ဘာစီလိုနာမြေတွင်ကစားမည့် ဒုတိယအကျော့မှာ PSG နှင့်ပွဲထက် ပိုခက်ခဲမည်ဟု မန်ယူနည်းပြ ဆိုးလ်ရှား ဝန်ခံ

ဘာစီလိုနာမြေတွင်ကစားမည့် ဒုတိယအကျော့မှာ PSG နှင့်ပွဲထက် ပိုခက်ခဲမည်ဟု မန်ယူနည်းပြ ဆိုးလ်ရှား ဝန်ခံ
Photos: AFP
Photos: AFP
Published 11 April 2019

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက ဘာစီလိုနာကွင်းတွင် သွားရောက်ကစားရမည့် ဒုတိယအကျော့မှာ PSGနှင့်ကစားခဲ့စဉ်ကထက် ပိုမိုခက်ခဲမည်ဟု သုံးသပ်ခဲ့သည်။

ဧပြီလ(၁၀)ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် မန်ယူ(၀-၁)ဘာစီလိုနာပွဲအပြီးတွင် ဆိုးလ်ရှားက ယခုကဲ့သို့ ဝန်ခံခဲ့ခြင်းဖြစ်သည်။

'' တကယ်တော့ PSGရဲ့ကစားပုံက ကျွန်တော်တို့အတွက် မျှော်လင့်ချက်ပေးခဲ့တယ်။ ဒါကိုလုပ်နိုင်မယ်လို့လည်း ယုံကြည်မှုရစေခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့က ပြိုင်ပွဲရဲ့ရေပန်းအစားဆုံးတွေထဲက တစ်သင်းနဲ့ရင်ဆိုင်နေရတယ်ဆိုတဲ့အသိနဲ့ ကစားခဲ့ပါတယ်။ အနိုင်ရမယ်ဆိုရင် ဘာစီလိုနာနဲ့သမိုင်းမှာ ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုဖြစ်ပါလိမ့်မယ်။ သူတို့ဟာ အိမ်ကွင်းမှာ သိပ်ရှုံးလေ့မရှိပါဘူး''ဟု ဆိုးလ်ရှားက ပြောကြားခဲ့သည်။

ဘာစီလိုနာအသင်းသည် ချန်ပီယံလိဂ်အိမ်ကွင်း နောက်ဆုံးပွဲ(၃၀)ဆက်တိုက် ရှုံးပွဲမရှိကစားထားပြီး ၂၀၁၃၊ မေလ(၁)ရက်ကတည်းက ရှုံးပွဲမရှိတော့ခြင်းဖြစ်သည်။

မန်ယူအသင်းမှာ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် အိမ်ကွင်း(၃)ပွဲဆက် ပထမဆုံးအရေးနိမ့်ခဲ့ပြီး ၂၀၀၅၊ မတ်လနောက်ပိုင်း ချန်ပီယံလိဂ်ပွဲတွင် ဂိုးပေါက်ခြိမ်းခြောက်မှုတစ်ကြိမ်မျှမရှိဘဲ ဖြစ်ခဲ့ရသည်။

Most Read

Most Recent