
ရန်ကုန်မြို့ရှိ ဈေးတစ်ဈေးမြင်ကွင်း (ဓာတ်ပုံ-ကြည်နိုင်)
(၁) လကုန်ရက်ကို ဝန်ထမ်းတွေ မျှော်တတ်ကြတယ်။ အရင်တုန်းကတော့ အစိုးရဝန်ထမ်းပဲ များခဲ့တာ။ ဒီနေ့ခေတ်မှာတော့ ကုမ္ပဏီဝန်ထမ်းတွေပါ အရေအတွက် များလာခဲ့ပြီ။ မောင်တစ်ထမ်း မယ်တစ်ရွက် လင်မယားနှစ်ယောက်စလုံး ထွက်ပြီး အလုပ်လုပ်ကြသူတွေ အများကြီးရှိသလို အိမ်ထောင်ဦးစီးဖြစ်သူ ယောကျ်ားတစ်ယောက်တည်းရဲ့ ဝင်ငွေနဲ့ ရပ်တည်နေကြတဲ့ မိသားစုတွေလည်း မနည်းမနောရှိနေဆဲ။ ဟိုအရင် အနှစ် လေး ငါးဆယ်ကျော်ခေတ်တွေနဲ့နှိုင်းယှဉ်ရင် ရုပ်ဝတ္ထုပစ္စည်းတွေ တိုးတက်လာတာက မျက်မြင်ကိုယ်တွေ့ပါ။
(၂) ငယ်ငယ်တုန်းက အိမ်မှာ နေရှင်နယ် ရေဒီယိုတစ်လုံးရှိတာ တော်တော်ဟုတ်နေပြီ။ အဖေက အစိုးရဝန်ထမ်းဆိုတော့ လိုင်းခန်းရတယ်။ ဇာတ်လမ်းပမာ နားဆင်စရာတို့၊ ဘဝကြေးမုံ ဇာတ်လမ်းစုံတို့၊ အသံလွှင့်ဇာတ်လမ်းတို့၊ ရုပ်ရှင်သီချင်းတို့၊ ကွက်စိပ်တို့ဆိုရင် အိမ်မှာ ပရိသတ်ကပြည့်နေပြီ။ အခန်းနီးချင်းတွေကျတော့ အန်တီရေ အသံလေးကျယ်ပေးပါဦးဆိုပြီး အလုပ်အကိုင်မပျက် နားထောင်နိုင်ကြတယ်။ လွန်ခဲ့တဲ့ နှစ်ငါးဆယ်ပတ်လည် ခေတ်တွေရဲ့ ပုံရိပ်တစ်စွန်းတစ်စပေါ့။
(၃) အဲဒီခေတ်တွေမှာ လစာအနည်းဆုံးရတဲ့ ရုံးလုလင်လိုမျိုး၊ စာပို့လိုမျိုးတောင်မှ ရတဲ့ လခ ၆၀ ကျော်လေးနဲ့ လောက်ငအောင်နေနိုင်တယ်။ ကျပ်တည်းတာတော့ ကျပ်တည်းတာပေါ့လေ။ အဲသလိုဆိုတော့ အဖေ့ ရုံးဝန်ထောက် လစာဆိုတာ တော်တော်များတဲ့အထဲမှာပါတယ်။ ပါသော်ပါငြား စုထားစရာ မကျန်ပါတည့်လို့ အမေက ဖြည့်စွက်ပြောလိမ့်မယ်။ အမေက အဖေ့လခကို အဓိက စီမံခန့်ခွဲရသူကိုး။ စုထားစရာ မကျန်တဲ့အပြင် မလောက်လို့ အမေ့ရွှေတိုရွှေစလေးတွေ အပေါင်ဆိုင်နဲ့ ဝင်စို့ထွက်စို့ကစားလိုက်၊ အပြီးတိုင် လမ်းခွဲသွားတဲ့အခါခွဲလိုက်နဲ့ သားသမီးတွေရဲ့အသက်နဲ့ အမေ့ရဲ့ရွှေကလေးတွေ ပြောင်းပြန်အချိုး သင်ခန်းစာကို နားလည်အောင်ပြသပေးတယ်။
