
အိုင်တီပစ္စည်းတွေ ဝယ်ယူရတာဈေးကြီးတယ်။ မော်ဒယ်သစ်တွေ ခဏခဏထွက်နေလို့ လက်ရှိသုံးနေတဲ့အိုင်တီပစ္စည်းက မော်ဒယ်အောက်သွားပြီ။ စသဖြင့် သုံးစွဲသူတွေ ညည်းညူလေ့ ရှိတတ်ကြပါတယ်။ အိုင်တီပစ္စည်းဆိုရင် ဈေးကြီးမှကောင်းတယ်။ နာမည်ရပြီးသား အမှတ်တံဆိပ်ဖြစ်မှကောင်းတယ်လို့လည်း သုံးစွဲသူအများစုက ယူဆတတ်ကြပါတယ်။
အိုင်တီပစ္စည်းဆိုတာ အမျိုးအစားပေါင်း မြောက်မြားစွာရှိပေမယ့် ဒီနေရာမှာ အများစု ဝယ်ယူသုံးစွဲကြတဲ့ ပစ္စည်းတွေဖြစ်တဲ့ စမတ်ဖုန်းတွေ၊ လက်တော့ပ်ကွန်ပျူတာတွေ၊ စမတ် လက်ပတ်နာရီတွေကိုပဲ ရည်ရွယ်ရေးသားလိုပါတယ်။
ဈေးမကြီးဘဲ ကောင်းတဲ့ပစ္စည်းတွေကို ပေါချောင်ကောင်းဆိုပြီး အရပ်သုံးအနေနဲ့ ခေါ်ဝေါ်တတ်ကြပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ တန်ဖိုးနည်းဝန်ပါလို့ပဲ သုံးနှုန်းချင်ပါတယ်။ တချို့သုံးစွဲသူတွေအနေနဲ့ တန်ဖိုးနည်း ဝန်ပါ အိုင်တီပစ္စည်းတွေကို ဘယ်လိုဝယ်ယူ သုံးစွဲရမလဲဆိုတာ ကောင်းကောင်းသိပြီးသားဖြစ်ပေမယ့် တချို့သုံးစွဲသူတွေကတော့ မျက်စိလည်နေတတ်ကြပါတယ်။
အရောင်းဆိုင်တွေကို ရောက်သွားတဲ့အခါ အရောင်းဝန်ထမ်းတွေက ဘာအတွက်သုံးမှာလဲ။ ပိုက်ဆံ ဘယ်လောက်သုံးမှာလဲဆိုပြီး မေးတတ်ကြပါတယ်။ စမတ်ဖုန်းသွားဝယ်သူဆိုရင် ကင်မရာကောင်းရမယ်။ အင်တာနက်သုံးမယ်။ ဘက်ထရီကြာကြာခံရင် ပိုအဆင်ပြေတယ် စသဖြင့် တောင်းဆိုတတ်ကြပြီး လက်တော့ပ်ကွန်ပျူတာ ဝယ်သူဆိုရင်တော့ စာစီစာရိုက်သုံးမယ်။ အင်တာနက်သုံးမယ်။ ဓာတ်ပုံတွေ ဗီဒီယိုတွေ တည်းဖြတ်ချင်တယ်၊ ဘက်ထရီခံပြီး ပေါ့ပေါ့ပါးပါးဖြစ်ရင် ပိုကောင်းတယ် စသဖြင့် တောင်းဆိုတတ်ကြပါတယ်။
အခုချိန်မှာ ဒေါ်လာဈေးက ကျပ် ၁၃၀၀ ကျော် ၁၄၀၀ နီးပါးဖြစ်နေလို့ အိုင်တီပစ္စည်းတွေ ဝယ်တဲ့အခါ ဈေးကြီးသလိုမျိုး ခံစားရစေပါတယ်။ ဒေါ်လာ ၅၀၀ တန် လက်တော့ပ်တစ်လုံးက ဒေါ်လာဈေးကြောင့် ကျပ် ခုနစ်သိန်းနီးပါးလောက် ကျသင့်သွားတယ်။ အဲဒါကြောင့် CPU ကို Core i5 နဲ့ဝယ်ချင်ပေမယ့် Core i3 ပဲ ဝယ်လိုက်ရတာမျိုးတွေ ရှိလာတယ်။ နောက်ဆက်တွဲအနေနဲ့ စွမ်းဆောင်ရည်ကို အားမရတာ။ ခဏလောက်သုံးပြီး ပိုက်ဆံ ထပ်စုမိလာတဲ့အခါ အဆင့်မြှင့်တင်တဲ့အနေနဲ့ နောက်ထပ်အသစ်တစ်လုံး ဝယ်ချင်တာတွေဖြစ်လာပါတယ်။
ကိုယ်အသုံးပြုမယ့် လိုအပ်ချက်နဲ့ ကိုက်ညီတာကို တစ်ခါတည်း ဝယ်လိုက်တာက ပိုကောင်းပါတယ်။ လက်တော့ပ်တို့ စမတ်ဖုန်းတို့ဆိုတာက ဟာ့ဒ်ဝဲပိုင်းကို လိုအပ်သလို အတိုးအလျှော့ လုပ်နိုင်မှာ မဟုတ်တာကြောင့်လည်း ဝယ်ပြီးမှ မကိုက်ညီတဲ့အခါ အခက်တွေ့တတ်ပါတယ်။
ကဲ..တန်ဖိုးနည်းဝန်ပါ အိုင်တီပစ္စည်းတွေကို ဘယ်လိုဝယ်ယူရမလဲဆိုရင်တော့....
