■ ပေါင်မြို့တွင် အသက် ၁၆ နှစ်အရွယ် စိတ်ကျန်းမားရေးချို့တဲ့နေသည့် အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရ

■ ပေါင်မြို့တွင် အသက် ၁၆ နှစ်အရွယ် စိတ်ကျန်းမားရေးချို့တဲ့နေသည့် အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရ
Published 24 March 2026

ပေါင်မြို့၊ ကဒုံစီးရပ်ကွက်တွင် အသက် ၁၆ နှစ်အရွယ် စိတ်ကျန်းမာရေးချို့တဲ့နေသည့် အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့်ခံခဲ့ရကြောင်း ဒေသခံများနှင့် လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

ပြီးခဲ့သည့် မတ် ၂၁ ရက် ညနေပိုင်းအချိန်က ပေါင်မြို့၊ ကဒုံစီးရပ်ကွက်၊ သက်သတ်လွတ်အပိုင်းနေ အသက် ၁၆ နှစ်အရွယ် စိတ်ကျန်းမာရေးချို့တဲ့သူ အမျိုးသမီးငယ်၏ ဗိုက်မှာ အနေအထားမူမမှန်သည့်အတွက် ရပ်ကွက်နေအမျိုးသမီးများမှ ဝိုင်းဝန်းကူညီစစ်ဆေးပေးခဲ့ရာမှ ထိုအမျိုးသမီးငယ်တွင် ကိုယ်ဝန်ရှိနေကြောင်းကို သိရှိခဲ့ရကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “အမျိုးသမီးငယ်ရဲ့ ဗိုက်အနေအထားက ကိုယ်ဝန်ရှိနေတဲ့ ပုံစံဖြစ်နေတော့ ဝိုင်းပြီးမေးကြတာ မဖြေဘူး။ အဲ့ဒါနဲ့ ဆီးစစ်တံနဲ့ စစ်ကြည့်ပြီး ကျန်းမာရေးဆရာမကို သွားမေးကြတော့မှ ကိုယ်ဝန် ခြောက်လကျော်နေပြီလို့ သိကြရတာပါ” ဟု ပြောကြားသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာက စစ်ဆေးမေးမြန်းမှုများလုပ်ဆောင်ခဲ့ရာ လွန်ခဲ့သည့် ခြောက်လခန့်က အမျိုးသမီးငယ်၏ ဖခင်ဖြစ်သူ တောင်ပေါ်သို့ ထင်းခုတ်သွားစဉ် ကဒုံစီးရပ်ကွက်နေ အသက် ၆၃ နှစ်အရွယ် ဦးအေးချိုဆိုသူသည် နေအိမ်သို့ ရောက်ရှိလာပြီး အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့သည်ဟု ထွက်ဆိုချက်ပေးထားသည်ဟု သိရကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

“စိတ်ကျန်းမားရေးချို့တဲ့နေသည့် အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဖခင်ဖြစ်သူက တရားလိုလုပ်ကာ ပေါင်မြို့မရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။ ဦးအေးချိုဆိုသူကိုလည်း ဖမ်းဆီးရမိထားပြီး စစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်” ဟု လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ပေါင်မြို့မရဲစခန်းမှ ဦးအေးချိုဆိုသူအား (ပ) ၁၃/၂၀၂၆ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၃၇၆ အရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

စိတ်ကျန်းမားရေးချို့တဲ့နေသည့် အမျိုးသမီးငယ်မှာ အခြေခံပညာ Grade – 4 အထိ ပညာသင်ကြားဖူးကြောင်း၊ အဖွားဖြစ်သူနှင့် မိခင်ဖြစ်သူတို့ ကွယ်လွန်သွားပြီးနောက် ဖခင်ဖြစ်သူနှင့် နေထိုင်နေသူဖြစ်ကြောင်းနှင့် ဖခင်ဖြစ်သူမှ ထင်းခုတ်သွားပါက နေအိမ်တွင် တစ်ဦးတည်း ကျန်ရစ်နေတတ်ကြောင်းလည်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

 

Most Read

Most Recent