(၄) လခကောင်းတယ်လည်းဆိုရဲ့၊ ရွှေတို ရွှေစလေးတွေလည်း ပါးပြီးပျောက်သွားရဲ့ဆိုတော့ ဘယ်လိုအကြောင်းကြောင့်နည်း။ ထင်လင်းအောင် ရှင်းပြပါဦးလို့ မပြောလည်း ရှင်းရမှာပါပဲ။ ကိုယ့်အမေကိုး။ အမေက စေတနာကောင်းလွန်းတယ်။ ခါးဝတ်ထားတဲ့ ပါတိတ်ထဘီအသစ်တောင်မှ မပြည့်စုံသူတစ်ယောက်ယောက်က တောင်းရင် အဟောင်းနဲ့ လဲဝတ်ပြီး ချွတ်ပေးလိုက်တာ။ မျက်စိရှေ့ကြုံဖူးတာ နှစ်ခါသုံးခါ မကဘူး။
တပည့်တပန်းတွေ ပိုက်ဆံအခက်အခဲရှိလို့ဆိုရင် ကိုယ့်ဈေးဖိုးအတွက်လိုတာ ပေါင်နှံရကာမှ ပေါင်နှံရစေတော့ဆိုပြီး ဈေးဖိုးထဲကထုတ်ပြီး ချေးငှား ပေးကမ်းလိုက်တာပဲ။ ချေးတာတွေကလည်း ပြန်မရတာ ခပ်များများရယ်။ တစ်ခါတလေမှာ အဖေက မခင်မြရေ။ ပိုက်ဆံတွေ ပြန်လမ်းမရှိတဲ့ မြစ်ထဲရောက်သွားပေါ့ဆိုပြီး ဧရာဝတီမြစ်ကြီးကို လက်ညှိုးညွှန်ရင်း စတတ်တယ်။
(၅) အဖေက အမေ့ကို အဲသလိုသာ စပေမဲ့ ရတဲ့လခကိုတော့ စာရင်းစာရွက်လေးနဲ့ ရတာက ဘယ်လောက်၊ ဖြတ်တာက ဘယ်ရွေ့၊ ကျန်တာက ဘယ်မျှဆိုပြီးအပ်တယ်။ ပြီးမှ သူအသုံးလိုမှာအတွက် ပြန်ယူတယ်။ သား သမီးတွေကို တစ်လစာ မုန့်ဖိုးပေးတယ်။ မုန့်ဖိုးက တစ်နေ့ကို ဆယ်ပြားနှုန်းနဲ့ တစ်လစာ သုံးကျပ် တစ်လုံးတည်းပေးတာ။ ကျူရှင်က တစ်သက်လုံး မယူခဲ့တာဆိုတော့ ကျူရှင်ခ မရှိဘူး။ သုံးတန်းကစပြီး ရခဲ့တဲ့ တစ်လသုံးကျပ်ဆိုတဲ့ မုန့်ဖိုးဟာ ရှစ်တန်းနှစ်ဝက်မှာ ရပ်သွားခဲ့တယ်။ ပင်စင်နီးမှ ရန်ကုန်ပြောင်းရတော့ စရိတ်ကြီးတဲ့ရန်ကုန်ကိုလည်း တစ်မိသားစုလုံး မလိုက်နိုင်တာနဲ့ စားအိုး နှစ်အိုး ခွဲခဲ့ရတယ်။ အဖေက ရန်ကုန်မှာ တစ်ယောက်တည်း တစ်အိုး၊ အမေနဲ့ကလေးတွေက တောင်ငူမှာ တစ်အိုး။ အမေ့ညီမအိမ်မှာ ကပ်နေခဲ့ရတာ။ အဖေပင်စင်ယူချိန်မှာ နေစရာ အိမ်မရှိ။ ရွာက မြေကလေး အဘိုးအမွေပေးခဲ့တဲ့ အပေါ်မှာ အိမ်ကလေးတစ်လုံး ဖြစ်ဖြစ် မြည်ဆောက်ခဲ့ရတာ။ ၁၀ နှစ်ကျော်အကြာ သားဘွဲ့ရပြီး အလုပ်လုပ်ချိန်မှ ကျကျနန ပြီးခဲ့တာ။
(၆) ဒီလိုအခြေအနေတွေ ကျော်ဖြတ်ခဲ့ပေမယ့် အမေက ဘာမှဘယ်သူ့ကိုမှ အပြစ်မတင်ခဲ့ဘူး။ ရှင့်ကိုယူခဲ့လို့ ကျွန်မ ဆင်းရဲဒုက္ခရောက်ရတယ်၊ ရှိတဲ့ပစ္စည်းလေးတွေ ကုန်သွားတယ်ရယ်လို့ အပြစ်မဖို့ခဲ့ဘူး။ အဖေ့ရဲ့ အလုပ်မှာ အစွန်းအထင်း အစက်အပြောက် ကင်းတဲ့ပုံရိပ်အတွက် အမြဲဂုဏ်ယူခဲ့တယ်။ အဖေကလည်း အလုပ်ကြိုးစားခြင်း၊ ရိုးသားခြင်း၊ စည်းစနစ်ကျခြင်း၊ တော်ခြင်း စတဲ့ ကောင်းမွန်တဲ့နာမည်တွေ ထူထောင်ပေးခဲ့တယ်။
