ဘိုင်ယန်မြူးနစ်နှင့်ပွဲစဉ်မှာ ခက်ခဲမည်ဟု လီဗာပူးလ်အသင်းနည်းပြ ကလော့ပ် ပြောကြား

ဘိုင်ယန်မြူးနစ်နှင့်ပွဲစဉ်မှာ ခက်ခဲမည်ဟု လီဗာပူးလ်အသင်းနည်းပြ ကလော့ပ် ပြောကြား
Photo: Getty Images
Photo: Getty Images
Published 15 February 2019

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က ဘိုင်ယန်မြူးနစ်အသင်းနှင့် ကစားရမည့်ပွဲစဉ်မှာ ခက်ခဲမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လီဗာပူးလ်နှင့် ဘိုင်ယန်မြူးနစ်တို့၏ ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့် ပထမအကျော့ပွဲစဉ်ကို ဖေဖော်ဝါရီလ (၂၀)ရက်နေ့တွင် လီဗာပူးလ်အသင်း၏ အိမ်ကွင်း အန်ဖီးလ်၌ ကစားမည်ဖြစ်သည်။

ဘိုင်ယန်မြူးနစ်နှင့်ပွဲတွင် လီဗာပူးလ်အသင်းက နောက်တစ်ဆင့်တက်ရန် ပိုမိုရေပန်းစားသည်ဟု မီဒီယာများက ဖော်ပြနေကြသော်လည်း ကလော့ပ်က လက်မခံဘဲ ပယ်ချခဲ့သည်။

ကလော့ပ်က "ဒီပွဲမှာ လီဗာပူးလ်အသင်းက နိုင်ဖို့များတယ်ဆိုတာမျိုး ကျွန်တော်တို့ အမြဲကြားနေရတာပဲ။ ဒါက ရယ်စရာကောင်းတယ်လို့ ကျွန်တော် ထင်တယ်။ ကျွန်တော်ကတော့ အသင်းကြီးနှစ်သင်း တွေ့ဆုံတဲ့ပွဲလို့ပဲ မြင်ပါတယ်။ ဒီတော့ ဘယ်လိုဖြစ်လာမယ်ဆိုတာကို ကျွန်တော် မသိပါဘူး။ သေချာကတော့ ဘိုင်ယန်မြူးနစ်နဲ့ပွဲစဉ်ဟာ ကျွန်တော်တို့အတွက် အရမ်းခက်ခဲတဲ့ ပွဲစဉ်တစ်ပွဲဖြစ်လာပါလိမ့်မယ်။ အဲဒီလိုပဲ ဘိုင်ယန်မြူးနစ်အတွက်လည်း ဒီပွဲက လွယ်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့အသင်းက တိုးတက်နေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဘာအောင်မြင်မှုမရသေးပါဘူး။ ဒါက သိပ်တော့ မကောင်းဘူးပေါ့ဗျာ။ ဒါပေမဲ့ ကျွန်တော်တို့ဟာ အောင်မြင်မှုတွေကို ဆာလောင်နေတဲ့အသင်းပါ"ဟု ပြောကြားခဲ့သည်။

ကလော့ပ်သည် လီဗာပူးလ်အသင်းကို မကိုင်တွယ်မီက ဒေါ့မွန်အသင်းနှင့် ဖလား (၆) လုံး ရယူနိုင်ခဲ့သူဖြစ်ပြီး ယခုရာသီတွင်လည်း ဘွန်ဒစ်လီဂါပြိုင်ပွဲ၌ အသင်းဟောင်း ဒေါ့မွန်ကို ဗိုလ်စွဲစေချင်သည်ဟု ပြောကြားခဲ့သည်။

Most Read

Most Recent