မိုဘိုင်းဖုန်း သုံးစွဲသူတွေဆီ သယ်ဆောင်လာတဲ့ ဒစ်ဂျစ်တယ်ကျန်းမာရေး ဝန်ဆောင်မှု

မိုဘိုင်းဖုန်း သုံးစွဲသူတွေဆီ သယ်ဆောင်လာတဲ့ ဒစ်ဂျစ်တယ်ကျန်းမာရေး ဝန်ဆောင်မှု
Published 2 August 2017

ကျန်းမာခြင်းဟာ လာဘ်တစ်ပါးလို့ သာမန်အချိန်မှာဆိုလိုက်ရင် မသိလိုက်မသိဘာသာနဲ့ ပြီးသွားလေ့ရှိပါတယ်။ ကူးစက်ရောဂါတွေ၊ ကပ်ရောဂါတွေ ဖြစ်ပွားနေချိန်မှာဆိုရင်တော့ ပိုသတိပြုမိပြီး ပိုအလေးထားတတ်ကြပါတယ်။

လူတွေက ကျန်းမာရေးဆိုင်ရာတွေကို ပိုစိတ်ဝင်စားလာပြီး ပိုလိုက်နာ ကျင့်သုံးလာကြပါတယ်။ အမှန်ဆိုရင်တော့ ဘယ်လိုအချိန်၊ ဘယ်အခြေအနေမျိုးမှာဖြစ်ဖြစ် ကျန်းမာရေးအသိရှိပြီး ကျန်းမာရေးနဲ့ ညီညွတ်အောင် နေထိုင်စားသောက် ပြုမူကျင့်သုံးနိုင်ရင် အကောင်းဆုံးပဲဖြစ်ပါတယ်။

အခုလို စမတ်ဖုန်းသုံးစွဲမှုများလာချိန်မှာ ဒစ်ဂျစ်တယ်ကျန်းမာရေး ဝန်ဆောင်မှုတွေ မိုဘိုင်းဖုန်းတွေဆီ ရောက်ရှိနေပြီဆိုတာကို အမှုမဲ့အမှတ်မဲ့ နေမိတတ်ကြပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ၊ သတင်းဆောင်းပါးတွေ ဖတ်ရှုတာကလွဲရင် စမတ်ဖုန်းတစ်လုံးကို ကျန်းမာရေးအတွက် အသုံးချတာ နည်းနေပါသေးတယ်။ နိုင်ငံတကာမှာတော့ ဒီလိုမျိုးသုံးစွဲမှုဟာ များလာပြီဆိုတာကို သုတေသနစစ်တမ်းတွေမှာ တွေ့ရပါတယ်။

စမတ်ဖုန်းကို ကျန်းမာရေးအထောက်အကူပြုဖို့အတွက် သုံးလို့ရတယ်ဆိုတာ သတိလက်လွတ် ဖြစ်တတ်ပါတယ်။ ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်တွေအပြင် အထောက်အကူပြု မိုဘိုင်းဆော့ဖ်ဝဲတွေလည်း အမြောက်အမြားရှိနေပါတယ်။ တယ်လီနော၊ အူရီဒူးစတဲ့ ဆက်သွယ်ရေးအော်ပရေတာတွေက ပံ့ပိုးမိတ်ဆက်ထားတဲ့ မိုဘိုင်းဆော့ဖ်ဝဲတွေလည်း ရှိပါတယ်။

တကယ်တော့ Fitness Band လို့ခေါ်တဲ့ ကျန်းမာရေးလက်ပတ်နာရီ ပတ်တဲ့သူတွေတောင် ကျန်းမာရေးကို အမှန်တကယ် အထောက်အကူပြုအောင် သုံးစွဲနိုင်မှုမရှိကြတာ များပါတယ်။ စမတ်လက်ပတ်နာရီအဖြစ်သာ ပတ်နေကြပြီး ကျန်းမာရေး အချက်အလက်တွေအပေါ် ဂရုပြုမှု နည်းပါးနေပါသေးတယ်။

