
အခြေခံပညာကျောင်းများ စတင်ဖွင့်သည့် ဇွန် ၁ ရက်က ကျောင်းသားကျောင်းသူများနှင့် မိဘများအား မြောက်ဒဂုံမြို့နယ်တွင် တွေရစဉ် (ဓာတ်ပုံ-ဇော်ဇော်အောင်)
(၁)
တက္ကသိုလ်ဝင်တန်း အောင်မြင်ကြသော ကျောင်းသူကျောင်းသားများသည် မကြာမီတက္ကသိုလ်ပညာကို သင်ကြားကြရတော့မည်။ ထိုအခါ မိဘအများစုသည် သားသမီး၏အနာဂတ်ကို အဆုံးအဖြတ်ပေးရန် အားထုတ်လာကြသည်။ ငါးဘာသာဂုဏ်ထူးဖြင့် အောင်မြင်သောသားငယ်က ဆေးတက္ကသိုလ်ကိုမတက်ဘဲ စိတ်ပညာဘာသာရပ်ကို တက်ရောက်သင်ကြားမည်ဟု ထုတ်ဖော်ကြေညာလိုက်သောအခါ မိဘညီအစ်ကို မောင်နှမများက ဆွေ့ဆွေ့ခုန်သွားကြပါ၏။ ဒီမျှအချိန် ငွေကြေးများကုန်ကျကာ သင်ကြားလာခဲ့သမျှတို့သည် အလဟဿ၊ သဲထဲရေသွန်ဖြစ်ရသည်ဟု ယူကျုံးမရဖြစ်နေကြသည်။ စိတ်ပညာဘာသာရပ်ကိုလည်း သင်ရိုးပေါက်အောင်သင်ကြားပြီး လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်ပါသည်ဟု သူတို့နားလည်နိုင်စွမ်းမရှိကြပါ။
ဤနေရာတွင် မိဘများ၏အမြင်နှင့် ကလေး၏အမြင်သည် ကွာဟနေ၏။ မိဘများက ဆရာဝန်ဖြစ်မှဂုဏ်ရှိသည်။ စိတ်ပညာသင်တန်းကို သာမန်အမှတ်ဖြင့် တက်ရောက်သင်ကြားနိုင်သည်ဟု ယူဆသည်။ တက္ကသိုလ်ပညာကို အမှတ်အနည်းအများဖြင့် သတ်မှတ်ထားသော ပညာရေးစနစ်၏ အားနည်းချက်ကြောင့်ပင်ဖြစ်သည်။ အကယ်၍သာ ယခုသိပ်ခေတ်စားနေသော တက္ကသိုလ်များကို တက္ကသိုလ်ဝင်တန်း စာမေးပွဲရမှတ်များဖြင့် မဆုံးဖြတ်ဘဲ ကျောင်းသားတိုင်း တက္ကသိုလ်ဝင်တန်းအောင်မြင်ပါက ဝင်ခွင့်စာမေးပွဲဖြေပြီး အောင်လျှင်တက်ရောက် သင်ကြားနိုင်သည်ဟုဆိုပါလျှင် ဆရာဝန်ဘွဲ့သည် ယခုကဲ့သို့ လူအထင်ကြီးစရာဖြစ်နေတော့မည် မဟုတ်ပါ။
ပညာသင်ကြားခြင်း၏ အဓိကရည်ရွယ်ချက်သည် ဘယ်အရာဖြစ်သနည်း။ ကျောင်းသားလူငယ်တစ်ဦးသည် ဘွဲ့ရရှိ သွား၏။ သို့သော်သူ့ဘဝအတွက် သင့်တင့်လျောက်ပတ်သော အသက်မွေးမှုတစ်ခုကို သူသင်ကြားထားသောပညာဖြင့် မရသေးပါလျှင် အဆိုပါပညာရေးစနစ်သည် မကောင်းသေး၍ဖြစ်သည်။
တက္ကသိုလ်ပညာသင်ကြားခြင်း၏ အဓိကရည်ရွယ်ချက်မှာ အသိဉာဏ်ဖွံ့ဖြိုးလာစေရေးဖြစ်သည်။ အဆောက်အအုံရှိနေရုံမျှနှင့် တက္ကသိုလ်မဖြစ်သေးပါ။ ဟိုတုန်းက ရန်ကုန်တက္ကသိုလ်၏ ဂုဏ်သတင်း မွှေးပျံ့ခဲ့သည်မှာ အခြားကြောင့်မဟုတ်။ တက္ကသိုလ်တစ်ခု၏ အရည်အချင်းလက္ခဏာနှင့် ပြည့်စုံခဲ့၍ဖြစ်သည်။
မိဘများသိထားရမည်မှာ မိမိ၏သားသမီးကို တက္ကသိုလ်ပညာ သင်ကြားလိုက်ခြင်းသည် မိမိတို့အတွက်မဟုတ်။
“ငါတို့ကတော့ ငွေကြေးအမြောက်အမြား အကုန်အကျခံပြီး ဘော်ဒါဆောင်ပို့ရ၊ စပါယ်ရှယ်ဝိုင်းတွေပို့ရ၊ ပိုက်ဆံကုန်လိုက်တာ သောက်သောက်လဲပဲ။ မင်းကတော့ ဒီဘာမဟုတ်တဲ့ ဘာသာရပ်ကိုယူမလို့ဟုတ်လား။ အစကတည်းကသိရင် မင်းကို ဘာလို့အဲဒီကျောင်းတွေကိုပို့မလဲ”
