သရုပ်ဆောင် အောင်ရေချမ်း၏ ငယ်စဉ်ဘဝအမှတ်တရဖြတ်သန်းရာ

သရုပ်ဆောင် အောင်ရေချမ်း၏ ငယ်စဉ်ဘဝအမှတ်တရဖြတ်သန်းရာ
Published 11 April 2019
လင်းလင်းခိုင်

နိုင်ငံခြားရုပ်သံဇာတ်လမ်းတွဲတွေကို တစိုက်မတ်မတ် စောင့်ကြည့်အားပေးနေခဲ့ကြတဲ့ ပရိသတ်တွေကြားကို လူငယ်မျက်နှာသစ် အနုပညာရှင်တွေ၊ ၀ါရင့်အနုပညာရှင်တွေရဲ့အားထုတ်မှုတွေ ပေါင်းစပ်လို့ ဇာတ်လမ်းဇာတ်အိမ် ခိုင်မာမှုတွေနဲ့ ဖန်တီးထားတဲ့ မြန်မာဇာတ်လမ်းတွဲတွေက ထိုးဖောက်နေရာယူနိုင်တဲ့ အချိန်ကာလတစ်ခုကို ရောက်ရှိလာခဲ့ပြီလို့ ဆိုရမှာပါ။ ဒီလိုဇာတ်လမ်းတွဲတွေထဲမှာပါဝင်တဲ့ မျက်နှာသစ်လူငယ် အနုပညာရှင်တွေကလည်း ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရယူလာနိုင်ခဲ့ပါတယ်။ မြန်မာရုပ်သံဇာတ်လမ်းတွဲတွေကနေတစ်ဆင့် ပရိသတ်အားပေးမှု အခိုင်အမာရရှိလာသူတစ်ဦးက သရုပ်ဆောင် အောင်ရေချမ်းပဲဖြစ်ပါတယ်။ ပျားရည်အိုင် ရုပ်သံဇာတ်လမ်းတွဲမှာ ကိုတင်ဖေဇာတ်ရုပ်နဲ့ ပရိသတ်အားပေးမှု အခိုင်အမာရယူနိုင်ခဲ့သလို လက်ရှိပြသနေတဲ့ ကျွန်မကမဟေသီ ဇာတ်လမ်းတွဲမှာလည်း မင်းမျိုးနွယ်ဇာတ်ကောင်ကို အပီပြင်ဆုံး ပုံဖော်ထားသူပါ။ သရုပ်ဆောင်အောင်ရေချမ်းပြောပြတဲ့ ငယ်စဉ်ဘဝကအမှတ်တရပုံရိပ်တချို့ကို တင်ဆက်ပေး ချင်ပါတယ်။

သရုပ်ဆောင်အောင်ရေချမ်းက ရန်ကုန်ဇာတိဖြစ်ပြီး ညီအစ်ကိုသုံးဦးထဲက အငယ်ဆုံးဖြစ်ပါတယ်။ ငယ်စဉ်ဘဝရဲ့ အမှတ်တရအနေနဲ့တော့ ညီအစ်ကိုသုံးဦးမှ အသားအညိုဆုံးဖြစ်တာကြောင့် မိဘဆွေမျိုးတွေနဲ့ ညီအစ်ကိုတွေကြားမှာ စနောက်ခံရတာပါလို့ ဆိုပါတယ်။ ငယ်စဉ်ကလေးဘဝတည်းက အောင်ရေချမ်းရဲ့ အနုပညာဝါသနာဗီဇက ပေါ်လွင်ခဲ့ပါတယ်။ ရပ်ကွက်ထဲက ကာရာအိုကေသီချင်းဆိုပွဲတွေမှာ ပါဝင်သီဆိုတတ်သလို သရုပ်ဆောင်ပြိုင်ပွဲတွေကြည့်ရင်းလည်း အားကျနေတတ်တယ်လို့ဆိုပါတယ်။ ငယ်စဉ်ကလေးဘဝတည်းက သရုပ်ဆောင်ဖြစ်ချင်တဲ့ စိတ်တော့ရှိခဲ့တယ်လို့လည်း ပွင့်ပွင့်လင်းလင်းဆိုပါတယ်။