■ ဈေးရောင်းပွဲတော်နဲ့ ဈေးလျှော့ရောင်းချချိန်မှာ ဝယ်ပါ
အကောင်းဆုံးကတော့ ဈေးရောင်းပွဲတော်တွေ၊ အထူးအစီအစဉ်တွေနဲ့ ဈေးလျှော့ရောင်းချချိန်မှာ ဝယ်တာအကောင်းဆုံးပါပဲ။ အသစ်စက်စက်ကို အာမခံကာလအပြည့်နဲ့ ဈေးသက်သက်သာသာပေးပြီး ဝယ်နိုင်မှာဖြစ်ပါတယ်။
အိုင်တီပစ္စည်းဆိုတာ ဈေးအမြဲကျနေတတ်တာဖြစ်လို့ အစကတည်းက ဈေးလျှော့ထားတဲ့ ပစ္စည်းမျိုးကိုရရင် ကောင်းပါတယ်။ ပြီးတော့ အများစုက အမှန်တကယ်ထိုက်တန်တဲ့ ဈေးထက် စရိတ်စကတွေ အမြတ်အစွန်းတွေအတွက် ဈေးတင်ထားတတ်တာဖြစ်လို့ အဲဒါတွေအတွက် ပေးရမယ့်ပိုက်ဆံတွေ ကိုယ့်အိတ်ကပ်ထဲက မထွက်တော့ဘူးပေါ့။
ဈေးကွက်ထဲမှာ ဒေါ်လာ ၇၀၀ လောက်နဲ့ ရောင်းနေတဲ့ စမတ်ဖုန်းတစ်လုံးရဲ့ အမှန်တကယ် ကုန်ကျစရိတ်က ဒေါ်လာ ၂၅၀ လောက်ပဲ ရှိတယ်ဆိုတဲ့ တွက်ချက်ထားမှုတွေ ရှိပါတယ်။ ဒါပေမဲ့ ဒေါ်လာ ၂၅၀ နဲ့ အဲဒီစမတ်ဖုန်းဖြစ် အောင်လုပ်ပေါ့လို့ပြောလာရင် ဘယ်သူမှလုပ်နိုင်မှာတော့ မဟုတ်ပါဘူး။ တီထွင်မှုအတွက်၊ ဉာဏမူပိုင်ခွင့်အတွက် စရိတ်စကတွေလည်း ရှိသေးတယ်ဆိုပေမယ့် ကြော်ငြာနဲ့ ဈေးကွက် ထိုးဖောက်မှုစရိတ်တွေ အတွက်ပါ သုံးစွဲသူတွေက ကျခံနေရတာဖြစ်ပါတယ်။
၁၀ ရာခိုင်နှုန်း၊ ရာခိုင်နှုန်း ၂၀ လျှော့တဲ့ အချိန်မှာလည်း မဆိုးဘူးဆိုပေမယ့် ရာခိုင်နှုန်း ၅၀ လောက်လျှော့တဲ့ အချိန်မှာဝယ်တာကတော့ အကောင်းဆုံးပါပဲ။ ကိုယ့်အတွက် အဓိကကျတဲ့ ပစ္စည်းမျိုးမဟုတ်ဘဲ စမ်းသပ်သုံး စွဲချင်တဲ့အခါမျိုးတွေမှာလည်း ဒီလိုမျိုး ဝယ်သင့်ပါတယ်။
■ ခင်းကျင်းပြသတဲ့အလုံးတွေကို ဈေးလျှော့ရောင်းတာမျိုး ဝယ်ပါ
အရောင်းဆိုင်တွေမှာ ခင်းကျင်းပြသတဲ့ အလုံးတွေကို ဈေးလျှော့ရောင်းတာမျိုးတွေ ရှိပါတယ်။ တချို့ပစ္စည်းတွေက စမ်းသပ်ကိုင်တွယ်မှု များထားတယ်ဆိုပေမယ့် စမ်းသပ်ကိုင်တွယ်မှု မရှိသလောက်နည်းပြီး ပါကင်ပိတ်လိုပဲ သန့်တဲ့ပစ္စည်းတွေလည်း ရှိပါတယ်။ ငါးသိန်းတန်ပစ္စည်းကို သုံးသိန်းနဲ့ရောင်းတာမျိုး၊ ရှစ်သိန်းတန်ပစ္စည်းကို ငါးသိန်းနဲ့ ရောင်းတာမျိုးတွေ ရနိုင်မှာဖြစ်ပါတယ်။ တစ်ပတ်ရစ်ထက် တောင်တန်တဲ့ ဈေးနှုန်းမျိုးနဲ့ ရနိုင်ခြေရှိနေတာ ဖြစ်ပါတယ်။