ပညာရေးနှင့်ပတ်သက်၍ မိဘများသိရှိနားလည်ထားသမျှသည် လွဲမှားနေပါ၏။ ပညာသင်ခြင်းသည် မိဘများအတွက်မဟုတ်။ ကလေးအတွက်သာဖြစ်သည်။ ကျောင်းသားကိုယ်တိုင် ကြိုးစားသင်ယူရမည်ဖြစ်သည်။ သူကိုယ်တိုင် ဝါသနာမပါဘဲလျက်နှင့် မိဘစိတ်ကျေနပ်စေရန် သင်ယူနေရသော ကျောင်းသားလူငယ်တစ်ဦး စိတ်ခံစားမှုကိုလည်း မိဘများအဖို့ ထည့်သွင်းစဉ်းစားသင့်ပေသည်။ ဒီမျှမက ကလေးရွေးချယ်လိုက်သော ဘာသာရပ်တွင် ကလေးကိုယ်တိုင်ကြိုးစားပြီး သင်ရိုးပေါက်အောင် သင်ကြားနိုင်သည်။ ပါရဂူဘွဲ့ယူနိုင်သည်။ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနအမျိုးမျိုး ပြုလုပ်နိုင်သည်။
ကလေး၌ ကြိုးပမ်းနိုင်ခွင့်အများကြီးရှိနေပါ၏။
(၂)
ဘယ်လိုလုပ်ရမလဲဆိုသည်ကို သိခြင်းသည် အတတ်ဖြစ်သည်။ ဘာတွေကိုလုပ်ရမလဲဟုသိမှသာ ပညာဖြစ်သည်။ ‘အတတ်’ လောက်သာသိသော အင်ဂျင်နီယာများသည်။ အသိမရှိကြ၍သာ အာဏာရှိသူနှင့်ပေါင်းပြီး ခိုးယူလိုက်ခြင်းဖြစ်သည်။ ငွေကြေးချမ်းသာသူ ဖြစ်လိုက်သော်လည်း လူရာမဝင်တော့ပေ။
ကျွန်တော်တို့သည် ကျွန်တော်တို့၏မျိုးဆက်ကို အတတ်သာမက အသိပါရှိရန် သင်ကြားကြရပါမည်။ ဘွဲ့ရ၊ အလုပ်ဝင်ငွေ ဘယ်လိုရလာမလဲဟူသော အတွေးအမြင်ဖြင့် တက္ကသိုလ်ပညာကို သင်ကြားရန်စီစဉ်ခြင်းသည် မိဘများအနေဖြင့် မှားယွင်းသော အစီအစဉ်ဖြစ်ပါ၏။ စစ်အာဏာရှင်လက်ထက်က သူတို့နှင့်ပေါင်းပြီး ချမ်းသာခဲ့ကြသည့် ပညာရှင်များရှိခဲ့သည်။ ယခုခေတ်သည် ထိုခေတ်မဟုတ်တော့ပါ။ မိဘများသည် သားသမီးများကို သူတို့ဝါသနာပါရာ အဆင့်မြင့်ပညာကို သင်ကြားခွင့်ပြုသင့်ပါ၏။
(၃)
မြန်မာနိုင်ငံ ဆင်းရဲသွားခြင်းသည် စာတတ်ပြီး အသိဆင်းရဲသော လူတချို့ကြောင့်ဖြစ်သည်။ စည်းကမ်း၊ ဥပဒေ၊ ကိုယ်ကျင့်တရား (သီလ) များကိုချိုးဖောက်ခဲ့ကြ၍ ဖြစ်သည်။ စီမံခန့်ခွဲမှုမှားယွင်းခြင်းသည် ခေါင်းဆောင်များ အရည်အချင်းမပြည့်မီ၍ဖြစ်သည်။ အကျင့်ပျက်ခြင်းကမူ အသိပညာမရှိ၍ ဖြစ်သည်။
ပညာသင်ကြားခြင်းသည် စည်းကမ်း၊ ဥပဒေထက် ပိုမိုမြင့်မားသော ကိုယ်ကျင့်တရား ကောင်းမွန်လာစေရန်အတွက်ဖြစ်သည်။ စည်းကမ်းဥပဒေများနှင့် ကိုယ်ကျင့်တရားများ၏ ခြားနားခြင်းကို သတိထားရပေလိမ့်မည်။ ကိုယ်ကျင့်တရားဟူသည် မိမိကိုယ်တိုင်ကိုယ်က နှစ်ခြိုက်၍ လိုက်နာကျင့်ကြံရသော ဆိတ်ကွယ်ရာမရှိ အသိတရားဖြစ်ပါသည်။
နိဂုံးပြုဆိုရပါလျှင် တက္ကသိုလ်ပညာကို ဆက်လက်သင်ကြားကြမည့် မိမိ၏သားသမီးများအား သူဝါသနာပါရာပညာရပ်ကို သင်ကြားခွင့်ပေးမှသာ မိမိ၏သားသမီးများသည် မိမိထက်သာလွန်သော၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးမှုတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်လုပ်ဆောင်နိုင်သော အဖိုးတန်လူသားများ ဖြစ်လာပါလိမ့်မည်။
Writer - တင့်ခိုင်









