လူတွေနားနေပါ ပညာတွေအလုပ်လုပ်ကြပါစေ

လူတွေနားနေပါ ပညာတွေအလုပ်လုပ်ကြပါစေ
Published 3 August 2017


ရာသီတုပ်ကွေး H1N1 ရောဂါကူးစက်မှုများ ကာကွယ်ရန် လားရှိုးမြို့တွင် အသိပညာပေးလှုံ့ဆော်မှုများ သြဂုတ် ၂ ရက်က ပြုလုပ်စဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်-နောင်ပိန်)

ကျွန်တော်ငယ်ငယ်က ဖေဖေက နယ်မြို့ကလေးတစ်မြို့မှာ တာဝန်ကျသည်။ အဲဒီခေတ်က လမ်းစဉ်လူငယ်တွေ ကြက်ခြေနီလူငယ်တွေအားလုံးလိုလို ကျွန်တော်တို့အိမ်တွင် စုစည်းဖြစ်ကြသည်။ ဦးလေး၊ အဒေါ်အရွယ် လူငယ်တွေရဲ့ ပခုံးပေါ်လက်ပေါ်မှာ ကျွန်တော်ကြီးပြင်းခဲ့ရသည်။ ယောက်ျားလေးအချင်းချင်း ရုတ်တရက် အလစ်ဆတ်ခနဲ ထိုးတာကန်တာတွေ တွေ့ဖူးသည်။ အလုပ်ခံရသူက အချိန်မီကာကွယ်လိုက်နိုင်လျှင် ပြောသောစကားတစ်ခွန်း မှတ်မိသေးသည်။ ‘လူကနေတယ် ပညာကမနေဘူး’ ဟုဖြစ်သည်။

ဆယ်တန်းအောင်ခါစ အောင်ဆန်းကွင်းထဲရောက်ကာ တိုက်ကွမ်ဒိုကစားဖြစ်ခဲ့သည်။ အားကစားဆေး ပညာဘာသာရပ်ကို ပို့ချခံရသောအခါ ‘ကြွက်သားမှတ်ဉာဏ်’ ‘muscle memory’ ဆိုသည့်စကားလုံးကို စွဲစွဲထင်ထင်ရှိခဲ့သည်။ နှစ်ဦးနှစ်ဖက် ရင်ဆိုင်တိုက်ခိုက်ကြသောအခါ တစ်ဖက်မှတိုက်ခိုက်သည့်ပုံစံကို မျက်လုံးကမြင်သည်။ ဤသို့ဤပုံတိုက်နေပြီဟု ဦးနှောဏ်ကို သတင်းပေးပို့သည်။ ဦးနှောဏ်က ဒီပုံဒီပုံရှောင် ဒီပုံဒီပုံပြန်တိုက်ဟု ကြွက်သားများကို အမိန့်ပေးသည်။ ထိုနည်းဖြင့် ရန်သူနှင့် ရင်ဆိုင်တိုက်ခိုက်ခြင်းကို တုံ့ပြန်ကြသည်။ ထိုသို့တိုက်ခိုက်ခြင်းမျိုးကို ဖြည်းဖြည်းတစ်မျိုး၊ မှန်မှန်တစ်နည်း၊ မြန်မြန်တစ်ဖုံ လေ့ကျင့်ဖက်နှစ်ဦး လေ့ကျင့်ရသည်။ ကြိမ်ဖန်များစွာ အထပ်ထပ်အဖန်ဖန် လေ့ကျင့်ပြီးသွားသော် ထိုဖြစ်စဉ်တွင် ခန္ဓာကိုယ်သည် ဦးနှောဏ်၏အခန်းကဏ္ဍကို ဖယ်လိုက်လေသည်။ မြင်သည်နှင့် ကြွက်သားက တုံ့ပြန်ပြီးဖြစ်လေသည်။ ဆိုရသော် မျက်လုံးထောင့်တွင် ရိပ်ခနဲမြင်လိုက်သည်နှင့် မြန်ဆန်စွာရှောင်ပြီး တိုက်ပြီးဖြစ်နေတော့သည်။ ဤသည်ကို ကြွက်သားမှတ်ဉာဏ် ဟုခေါ်လေသည်။ ကြွက်သားမှတ်ဉာဏ်ရအောင် လေ့ကျင့်သားကျသွားသော ကိုယ်ခံပညာရှင်အတွက် လူကနေသည် ပညာကမနေဟု ကြွေးကြော်နိုင်သွားလေပြီ။