ဒီနေ့ခေတ်မှာ စမတ်ဖုန်းရေစီးကြောင်းနဲ့အတူ နှလုံးခုန်နှုန်းတိုင်းပေးမယ့် ဆော့ဖ်ဝဲ၊ သွေးပေါင်ချိန်တိုင်းပေးမယ့် ဆော့ဖ်ဝဲ၊ သွေးတွင်း သကြားဓာတ်ပါဝင်နှုန်းကနေ ကိုယ်တွင်းလုပ်ဆောင်ချက်များစွာကို တိုင်းတာ ဖော်ပြပေးမယ့် ဆော့ဖ်ဝဲမျိုးစုံ ထွက်ရှိနေပြီး ဖြစ်ပါတယ်။ စမတ်ဖုန်းအမှတ်တံဆိပ်အလိုက် Samsung Health, Huawei Health, LG Health, Nokia Health Mate စသဖြင့် မိုဘိုင်းဆော့ဖ်ဝဲတွေကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ နိုင်ငံတကာမှာတော့ စမတ်ဖုန်းတွေ၊ ဝတ်ဆင်နိုင်တဲ့ ကိရိယာတွေကနေတစ်ဆင့်  ကျန်းမာရေးအချက်အလက်တွေကို ကြည့်ရှု ပြီး လိုအပ်တာတွေ ဆောင်ရွက်နိုင်အောင် ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီတွေအများအပြား ရှိနေပြီဖြစ်ပါတယ်။ တိုင်းတာရယူထားတဲ့ ကျန်းမာရေး အချက်အလက်တွေကို အခြေခံပြီးတော့ ဆီးချို၊ သွေးတိုး၊ နှလုံးစတဲ့ ဖြစ်နိုင်ခြေရှိရောဂါ၊ ဖြစ်နေတဲ့ရောဂါတွေကို ဖော်ပြပေးပါတယ်။

အသုံးပြုသူတွေဟာ စမတ်ဖုန်းအသုံးပြုပြီးတော့ သူတို့ရဲ့ကျန်းမာရေးအခြေအနေကို ကိုယ့်ဘာသာတိုင်းတာပြီး သက်ဆိုင်ရာ ဆရာဝန်၊ ကျန်းမာရေးအကြံပေး၊ ကိုယ်လက်လှုပ်ရှားမှု သင်တန်းဆရာ၊ ယောဂသင်တန်းဆရာတွေဆီ အချက်အလက်တွေပေးပို့ပြီး လမ်းညွှန်မှု ခံယူနိုင်အောင် ကုမ္ပဏီတွေကနေ စီစဉ်ပေးမှုတွေလည်း ရှိလာပါတယ်။

လေ့လာမှုစစ်တမ်းတွေအရ စမတ်ဖုန်းအသုံးပြုပြီး ကိုယ့်ကျန်းမာရေးကိုယ် စောင့်ကြည့်စစ်ဆေးလေ့ရှိသူတွေဟာ တခြားလူတွေထက် ကျန်းမာရေးဆိုင်ရာပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း ပိုကောင်းတာကို တွေ့ရတယ်လို့ သုတေသနစစ်တမ်းတွေက ဆိုပါတယ်။

ဒါ့အပြင် ကျန်းမာရေးနဲ့ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းဆိုင်ရာ မိုဘိုင်းဆော့ဖ်ဝဲ သုံးစွဲတဲ့ သွေးတိုး၊ ဆီးချိုစတဲ့ နာတာရှည်ဝေဒနာရှင်တွေဟာ တခြားနာတာရှည်လူနာတွေထက် ကျန်းမာရေးပိုကောင်းတာကို တွေ့ရတယ်လို့ဆိုပါတယ်။

ဒီလိုမျိုး ကျန်းမာရေးဆော့ဖ်ဝဲတွေကနေ ချိတ်ဆက်အသုံးပြုတဲ့သူတွေကို ဘယ်အချိန်မှာ ကျန်းမာရေးလေ့ကျင့်ခန်းလုပ်ရမယ်၊ ဘယ်အချိန်မှာတော့ ဆေးသောက်ရမယ်ဆိုတာမျိုး မလွတ်တမ်း သတိပေးနေမှာ ဖြစ်ပါတယ်။

စမတ်ဖုန်းစတဲ့ ဒစ်ဂျစ်တယ်ပစ္စည်းတွေသုံးပြီး ကျန်းမာရေးအချက်အလက်တွေကို တိုင်းတာမှတ်တမ်း တင်ထားခြင်းဟာ လူနာတွေအတွက် အကျိုးရှိစေရုံတင်မကဘဲ ဆရာဝန်တွေအတွက်လည်း လူနာမှတ်တမ်းကို ပြည့်စုံစွာ ကြည့်ရှုခွင့်ရစေလို့ ကုသရေးပိုင်းကို ပိုမိုအောင်မြင်စေပါတယ်။

Health Calculator ဆိုတဲ့ မိုဘိုင်းဆော့ဖ်ဝဲမှာဆိုရင် ကိုယ့်ရဲ့အရပ်အမြင့်နဲ့ ကိုယ်အလေးချိန်ကိုအခြေခံပြီး BMI (Body Mass Index) ညွှန်းကိန်းအခြေအနေကို သိနိုင်မှာ ဖြစ်ပါတယ်။ တစ်ရက်တာ လှုပ်ရှားမှုအခြေအနေကိုပါ ထပ်ပေါင်းထည့်တွက်ချက်ရင် ကယ်လိုရီအခြေအနေကို သိနိုင်ပါသေးတယ်။ နောက်ပြီးတော့ ကိုယ့်ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ သွေးပမာဏတွေ စသဖြင့် တော်တော်များများကို တွက်ချက်ကြည့်လို့ရပါတယ်။