■ မော်ဒယ်ဟောင်းတွေကို ဈေးလျှော့ရောင်းချိန်မှာ ဝယ်ပါ
နှစ်ကုန် နှစ်ကူးချိန်တွေမှာ မော်ဒယ်ဟောင်းတွေကို ဈေးလျှော့ ရောင်းချတတ်ပါတယ်။ နောက်ပြီး ဈေးရောင်းပွဲတော်တို့ လက်ကျန်ပစ္စည်း ရှင်းချိန်တို့မှာ ရောင်းချတတ်ပါတယ်။ အမြဲမပြတ် နားစွင့်နေဖို့တော့ လိုပါတယ်။
လက်တော့ပ်ပဲဖြစ်ဖြစ်၊ ဖုန်းပဲဖြစ်ဖြစ် မျိုးဆက် တစ်ခုနှစ်ခု ကွာခြားသွားပြီဖြစ်တဲ့ ပစ္စည်းမျိုးတွေပေါ့။ အိုင်တီပစ္စည်း ဆိုတာမျိုးက နောက်ပေါ်တဲ့ပစ္စည်းဟာ ရှေ့မှာထွက်ထား ပြီးတဲ့ ပစ္စည်းထက်ပိုကောင်းတယ်ဆိုတာ သူ့ သဘာဝပါ။ CPU ရဲ့စွမ်းဆောင်ရည် ဘယ်နှရာခိုင်နှုန်း ပိုမြင့်တက်လာတယ်။ ပါဝါသုံးစွဲမှု (ဘက်ထရီ ကုန်ဆုံးစေမှု) က ဘယ်နှရာခိုင်နှုန်း လျော့နည်းသွားတယ်ဆိုပြီး ကြော်ငြာရောင်းချတတ်ကြပါတယ်။ အဲဒီလိုမျိုး အမွှမ်းတင်ခံရတဲ့ ပစ္စည်းကလည်း နောက်နှစ်ကျရင် အသစ် ပေါ်လာတာနဲ့နှိုင်းယှဉ်တဲ့အခါ သိပ်မကောင်းတော့ဘူးဆိုပြီး ဖြစ်သွားပြန်ရော။
အမှန်တကယ် သုံးကြည့်ရင်လည်း မျိုးဆက်တစ်ခုလောက် ကွာခြားရုံနဲ့စွမ်းဆောင်ရည်က အရမ်းကြီး မကွာတာမျိုးတွေ့ရမှာပါ။ မျိုးဆက်သုံးလေးခုလောက် ကွာသွားရင်တော့ တစ်မျိုးပေါ့။
■ တစ်ပတ်ရစ်ကို ဝယ်ပါ
အခုဆိုရင် တစ်ပတ်ရစ်ဈေးကွက်က အရမ်းကြီးမားလာပါတယ်။ ဝယ်ရောင်းတွေက ရောင်းချတာမျိုး ရှိသလို သုံးစွဲသူကိုယ်တိုင် လွှင့်တင်ရောင်းချနေတာတွေလည်း ရှိပါတယ်။ တချို့ပစ္စည်းတွေဆိုရင် အသစ်အတိုင်း လတ်ဆတ်ပြီး အပြစ်အနာအဆာလည်း ကင်းတယ်။ ဈေးတန်တယ်ဆိုတာမျိုးပါ။
ဒါပေမဲ့ အပြစ်အနာအဆာကင်းလား မကင်းဘူးလားဆိုတာ ကံစမ်းမဲနှိုက်ရတဲ့အခါမျိုးလည်း ရှိပါတယ်။ နောက်ပိုင်းမှာ ဝယ်ရောင်းတွေက တစ်လဖြစ်ဖြစ်၊ နှစ်လဖြစ်ဖြစ် အာမခံကာလ သတ်မှတ်ပေးတာတွေ ရှိလာပါတယ်။ ဘူးပစ္စည်းစုံနဲ့ အာမခံကျန်တဲ့ ပစ္စည်းမျိုးကိုဝယ်တာ ပိုကောင်းပါတယ်။ ဘူးပစ္စည်းစုံနဲ့ အာမခံကတ်ပြားတို့ ဘောက်ချာတို့ ပါဝင်တာက ခိုးရာပါပစ္စည်းဖြစ်ဖို့အတွက် ရာခိုင်နှုန်းအရမ်းနည်းပြီး သူခိုးအားပေးမဖြစ်တော့ဘူးပေါ့။
သုံးစွဲသူတွေအနေနဲ့ အသင့်တော်ဆုံး ရွေးချယ်ဝယ်ယူနိုင်ပါစေ။