ဆေးတက္ကသိုလ်တက်သောအခါ ဤသို့သောဖြစ်စဉ်ကို Reflex (မသိစိတ်တုံ့ပြန်မှု) ဟုခေါ်ကြောင်း သိလာရတော့သည်။ ကြိမ်ဖန်များစွာ လေ့ကျင့်ခြင်းသည် တကယ်တမ်း နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ရသောအခါ များစွာအကျိုးရှိသည်ကို တွေ့ရလေသည်။ ထို့ကြောင့် ရှေးလူကြီးများက ပွဲမဝင်အပြင်က ကျင်းပဟူ၍လည်းကောင်း ချွေးထွက်များမှ သွေးထွက်နည်းမည်ဟုလည်းကောင်း ပြောကြခြင်းပင်ဖြစ်ပေမည်။
ကျောင်းစာများကို စတင်ဖတ်ရှုစဉ်ကာလကတည်းက ဖခင်ကြီးက law of repetition ကိုရှင်းပြခဲ့သည်။ ကြိမ်ဖန်များစွာ စာများကိုဖတ်ရှုလေ့လာပါလျှင် မသိစိတ်ထဲတွင် စွဲမြဲသွားသည်ကို အနီးကပ်သင်ကြားပေးခံခဲ့ရသည်။
လက်ထောက်ဆရာဝန်ဖြစ်စ ၂၀၀၁ ခုနှစ်တွင် ရန်ကုန်မြို့ နှလုံးသွေးကြောရောဂါ ကြပ်မတ်ဆောင်တွင် နယ်မှတစ်လလာကာ သင်ကြားမှုခံယူရင်း တာဝန်ထမ်းဆောင်ခွင့်ရခဲ့သည်။ ထိုအချိန်က ပါမောက္ခဆရာကြီးက စည်းကမ်းတင်းကျပ်လွန်းလှသည်။ ပညတ်တော်စာအုပ်လို့ ကျွန်တော်တို့ တိတ်တခိုးပေးထားသော စည်းကမ်းချက်စာအုပ်ကို အလုပ်ထဲ သတင်းပို့ပို့ချင်းဖတ်ရသည်။ လက်မပိုက်ရ ခါးမထောက်ရ ဆိုသည်မှသည် ဂျူတီကုတ် ညာဘက်အိတ်တွင် မည်သည့်ပစ္စည်းကိုထည့်ပြီး ဘယ်ဘက်တွင် ဘာထည့်ရမည်အထိ တိတိကျကျ ညွှန်ကြားထားခဲ့သော စာအုပ်ဖြစ်သည်။ ဤမျှဆရာကြီးသည် စည်းကမ်းတင်းကျပ်ပါသည်။ တစ်ရက် လူနာဆောင်ထဲတွင် အလုပ်လုပ်နေတုန်း ငှက်ဆိုးထိုးသံကဲ့သို့သော လျှပ်စစ်ခေါင်းလောင်းသံကြီးတစ်ခုကို ကြားလိုက်ရသည်။ မီးလုံးများလည်း လင်းလာကာ အခန်းတစ်ခန်းကို ညွှန်ပြနေလေသည်။ သေချာပေပြီ ထိုအခန်းထဲတွင် လူနာတစ်ဦး နှလုံးရပ်သွားလေပြီ။ ရှိသမျှလူကုန်နီးပါး ထိုအခန်းကိုပြေးလေပြီ။ အနီးကပ်ဆုံးရှိနေသော ကျွန်တော်ထိုအခန်းထဲ အရင်ပြေးဝင်သွားမိသည်။ အခန်းထဲတွင်တွေ့ရသည်က ပါမောက္ခသမားတော်ကြီးနှင့် သူ့ရှေ့တွင် နှလုံးခုန်လေ့ကျင့်သော ဆီလီကွန်အရုပ်တစ်ရုပ်က လဲလျောင်းလျက်။ ရုတ်တရက်ဘာမှန်းမသိ ကြောင်ကြည့်နေမိတုန်း ဆရာကြီး၏အော်သံကြောင့် ဒါလေ့ကျင့်နေတာ Drill လုပ်နေတာဟု သတိဝင်လာတော့သည်။ အရုပ်ဆီပြေး နှလုံးပြန်လည် နိုးထခြင်းလုပ်ငန်းများလုပ်ပြ ပါးစပ်ကလည်း ဘာပြီးဘာလုပ်မယ် အော်ဟစ်ဖြေဆိုရတော့သည်။ ထိုနေ့က အူကြောင်ကြောင် ဖြစ်နေမိသောကြောင့် ဆုရခဲ့သော ဇက်ပိုးပေါ်ကျလာသည့် ဆရာကြီး၏လက်တစ်ဖက်သည် တစ်သက်လုံး နှလုံးရပ်သွားတဲ့လူနာတွေကို ပြန်ရှင်သန်လာအောင်လုပ်နိုင်ရန် အဆင်သင့်ရှိစေဖို့ အမှတ်တရ ဖြစ်ခဲ့ပါတော့သည်။