ကျောင်းပညာရေးကိုတော့ အိမ်တွေ မကြာခဏပြောင်းရွှေ့ရသူမို့ ကျောင်းတွေ ခဏခဏပြောင်းတက်ခဲ့ရပြီး အင်းစိန်မှာတော့ နှစ်ပိုပြီး ကြာအောင်တက်ခွင့်ရခဲ့တယ်လို့ ဆိုပါတယ်။ ကျောင်းပညာရေးမှာတော့ စာတော်တဲ့အထဲ မပါခဲ့ဘူးလို့လည်းဆိုပါတယ်။ အလယ်တန်းလောက်မှာ စာနည်းနည်းညံ့ပေမယ့် အထက်တန်းကျောင်းသားအရွယ် ရောက်လာချိန်မှာတော့ စာပြန်ကြိုးစားခဲ့တာကြောင့် စာတွေရလာပေမဲ့ အရမ်းစာတော်တဲ့ ကျောင်းသားမျိုးတော့ မဟုတ်ဘူးလို့ ဆိုပါတယ်။ ကျောင်းတက်နေစဉ်တစ်လျှောက်လုံးမှာလည်း အနုပညာဝါသနာ ဗီဇရှိတာကြောင့် ကျောင်းကပွဲလို အနုပညာလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

သရုပ်ဆောင်အောင်ရေချမ်းရဲ့ ပထမဆုံး အနုပညာခြေလှမ်းကတော့ ရသပေါ်လွင် သရုပ်ဆောင်လွင်ပြင်ကဏ္ဍမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တာပါ။ ဒီနောက်မှာတော့ Forever ကစီစဉ်ယှဉ်ပြိုင်စေတဲ့ Photogenic ပြိုင်ပွဲတစ်ခုမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီပြိုင်ပွဲမှာ ယှဉ်ပြိုင်နေစဉ်မှာပဲ MRTV 4 Talent က သရုပ်ဆောင်သစ်တွေ ခေါ်ယူမှုကိုသိရှိပြီး ဝင်ရောက်ရွေးချယ်ခံခဲ့ရတာပါ။ ပထမဆုံးရုပ်သံဇာတ်လမ်းတွဲအနေနဲ့တော့ ‘ထာဝရမန္တလေး’ ဇာတ်လမ်းတွဲကို ရိုက်ကူးခဲ့တယ်လို့ဆိုပါတယ်။ အောင်ရေချမ်းက ရုပ်သံဇာတ်လမ်းတွဲတွေမှာ ဆက်တိုက် ပါဝင်ခွင့်ရခဲ့ပြီးနောက်မှာတော့ ပျားရည်အိုင်ဇာတ်လမ်းတွဲထဲက ကိုတင်ဖေဇာတ်ရုပ်နဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရယူနိုင်ခဲ့ပါတယ်။ ငယ်ချစ်ဦးဇနီးနဲ့ ကိုယ့်အလုပ်ရှင်ဖြစ်ပေမဲ့ ငြိစွန်းသွားခဲ့မိတဲ့ ဇနီးတို့နှစ်ယောက်ကြားမှာ ထားရှိမိတဲ့ သံယောဇဉ်၊ ချစ်ခြင်းမေတ္တာတွေနဲ့ ဗျာများရတဲ့ ဇာတ်ရုပ်ကိုပုံဖော်ရတာပါ။ ဒီဇာတ်ကားမှာတော့ အောင်ရေချမ်းက ကာရိုက်တာကို အပီပြင်ဆုံးပုံဖော်ခဲ့ပါတယ်။ ဒီနောက်မှာတော့ လက်ရှိထုတ်လွှင့်ပြသနေတဲ့ ကျွန်မကမဟေသီဇာတ်လမ်းတွဲမှာလည်း အတိတ်မေ့သွားပြီး ကိုယ့်ရဲ့ဇနီးနဲ့ သားကို မေ့လျော့နေသလို လက်ရှိဘေးနားရောက်နေတဲ့ ဇနီးနဲ့သားဖြစ်သူကို သေချာမသိတာကြောင့် စိတ်ရှုပ်ထွေးနေရတဲ့ မင်းမျိုးနွယ်ဆိုတဲ့ ဇာတ်ရုပ်မှာ အကောင်းဆုံးပုံဖော်ထားပါတယ်။

