မြင်းခြံနှင့် နောင်ချိုမြို့နယ်တို့တွင် မိုင်းပေါက်ကွဲမှုများကြောင့် တစ်ဦးသေဆုံးပြီး သံဃာတစ်ပါးအပါအဝင် နှစ်ဦး ဒဏ်ရာရ

မြင်းခြံနှင့် နောင်ချိုမြို့နယ်တို့တွင် မိုင်းပေါက်ကွဲမှုများကြောင့် တစ်ဦးသေဆုံးပြီး သံဃာတစ်ပါးအပါအဝင် နှစ်ဦး ဒဏ်ရာရ
Published 31 March 2026

မြင်းခြံနှင့် နောင်ချိုမြို့နယ်တို့တွင် မိုင်းပေါက်ကွဲမှုများကြောင့် တစ်ဦးသေဆုံးပြီး သံဃာတစ်ပါးအပါအဝင် နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

၂၀၂၆ ခုနှစ် မတ် ၂၉ ရက် နေ့လယ် ၁၂ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်ပြည်သူ့ဆေးရုံ၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် သာသနာ့အနွယ်ဝင် သံဃာတော်တစ်ပါးနှင့် အမျိုးသားတစ်ဦးတို့ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသိုစစ်ဆေးရာ ယင်းနေ့ နံနက် ၁၀ နာရီတွင် မြင်းခြံမြို့နယ် အမှတ် (၁၃) ရပ်ကွက်ရှိ “သာသနာ့ပါလ” ဘုန်းကြီးကျောင်းမှ ဆရာတော် ဥူးသီလာနန္ဒ (၃၅) နှစ် (၁၅) ဝါသည် အမှတ်(၁၃)ရပ်ကွက်နေ ဦးမျိုးမင်းဗိုလ် (၄၁) နှစ်နှင့်အတူ မြင်းခြံမြို့မှ မန္တလေးသို့ မော်တော်ယာဉ်တစ်စီးဖြင့် ထွက်ခွာလာစဉ် သက္ကယ်ကျင်းကျေးရွာနှင့် ညောင်ဝန်းကျေးရွာကြားအရောက် လမ်းဘေးမှ PDF အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတို့နှစ်ဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ယင်းနေ့ ညနေ ၆ နာရီ ၅၅ မိနစ်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ်ပြည်သူ့ဆေးရုံ၌ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် သေဆုံးသူ အမျိုးသားတစ်ဦးနှင့် ဒဏ်ရာရရှိသူအမျိုးသမီးတို့ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ ညနေ ၅ နာရီခွဲတွင် နောင်ချိုမြို့နယ် ယာပြင်ကျေးရွာနေ ဦးဝင်းမြင့် (၅၈)နှစ်နှင့် ဒေါ်ကင်း (၇၇) နှစ်တို့သည် ၎င်းတို့၏ နေအိမ်တောင်ဘက်ရှိ ခြံဝင်းအတွင်း အမှိုက်များ ရှင်းလင်း နေစဉ် TNLA အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား ထိမိပေါက်ကွဲခဲ့မှုကြောင့် ဦးဝင်းမြင့်တွင် ထိခိုက်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဒေါ်ကင်းတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်များမှ ကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent