲဖြစ်သည်။

Written: မောင်နောင်မွန်

Most Read

Most Recent