“ကျွန်တော့်ကိုအားပေးကြတဲ့ ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်ကတော့ ကိုယ်လုပ်ခွင့်ရတဲ့ ဇာတ်ရုပ်အပေါ်မှာ တာဝန်ကျေအောင်၊ အပီပြင်ဆုံး ပုံဖော်နိုင်အောင် ကြိုးစားထားပါတယ်။ နောက်ထပ်ရိုက်ကူးခွင့်ရမယ့် ဇာတ်ကားတွေမှာလည်း အကောင်းဆုံးကြိုးစားသွားမှာပါ။ ကျွန်တော့်ကိုမတူကွဲပြားတဲ့ ကာရိုက်တာတစ်မျိုးနဲ့ မြင်တွေ့ခွင့်ရအောင် ကြိုးစားပါမယ်။ ကျရာဇာတ်ရုပ်မှာပီပြင်စေဖို့လည်း အမြဲတမ်းကြိုးစားနေမှာပါ” လို့ အောင်ရေချမ်းက ဆိုပါတယ်။

အောင်ရေချမ်းက သူပါဝင်ထားတဲ့ ဇာတ်လမ်းတွဲတွေ ဆက်တိုက်ထုတ်လွှင့် ပြသထားတာကြောင့် အသစ်ရိုက်ကူးမယ့် ရုပ်သံဇာတ်လမ်းတွဲကိုတော့ ၂၀၁၉ နှစ်ကုန်ပိုင်းလောက်မှပဲ ပြသနိုင်လောက်တယ်လို့ ဆိုပါတယ်။ လတ်တလောမှာတော့ အောင်ရေချမ်းက မျက်ခြယ်ရုပ်ရှင်နဲ့ ဗီဒီယိုထုတ်လုပ်ရေးနဲ့ လက်တွဲပြီးတော့လည်း ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်နေပါတယ်။ ဗီဒီယိုဇာတ်ကားတွေတစ်ခေတ် ပြန်လည်ဦးမော့လာစေချင်တဲ့ ဆန္ဒလည်းရှိတယ်လို့ ဆိုခဲ့ပါတယ်။

အောင်ရေချမ်းပါဝင်ထားတဲ့ ကျွန်မက မဟေသီဇာတ်လမ်းတွဲက ဇာတ်ရှိန်အမြင့်ဆုံး အချိန်ကို ရောက်နေတာပါ။ ဇာတ်လမ်းမှာ ပါဝင်ထားပြီး ဗီလိန်သဘောဖြစ်နေတဲ့သူတွေကို ပရိသတ်တွေကမုန်းကြသလို သနားစရာဇာတ်ရုပ်တွေအတွက်လည်း အသနားပိုနေကြပါတယ်။ ဇာတ်လမ်းတွဲက ဇာတ်ကောင်တွေနဲ့အတူ လိုက်ပါခံစားပေးတဲ့ ပရိသတ်တွေကိုတော့ သရုပ်ဆောင်အောင်ရေချမ်းက “ဇာတ်လမ်းသဘောအတိုင်း ဗီလိန်သရုပ်ဆောင်ရတဲ့သူကို မုန်းကြတာ၊ ဆဲကြတာကို အပြစ်မပြောချင်ပေမယ့် ဒါကဇာတ်လမ်းအရ သရုပ်ဆောင်ရတာပါဆိုတာလေးတော့ ပြောပြချင်ပါတယ်။ ပြီးတော့ဒီဇာတ်ကားလေးက အပြင်မှာလည်း ဖြစ်တတ်တဲ့ သဘောသဘာဝကို ပညာပေးအနေနဲ့ ပြထားတာပါ။ ဒါကြောင့်ဇာတ်လမ်းက ပေးချင်တဲ့ အနှစ်သာရလေးကို ပြန်ပြီးသတိရစေချင်ပါတယ်။ ကျွန်တော့်အတွက်ကတော့ ပရိသတ်တွေ အနုပညာရသခံစားရလို့ ကြိုက်တယ်ဆိုတာအပြင် ဇာတ်ကားကပေးလိုက်တဲ့ ဆင်ခြင်စရာလေးတွေကို သိရှိသွားတာမျိုးလေးဖြစ်စေချင်တာပါ” လို့ သူ့အမြင်ကို ပြောပြထားတယ်ဆိုတာ တင်ပြရင်း အခုတစ်ပတ်အတွက် ရပ်နားလိုက်ပါရစေ။

 

Most Read

Most Recent