ပြောရရင် သူတို့ရဲ့ဖူးစာနဲ့ ရွေးချယ်မှုအတွက် နောင်တရတာမျိုး အရိပ်အယောင်တောင်မှ မမြင်ခဲ့ရဘူး။
(၇) အဖေနဲ့အမေကို ရွေးချယ်ခွင့်မရှိဘဲ လူဖြစ်လာရတဲ့အခြေမှာ ရလာတဲ့ဘဝကို ကျေနပ်တယ်ဆိုတာထက် နှစ်သက်တယ်လို့ ဆိုပါမယ်။ ဒီအဖေ၊ ဒီအမေ ကြွယ်ပိုးကြွယ်၀ မရှိပေမဲ့ သားသမီးတွေအတွက် အမွေကောင်းတွေ ပေးခဲ့တယ်။ အခြေခံကောင်းတွေ ထားခဲ့တယ်။ နှစ်ယောက်စလုံးက စာဖတ်ဝါသနာပါကြတော့ သားသမီးတွေလည်း ပါခဲ့ကြတာ ဝမ်းသာစရာ။
(၈) အဖေ့ဆီက လကုန်ရက်တွေမှာ တစ်လစာ မုန့်ဖိုးယူနေရနေကျ သားက အဖေနေရာ ရောက်လာတယ်။ မုန့်ဖိုး တစ်လစာ ပြန်ပေးရပြီ။ အိမ်စရိတ် တစ်လစာ ပြန်ပေးရပြီ။ အဖေတို့ခေတ်နဲ့ မတူတာက ငွေစာရင်း ခေါင်းစဉ်တွေများလာတာ။ မုန့်ဖိုး၊ ဖုန်းငွေဖြည့်ကတ်ဖိုး၊ ကျူရှင်ခ၊ ဘတ်စ်ကားခ၊ တက္ကစီခ၊ အိမ်အတွက် စိုက်ထုတ်သုံးစွဲငွေ။ ငယ်စဉ်တုန်းက အောင်ဘာလေထီ ပထမဆုငွေ သူဌေး ချက်ချင်းဖြစ်နိုင်တဲ့ ပမာဏက ဒီနေ့ခေတ်မှာ ဘာမှ မပြောပလောက်တော့။
လုံးခနဲ သုံးစွဲလိုက်ရတာ ကိန်းဂဏန်းတွေ ကြီးလာပေမယ့် ငွေတွင်းက နက်လာတယ်။ လော်လော်လည်လည် မသုံးစွဲတာလေး ကျေးဇူးတင်ရင်း၊ ပူဆာမှုကင်းတာ အသိအမှတ်ပြုရင်း၊ အပြန်အလှန် ကျေးဇူးတင်ရင်းနဲ့ ခေတ်ရဲ့မတ်မတ်ထောင် ကုန်ဈေးနှုန်း ဂရပ်မျဉ်းကို တွဲလောင်းခိုလိုက်နိုင်ဖို့ ကြိုးစားရင်းနဲ့ လကုန်ရက်တွေ ရောက်ရောက်လာတယ်။
(၉) ဟိုအရင်က လခထုတ်ရက်တွေမှာ စက်ဘီးလေးနင်းပြီး အိမ်ပြန်လာချိန်တိုင်း အဖေ ပြောနေကျ စကားလေး ကြားယောင်နေမိတယ်။ လခထုတ်ခဲ့ပြီ မခင်မြရေတဲ့။ အခုနေ အဖေသာ အနားမှာရှိရင် ပြောပြလိုက်ချင်ပါတယ်။ တစ်လကုန်ခဲ့ပြန်ပြီ အဖေရေလို့။
(မှတ်ချက် - ဘဝရေဆန်လမ်းခရီးကို ပင်ပန်းကြီးစွာလှော်ခတ်ရင်း မိသားစုတွေကို အတတ်နိုင်ဆုံး ရှာဖွေကျွေးမွေး စောင့်ရှောက်မှုပေးနေကြတဲ့ အဖေတွေ၊ ခေတ်ကာလအလျောက် တိုးတက်များပြားလာတဲ့ လူနေမှု စရိတ်တွေ ကုန်ဈေးနှုန်းတွေအကြားမှာ ဗျာများစွာနဲ့ နေ့စဉ်ဂဏန်းတွက်နေရတဲ့ အမေတွေအတွက်)
Writter: မောင်စံပေါ









