ဘာစီလိုနာကွင်းလယ်လူဒင်းနစ်ဆွာရက်ဇ်အား ခေါ်ယူရန် ချယ်လ်ဆီးနှင့် အာဆင်နယ်တို့ ကြိုးပမ်း

ဘာစီလိုနာကွင်းလယ်လူဒင်းနစ်ဆွာရက်ဇ်အား ခေါ်ယူရန် ချယ်လ်ဆီးနှင့် အာဆင်နယ်တို့ ကြိုးပမ်း
Photo: Getty Images
Photo: Getty Images
Published 6 January 2019

 

ပရီးမီးယားလိဂ်ထိပ်သီးကလပ်များဖြစ်သော ချယ်လ်ဆီးနှင့် အာဆင်နယ်တို့သည် ဘာစီလိုနာအသင်းတွင် ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရသည့် စပိန်ကွင်းလယ်လူ ဒင်းနစ်ဆွာရက်ဇ်အား ခေါ်ယူရန်ကြိုးပမ်းနေကြကြောင်း စပိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

အသက် (၂၄) နှစ်အရွယ်ရှိ ဒင်းနစ်ဆွာရက်ဇ်သည် ယခုရာသီ လာလီဂါပြိုင်ပွဲတွင် (၁၇) မိနစ်သာကစားခွင့်ရထားသည့်အတွက် ဘာစီလိုနာအသင်းတွင် မပျော်မရွှင်ဖြစ်နေပြီး အသင်းပြောင်းရွှေ့ရန် စီစဉ်နေသူဖြစ်သည်။

စပိန်သတင်းစာ AS ၏ဖော်ပြချက်အရ ဒင်းနစ်ဆွာရက်ဇ်အားခေါ်ယူရန် ချယ်လ်ဆီး၊ အာဆင်နယ်တို့အပြင် အဲဗာတန်၊ ဝက်စ်ဟမ်းနှင့် ဝက်ဖို့ဒ်အသင်းတို့ကပါ စိတ်ဝင်စားနေကြကြောင်း သိရသည်။

ဒင်းနစ်ဆွာရက်ဇ်သည် မန်စီးတီးအကယ်ဒမီတွင် ကစားခဲ့ဖူးသူဖြစ်ပြီး ၂၀၁၃ ခုနှစ်က ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ခဲ့သူဖြစ်သည်။ သို့သော် ၄င်းသည် ယင်းအချိန်ကတည်းက ဘာစီလိုနာအသင်းတွင် နေရာမရဘဲ ဆီဗီလာသို့ အငှားထွက်ကစားခဲ့ရသလို၊ ၂၀၁၅ ခုနှစ်တွင် ဗီလာရီးယဲလ်အသင်းသို့ အပြီးသတ်ပြောင်းရွှေ့ခဲ့သည်။

ထို့နောက် ၂၀၁၆ ခုနှစ်တွင် ဘာစီလိုနာအသင်းက ဒင်းနစ်ဆွာရက်ဇ်ကို Buy Back Clause ဖြင့် ပြန်လည်ခေါ်ယူခဲ့ခြင်းဖြစ်သည်။ သို့သော်   ပွဲထွက်ခွင့်မရသည့်အတွက် ဒင်းနစ်ဆွာရက်ဇ်မှာ မပျော်မရွှင်ဖြစ်နေပြီး ဘာစီလိုနာအသင်းမှထွက်ခွာမည်ဟု ဝန်ခံထားပြီး ပရီးမီးယားလိဂ်မှာ ၄င်းကစားလိုသည့် လိဂ်ပြိုင်ပွဲတစ်ခုဖြစ်ကြောင်းသိရသည်။ 

ဘာစီလိုနာအသင်းကလည်း ဒင်းနစ်ဆွာရက်ဇ်ကို ယခုဇန်နဝါရီအပြောင်းအရွှေ့တွင် ရောင်းချရန်စီစဉ်လျက်ရှိပြီး ၄င်းအတွက်အနည်းဆုံး ပြောင်းရွှေ့ကြေး ပေါင်သန်း(၂၀)နှင့်အထက် အလိုရှိနေကြောင်းသိရသည်။

Most Read

Most Recent