Myanmar Blood ဆိုတဲ့မိုဘိုင်းဆော့ဖ်ဝဲဟာဆိုရင်လည်း လိုအပ်တဲ့သွေးအမျိုးအစားပေါ်လိုက်ပြီး သွေးလှူရှင်ကို ရှာဖွေနိုင်တဲ့ ဆော့ဖ်ဝဲဖြစ်ပါတယ်။ ဒီဆော့ဖ်ဝဲကနေပြီး သွေးလိုအပ်သူနဲ့ သွေးအလှူရှင်ကို ချိတ်ဆက်ပေးတာဖြစ်ပါတယ်။ သွေးလိုအပ်သူက ဘယ်လိုသွေးအမျိုးအစားကို လိုအပ်နေပြီး ဘယ်ဆေးရုံမှာရှိနေတယ်၊ လူနာရှင်ဘယ်သူရဲ့ဖုန်းနံပါတ်ကို ဆက်သွယ်နိုင်တယ်ဆိုတဲ့ မက်ဆေ့ချ်တွေ တင်ထားလို့ရတယ်။ သက်ဆိုင်ရာ သွေးအလှူရှင်က ဆက်သွယ်လာပြီး သွား ရောက်လှူဒါန်းတာမျိုးပေါ့။

7887 Health Call Center  ဆိုရင်လည်း အရေးပေါ်အခြေအနေတွေမှာ ဆက်သွယ် မေးမြန်းနိုင်ပြီး အကြံပြုလမ်းညွှန်ချက်တွေကို ရရှိနိုင်မှာဖြစ်ပါတယ်။ အမေဖြစ်သူ ပိတုန်းကိုက်ခံရတုန်းက ကြံရာမရဖြစ်ပြီး ဆက်သွယ် မေးမြန်းလိုက်တော့ ဆရာဝန် အမျိုးသမီးက ထုံးရှိလားမေးပါတယ်။ မရှိဘူးဆိုတော့ သွားတိုက်ဆေးလိမ်းပေးဖို့အကြံပြုတယ်။ ကိုယ် ဖတ်ထားဖူး မှတ်ထားဖူးတယ်ဆိုရင်တောင်မှ  အရေးအကြောင်းကြုံလာတဲ့အခါ ကြံရာမရ ဖြစ်တတ်ပါတယ်။ အခုလိုမျိုး ဆက်သွယ်မေးမြန်းစရာ တစ်ခုခုရှိတာ အဆင်ပြေစေပါတယ်။

လက်ရှိမှာတော့ စမတ်ဖုန်းသုံးစွဲမှုပုံစံက ကျန်းမာရေးကို အထောက်အကူပြုဖို့ထက် ကျန်းမာရေးထိခိုက်စေနိုင်မယ့် အသုံးပြုပုံက ပိုများနေမလားပဲ။ စိတ်တိုစရာ ဒေါသဖြစ်စရာ သတင်းတွေ၊ အကြောင်းအရာတွေဖတ်ပြီး စိတ်တိုဒေါသဖြစ်ရတယ်။ မမြင်သင့်တဲ့ ဓာတ်ပုံတွေမြင်ရပြီး စိတ်ရှုပ်ထွေးနောက်ကျိရတယ်။ လူမှုကွန်ရက်ပေါ်မှာ ပြဿနာတွေဖြစ်တယ်။ မျက်နှာပြင်သေးသေးပေါ်မှာ အချိန်ကြာမြင့်စွာ သုံးစွဲလို့၊ မိုဘိုင်းဂိမ်းတွေကစားလို့ မျက်လုံးထိခိုက်ပြီး ခေါင်းမူးရတယ် ဆိုတာမျိုးပေါ့။

တကယ်တော့ စမတ်ဖုန်းတစ်လုံးဆိုတာ လိုရာသုံးပါပဲ။ ကိုင်တွယ်အသုံးပြုသူအပေါ်မူတည်ပြီး သူ့ရဲ့စွမ်းဆောင်နိုင်စွမ်းက ပြောင်းလဲနေနိုင်ပါတယ်။ အသုံးပြုသူတွေအနေနဲ့ စမတ်ဖုန်းဆိုတာ ကျန်းမာရေးအတွက်လည်း  အများကြီး အသုံးပြုလို့ရပါလားဆိုတဲ့အသိ ရှိထားမယ်ဆိုရင်တော့ ဘယ်လိုသုံးရမလဲဆိုတဲ့ နည်းလမ်းတွေကို ရှာဖွေတွေ့ရှိလာမှာပဲ ဖြစ်ပါတယ်။

 

Writer - နေမျိုးထွန်း

Most Read

Most Recent