တိုက်နယ်ဆရာဝန်ဖြစ်ခါစ တစ်ဆေးရုံလုံးတွင် ဆရာဝန်တစ်ယောက်တည်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရသည်။ ကုသရေးလုပ်ငန်းတွင်သာမက ပြည်သူ့ကျန်းမာရေးလုပ်ငန်းများအတွက် ကွင်းဆင်းဟောပြော စစ်ဆေးကုသသည်များကိုပါ ဆောင်ရွက်ခဲ့ရသည်။ ကျွန်တော်မရှိချိန် အရေးပေါ်လူနာရောက်လာလျှင် ဆရာဝန်လာသည်အထိ နောက်ကျခံစောင့်ဆိုင်းခိုင်း၍ကားမဖြစ်။ မြွေကိုက်လူနာ၊ သွေးလွန်တုပ်ကွေးလူနာ၊ သွေးလန့်လူနာ၊ သွေးတိုးလူနာ၊ သတိမေ့လူနာ စသည်ဖြင့် လူနာအမျိုးအစားအလိုက် မည်သို့လူနာလာလျှင် မည်သို့အရေးပေါ်ဆောင်ရွက်ရမည်ကို ဇယားဖြင့် တာဝန်ကျဆရာမများကို ချပြပေးထားလိုက်သည်။ လေ့ကျင့်စေသည်။ ကြိမ်ဖန်များစွာ ဖတ်ရှုခိုင်းပြီး လူနာလာလျှင်လည်း ဇယားကိုသာ ကြည့်ကုသမှုများ ပေးစေခဲ့သည်။ လူနာရော လူနာရှင်ပါ ကျေနပ်ရုံမက ရောဂါပျောက်ကင်းရေးအတွက် လက်ဦးမှုရကာ လူနာများဆေးရုံတွင်စောင့်ဆိုင်းချိန် နည်းခဲ့သည်။

သဘာဝဘေး နှစ်စဉ်ကြုံနေရသော မြို့နယ်တစ်ခုသို့ မြို့နယ်ဆရာဝန်အဖြစ် ရောက်ခဲ့ရသည်။ သဘာဝဘေးတစ်ခုကြုံလျှင် ထိခိုက်နစ်နာမှုကို အမြန်ဆုံးသိရှိကာ တုံ့ပြန်ကယ်ဆယ်ရေးလုပ်ရမည်။ ဘေးတစ်ခုကြုံလျှင် အရင်ဆုံးဆန်းစစ်အဖွဲ့ဆင်းကာ နောက်ပိုင်းမှ အခြေအနေပေါ်မူတည်ကာ အမြန်ဆုံးကယ်ဆယ်ရေးလုပ်ပါဟုဆိုသည်။ ဖြစ်မှဆင်းရမည်ကို လက်မခံနိုင်ခဲ့ပေ။ သဘာဝဘေးမကြုံမီကပင် တစ်မြို့လုံး၏ အချက်အလက်များကို ကောက်ယူစုဆောင်းထားလိုက်သည်။ လူဦးရေ ကျားမ၊ ကလေးလူကြီး၊ ကျောင်း၊ ဆေးခန်း၊ ရေတွင်း၊ ရေကန်၊ အိမ်သာ၊ လမ်းကြောင်း၊ ကုန်းမြင့်၊ ချိုင့်ဝှမ်း၊ မြစ်ချောင်းနီးစပ်မှု၊ အစိုးရဌာနခွဲများရှိမှု စသည်တို့ကို မြေပုံရေးဆွဲ မှတ်သားထားသည်။ သဘာဝဘေးကြုံသောအခါ မည်သို့ဘေးဆို မည်သို့ပြေး၊ မည်သို့ကူ မည်သည့်လမ်းကြောင်း စသည်ဖြင့် ကြိမ်ဖန်များစွာ ပါးစပ်နှင့်ရော လက်တွေ့နှင့်ပါ လေ့ကျင့်ခဲ့သည်။ နဖူးတွေ့ဒူးတွေ့ ကြုံလာသောအခါ လေ့ကျင့်ထားသည့်အတိုင်းဖြစ်သည်နှင့် ထိခိုက်မှုအတိုင်းအတာကို ဆင်းမကြည့်ရဘဲ ခန့်မှန်းနိုင်စွာဖြင့် အလျင်မြန်ဆုံး ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ခဲ့သည်။ အချိန်ကုန် လူပင်ပန်းခြင်းနည်းစွာ ထိရောက်အောင်မြင်ခဲ့လေသည်။ မဖြစ်ခင် ကြိမ်ဖန်များစွာ ပေါ့ပေါ့ပါးပါး လေ့ကျင့်ထားမှုသည် ဖြစ်ပွားလာသောအခါ မပင်မပန်းဘဲ အနည်းငယ်အားစိုက်ရုံဖြင့် အဆင်ပြေစေခဲ့သည်။

ဆေးရုံတိုင်းဆေးရုံတိုင်းအတွက် အရေးပေါ်အခြေအနေ စီမံချက်များရှိကြသည်။ သဘာဝဘေးကြုံလျှင်၊ လူအစုလိုက်အပြုံလိုက် ထိခိုက်မှုရလျှင်၊ ကူးစက်ရောဂါသည်များ စုပြုံရောက်လာလျှင် မည်သို့ဆောင်ရွက်ရမည်ကို တိကျစွာ ညွှန်ကြားချက်များရှိခဲ့ပြီးဖြစ်သည်။ သို့သော် ထိုညွှန်ကြားချက်များအတိုင်း လေ့ကျင့်မှုကား မရှိသလောက်နည်းပါးသည်ကို တွေ့ကြရသည်။ လက်တွေ့မပြောနှင့် နှုတ်တွေ့အားဖြင့် မည်သို့လာလျှင် မည်သို့လုပ် မည်ဆိုသည်ကို တိုင်ပင်ဆွေးနွေးကြသည်က နည်းကြသည်။ ကြိုတင်ပြင်ဆင်မှု အားနည်းကြသည်။ တကယ်တွေ့ကြုံလာသောအခါတွင် စာသိသိနေသော ဆရာကြီး ဆရာမကြီးများထက် အောက်ခြေဝန်ထမ်းအငယ်များက အရင်ကြုံရသည်ကများသည်။ ထိုအခါ ကမောက်ကမမှုများကြုံပြီးမှ ညွှန်ကြားချက် သိသောအဆင့်က သိရတတ်သည်။ အချိန်တွေက လွန်ကုန်လေပြီ။ ထိုအချိန်မှထလုပ်တော့ ဆန်စင်ရာကျည်ပွေ့လိုက်သည်နှင့် အလားသဏ္ဌာန်တူကုန်တော့သည်။ ထိရောက်မှု စနစ်ကျမှု အားနည်းကုန်တော့သည်။

ယခု H1N1 ခြိမ်းခြောက်လာသောအခါ ကနဦးတွင် လေ့ကျင့်ပြင်ဆင်မှုမရှိခြင်း၏ အကျိုးကို အတော်ခံလိုက်ရသည်။ နှာခေါင်းစည်းပင် မည်သို့သောအရာများကို တပ်ရမည်မသိဖြစ်ခဲ့ရသည်။ အမှန်က N95 နှာခေါင်းစည်းများအတွက် တစ်မျိုးတည်းနှင့် အားလုံးတော်သည် one fit for all ကမရှိပေ။ fit test တော်မတော် သေချာစစ်ဆေးပြီးမှ မိမိနှင့်သင့်တော်သော အရွယ်အစားဆိုဒ်ကို တပ်ရလေသည်။ မတော်မတန်တပ်လျှင် ကာကွယ်မှုက မထိရောက်နိုင်ပေ။ ထို့ပြင် ထိုအမျိုးအစား နှာခေါင်းစည်းသည် မည်သို့သောသူများအတွက် မဖြစ်မနေတပ်ရန်နှင့် မည်သို့သောသူများအား သာမန်နှာခေါင်းစည်းတပ်ရန်ဆိုသည်တို့ကို ရည်ညွှန်းချက်များရှိခဲ့သည်။ သို့သော် ကြိုတင်ပြင်ဆင်မှု လေ့ကျင့်မှုကားမရှိခဲ့ကြပါ။ ထိုသို့နှာခေါင်းစည်းတပ်ရန် လုပ်ဆောင်ချက်အသေးစိတ်ပင် မသိတော့ထိတ်လန့်မှုက လူထုတွင်းတွင်မက ကျန်းမာရေးဝန်ထမ်းများအတွင်းတွင်ပင် ပျံ့နှံ့ခဲ့ပြီး ကမောက်ကမ ဖြစ်စေခဲ့တော့သည်။

ဤသို့ရောဂါများဖြစ်လျှင် လူနာများ မည်သို့အခန်းများတွင်ထားရမည်ကို ညွှန်ကြားထားပြီးဖြစ်သည်။ သို့သော်လေ့ကျင့်မှု၊ ပြင်ဆင်မှုနှင့်၊ ထိန်းသိမ်းမှုမရှိခဲ့ကြသောအခါဖြစ်ပြီဆိုမှ အခန်းများကိုပြန်ပြင်ရသည်။ ထိုအခါကြန့်ကြာရတော့သည်။ သို့သော်ထိုသို့ကြန့်ကြာမှုများ အဆင်သင့်မဖြစ်မှုများကြောင့် ရောဂါပိုမိုကူးစက်စေခြင်းနှင့် လူနာများ၏ အသက်အန္တရာယ်ကို ထိခိုက်စေခဲ့ခြင်းမရှိသည်က ကံကောင်းသည်ဟုဆိုရပေမည်။ ပြင်ဆင်လေ့ကျင့်ရန် မည်သို့သောလိုအပ်ချက်များ ရှိခဲ့ပါသနည်း။

(၁) လူအင်အားဖြစ်သည်။ ဆရာဝန်ဆရာမ အလုပ်သမား အချိုးအစားအားလုံး လိုအပ်ချက်များရှိနေပါသည်။ ပုံမှန်လုပ်ငန်းများကြောင့်ပင် ထမင်းတောင်နပ်မမှန်သော ဝန်ထမ်းများအတွက် လေ့ကျင့်ချိန်လုံးဝမရှိခဲ့ပါ။

(၂) နေရာအခက်အခဲဖြစ်သည်။ မည်သို့ရောဂါအတွက် မည်သို့သောအခန်းများကိုပြင်မည်ဟု ဆိုထားသော်လည်း ထိုအခန်းများကို အမြဲပြင်ဆင်ထားရန်နေရာများ ဆေးရုံတိုင်းတွင် အခက်အခဲရှိနေတတ်သည်။ လက်ခံနိုင်သော ပမာဏထက် အများကြီးပိုသော လူမမာအရေအတွက်ကို ဆေးရုံတိုင်းက လက်ခံနေရသောကြောင့် နေရာများမလုံလောက်ခြင်းက ကြိုတင်ပြင်ဆင်မှုကို ထိခိုက်စေပါသည်။

(၃) လေ့ကျင့်ရေး ရန်ပုံငွေမရှိခြင်း သို့မဟုတ် နည်းပါးခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ကြိုတင်သတ်မှတ်ထားသော ငွေစာရင်းများဖြင့် အလုပ်လုပ်ရသော ကျွန်တော်တို့နိုင်ငံတွင် လေ့ကျင့်မှုများပြုလုပ်ရာတွင် ကုန်ကျရမည့်စရိတ်အတွက် သတ်မှတ်ငွေ မရှိသလောက်နည်းပါးကြသည်။ ထိုအခါလေ့ကျင့်မှုများသည် မလုပ်ဖြစ်ခြင်း သို့မဟုတ် အဖြစ်လုပ်ခြင်းမျိုး ကြုံရလေတော့သည်။

(၄) တိကျခိုင်မာသော ညွှန်ကြားချက်များ စဉ်ဆက်မပြတ် ကြပ်မတ်စစ်ဆေးမှုများ ပြုလုပ်ရန်လည်း လိုအပ်ပါသည်။ စံကိုက်လုပ်ထုံးလုပ်နည်းများ တည်ဆဲအမိန့်များ ထုတ်ပြန်မှုရှိသော်လည်း လေ့ကျင့်မှုနှင့် ပြင်ဆင်မှု ကြိုတင်စီမံချက်များ မရှိသေးသည်ကို တွေ့ရ ပါသည်။ ပြက္ခဒိန်နှစ်အလိုက် ကာလအပေါ် မူတည်၍သော်လည်းကောင်း ဒေသအပေါ် မူတည်၍သော်လည်းကောင်း၊ ဖြစ်ပွားနိုင်သော အနေအထားပေါ် မူတည်၍လည်းကောင်း ဆေးရုံအလိုက် လေ့ကျင့်မှု Drill များစီမံချက်ဆွဲကာ တင်ပြလုပ်သင့်ပြီး လုပ်ဆောင်မှု အနေအထားအားလည်း အသားတကျမဖြစ်သေးမီ အထက်အဆင့်ဆင့်မှ ကြပ်မတ်စစ်ဆေးရန် လိုအပ်ပါလိမ့်မည်။

လေ့ကျင့်မှုပြည့်ဝခဲ့သော ဝန်ထမ်းအဆင့်ဆင့်သည် နောက်နောင် ပြဿနာများနှင့် ရင်ဆိုင်ရလျှင် မပင်မပန်းနှင့် စနစ်တကျ ပြန်လည်တုံ့ပြန်သွားနိုင်ပါလိမ့်မည်။ အစတွင်ဆိုခဲ့သလို လူကနေတယ် ပညာကမနေဘူးဟု ဆိုရလောက်အောင် အလိုအလျောက် သက်သက်သာသာ တုံ့ပြန်သွားနိုင်ပါလိမ့်မည်။ လူတွေကမပင်ပန်းဘဲ ကျင့်သားရနေသော ပညာများက စနစ်တကျ တုံ့ပြန်သွားရုံသာ ဖြစ်ပါသည်။

ယခုဆောင်းပါးကို ရေးသားတင်ပြလိုက်ရခြင်းသည် ရောဂါတစ်ခုကြုံလာလျှင် ရှေ့ဆုံးမှ ရင်ဆိုင်တိုက်ခိုက်နေရသော ကျန်းမာရေးဝန်ထမ်းများအား ပိုမိုလုံခြုံသော၊ ပြည့်စုံသောစနစ်တစ်ခု လွှမ်းခြုံမိစေရန်နှင့် ပြည်သူလူထုအတွက် ပိုမိုကောင်းမွန်သော ကျန်းမာရေးစနစ်တစ်ခု ရစေချင်သောကြောင့် တိုက်တွန်းရခြင်းဖြစ်ပါသည်။

ကျန်းမာရေးမိသားစုသည် ရောဂါဘယများကြောင့် ပင်ပန်းဆင်းရဲ ပူပန်နေရသော ပြည်သူများအတွက် နွေးထွေးလုံခြုံသော အကြင်နာရင်ခွင် ဖြစ်စေရပါမည်။ ထိုကြင်နာတတ်သောရင်ခွင်များ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် မိမိအလုပ် မိမိစိတ်နှစ်၍ အေးချမ်းစွာလုပ်ဆောင်နိုင်ရန် ထိုသူများ၏အပေါ်မိုးထားရန် လုံခြုံသောထီးတစ်လက်နှင့်တူသည့် ကျန်းမာရေးစီမံခန့်ခွဲမှုများလည်း ရှိရပေဦးမည်။

Writer - နန္ဒဝင်း (ဆေး-၁)

Most Read

Most Recent